မောင် နဲ့ ဝေး

minmaharSeptember 21, 20111min19013

မောင် .. သိပ်ချစ်တယ် မောင်
မောင် နဲ့ ဝေး .. ခုလို ဝေးကြရလိမ့်မယ်လို့ တခါမှ မထင်ထားခဲ့ဖူး မောင် ။
မောင့်ကို အရမ်းချစ်ပါတယ် မောင် ။ ခုလဲ ချစ်နေတုံးပါဆိုရင် မောင် ယုံမှာလား ဟင် ။
ဒီဘဝ အဝေးကြီး ဝေးခဲ့ရပြီဆိုတာတော့ ဝေးသိလိုက်ပါပြီ ။
ဝေးအနားမှာ မောင်မှ ရှိမနေတော့တာကိုး ။
ဝေးတို့ စတွေ့တဲ့ အချိန်လေးကို အမှတ်ရမိသေးတယ် မောင် ။ မောင်ကော မှတ်မိသေးရဲ့လား ။ ခုလို မိုးတွေ
စွေနေတဲ့ နေ့တနေ့မှာပေါ့ ။မောင်က ဝေးတို့လမ်းထိပ်က လမ်းဘေးတခုမှာ လဲကျနေတာလေ ။
ဝေး မြို့ထဲက အပြန်တွေ့ခဲ့ရတာ ။ မောင်က အဝတ်တွေကလဲ ညှစ်ပေ ၊ လူကလဲ မုတ်ဆိတ် ပါးသိုင်းမွှေး
တွေနဲ့ ခေါင်းမှာလဲ ဒဏ်ရာနဲ့ ၊ မြောမေ့နေတာပေါ့ ။ မိုးကသဲ ညနေစောင်း အချိန်ဆိုတော့ လူကလဲပျက် ။
ပထမ ဝေးလဲ လှည့်ကြည့်လှည့်ကြည့်နဲ့ မောင့်ကို ကျော်သွားခဲ့သေးတာ ။ ပတ်ဝန်းကျင် ကြည့်မိတော့
လူကလဲမတွေ့တာနဲ့ မောင့်ဆီ ဝေးပြန်လာခဲ့တာ ။ မောင့်ကို သတိရအောင်လှုပ် နိုးလို့ မောင် သတိရတယ်
ဆိုရင်ပဲ ဝေးအိမ်ကို အပြေးလေး ပြန်လာခဲ့မိတာ ။

နောက်မတွေ့ရတော့ဖူးလို့ ထင်ခဲ့တဲ့ မောင့်ကို နောက်တစ်လကြာတော့ မောင်နဲ့ ပြန်ဆုံခဲ့ရတယ်လေ ။
ဒီတခါတော့ မောင်က အင်္ကျီ လုံချည် ခပ်နွမ်းနွမ်းနဲ့ သန့်သန့်ပြန့်ပြန့်လေး ပါ ။ ကျေးဇူးတင်ကြောင်း စပြောလာတဲ့
မောင့်ကို ခဏခဏတွေ့ပါများတော့ ဝေး သံယောဇဉ် ဖြစ်မိသွားတယ် ပြောရင် သူတို့တွေ ယုံပါ့ မလားဟင် ။
မောင်က အပြောလေးက ကောင်းတယ်လေ ။ ဝေး သဘောကျအောင် ဟာသလေးတွေလဲ ပြောတတ်တယ် ။
စိတ်ညစ်တဲ့အခါ ရယ်ရွှင်အောင်လဲ ပြောတတ်တယ် ။ ယုံကြည်အောင်လဲ နေတတ်တယ် ။ ဝတ်တာ နွမ်းပေမဲ့
တည်တည်ကြည်ကြည်လေးမို့ ဝေး သဘောကျခဲ့တာပါ ။

မောင့်ကို စချစ်တဲ့ အချိန်က မောင် အရမ်းကို ချမ်းသာမှန်း မသိခဲ့တာ အမှန်ပါမောင် ။ ဒါတွေကို မောင်
သိပါတယ်လေ ။ မောင်က ယုံလဲ ယုံကြည်ခဲ့တယ် ။ မောင်က အရမ်းကို ဖြူစင်တယ်ဆိုတာ ဝေး သိပါတယ် ။
ဒါပေမဲ့ ဝေးက မောင့်ကို ကလေးဆန်တယ်လို့ ပြောရင် မောင်က မကြိုက် ။ မောင်တို့ ယောကျင်္ားတွေက
ဒီလိုပဲလား မောင် ။ မောင် နဲ့ ဝေးတို့ ပထမဦးဆုံး နဲ့ နောက်ဆုံး အတူသွားခဲ့တဲ့ ဘုရားပွဲဈေးတန်းလေးပေါ့ ။
မောင် နဲ့ လက်ထပ်ပြီးလို့ တပါတ် အကြာမှာ ဝေးတို့ ဘုရားပွဲဈေးတန်း လမ်းလျောက်ကြတယ်လေ ။

မောင်တို့ ယောင်္ကျားတွေလဲ အယုယခံချင်ကြတယ်ဆိုတာ ဝေး နားမလည်ခဲ့တာ အမှန်ပါ ။
မောင်က ဝေးကို လက်ချင်း ချိတ်ပြီး လျောက်ဖို့ ပြောခဲ့တာ ဝေးက ငြင်းခဲ့တယ်လေ ။ အဲဒီတုံးက မောင်က
စကားနာထိုးခဲ့တယ် ။ မောင့်ကို မချစ်ဖူးလားတဲ့ ။ ဘယ်သူနဲ့ လက်ချင်းချိတ်မှာမို့ မောင့်ကို ခါးခါးသီးသီး
ငြင်းနေရတာလဲ တဲ့လေ ။ ဝေးလေ မောင့်ကို စိတ်တော်တော် တိုသွားတယ် ။ လူမြင်ကွင်းမှာ လက်ချင်း
ချိတ်ရမှာကို ဝေး ရှက်တတ်တာ မောင်မှ မသိတာ ။ ဒါကို ဝေး မပြောဖြစ်ပဲ အဲဒီနေ့က ရန်ဖြစ်ကြတာ ဝေး နဲ့
မောင်   တို့ရဲ့  ဝေးစေခြင်း အစဆိုတာ ခုတော့ ဝေး ယုံပါပြီ မောင် ။ အဲဒီထဲက မောင် နဲ့ ဝေးတို့ ဘယ်ကိုမှ
အတူတူ  မသွားခဲ့တာ  ဝေးပါ ။ ဝေးရဲ့ မာန လေ ။ မောင် တော်တော် စိတ်မကောင်း ဖြစ်သွားမယ် ဆိုတာ
ဝေး မတွေးခဲ့တာလဲ အမှန် ပါ ။

ဝေး ကတော့ မယားဝတ် ရှိတဲ့အတိုင်း ဈေးသွားမယ် ။ ချက်ပြုတ်ကျွေးမယ် ။ မယားဝတ် အတိုင်း
နေမယ် ဆိုရင်ပဲ မိန်းမ ( ဇနီး ) တာဝန် လုံလောက်နေတယ်လို့ ထင်ခဲ့တာ အမှန်ပါ ။ လက်မထပ်ခင်က
မျိုးလို် ယုယမှုတွေ ၊ ခုတော့ လုံးဝ မရှိတော့တာ ဝေး သတိ မထားမိခဲ့တာပါ ။ အိမ်ထောင့်တာဝန်ပဲ ဝေး
စဉ်းစား နေခဲ့တာလေ ။ ဝေး မမှားခဲ့ပါဖူးနော် မောင် ။ ယုယမှုတွေ ဝေးသွားတော့ မောင်နဲ့လဲ ဝေးသွား
ရတယ်ဆိုတာ ခုတော့ ဝေး သိပါပြီလေ ။

မောင် ဝေးကို သိပ်ချစ်တယ်ဆိုတာ ဝေးယုံပါတယ် ။ ဝေးလဲ မောင်ကို သိပ်ချစ်ပါတယ် ။ ခုတော့
ဒါတွေ ဘယ်ရောက်ကုန်ပြီလဲ ။ မောင် ခြေလှမ်းတွေ ပျက်လာပြီလေ ။ ည ညဆို တော်တော်နဲ့ ပြန်မလာ
တော့ဘူး ။ ပြန်လာတော့လဲ အရက်လေး တမြမြနဲ့ လေ ။ ဝေးပြောတော့ ဘီယာ နဲနဲ လေးပါတဲ့ ။
ဘယ်လောက်ပဲ မိုးချုပ်ချုပ် မောင်က တနေ့မှ ဝင်ငွေအပ်တာ မပျက်ခဲ့တာ ဝေး အသိပါ ။ မောင်တို့
ယောင်္ကျားတွေက တနေ့ရငွေလေး ဇနီးကို အပ်လိုက်ပီးရင် လင်တာဝန် ကျေပီလို့ မောင် မှတ်လိုက်ပြီ
လား မောင် ။

မောင် – ကာရာအိုကေတို့ ၊ အနှိပ်ခန်းတို့ သွားတတ်လာတာ ဝေးသိပါတယ် မောင် ။
ဒါတောင်  တော်တော် ကြာမှ သူများပြောလို့ သိရတာပါ ။ ဒါတွေတော်တော်လွန်မှ ဝေးသိလိုက်တာက
ကြင်နာမှုတွေ မပေးခဲ့မိတဲ့ ဝေး အပြစ်ကြောင့်လား ပေါ့ ။ တီတီတာတာ နဲ့ မပြောနိုင် ၊ မလုပ်နိုင် ခဲ့တာ
ဝေး သိပါတယ် ။ အိမ်ထောင်သည် ဘဝမှာ ဒါတွေကော လိုသေးလို့လားမောင် .. မေးလို့ရရင် လူတွေကို
လိုက်ပီး မေးလိုက်ချင်တယ် ။ ဝေး မောင့်ကို သိပ်ချစ်တယ်ဆိုတာကော မောင်မသိတော့ဖူးလား ။

သားလေး ၂ – နှစ်ပြည့်တဲ့ နှစ်မှာ မောင် ဝေးကို တောင်းပန်ခဲ့ပါတယ် ။ ဒီအချိန်မှာ မောင်က
အိပ်ယာထဲ လဲနေပီလေ ။ အရက်ရဲ့ ကျေးကျွန် ဖြစ်နေပီပေါ့ ။ အရက်တွေများလို့ အသဲတွေ မကောင်းတော့
ဘူးတဲ့ ။ ဝေး မောင့်ကို ကောင်းကောင်း ပြုစုခဲ့ပါတယ် ။ မောင်ရဲ့ ကြင်နာ ယုယမှုတွေ ဝေး ပြန်ခံစားလိုက်
ရတယ် ။ မောင့်ကို နေကောင်းအောင် ပြန်လုပ်ပေးပါတဲ့ ။ မောင် အရက်လဲ မသောက်တော့ဘူးတဲ့လေ ။
စိတ်ညစ်လို့ သောက်မိတာပါတဲ့ ။ ဝေးဆီက ယုယမှုတွေ မရတော့လို့တဲ့လေ ။ ဖွင့်ပြောရောပေါ့ မောင်ရယ်
ဝေးမှ မသိတာ ။ ကာရာအိုကေတွေလဲ မသွားတော့ပါဘူးတဲ့ ။ ဝေး မျက်ရည်ကျရပီ မောင် ။ ဝေး မောင့်နား
မှာ မနေနိုင်တော့ဘူး .. မောင့် ကွယ်ရာမှာ ငိုနေရပီ မောင် ။ မောင် တဖွဖွ ပြောခိုင်းတဲ့ မောင့်ကို ချစ်ပါတယ်
ဆိုတဲ့ စကားတော့ ဝေး မာန ကြောင့် မပြောခဲ့မိတာ အမှန်ပါ ။ ခုမှ တွေးမိတယ် .. မောင် သိပ်ခံစားရမှာ
ဘဲနော် ။ မောင့်ကို သိပ်ချစ်ပါတယ် မောင်ရယ် ။

ဒီနေ့ သားလေးရဲ့ ၅ – နှစ်ပြည့်ဆိုတော့  မောင်ခွဲခွာခဲ့တာ ၃ – နှစ် တင်းတင်း ပြည့်ခဲ့ပီ မောင် ။
မောင်ရဲ့ အသဲနုတဲ့ အတွေးတွေကြောင့်လား ၊ ဝေးရဲ့ မာနတွေကြောင့်လား ၊ ့ ဝေးတို့ရဲ့ အိမ်ထောင်သည်
ဘဝမှာ ယုယမှုတွေ  မဲ့ခဲ့လို့လား .. ဝေးတော့ တွေးရင်း ငေးရင်း သားလေးနဲ့ အတူ မောင့်ကို လွမ်းနေရပီ ။
ဝေးလေ  မောင့်ကို သိပ်ကို ချစ်ပါတယ် မောင်ရယ် …… ။

13 comments

  • etone

    September 21, 2011 at 9:09 am

    မိန်းမတစ်ယောက်က ပါးနပ်ဖို ့လိုပါတယ် အထူးသဖြင့် အိမ်ထောင်ကျပြ ီးတဲ့အခါမှာပေါ့ … ။
    မြန်မာမိန်းမတွေ လွဲမှားတဲ့ အယူဆက အိမ်ထောင်ကျပြီးတဲ့အခါ အလှပြင်စရာမလိုတော့ဘူး အထင်နဲ့ နင်းကန်စားသောက်ဝပြဲလာကြတယ် .. တကယ်တော့ အိမ်ထောင်ကျပြီးတဲ့ အချိန်မှာ ကိုယ့်လင်ယောကျာ်းကို ထိန်းသိမ်းဖို့အတွက် ကိုယ်တိုင်ကကလည်း လှတပတလေးဖြစ်နေမှလေ … မဟုတ်လို့ကတော့ …ယောကျာ်းက အပြင်မှာ ခြေရှုပ်သောက်စား မူးယစ် အချိန်ကုန်မှာပါပဲ …. ။ နှောင်းသွားတော့မှ နောင်တမရပဲ …. လက်ရှိအခြေနေကို အကောင်းဆုံး ဖန်တီးသင့်ပါတယ် … ။ 😛

    • စုံ စုံ

      September 21, 2011 at 1:00 pm

      etone ပြောတာသိပ်သဘာဝကျပါတယ်
      မိန်းကလေးအများစုကအပျိုဘဝမှာသာပုရိသအားလုံးငေးမောရအောင်
      အလှပြင်ချင်ကြတယ် အိမ်ထောင်ကျသွားရင်တော့ဒါတွေမလိုပါဘူး
      အိမ်ထောင့်တာဝန်ကျေပွန်ဖို့သာအဓိကလို့ထင်မှတ်သွားကြတယ်
      အမှန်က အိမ်ထောင်ကျပြီးမှသာ ပိုအလှပြင်သင့်တယ် အိုဗာတွေပြင်ရမယ်လို့
      မဟုတ်ဘူးပေါ့ အိမ်ထောင့်တာဝန်ကျေပွန်အောင်ထိန်းသိမ်းတာကတဖက်
      ကိုယ့်ယောကျာ်းမျက်စိထဲမှာ ကိုယ့်မိန်းမကိုစိတ်မချချင်တဲ့စိတ်တွေဖြစ်ပေါ်
      လာအောင်စွဲဆောင်ဖို့ကလဲ တဖက်တလမ်းကနေအရေးအင်မတန်မှကြီးပါတယ်
      ဘာတဲ့..ယောကျာ်းအများစုပြောစကားရှိတယ်လေ
      သမီးရည်းစားဘဝမှာ ကိုယ့်ရည်းစားကလွဲရင်ဘယ်မိန်းမမှမလှဘူးတဲ့
      ယူလဲယူပြီးသွားကော အိမ်ကမိန်းမကလွဲရင်ကျန်တဲ့မိန်းမအကုန်လှတယ်တဲ့
      ဒါ့ကြောင့်ကျမအယူအဆတမျိုးထဲနဲ့ပြောရရင် အိမ်ထောင်ရေးသာယာပျော်ရွှင်အောင်
      မိန်းမလုပ်သူကယောကျာ်းကြိုက်တတ်တာတွေကိုသိအောင်လုပ်ပြီး အလိုလိုက်အကြိုက်
      ဆောင်သင့်တယ် ဒါဆို၂ဦး၂ဖက် ပြသနာကြီးကြီးမားမားမဖြစ်နိုင်ဘူး
      ဒါမှသာ အပြစ်မမြင်ကြဘဲ သာယာလာမှာပေါ့

  • chartatelay

    September 21, 2011 at 12:22 pm

    ရေးထားတာကကောင်းပါတယ်
    အထက်က etoneပြောတာလည်းကောင်းပါတယ်
    နာမည် မောင် ပါတဲ့လူတွေ သတိထားပေါ့ဗျာ

  • nozomi

    September 21, 2011 at 1:09 pm

    ပြုဆဲ ပြုလတ္တံသော မမလေးများ မမလေးအီးတုံ ပြောတာ မှတ်ထားပေးပါ တကယ်ကို အကျိုးရှိတဲ့ စကားပါ

    ဒီပို့စ်က ဒီမှာလဲတင် ဖိုရမ်မှာလဲတင် ဘာဖြစ်လို့ နှစ်ခုလုံးတပြိုင်တဲ တင်လဲမသိ
    ဖိုရမ်မှာ ပေါက်ဖော်ကြီး ဝန်ခံထားတာလဲ ဖတ်လို့ကောင်းတာပဲ

  • windtalker

    September 21, 2011 at 1:35 pm

    ဟ..ဟာ…ဟ
    အပေါ်က ကွန်မင့် မှာ
    ချာတိတ်လေး က မောင်ပါတဲ့ လူတွေ သတိထားတဲ့
    ကျုပ် မောင်ပေ တစ်ယောက်နဲ ့
    ဘယ်လို မှ မသက်ဆိုင်ရပါဘူး နော် ။
    ဟီဟိ

  • ုhtoosan

    September 21, 2011 at 1:39 pm

    အိမ်ထောင်တစ်ခု တည်မြဲ ဖို့ အကြောင်းပွင့်ပွင့်လင်းလင်း မိန်းမဘက်ကရော ယောင်္ကျားဘက် ကရော ဆွေးနွေးကြရင် ကောင်း မယ်။ ဥပမာ .. ကျွန်တော်ဆိုရင် နားပူတာ ပွစိပွစိ လုပ်တာမကြိုက်ဘူး ၊
    ရန်ဖြစ်တာ မကြိုက်ဘူး ၊
    သူကြီး က တော့ Debate အောက်သွားခိုင်းမယ်ထင်တယ်..

  • minmahar

    September 21, 2011 at 6:31 pm

    သူကြီး နဲ့ ရွာသူရွာသား အပေါင်းတို့ ခင်ဗျား
    အနော် ရွာသား အသစ်လေးမို့ ဒီပို့စ် ကို ဖိုရမ်မှာ မှားတင်မိတာပါ ၊ ခွင့်လွှတ်ကြပါ နော် ။
    အနော့ သူငယ်ချင်း လင်မယား ရဲ့ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ။
    မောင် ကတော့ အရက် နဲ့ဘဲ ဆုံးသွားရပါပီ ။
    ခု မောင်ရဲ့ သားလေးနဲ့ မောင့် ဇနီး သာ လူ့လောကထဲ ရုမ်းကန်နေကြတယ်လေ ။
    အိမ်ထောင်ရှင် ဖြစ်လာကြလို့ ရှိရင် နေတတ် ၊ စားတတ် ၊ ကြင်နာတတ် ကြစေရန်
    ရည်ရွယ်ပီး ဒီပို့စ်လေးကို ရေးဖြစ်သွားတာပါ ။

  • etone

    September 22, 2011 at 8:55 am

    hey , someone from future sky website copy this post as below link 🙁
    http://www.futuresky-peace.com/profiles/blog/show?id=6375524%3ABlogPost%3A1809609&xgs=1&xg_source=msg_share_post

    ဗျို့ သဂျီး … ဂေဇက်ကလူတွေ သူများဆီက ကူးလျှင်တော့ အသံထွက်တယ် …အခု ဂေဇက်ကစာကို သူများကူးတာ ဘာသံမှ မကြားပါလား 🙄

    • etone

      September 22, 2011 at 11:10 am

      ဘုန်းကြီးရူးနဲ့ လှေလူးတော့ ဖြစ်ကုန်ပါပြီး … အနာဂတ်ကောင်းကင် ဆိုက်ထဲမှာ တင်တဲ့လူက တင်တယ် … အားပေးပါတယ် .. ကောင်းပါတယ် ပြောတဲ့လူကလည်း ပြောတယ် အရှက်ကို မရှိကြဘူး … သူများဟာ ကူးလာတာ သွားပြောထားတာတောင် .. .. မူလပို့စ်ပိုင်ရှင်ကရော ကိုယ်ပိုင်စာမူမဟုတ်လို့ … သဘောထားကြီးကြီးလွှတ်ထားသလားမပြောတတ်တော့ဘူး 🙄

  • ပေါက်ဖော်

    September 22, 2011 at 11:29 am

    ဝေ့..
    ဘတူကူးတာလဲဝေ့..
    ဘတူဟာကူးတွားတာလဲဝေ့..
    ဘာကိုကူးတွားကြတာလဲဝေ့
    အနာဂတ်ကောင်းကင်က.မန်ဘာဝင်ခိုင်းနေလို ့..ဘာမှန်းမသိ ဘူးဝေ့
    ပြပါဦးဝေ့..
    ကြည့်ချင်လို ့ဝေ့

    • etone

      September 22, 2011 at 1:18 pm

      ဟုတ်ပါတယ် ကိုပေါက်ဖော်ရေ … အကောင့် တစ်ခုဝင်လုပ်ပြီးမှ ဝင်ခွင့်ရမှာပါ … ။
      အခုထိလာမန်းတဲ့ လူတွေ … အားပေးပါတယ် … ကြိုက်ပါတယ်ချည်း လာလာပြောနေတာ မျက်မုန်းကျိုးလာပြီလေ … သူများစာ ကူးထားတာ ဘယ်သူမှ မသိသလိုနေကြတယ် ဟီးဟီး 🙄

  • manawphyulay

    September 22, 2011 at 11:44 am

    အင်း… လက်ခုပ်ဆိုတာ တစ်ဖက်ထဲ တီးလို့မမြည်ပါဘူး။ နှစ်ဖက်တီးမှ မြည်မှာပါ။ အိမ်ထောင်သည်ဘဝပဲဖြစ်ဖြစ် ချစ်သူရည်းစားဘဝပဲဖြစ်ဖြစ် ညှိယူရတာတွေလည်း ရှိကြပါတယ်။ တစ်ဦးကို တစ်ဦး နားလည်နိုင်ဖို့ဆိုတာကလည်း အတော့်ကို ကြိုးစားရပါတယ်။ ဘဝဆိုတာ ဒီလိုပါပဲလေ…

    အမှန်ကတော့ ဝေးဆိုတဲ့နာမည်ကြောင့်များ ဝေးသွားကြလေသလားနော်… နာမည်ကို အဲလိုမပေးနဲ့ပေါ့ကွယ်.. မဝေးအောင်လို့ အကြံပေးတာပါ။

  • minmahar

    September 22, 2011 at 6:08 pm

    ဟ ဟ ဟ .. ရန်မလုပ်ကြပါနဲ့အုံး
    သူကြီး နဲ့ ရွာသူရွာသားတို့ကို ထပ်ပီး တောင်းပန်ရပြန်ပီ..
    ကျနော် ဆိုဒ် တော်တော် များများမှာ မန်ဘာဝင်ပီး စာတွေ လဲ ရေးဖြစ်ပါတယ် ..
    ခုတလော မရေးဖြစ်တာ နဲနဲ ကြာသွားပါတယ် ..
    ကျနော် ရွာထဲ ဝင်ခွင့်ရတာ အရမ်းကို ပျော်ပါတယ်.. ကွန်းမန့်ကော ၊ ပို့စ်တွေကော
    ဒီပြင်ဆိုဒ်တွေနဲ့ မတူ လို့ပါ ။ သဘောလဲကျ ပါတယ် ..
    ဒီပြင်ဆိုဒ်တွေမှာ အာဒံ နံမည်နဲ့ သုံးပါတယ် ..
    ဂေဇတ် ထဲရောက်တော့ minmahar နံမည် သုံးဖြစ်သွားတာပါ ..
    ကျနော် မေးလ် လိပ်စာက kohla.htwe7@gmail.com ဖြစ်ပါတယ် ..
    အားလုံးကို ထပ်ပီး တောင်းပန်ပါတယ်နော် ..

Leave a Reply