“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း” (အပိုင်းလေး ခံစားမူ့နှင့်ယှဉ်သော………………)

“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း”
(အပိုင်းလေး ခံစားမူ့နှင့်ယှဉ်သော………………)
(ခံစားမှု့နှင့်ယှဉ်သော………….)
လူငယ်ဘဝ ဆယ်တန်းမအောင်သေးခင်အထက်တန်းကျောင်းသားဘဝနဲ့ဆယ်တန်းကိုလွန်မြောက်လို့
တက္ကသိုလ်ရောက်တဲ့ကာလ ဒီကာလနှစ်ခုမှာ အချိန်ကွာခြားချက်ကသိပ်မကွာပေမယ့်
စိတ်ခံစားမှု့ကတော့အများကြီးကွာသွားပါတယ်။
ဆယ်တန်းအောင်လို့ တက္ကသို်လ်ဆိုတာကြီးကို တကယ်မတက်ရသေးတဲ့အချိန်မှာတောင်
မြကျွန်းညိုညိုတက္ကသိုလ်တို့ တက္ကသိုလ်တမာတန်း တို့ သစ်ပုတ်ပင်တို့ ဂျဒ်ဆင်တို့ အမိတက္ကသိုလ်တို့
ရေနီမြောင်းတို့ စိန်ပန်းရိပ် တို့ဆိုတဲ့ တက္ကသိုလ်နဲ့ပါတ်သက်တဲ့အသုံးအနုန်းကိုဖတ်ရကြားတာနဲ့တင်
ရင်တွေ ခုန်နေပါတယ်။
တက္ကသိုလ်နဲ့ပါတ်သက်တဲ့ အချစ်ဝတ္တုုတွေကို ဖတ်လို့ ခံစားလို့ကောင်းတဲ့အချိန်ပေ့ါ။
အဲဒီအချိန်မှာ မောင်ဝဏ္ဏရဲ့ “ပန်းတွေနဲ့ဝေ”တက္ကသိုလ်နောက်ခံဝတ္တုုကရှပ်ရှင်အဖြစ်ထွက်လာပါတယ်။
မင်းသားက ညွန့်ဝင်း မင်းသမီးက ခင်ယုမေ ဒုတိယမင်းသားကအောင်လွင်။
လူငယ်ဘဝ အတွေးထဲမှာအချစ်တွေနဲ့ထုံမွှန်းနေချိန်ဆိုတော့ အဲဒီကားကြည့်ရတာအတော်လေးကို အရသာရှိပါတယ်။
စစခြင်းအခန်းမှာ ကိုက လွမ်းစရာ။
မိုးတွေအုံ့မိူင်းနေတဲ့တစ်ရက်နဲ့ဇာတ်လမ်းကို အစပြုပါတယ်။
တက္ကသိုလ်ဆရာအဖြစ်သရုပ်ဆောင်တဲ့ညွန့်ဝင်း(အောင်လတ် လို့ထင်ပါတယ်) ကျောင်းသွားဘို့အတွက်ခန်းတံခါးပိတ်လို့အပြင်အထွက်ကောင်းကင်မော့ကြည့်
ထီးလေးကို လက်မှာချိတ်လို့ထွက်အလာ
“ယနေ့မိုးရွာမည်ထင်သည်”ဆိုတဲ့စကားလေးနဲ့စလိုက်တာကတော့ ဇာတ်ကားအဖွင့်ပါ။
“ပန်းတွေနဲ့ဝေ………….ကိုယ့်ချစ်ဦးခေါင်းမှာပန်းကလေးတွေဝေ……………
ပန်းတွေနဲ့ဝေ ချစ်သူလဲပန်းလိုအမြဲလန်းပါစေ……………..
မတွေ့မြင်ရလို့ အမောမပြေ ချစ်သဝဏ်တေးတွေစေ……………….”
အင်မတန်ဆိုလို့ကောင်းခဲ့တဲ့သီချင်းလေးပေါ့။
တက္ကသိုလ်မှာဆရာဖြစ်နေတဲ့ ညွန့်ဝင်းကို ကျောင်းသူအသစ်ကလေးက သူ့အမေကပေးလိုက်တဲ့ စာကိုလာအပေး။
အဲဒီကလေးမ က သူ့ငယ်ချစ်ဦးဖြစ်နေတာကစလို့နောက်ကြောင်းပြန်တွေးပါတော့တယ်။
တကားလုံးရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာတင် ရိုက်ထားတာများပါတယ်။
ထူးခြားတာက အပြင်မှာနာမယ်ကြီး ကဗျာဆရာ ဒေါင်းနွယ်ဆွေက တက္ကသိုလ်ဆရာအဖြစ်
ဝင်သရုပ်ဆောင်ပါတယ်။
ကျောင်းသားများကို စာသင်တဲ့အခန်းမှာ စကားနည်းနည်းလေးပြောပြီးအမူအယာနဲ့ရီအောင်လုပ်ပြသွားတယ်။
မင်းသားရဲ့ သူငယ်ချင်းအဖြစ်လဲ စာရေးဆရာ အောင်ပြည့်က ဝင်လို့သရုပ်ဆောင်ထားပါတယ်။
အဲဒီထဲမှာ ထူးခြားတဲ့ဇာတ်ကောင်ကတော့( နာမယ်တော့သိပ်မသေချာ ရွှေသွေးလို့ထင်ပါတယ် )ဆံထုံးကြီးနဲ့သရုပ်ဆောင်လို့ အားလုံးကိုရီအောင်လုပ်နိုင်သူပါဘဲ။
မိန်းကလေးကောင်းဆိုတာ ဘယ်လောက်ချစ်ချစ် သူဖွင့်မပြောသ၍မျိုသိပ်ထားမယ်ဆိုတဲ့အိန္ဒြေရှင်မိန်းကလေးနဲ့
အကြောင်းကြောင်းတွေငဲ့ကွက်လို့ အုံ့ပုံးချစ် ဘဝနဲ့မျိုသိပ်နေတဲ့ယောက်ျားလေးသူတို့နှစ်ယောက်ကို
အခြေခံလို့လွမ်းမောစရာ ဇာတ်လမ်းကလေးဖြစ်လာခဲ့တာပါ။

ဖွင့်မပြောရဲတဲ့အုံ့ပုံးအချစ်သမားအဖြစ်ညွန့်ဝင်းက ပီပြင်အောင်သရုပ်ဆောင်ထားသလို အိန္ဒြေရှင်မိန်းကလေးအဖြစ်ခင်ယုမေက
သရုပ်ဆောင်ထားပါတယ်။
ခင်ယုမေဆိုတာနဲ့သတိရစရာတွေကပေါ်လာပြန်ပါတယ်။
မြန်မာမင်းသမီးတွေထဲမှာ ခေတ်အမှီဆုံးဖက်ရှင်တွေကို တီထွင်နိုင်သူပါဘဲ။
သွက်လက်မြူးကြွစွာ သရုပ်ဆောင်နိုင်တဲ့မင်းသမီးဖြစ်တဲ့အပြင်
“စကားတက္ကသိုလ်”တို့ “ပျော်ပျော်ပါးပါး “တို့”ယုန်ကလေး “တို့လို့ မြူးမြူးကြွကြွသီချင်းတွေကို
ကိုယ်တိုင်သီဆိုနိုင်တဲ့အသံပါးပါးလေးနဲ့ချိုတဲ့အသံရှိသူလို့ပြောရင်မမှားပါဘူး။
သူ့ခေတ်က နာမယ်ကျော်မင်းသားချောကျော်ဆွေနဲ့ဘဝလက်တွဲဖော်အဖြစ် ရုပ်ရှင်လောကထဲမှာ အတူဖြတ်သန်းခဲ့ပါတယ်။ အရင်ခင်ယုမေ ဆိုတဲ့နာမယ်ကနေ “မေ”လိို့တစ်လုံးထဲပြောင်းလဲခဲ့ပေမယ့် ပရိသတ်တွေရင်ထဲမှာတော့ အခုချိန်ထိခင်ယုမေပါဘဲ။
ကျော်ဆွေနဲ့ခင်ယုမေ အတွဲညီခဲ့တဲ့ “တောင်ခိုးဝေဝေမြူခြေဆိုင်းဆိုင်း”ကတော့ လှပတဲ့ရူ့ခင်းတွေနဲ့ကားလေးပါဘဲ။
နောက်ကျော်ဆွေနဲ့လမ်းခွဲပြီးတဲ့အချိန်မှာ ရုပ်ရှင်လောက က ခဏပျောက်သွားပြီး ဒီ ပန်းတွေနဲ့ဝေကားမှာပြန်ပေါ်လာပါတယ်။

“ပန်းတွေနဲ့ဝေ”ဇာတ်ကားကတော့ ပျော်စရာကောင်းတဲ့တက္ကသိုလ်ကျောင်းသားများဘဝ တစ်ယောက်နဲ့တစ်ယောက်
စကြနောက်ကြတာတွေ၊ည အဆောင်ရှေ့မှာသီချင်းဆိုကြတာတွေကတော့ အဲဒီခေတ်က ကျောင်းသားများအကြိုက်ပေါ့။
တက္ကသို်လ်က စင်္ကြန်လမ်းလေးမှာ ချစ်သူကို စကားပြောဘို့စောင့်နေချိန်မှာ ကင်မရာရိုက်ချက်တွေကလဲလှမလှ။
နောက် ဒီဇာတ်ကားမှာ နိမိတ်ပုံတွေအတော်များတယ်လို့လဲထင်ပါတယ်။
ဒါပေမယ့် ဒီနိမိတ်ပုံတွေကြောင့်လဲ ဇာတ်က ပိုကြွသွားတယ်လို့ထင်ပါတယ်။
ညွန့်ဝင်း လက်ဆောင်ပေးဘို့နှင်းဆီပန်းလေးနဲ့ ခင်ယုမေဆီအလာ လက်ကို နှင်းဆီ ဆူး စူးသွားတဲ့အခန်းလေးတွေ၊
ချစ်သူလာမယ့်လမ်း သစ်ပင်အကွယ်ကစောင့်တာတွေက ဇာတ်ကို အရှိန်မြင့်စေတဲ့အခန်းတွေပေါ့။
ညွန့်ဝင်းဖွင့်ပြောမယ်လို့ အားတင်းလာတဲ့နေ့မှာအရင်ချစ်ရေးဆိုလိုက်သူ ငြင်းပယ်စရာမရှိတဲ့အောင်လွင်ရဲ့အချစ်ကိုလက်ခံပြီးတဲ့အချိန်၊
ညွန့်ဝင်းကအားတင်းလို့ဖွင့်အပြော ပထမဖွင့်ပြောသူကိုလက်ခံပြီးဖြစ်လို့ ငြင်းပယ်
ညွန့်ဝင်းကတော့ ရာထူးရာခံရှိသူလက်ခံချင်လို့ သူ့ကိုငြင်းပယ်တယ်ဆိုပြီးစိတ်ထဲမှာနာ။
ခင်ယုမေကတော့ ညွန့်ဝင်းပေးတဲ့နှင်းဆီပန်းစီးလေးကို တယုတယသိမ်းထား။
တစ်ယောက်ကိုလက်ခံပြီးမှ ဖွင့်ပြောလာတော့ မျက်နှာမများချင်တဲ့မိန်းကလေးဆိုတော့
ချစ်ပေမယ့်လည်း ရင်နာနာနဲ့ငြင်းပယ်ခဲ့။
ရိုးရိုးအအ ဖွင့်မပြောရဲလို့ နောက်ကျသွားတဲ့ ညွန့်ဝင်း နဲ့ ချစ်ပေမယ့် ကတိတစ်လုံးကိုမဖျက်ချင်တဲ့
ခင်ယုမေ တို့လမ်းခွဲ့ လို့ကျောင်းသားဘဝကိုလွန်မြောက်။
ခင်ယုမေကတော့ အောင်လွင်နဲ့အိမ်ထောင်ကျ သမီးတစ်ယောက်အရမှာ အောင်လွင်က ယာဉ်မတော်တဆမှု့နဲ့ကွယ်လွန်၊
ညွန့်ဝင်းကတော့ တက္ကသိုလ်မှာဆရာအဖြန်နဲ့ တစ်ကိုယ်တည်းလူပျိုကြီးအဖြစ်ကျန်ခဲ့။
ဒီမှာမှ ကျောင်းသားဘဝကိုလွန်မြောက်တဲ့လူလတ်ပိုင်းအလွမ်းဇာတ်က ပြန်စပါတယ်။
လူငယ်ဘဝကနေ အိမ်ထောင်တွေဘာတွေကျတဲ့သူကကျ ပြန်တွေ့ကြတဲ့အချိန်သူငယ်ချင်းတွေပြောကြဆိုကြတာပျော်စရာကြီးပါ။
မိန်းမကြောက်တယ်လို့ အပြာခံရသူက “ မိန်းမဆိုတာလူရှေ့သူရှေ့ဆိုသူတို့ကိုကြောက်ချင်ယောင်ဆောင် ဒါဆိုသိပ်သဘောကျတာ၊နောက် ကွယ်ရာမှာလုပ်ချင်တာလုပ်”ဆိုတဲ့စကားလေးကတော့ အမှတ်ရစရာ။
အဲဒီကားထဲမှာ နောင်တစ်ချိန်မှာ သဘာဝမင်းသားတစ်လက်ဖြစ်လာမယ့်(ဖြစ်လို့သာဖြစ်လာတာသူ့ရုပ်
ကိုမင်းသားဖြစ်လာမယ်လို့ပြောရင် အဟားခံရမှာသေချာပါတယ်)သုမောင် (ဆရာသာဓုသား၊
မောင်ဝဏ္ဏရဲ့ညီဖြစ်သူ)က အင်မတန်မှကိုလွမ်းစရာကောင်းတဲ့ နောင်မှာ အရမ်းကျော်ကြားလာမယ့်
“ညိုရောင်မိူင်း……………..မူံမိုးတိမ်ယံက ဆိုင်း ဆိုင်းရက်လေပြီ သက်ထားဘယ်သောခါမှနီးရပါမည်……
ချစ်မေတ္တာသာစေကြောင်း…ဆုတောင်းပေမယ့်တာရှည်ခဲ့ပြီ……………စင်္ကြာဝဠာကွာပင်ငြား
စိတ်မှာသာပင်လိပ်ပြာထဲစွဲမိပြီ မတတ်သာ ခပ်ခွာခွာနေချင်အုံး မုန်းလို့တော့ဟုတ်ဘူး…………….”
ဆိုတဲ့ “ချစ်မိုးကြီး”သီချင်းကိုဆိုပါတယ်။
ညွန့်ဝင်းကလည်း ဒီသီချင်းနဲ့အတူလွမ်းပြတာ ကြည့်ရသူ ပရိတ်သတ် မငိုပေမယ့်
မျက်ရည်စို့လာကြပါတယ်။
လူလတ်အပိုင်းအရွယ်လွန်မြောက်ချိန် ခင်ယုမေရဲ့သမီးတက္ကသိုလ်တက်ရာကနေတစ်ဆင့်ပြန်တွေ့ကြတဲ့
အတိတ်ကဇာတ်လမ်းတွေနဲ့ရှိခဲ့ ချစ်သူနှစ်ဦး ပြန်တွေ့ကြတာပေါ့။
ရင်ထဲမှာအညိဆုံးအခန်းကတော့ နောက်ဆုံးအခန်းပါဘဲ။
နှင်းဆီပင်တွေကြားမှာရှိတဲ့ ခုံတန်းလျားလေးပေါ်မှာ ဆွယ်တာလေခြုံလု့ိထိုင်နေတဲ့ချစ်သူကိုလာတွေ့တဲ့
အခန်းကတော့ အလွမ်းကိုပိုရင့်သွားအောင် သရုပ်ဆောင်လို့သွားကြပါတယ်။

ဒီခင်ယုမေနဲ့ညွန့်ဝင်းရဲ့နောက်ထပ်ကောင်းတဲ့ကားတစ်ကားကတော့ ချိုပြုံးမေနွဲ့တို့နဲ့အတူသရုပ်ဆောင်ထားတဲ့
“ရွှေခြည်ငွေခြည်တန်းပါလို့”ကြည့်မိသူတိုင်းရဲ့ရင်ကို ဖောက်ဝင်သွားလောက်အောင်ကောင်းတယ်လို့ပြောစမှတ်ပြုခဲ့ရပါတယ်။
စိတ်နဲ့လူနဲ့မကပ်တဲ့အချိန် တပ်မတော်အရာရှိဖြစ်တဲ့ညွန့်ဝင်းကို အလေးပြုတဲ့အခါအူကြောင်ကြောင်ဖြစ်တာတွေ၊
ကလေးမီးဖွားရင်းကွယ်လွန်သွားတဲ့ သမီးကချန်ထားခဲ့တဲ့မြေးလေးကို ထိန်းကျောင်းရတဲ့အခါ၊
ဘုရားတောင်ဖြောင့်အောင် ရှိမခိုးနိုင်တာတွေကို ဟာသနှောရင်း ရင်မောအောင်ရိုက်ပြသွားပါတယ်။
ကလေးဆန်တဲ့ချိုပြုံးနဲ့လူကြီးဆန်တဲ့ခင်ယုမေတို့ရဲ့ သရုပ်ဆောင်တာတွေက တော့ ………။
ဒီကားလေးမှာပါတဲ့ဇာတ်ဝင်တေးကတော့ ရှေးကဗျာလေးကနေဖြစ်လာတဲ့သီချင်းလေးပါဘဲ။

နောက်ကျနော်ကြိုက်ခဲ့တဲ့မင်းသားထဲမှာသုမောင်လဲပါပါတယ်။
စပြီးကြည့်မိတဲ့ကားကတော့ အကြင်တို့လင်မယားပါဘဲ။
မောင်နှမဝမ်းကွဲတော်စပ်တဲ့သူနှစ်ယောက်ကို လင်မယားခန်းထားပြီးရိုက်လို အဝေဖန်ခံခဲ့ရတာကိုတော့ မှတ်မိနေပါသေးတယ်။
ဒီကားက ညားခါစလင်မယားနှစ်ယောက်ကမောက်ကမဖြစ်တာတွေကို ရိုက်ပြထားပေမယ့် တကယ့်ပညာပေးကားလို့ပြောရင်လဲရပါတယ်။
အိမ်ထောင်ကျတဲ့အခါ ကိုယ်ဘာသာကိုယ်အိမ်ခွဲမနေဘဲနှစ်ဖက်မိဘအိမ်မှာနေတဲ့အခါ
မိန်းကလေးဘက်လိုက်နေတဲ့အခါ ယောကျာ်းကိုပြုစုရင် အိမ်ကမကြိုက်
ယောက်ျားလေးဘက်လိုက်နေပြန်တော့ မိန်းမကို ယုယရင်အိမ်ကမကြိုက်၊
ကိုယ့်ဘာသာကိုယ်ခွဲနေပြန်တော့ မလုပ်တတ်မကိုင်တတ်နဲ့အဆင်မပြေ၊
ကမောက်ကမဖြစ်ရတာကို ရိုက်ပြထားတာပါ။
တကယ်တော့ “ကိုယ်ဥမှ ကိုယ်ခင်တယ်”ဆိုတဲ့ ကျနော်တို့မြန်မာလူမျိုးရဲ့မှားယွင်းနေတဲ့လူနေမှု့စရိုက်ကို
ပြင်စေချင်တဲ့ဆန္ဒနဲ့ ရိုက်ပြသွားတာကတော့ အသေအချာပါဘဲ။
တကယ်သဘောကျခဲ့တဲ့အခန်းကတော့ လင်မယားစိတ်ဆိုးပြီးယောက်ျားကအိမ်ကဆင်းသွား၊
မိန်းမက အိမ်နီးနားချင်းတွေရဲ့တိုက်တွန်းမှု့နဲ့ယတြာတွေချေလို့ ယောက်ျားပြန်လာအောင်လုပ်၊
ယောက်ျားကစိတ်ပြေလို့ပြန်လာချိန် ယတြာချေတာနဲ့တိုးတော့ အိမ်ထဲကိုမဝင်ဘဲပြန်ထွက်သွား၊
သူဘာသာသူလာတာကို ယတြာချေလို့လာတာလို့ထင်မှာစိုးလို့ မဝင်တာပါ။
မယုံကြည်သင့်တာတွေကိုယုံကြည်တာ ကိုးကွယ်မှု့မှားနေတာကို ပါးပါးလေးဆန့်ကျင်ပြသွားတာကတော့
ပညာသားပါလှပါတယ်။
ရီစရာကောင်းတဲ့အခန်းတွေကတော့ အဖွားကမြေးကို မော်တော်ကားဝယ်ပေး အိမ်အောက်မှာထားတာ
ကားမှန်ကိုဖြုတ်အခိုးခံရတာတို့ ကားက ကန်ထဲကိုရေသောက်ဆင်းတဲ့အခန်းတွေပေါ့။

နောက်ကျနော်နှစ်သက်တဲ့သုမောင်ရဲ့ကားကတော့ ခင်သီတာထွန်းရင် သုမောင်ရယ် ကောလိပ်ဂျင်နေဝင်းတို့
သရုပ်ဆောင်ထားတဲ့ကားပါဘဲ။
“အချစ်နဲ့သူ၏ကိုကို “ဆိုတဲ့ကားပါ။
အဝေးပြေးကားကြီးတစ်စင်းနဲ့ဘဲဇာတ်ကားတစ်ကားလုံးပြီးသွားခဲ့တာပါ။
အိမ်ကပေးစားတာကိုမလိုချင်လို့ ထွက်လာတဲ့မင်းသမီးတစ်ကို သူ့အဖေကလူပျောက်ကြော်ငြာထဲ့လိုက်ပါတယ်။
သူသမီးသတင်းကိုပေးနိုင်ရင် ဆုငွေပေးမယ်ပေါ့။
အဲတာကို ကားထဲမှာပါလာတဲ့မင်းသားကသတင်းစာဖတ်တော့သိသွားပါတယ်။
ဒါပေမယ့်ခပ်တည်တည်နေတတ် မိန်းမတွေနဲ့ကင်းကင်းနေတတ်တဲ့မင်းသားက သိပေမယ့်အရောမဝင်ပါဘူး။
ဂွတီးဂွကျ လူ့ဂလန့်မင်းသားနဲ့ဆတ်ဆတ်ထိမခံမင်းသားက အမြဲတမ်းငြိပြီး ပြဿနာတွေဖြစ်တဲ့ကားလေးပေါ့။
ဒီကားကလဲရီစရာတွေနဲ့ပြည့်နှက်နေတဲ့ကားလေးပါ။
အမှတ်ရစရာအကောင်းဆုံးကတော့ ကားပြန်ပေးဆွဲတဲ့လူဆိုးကို တိုက်ပုံအကျီအောက်က လျက်ဆားပုလင်းနဲ့
ထောက်ပြီး လွတ်အောင်ကြံခဲ့တာရယ်။
လမ်းမှာတည်းတဲ့ညမှာ မင်းသားက မယ်ဒလင်လေးတီးလို့ “ချစ်ခြင်းအစဆိုတာ…………….မျက်စိပသာဒ..”
ဆိုတဲ့စာသားလေးပါတဲ့ ရှေးဟောင်းသီချင်းလေး “မောင့်သက်လယ်”(မူရင်းအဆိုရှင် ဂီတာစိမ်းမောင်)သီချင်းကိုပြန်ဆိုတာပါဘဲ။
ဇာတ်လမ်းအချုပ်မှာတော့ မင်းသမီးက မင်းသားသူ့ကိုချစ်တယ်ဆိုတာကို မယုံ။
သူ့အဖေဆီက ဆုငွေလိုချင်လို့ သူ့ကိုစောင့်ရှောက်တယ်ထင်ပါတယ်။
တကယ်တမ်းဆုငွေ လာယူချိန်မှာ သူစိုက်ထားတဲ့ပိုက်ဆံ(အကြော်နှစ်ခုဘိုးတောင်မချန်ပါဘူး)ဘဲအတိအကျယူသွားတာ
သိမှ မင်းသမီးကမှားမှန်းသိ ။
အဲဒီအချိန်မှာတော့ အသိကနောက်ကျ အိမ်ကပေးစားတဲ့သူကိုလက်ထပ်ဘို့သဘောတူသူကိုခေါင်းငြိမ့်ပြီးပါပြီ။
နောက်ဆုံးတော့ မင်္ဂလာဆောင်ဘို့ အချိန်ရောက်နေမှမင်းသားက မင်းသမီးကို မင်းသမီးအဖေအကူအညီနဲ့ထွက်
ပြေး အင်မတန်ရီစရာကောင်းခဲ့တဲ့ကားလေးပေါ့။
ဒါတွေက တော့ ခံစားမှု့အပြည့်နဲ့ကြည့်ခဲ့တဲ့ရုပ်ရှင်လေးတွေပေါ့။

ကျနော်ငယ်ငယ်က ရုပ်ရှင်အတော်လေးကြိုက်ခဲ့ပါတယ်။
အခုပြန်ပြောပြနိုင်တဲ့ကားတွေက ကျနော်အတော်လေးကို နှစ်သက်လွန်းလို့ စိတ်ထဲမှာမမေ့မပျောက်နိုင်ဘဲကျန်နေတာလေး
တွေကို ဘာမှတ်တမ်းစာအုပ်မှ ပြန်မလှန်ဘဲ(ပြန်လှန်စရာစာအုပ်တွေကလဲ မရှိတော့ပါဘူး။ဒိုင်ယာယီရေးတဲ့အကျင့်လဲမရှိပါဘူး)
ကိုယ်မှတ်မိတာလေးတွေကို ပြန်တွေးလို့ရေးခဲ့တာပါ။
ကျနော်ကြည့်တော့ ကြည့်ဘူးတယ် သိပ်မမှတ်မိကားတွေလဲအများကြီးပါ။
ညွန့်ဝင်းနဲ့မြင့်မြင့်ခင်တို့ရဲ့ မမထားနဲ့အပါ၊
ကြည်ကြည်ဌေးရဲ့ ပန်းပန်လျက်ပါ။
ညွန့်ဝင်းညီ မင်းသားချော ဝင်းဗိုလ် ပါတဲ့ ပုလဲငုံ၊
ဝင်းဦးအကို ညွန့်ဝင်းပါတဲ့ သခွတ်ပန်း၊
မင်းသမီးဒေစီကျော်ဝင်းရဲ့ မှဲ့တစ်ပေါက်၊
အောင်လွင်နဲ့အေးအေးသင်းရဲ့ မာယာထောင်ခြောက်
ညွန့်ဝင်းနဲ့ ဝါဝါရဲ့ ချစ်သူဝိုင်းဝိုင်းလည်

တင်တင်နွဲ့ရဲ့ ကျမမှာမိန်းမသား
တွံတေးသိန်းတန်နဲ့မြင့်မြင့်ခိုင်ရဲ့ လွမ်းစေတီနဲ့မာယာရှင်
ကောလိပ်ဂျင်နေဝင်းရဲ့ ကျောက်ဘီးလူးနဲ့ပပဝင်း
စိုးရွှေရဲ မြေမှာပွင့်သောမေတ္တာပန်း
မြတ်လေးရဲ့ ငို၍ရီ၍မရသောမျက်နှာ
ကြည့်ဘူးတဲ့ကားတွေပြန်ပြောမယ်ဆိုရင်အများကြီးပါ။
ကလေးဘဝက ကြည့်ခဲ့ဆိုတော့ သိပ်စူးစူးယှယှကြီးမမှတ်မိခဲ့တာလဲဖြစ်နိုင်ပါတယ်။
ကျနော်ကြည့်ဘူးတဲ့ကားတွေရှိသလို မကြည့်ဘူးတဲ့ကားတွေလဲအများကြီးရှိနိုင်ပါတယ်။
ကျနော်တို့ငယ်ငယ်က ရုပ်ရှင်မကြည့်ရတဲ့အချိန်တွေလဲအများကြီးရှိခဲ့ပါတယ်။
ပထမအစမ်းစာမေးပွဲ ဒုတိယအစမ်းစာမေးပွဲ နဲ့အတန်းတင်စာမေးပွဲကြီးနီးရင်ရုပ်ရှင်ကြည့်ခွင့်အပိတ်ခံရပါတယ်။
အိမ်က လူကြီးတွေက တားမြစ်တာပါ။
ဒါပေမယ့် ခိုးလဲမကြည့်ရဲပါဘူး။
ဒါကြောင့်လဲ စာမေးပွဲ ပြီးတဲ့ကာလတွေမှာ ရုပ်ရှင်ရုံမှာ ကျောင်းသားကျောင်းသူတွေအပြည့်ပေါ့။
နောက်ငယ်ငယ်ကရုပ်ရှင်ကြည့်တုံးက စိတ်ထဲမှာ ကြည့်ချင်လို့ကြည့်ပါတယ်။
ရုပ်ရှင်ထဲကပျော်ရင် လိုက်ပျော်မယ် ငိုရင်လိုက်ငိုမယ် မတရားတာပါရင်ကော်ဆဲမယ်။
တကယ့်ကို အရသာရှိရှိကြည့်ခဲ့ရတာပါ။
နောက်ခံစားတတ်တဲ့အရွယ်မှာလဲ မင်းသားကိုအားကျလို့ပေါ့။
အားတယ် လက်ထဲပိုက်ဆံရှိမယ်ဆိုရင် ကားလဲတိုင်းကြည့်မယ်။
ပျော်စရာကောင်းခဲ့သလို ရုပ်ရှင်ကြည့်တာလဲ အလုပ်တစ်ခုပေါ့။
ဒါပေမယ် ့နည်းနည်းလေးအရွယ်ရတော့ စာတိုပေစတွေဖတ်
ကိုယ့်ကလေးစားအားကျသူတွေပြောတာကို နားထောင်လို့နားယောင်တတ်လာတဲ့အချိန်မှာ
အင်္ဂလိပ်ကားတွေအကြည့်များလာ မြန်မာရုပ်ရှင်ကို အကြည့်နည်းလာ ပါတယ်။
ရုပ်ရှင်တစ်ကားကို ကြည့်ပြီးတိုင်းစိတ်တိုင်းမကျတာတွေများလာပါတယ်။
အဲတော့ ရုပ်ရှင်ကိုလဲအကြည့်နည်းသထက်နည်းလာပြိးသူများကောင်းတယ်အပြောများမှာ ကြည့်ဖြစ်ပါတော့တယ်။
အဲလိုဖြစ်လာတာရဲ့အကျိုးဆက်ကတော့……………………………..

(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
(17-9-2011)

6 comments

  • chartatelay

    September 21, 2011 at 12:37 pm

    ကောင်းပါတယ်
    ဘာလဲလို့ဝင်ကြည့်တာမဆိုးပါဘူး

    • windtalker

      September 21, 2011 at 9:32 pm

      ဟုတ်လား..
      မဆိုးပါဘူး လို ့ပြောရအောင်
      ချာတိတ်လေး က
      စာပေဘိုးအေကြီး ထင်တယ်
      လုပ်ပါဦး
      ကျုပ် ပို ့စ်လေး တွေ လဲ
      ဝင်ပြီး မှတ်ချက်ချပေးပါဦးလား
      ချာတိတ်လေး လို စာပေဘိုးအေ များ
      ဝင်ချီးမြှင့်တော့
      ကျုပ်တို ့မှာ
      ဂုဏ်ယူရသာပ

  • hmee

    September 21, 2011 at 2:01 pm

    လေးပေါက်ရေ ငယ်ငယ်က TV မှာလာတိုင်း ဘယ်တော့မှ မရိုးနိုင်ပဲ ကြည့်ခဲ့ရတဲ့ ရုပ်ရှင်တွေပါ။ အကြင်တို့ လင်မယားဆို သိပ်ကြိုက် သုမောင် အိမ်မှာလိုက်နေတော့ သုမောင်က ညီမလုပ်သူကို စတဲ့ အနေနဲ့ ခေါင်းပုတ်တာ ညီမလုပ်သူ ဝမ်းလျှားမှောက် အိပ်နေတာကို အပေါ်ကနေ ကျော်သွားတာတွေ၊ သမီးယောင်းမ မတည့်တာမှာ ဖိနပ်စီတာက အစ မတည့်နိုင်တာတွေ အားလုံးနီးပါး မှတ်မိနေတာ။ တကယ်ကို သဘာဝ ကျလွန်းလို့လေ။ အပြင်လောကနဲ့ အဟပ်မကွာအောင် ရိုက်သလို သရုပ်ဆောင်တာလည်း အားလုံး အပေးအယူမျှလို့ ကြည့်ကောင်းတာ ဖြစ်မှာ။ အခုခေတ် ရုပ်ရှင်တွေမှာတော့ မင်းသား မင်းသမီးကို ကြောက်ရလို့ ဖြစ်မယ် သဘာဝနဲ့ ကင်းကွာနေတာတွေက။ ဒါရိုက်တာ ဩဇာမညောင်းတော့ဘူး ထင်ပါရဲ့။ တခါက တီဗွီမှာလာတယ် ကြာတော့ကြာပါပြီ ဦးသုခကို မေးမြန်းခန်းထင်တယ်။ ချစ်အမျှကားရိုက်တော့ ချိုပြုံးကို မေးတယ်တဲ့ ရယ်နည်း ဘယ်နှစ်မျိုးရှိလဲလို့ မသိဘူးပြောတော့ ရှစ်မျိုးရှိတယ်ဆိုပြီး သင်ပေးကာ အဲ့ဒီရုပ်ရှင်မှာ ရီခိုင်းတယ်တဲ့။ ဇော်လင်းက ချစ်ရေးဆိုတဲ့ အခန်းမှာ အရင်က မသိပေမဲ့ သိသွားတော့ နောက်တခါ ရုပ်ရှင်လာတော့ သေချာ စောင့်ကြည့်မှ ဪ..ဟုတ်ပါလားလို့ အံ့ဩခဲ့ရပါတယ်။ နောက် ဘယ်သူပြိုင်လို့ လှပါတော့နိုင်မှာ အံ့ကျော်ကို ထန်းလျှက်တောင်း ထမ်းပြီးလိုက်တဲ့ အခန်း ခဲတွေထည့်ပြီး ထမ်းခိုင်းပါတယ်တဲ့ အံ့ကျော်က အလွတ်ထမ်းလို့ မရဘူးလားလို့ စောဒက တက်တော့ ပခုံးအနိမ့်အမြင့် မတူဘူး ပြေးတာမှာ ဝန်ပါတာနဲ့ မပါတာမှာ ခြေထောက်လှမ်းပုံ မတူဘူးလို့ ပြောကာ တကယ်လုပ်ခိုင်းခဲ့ပြီး မင်း အကယ်ဒမီ ရမယ်လို့ပါ အာမခံခဲ့ပါတယ်တဲ့။ ရှေးဒါရိုက်တာတွေ ဩဇာညောင်းပုံ သရုပ်ဆောင်တွေ နာခံပုံတွေဟာ အတုယူစရာတွေပါပဲ။

    • Shwe Ei

      September 21, 2011 at 4:38 pm

      မမှီပြောတာမှန်လိုက်တာ၊ ခုခေတ်ဗမာကားတွေ သဘာဝနဲ့ကင်းကွာလွန်းနေပီး အဲဒါကိုဘဲ အဟုတ်ကြီးလုပ် ရုံတင်နေကြသေးတယ်။ တကယ့်ကို စိတ်ပျက်ဖွယ်ဘဲ။ သူများ အင်းဂလိပ်ကားလို သဘာဝလွန်သီးသန့်ရိုက်ပြနိုင်အောင်လည်း အဆင့်မမှီတော့ ဂွတီးဂွကျကိုဖြစ်လို့။

  • thit min

    September 21, 2011 at 5:52 pm

    ဒီမှာဆရာဦးပေါက်
    ခင်ဗျားဘာဘဲရေးရေး ကိုပေါက်ဆိုတာနဲ့ကျနော်ကတော့ဟိုတခါတင်တဲ့
    ထမင်းဆိုင်လေးကိုပဲမြင်တယ်။
    မြန်မာပြည်ပြန်လာခါနီးရင်ဆက်သွယ်မယ်ဗျာ။ရုပ်ရှင်အကြောင်းလဲရေးထမင်းဆိုင်
    ကောင်းကောင်းရှိရင်လဲရေးအုန်းဗျာ။
    ငယ်ငယ်ကကြားဘူးတယ်ဗျ။
    ဒို့နစ်ယောက်နဲ့မိငြိမ်းချမ်းကားမှာဇော်ဝမ်းကိုသူဘရာသာကြီးမောင်တင်
    ဦးက ကမ်းပါးပေါ်ကလှိမ့်ချတဲ့အခန်းကိုလူစားလဲမထိုး၊စိတ်ကြိုက်မရလို့
    အခါခါပြန်လုပ်ခိုင်းလို့ကိုတာကြီး(ဇော်ဝမ်း)ဆေးရုံရောက်တဲ့အကြောင်းလေးလဲပြောပြအုန်းနော့

  • ကိုသစ်မင်းကလဲ အစားကောင်းကြိုက်တယ်နဲ့တူပါရဲ့။
    မန်းလေးကိုလာဖြစ်အောင်လာပါ လိုက်ပို့ပေးပါမယ့်။

Leave a Reply