KLIA  ဆိုတာ Kuala Lumpur International Airport ပါ ၊ ကမ္ဘာပေါ်မှာ မြန်မာတွေ တတိယအများဆုံးရှိတဲ့ နိုင်ငံက လေဆိပ်အကြောင်း ပြောရမှာ နဲနဲတော့ တွန့်မိပါတယ် ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ ရန်ကုန်လေဆိပ်ဆို ဧည့်သည်သွားကြိုလို့ ၊ ကိုယ်တိုင်ခရီးသွားလို့ ရောက်ဘူးပေမဲ့ ဘယ်နေရာကဘာဆိုတာ သိပ်သိတာမဟုတ်ဘူး ကွာလာလမ်ပူလေဆိပ်ကို ရောက်ဘူးတဲ့ ရွာသားတွေလဲ ဖြတ်သွားရုံဆို သတိထားမိမှာ မဟုတ်ဘူး အဲဒါကြောင့် အချိန်နဲနဲယူပြီး မရောက်ဘူးသေးတဲ့သူ ရောက်ဘူးသော်လည်း သတိမထားမိသေးတဲ့သူတွေအတွက် ဒေသန္တရဗဟုသုတ အလိုငှာ တစ်စေ့တစ်စောင်း ငဲ့စောင်းလို့ကြည့်လိုက်ပါတယ်နော…

 

ကွာလာလမ်ပူလေဆိပ်က အရှေ့တောင်အာရှမှာ အကြီးဆုံးပါ ဘန်ကောက်လေဆိပ်ထက် ကြီးတာအပြင် ခရီးသည်တွေအတွက် အသုံးပြုရတာ ပိုအဆင်ပြေပါတယ် မြို့နဲ့  ၃၁ မိုင်ဝေးတယ် ၊ လေဆိပ်ကြီးကို တနှစ် ခရီးသည် ၃၅ သန်း၊ ကုန် ၁.၂ သန်း အသုံးပြုနိုင်အောင် စီစဉ်ပြီး တည်ဆောက်ခဲ့ကြတာ  အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံ ကုန်ကျခဲ့ပါတယ် ကောင်းကောင်းလိုချင်ရင် အခုလို ထိုက်တန်တဲ့ ကုန်ကျမှုတော့ ရှိရပါမယ် ၊ ၁၉၉၈ မှာဖွင့်ပါတယ် ၂၀၁၀ မှာ အသုံးပြုတဲ့ ခရီးသည်က ၃၄ သန်းကျော်ရှိပါတယ် ခရီးသည် အ၀င်အထွက် ပုံမှန်ရှိနေပေမဲ့ ခရီးသည်တွေ ပြည့်ကျပ်နေတာ ရှုတ်ထွေးနေတာမျိုး မတွေ့ရပါဘူး လေဆိပ်မှာ Main terminal ရှိသလို Satellite terminal  တွေလဲ ရှိပါတယ် Main terminal က သူတို့ မလေးလေကြောင်းလိုင်းတွေပဲ ကပ်ပါတယ်  မြန်မာအပါ တခြားလေကြောင်းလိုင်းတွေက  Satellite terminal မှာပဲ ကပ်ရပြီးတော့ ရထားလေးနဲ့ Main terminal ကိုဆက်လာရပါတယ် လေဆိပ်မှာ အထပ် ၅ ထပ် ရှိပါတယ် အထပ် ၃ က ဆိုက်ရောက် (arrival) ၊ အထပ် ၅ က ထွက်ခွာ (depeature) ပါ တစ်ထပ်ချင်း ကြည့်ရအောင်နော်….

လေဆိပ်နဲ့ satellite terminal တွေရဲ့ပုံ ( credit: mygreentech.blogspot.com)

 

KLIA Tower

Level 1

ပထမထပ် က မြေညီထပ် ပါ ခရီးသည်တွေ မြို့ထဲကို သွားဘို့ မြို့ထဲကလာဘို့  စီးလို့ရတဲ့ ဘတ်စ်ကား ရထား အားလုံးက ပထမထပ်မှာပဲရှိပါတယ် ကားဂိတ်က လေဆိပ်ရှေ့ ကပ်ရပ်မှာရှိပြီးတော့ ဘူတာကြီး၊ မြို့ထဲ တွေကိုသွားချင်ရင် ရင်းဂစ် ၁၀ ပဲပေးရပါတယ် မြို့ထဲကို တစ်နာရီကျော်ကျော်လောက် စီးရပါမယ် ကားဂိတ်ရဲ့အပေါ်နဲ့ လေဆိပ်ရှေ့ဘက်တွေမှာ အထပ်မြင့်ကားပါကင်တွေ ရှိပါတယ် ၊ အမြန်ရထားကတော့ ရင်းဂစ် ၃၀ ပါ နာရီဝက်လောက် စီးရပါမယ် လေဆိပ်အပြင်က လာတဲ့သူတွေက ရထားဆီ တန်းသွားလို့မရပဲ Level 2 ကို တက်ပြီး ပြန်ဆင်းမှ ရောက်တယ် လေဆိပ်ထဲကတော့ Level 5 ကနေ  Level 1 ထိ တိုက်ရိုက်ဆင်းလို့ ရပါတယ် လေဆိပ်အပေါက်ဝ ရှေ့မှာ ဟော်တယ်တွေက လာကြိုတဲ့ shuttle bus တွေ ရပ်ပါတယ် ၊ ကားကြီးတွေ ၀င်လာတယ် ခရီးသည်ချတယ် ပြန်လိုက်မဲ့ခရီးသည် တင်တယ် ပြန်ထွက်တယ် တရွှီးရွှီးမှုတ်နေတဲ့ ရဲ မရှိဘူး လမ်းပိတ်ရပ်တာမရှိဘူး ယာဉ်ဝင်ခကောက်တာ မတွေ့ပါဘူး လေဆိပ်ကြီးတစ်ခုလုံး အမှိုက်တွေရှုပ်နေတာ နံစော်နေတာ မရှိဘူး  လေဆိပ်တစ်ခုလုံး မှာ Level 1 ကနေ Level 5 အထိ အဆင့်ဆင့် တက်သွားလို့ ရတဲ့ စက်လှေကာ ၂ စင်း နဲ့ ဓါတ်လှေကား ၄ စင်းရှိပါတယ် ၊ မုန့်နဲ့စားသောက်စရာ ၀ယ်လို့ရတဲ့ ဆိုင်လေးတစ်ဆိုင်ရှိပါတယ်…

လေဆိပ်ရှေ့ဘယ်ဘက်အခြမ်းက အထပ်မြင့်ကားပါကင်

ညာဘက်ခြမ်က ကားပါကင် ၊ အောက်ထပ်မှာ ဘတ်စ်ကားဂိတ်ရှိတယ်

မြို့ထဲ သွားလို့ ရတဲ့ ဘတ်စ်ကားဂိတ်

KLIA Express စီးရတဲ့နေရာ

KLIA Express (credit: www.1malaysiatravelblog.com)

လေဆိပ်ရှေ့

အထပ်လိုက် အညွှန်း

 

Level 2

ဒီအထပ်ကတော့ စားသောက်ဆိုင်ခန်းတွေ ရှိတဲ့အထပ်ပါ ယိုးဒယား၊တရုတ်၊မလေးအစုံရပါတယ် ဈေးက အကြမ်းမျဉ်း ၇-၁၀ ရင်းဂစ်လောက် ရှိပါတယ် အဲဒီမှာ မြန်မာအလုပ်သမား ၂ ယောက်ရှိတဲ့ Littele Taiwan ဆိုတဲ့ ဆိုင်လေးလဲရှိပါတယ် ဒီအထပ်ကနေ တစ်ဖက်က (ဘယ်)ကားပါကင် ကျန် တစ်ဖက်က(ညာ) panpicific hotel ၊ ကားဂိတ်၊ ကားပါကင် တို့ကို တိုက်ရိုက်သွားနိုင်တဲ့ တံတားရှိပါတယ်

စားသောက်ဆိုင်တွေ

Level 3

ဒီအထပ်ကတော့ ဆိုက်ရောက်အထပ်ပါ အထပ်ကြီးတစ်ခုလုံးရဲ့ ဘယ်ဘက်အခြမ်းက ပြည်တွင်းဆိုက်ရောက် ညာဘက်အခြမ်း အကျယ်ကြီးက ပြည်ပဆိုက်ရောက်ပါ လေယာဉ်ပေါ်ကဆင်း လ၀က ကိုဖြတ် ပစ္စည်းရွေးပြီးလို့ထွက်လိုက်တာနဲ့ (မြေဖြူခြစ်ခံရတာ ၊အကောက်ခွန်ဖြတ်ရတာ မရှိပါဘူး) အပြင် ဧည့်သည်တွေ လာကြိုတဲ့ meeting point ရောက်ပါတယ် ဖုံးကဒ် တစ်ခါတည်း ၀ယ်လို့ရပါတယ် ၂၅ ရင်းဂစ် ဖိုးဝယ်တာ sim card ပါတယ် balance က ၈ ရင်းဂစ် ရှိပါသေးတယ် Level 3 မှာ လေဆိပ်ထဲက အပြင်ထွက်တာနဲ့ တက်စီကားတွေက စနစ်တကျ တန်းစီစောင့်နေပါတယ် ဒါကြောင့် တက်စီနဲ့သွားချင်ရင် အပြင်ထွက် ရထား၊ဘတ်စ်ကားနဲ့ သွားချင်ရင် အောက်ဆုံးထပ်ထိ ဆင်းရပါမယ်..

အပြင်ဘက် တက်စီငှားလို့ရတယ် ၊လမ်းက အပေါက်အပြဲမရှိ ညီညာပြန့်ပျူးနေတယ်

အလကားနှိပ်လို့ ရတဲ့ ကုလားထိုင် ၄ လုံးရှိတယ်

 

Level 4

ဒီအထပ်ကိုတော့ အပြင်ဘက်ခြမ်းမှာ ထပ်ခိုးလေးလို လုပ်ထားပါတယ် levlel 3 ကနေ စက်လှေကားတွေ နဲ့ တက်လို့ရအောင် လုပ်ထားပါတယ် လေကြောင်းလိုင်းရုံးခန်းတွေ ရှိပါတယ် စားသောက်ဆိုင်နဲနဲရှိပါတယ်

Level 3 ကနေ 4 ကို အဲဒီ စက်လှေကားလေးနဲ့ တက်ရတယ်

Level 5

ဒီအထပ်ကတော့ Deperture ပါ လေဆိပ်ကြီး တစ်ခုလုံးမှာ ကျွန်တော် သဘောအကျဆုံးအထပ်ပါ အထပ်ကြီး တစ်ခုလုံကို မှန်တွေနဲ့ကာထားတယ် အမိုးကနေအလင်းရောင်ကောင်းကောင်းရအောင် လုပ်ထားတယ် အဆောက်အဦ တစ်ခုထဲ ရောက်နေသလို မဟုတ်ဘဲ လွင်ပြင်ကျယ်ကြီးထဲ လျှောက်နေရတဲ့ ခံစားမှုမျိုးပဲ  မြင်ရတာ ခန့်ငြားသလို သဘာဝပတ်ဝန်းကျင်နဲ့လဲ တော်တော်လေးကိုက်ပါတယ် အောက်ကနေ ဓါတ်လှေကား၊စက်လှေကားတွေနဲ့ တက်လာတာ နဲ့ အရင်ဆုံး လေကြောင်းလိုင်း ကောင်တာတွေ တွေ့ရပါမယ် ခရီးသွားမဲ့သူက လေကြောင်းလိုင်း ကောင်တာတွေမှာ check in လုပ် လ၀က ကို လက်မှတ်ပြ ၄ ထပ်ကို စက်လှေကားနဲ့ဆင်း  အဲဒီတော့မှ လ၀က ကောင်တာဖြတ် ပစ္စည်းကို x-ray ဖြတ် satellite terminal ဘက်သမားဆို ရထားလေးနဲ့ ဆက်သွားပေါ့  ဒါကတော့ ခရီးသွားမဲ့သူ အတွက် ၊ လိုက်ပို့ချင်တဲ့သူ ဆိုလဲ ကိုယ့်ဧည့်သည်  ၄ ထပ်ကိုဆင်းသွားတာ လ၀က ကောင်တာ ဖြတ်နေတာ မြင်ရမယ် သူက ၄ ထပ် ကိုယ်က ၅ ထပ် သူ x-ray ဖြတ်တာလေး အပေါ်က လိုက်ကြည့်လို့ရသေးတယ်  ၅ ထပ် ထိပ်ဘက်ကို ဆက်လျှောက်သွားရင် ကွက်လပ်ကျယ်ကြီးရှိမယ် satellite terminal ဘက်ကို သွားတဲ့ ရထားတွေ မြင်ရမယ် ဧည့်သည်တစ်ယောက်သွားရင် ၅ ယောက်လောက် လိုက်ပို့ချင်တဲ့ မြန်မာ့စရိုက်နဲ့ ကွက်တိပဲ ဒီမှာတော့ လိုက်ပို့တဲ့သူရယ်လို့များများစားစား မတွေ့ရဘူး  ၅ထပ် မှာ ငွေလဲတဲ့ နေရာရှိတယ် ကလေးတွေ ကစားဘို့နေရာရှိတယ် လူကြီးတွေ စားဘို့ ၀ယ်ဘို့ ဆိုင်လေးတွေရှိတယ် ဒါပေမဲ့ အထဲဝင်သွားမှ တကယ်ဝယ်လို့ ကောင်းတဲ့ဆိုင်တွေက ရှိတာ…

အပေါ်ဆုံးထပ် လေဆိပ်ကောင်တာတွေ

သဘောကျ အတုယူချင်စရာပါ

ဒီလို တန်းစီ လက်မှတ် နဲ့ ပတ်စ်ပို့ပြ ၄ ထပ်ကို ဆင်း

 

မြင်ရတဲ့ စက်လှေကားလေးက ဆင်း (အဲဒါမျိုး ၃ ခုရှိတယ် ဒါက ညာဘက်အစွန်ဆုံး စက်လှေကား)

အောက်ရောက်ရင် လ၀က ကောင်တာမှာ တန်းစီ

လိုက်ပို့တဲ့ သူက ၅ ထပ်မှာတင် ရှေ့က လမ်းလေးအတိုင်း ဆက်သွားလို့ရတယ်

အပေါ်ကနေ x-ray ဖြတ်နေတဲ့ ဧည့်သည်ကို မြင်နေရသေးတယ်

လေယာဉ်ရုပ်ကြီးတွေ ရှိတဲ့နေရာကိုလဲ မြင်ရတယ်

ဒီနေရာထိ သွားလို့ရတယ် အပြင်ကိုကြည့်လို့ရတယ်

Main terminal ကနေ Satellite terminal ကို ဒီလို ရထားလေးနဲ့သွားတယ်

Satellite terminal ကနေ ခရီးသည်တွေ ပြန်ခေါ်လာတယ်

သူတို့လဲ ဒီလို သွားလာနေတာပဲ

ဒီလို ဆိုင်တွေရှိတယ်

ဒီမှာ နားနေလို့ရတယ်

ကလေးတွေ ဒီမှာ ဆော့လို့ရတယ်

အပြင်ထွက်တော့ ဒီလို

 

 

အရင်က ခရီးသွားရင် ဟိုငေး ဒီငေး ဟိုဓါတ်ပုံရိုက် ဒီဓါတ်ပုံရိုက် လောက်ပဲ လုပ်ဖြစ်ပေမဲ့ ဒီရွာသား ဖြစ်လာပြီးတော့မှ တစ်ခုခုဆို စူးစူးစမ်းစမ်းလေး ကြည့်မိ မှတ်မိလာတာ ရွာသားဖြစ်ရတဲ့ အကျိုးကျေးဇူး လို့ ပြောရမယ်ထင်တယ် ၊ မလေးကို လာတဲ့နေ့က ရန်ကုန်လေဆိပ်မှာ အိမ်သာ ခဏ၀င်တုန်း မလေးကို သွားမဲ့ ရွှေကိုယ်တော်ချော နှစ်ယောက် ၀င်လာတယ် ၀န်ထမ်းလေးကို ကျွန်တော်တို့ အပေါ့သွားချင်လို့တဲ့ ၀န်ထမ်းက နောက်ဝန်ထမ်းတစ်ယောက်ကို “အိမ်သာထဲလာပြီး အပေါ့သွားချင်လို့တဲ့ ”ဆိုပြီး လှောင်ရီ ရီတယ် သူတို့က ဘယ်လောက်ထိ တော်နေ တတ်နေ ဗဟုသုတ ပြည့်စုံနေလို့ မသိတဲ့သူကို လှောင်ရတာလဲလို့ ဒေါသဖြစ်မိရတယ် ၀န်ထမ်းတွေ အလုပ်က ၀န်ဆောင်မှုပေးဘို့ အိမ်သာသန့်ရှင်းအောင် လုပ်ဘို့ သူ့တို့တာဝန်ပဲ အိမ်သာ သန့်ရှင်းရေးလုပ်နေလို့ သူတို့ကိုအထင်အမြင်သေးစရာ လှောင်စရာမလိုသလို သူတို့ကလဲ သူများကိုလှောင်ပြောင်ပိုင်ခွင့်မရှိပါဘူး  ဒီလိုအခြေအနေနဲ့ သူတစ်ပါးနိုင်ငံသွားမဲ့ ကိုယ့်အမျိုးတွေ အတွက်လဲ စိတ်မကောင်းဖြစ်ရတယ် ၊ ဒီပို့စ်လေးကို ရေးဖြစ်ဘို့ တွန်းအားတစ်ခုက ဒီရက်ထဲ မြန်မာနိုင်ငံမှာ ဟံသာဝတီလေဆိပ်ပြန်တည်ဆောက်တော့မယ် ဆိုတဲ့ အသံတွေ ထွက်လာတယ် ဆောက်မဲ့ဆောက်ကတော့ နောင် အနှစ် ၅၀၊၁၀၀  လောက် အထိ မျှော်မှန်းပြီး စနစ်တကျလေ့လာ သေချာအကုန် အကျခံ ဆောက်စေချင် တာပါ မြန်မြန်ပြီးတယ် ပိုက်ဆံအကုန် သက်သာတယ် ကြွေးကြော်ပြီး သုံးတော့မှ အဆင်မပြေတာတွေ တွေ့ရင် ဘွာတေးလုပ်လို့မရတော့ဘူး…၊ ဟိုမြေညီထပ်ကနေ အပေါ်ဆုံးထပ်အထိ သွားလာတာ ဓါတ်ပုံရိုက်တာ ဘာဖောင်မှ ဖြည့်စရာမလိုဘူး ဘယ်သူကို ခွင့်တောင့်စရာမလိုဘူး သူတို့ဆီမှာ ရော လုံခြုံရေးဘယ်လိုလုပ်ကြလဲ ဒါလဲ အတုယူစရာပါ လေဆိပ်အထပ်တိုင်းမှာ စစ်သားတွေ ရဲတွေ သေနတ်တွေနဲ့ လျှောက်သွားနေတယ် သူတို့ကို ဘယ်သူမှ ဂရုမစိုက်ဘူး သူတို့ရှိလို့လဲ ဘယ်သူမှ အနှောက်အယှက်မဖြစ်ကြဘူး…

 

KLIA အကြောင်းတော့ နဲနဲတို့ထိ ပေးလိုက်ပါပြီ ပြီးပြည့်စုံတာမျိုးတော့ မဟုတ်ပါဘူး အမှားတွေ၊လိုအပ်နေတာတွေ တွေ့ရင် သိတဲ့သူတွေ ကိုဇော်မင်းတို့လို မလေးရောက် ရွာသားတွေက ဖြည့်စွက် ပြင်ဆင်ပေးစေချင်ပါတယ် မြင်စေချင်လို့ ဓါတ်ပုံတွေ တင်ပေးလိုက်ရပေမဲ့ မြန်မာပြည်က ကွန်နက်ရှင်နဲ့ ကြည့်တဲ့သူတွေကို ဒုက္ခပေးသလိုများဖြစ်နေမလားလို့လဲ အားနာမိတယ် ၊အားလုံးကို  ကျေးဇူးတင်ပါတယ်……

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ