ခင်သာဇာတိ မောင်သာဂိ(၈)

Nan ShinSeptember 21, 20112min651

အခန်း(၈)ရင်ခုန်သံများနဲ့သာဂိ

     သာဂိသည် အရိုက်ခံထားရသော ဒါဏ်ရာများ အနည်းငယ် သက်သာစပြုလာပြီဖြစ်၍ ကျောင်းခြံထဲသို့ ဆင်း၍ တံမြတ်စီးလှည်း၏။ မြက်ပေါက်၏။ ကျောင်းတွင်းသန့်ရှင်းရေးအားလုံးကိုတတ်နိင်သလောက်လိုက်လုပ်၏။ ထိုသို့လုပ်နေစဉ် ရွှေရီ၏ မျက်နှာလေးကို လဲတစိမ့်စိမ့်မြင်ယောင်နေမိ၏။သူ၏ အမြင်တွင် ရွှေရီသည်လှ၏။ချော၏။ချစ်စရာလည်းကောင်းလာ၏။မြင်ပြီးရင်း မြင်ချင် ကြည့်ပြီးရင်း ကြည့်ချင် လောက်အောင် ကို ဆွဲဆောင်မှုများလည်း ရှိနေ၏။ထို့ကြောင့် ရွှေရီသည် ကလေး လေးတယောက် မဟုတ်တော့ပါလား ဟူသောအသိလည်း ဝင်လာ၏။တမနက်ခင်းလုံး ဘာကိုပဲလုပ်လုပ် ရွှေရီ၏ ချွေးသီ်း ချွေးပေါက်လေးများ စို့ပြီး အသားရေစစ်နေသည့် မျက်နှာလေးကိုသာ ထပ်ခါတလဲလဲ မြင်ယောင် နေ၏။ပေါက်တူးနှင့် ပေါက်ထုတ်နေသော မြတ်ခင်းစိမ်းများကို မြင်လျှင် ရွှေရီ၏ နှုတ်ခမ်းမွှေး ပါးသိုင်းမွှေး နုနုစိမ်းစိမ်းလေးတွေကို အစားထိုးမြင်ယောင်လာ၍ မြက်ပင်များကိုပင် ပေါက်တူးဖြင့် မပေါက်ရက် နိုင် အောင်ဖြစ်ခဲ့၏။ဆောင်းရနံ့ပင်မကုန်တတ်သေးသော တပေါင်းလ၏ ဓါတ်သက်များကြောင့် စွတ်ဆိုလျှက ်ရှိ သာ သစ်ပင်ငယ်များကို ခုတ်ထုတ်ခါနီးတွင် ရွှေရီ၏ နဖူးပြင်မှ စီးကျနေသော ချွေးသီ်း ချွေးပေါက်လေး များအဖြစ် ပြောင်းလဲ ခံစား၏။ထိုစဉ် လျှက်တပျက်အတွေးတချက်လည်းဝင်လာ၏။ရွှေင်္ရီ်တောင် ကလေး မဟုတ် တော့ ဘူးဆိုတော့ ငါလဲ လူကြီးစာရင်းဝင်နေပြီပေါ့…..ဟုတ်တယ် ငါ့အရွယ်လည်း ငယ်မှ မငယ် တော့ ဘဲ လူကြီးတယောက်နဲ့တူအောင် နေထိုင် ကျင့်ကြံ ပြောဆိုတတ်ဖို့လိုလာပြီ။ငါ့ရဲ့အတွေးတွေကို အရမ်း ကာရော လွှတ်ထားဖို့မသင့်တော့ဘူး….စသည်ဖြင့် တွေးမိ၏။ထို့ကြောင့် ရွှေရီနဲ့ ပတ်သက်သော ခံစားချက်အတွေးများကို လဲ ဆက်လက်တွေးဆ ဖို့မသင့်တော်ဘူး။ငါ့မှာ လုပ်စရာတွေ ရှိသေးတယ ်….ဟု တွေးရင်း အဘချို၏ မျက်နှာကိုလည်း ပြန်လည်မြင်ယောင်လာတော့၏။ပေးထားတဲ့ ကတိ နဲ့လိုက်နာသင့် တဲ့ လမ်းညွှန်မှုပြီးတော့ …….ပြီးတော့….ပြီးတော့………အတွေးပေါင်းများစွာဖြင့် ခေါင်းကိုခါရမ်းပြစ်လိုက်၏။
          ကျောင်းပေါက်ဝတွင် လူသံအချို့ကိုကြားလိုက်ရ၏။သာဂိ ဟု မိမိနာမည်အားပြောဆိုလိုက်သော အသံလည်းပါ၏။ဘာပါလိမ့် ဟုတွေးပြီး ကျောင်းရှေ့သို့ လှမ်းကြည့်လိုက်သည်။ရွှေရီနဲ့ သူ့သူငယ်ချင်း တွေပါလား။အတွေးထဲတွင် ရွှေရီနဲ့ အဘချိုနေရာလုနေစဉ် ရွှေရီက လက်ဦးမှုယူပြီး သူ့ရှေ့မှောက် ရောက်လာလေပြီ….မသိချင်ဟန်ဆောင်၍ပင် လုပ်စရာရှိသည်များကိုပင်ဆက်လုပ်နေရင်း အင်း… ရွှေရီ.. ရွှေရီ ငါ့ဘဝကြီးထဲမှာ ဘယ်အတိုင်းအတာထိ ဆက်လက် နေရာ ယူနေဦး မှာလဲ….အတွေးစများသည် တောင်စဉ်ရေမရနှင့် ဆောက်တည်မှုများအားလုံးကို ကိုက်စားဝါးမျိုသွားသည်။
         ကိုကြီးသာဂိ..ကိုကြီးသာဂိ….ဒီအသံသည် ငယ်စဉ်ကတည်းက မိမိအား အနိုင်ယူပြီး စေလိုရာစေခဲ့သည့် အသံ….မသိဟန်ဆောင်ပြီး ရှောင်နေလိုက်မည်ဟုဆုံးဖြတ်မိသော်လည်း ခေါ်သံ၏ အဆုံး၌ သူဆက်ခေါ်နေ၍ ပင်ပန်းသွားမည်ကို စိုးရိမ်တာလား…အချစ်နတ်စေတမာန်ကပဲ မသိစိတ်ရဲ့ နှလုံးအိမ်ကို စုပ်ကိုင်ပြီး ထူးခိုင်းလိုက်တာလား……..ဘာကြောင့်ရယ်မသိ…ဟေ့ ငါ့ဒီမှာဟေ့ ဟု ထူးလိုက်သည်။
           ဟွန့်…လူကိုမြင်ရဲ့သားနေများ..ချောင်းကြည့်ပြီး ပြန်လှည့်သွားရတယ်လို့…အိုက်တင်ကိုက …ဟု ညုတုတုလေးပြောလိုက်သော ရွှေရီ၏အသံကိုကြားကြားချင်းတွေဝေမိန်းမောသွားပြီး …ဘာတွေဖြစ်ကုန် မှန်းမသိ ဖြစ်သွားသည်က သာဂိ၏ဖွင်ထွားလှသည့် ရင်ဘတ်ကြီး။
        ဟော…လူကိုများ ဘာကြောင်ကြည့်နေတာလဲ…မမြင်ဘူးလို့လား…ဟုပြောလိုက်သောအသံနဲ့အတူ သူငယ်ချင်းမလေးများ၏ ကြိတ်ပြီးရယ်လိုက်သည့် အသံသဲ့သဲ့ကိုပင် မိုးကြိုးပြစ်သံကဲ့သို့ခံစားလိုက်ရ၏။
           နင်ကအရမ်းလှနေတာကိုး ဟ ဟုပြောမည်လုပ်ပြီးမှ မပြောဖြစ်တော့ပဲ ဟီးဟီး ဟုရယ်ပြလိုက်ပြီး မျက်နှာကိုငုံ့ထားလိုက်၏။
      အဖေနဲ့အမေက ကိုကြီးသာဂိဆီသွားလည်လိုက်ပါဦးလို့ပြောလို့လာလည်တာ…..ဟုရွှေရီက တည်တည်ငြိမ်ငြိမ်နှင့်ပြောလိုက်တော့မှ ဒါဆိုနင်ကိုယ်တိုင်လာချင်လို့လာတာမဟုတ်ဘူးပေါ့ ဦးထွေးတို့ ကလာခိုင်းလို့လာတာပေါ့ ဟု ဘာရယ်မဟုတ် စိတ်ထဲရှိရာကို ပြောချလိုက်မိသည်။
           ဟုတ်တယ်..ကိုကြီးကိုလာတွေ့ချင်တာကတော့ ဖြစ်ဖြစ်ချင်းနေ့တည်းကပါ….ဒါပေမဲ့ အဖေ့ကို စိတ်ကောက်လို့ စကားမပြောဘဲနေနေတာနဲ့အပြင်မထွက်ဖြစ်တာ…………
             ဘာဖြစ်လို့ နင့်အဖေကို စိတ်ကောက်ရတာလဲ……..
             အဖေက ကိုကြီးကို ဓါးကြီးနဲ့ခုတ်မယ်တကဲကဲ လုပ်တာကိုး…
              အော်..ဟုတ်လား…အခုရောစိတ်ကောက်ပြေသွားပြီလား…
              ဟုတ်ကဲ့…..ပြေသွားပြီ….အဖေကလက်စွပ်လေးတကွင်းဝယ်ပေးပြီးချော့တယ်လေ…
              ဒါဆိုရင် လက်စွပ်နဲ့ ချော့လိုက်လို့ပျော့သွားတာပေါ့…
ဟုတ်ပါဘူး…သမီးက ဒီလက်စွပ်ကို ကိုကြီးကို ပေးမှ အဖေ့ကို စကားပြန်ပြောမယ်လို့ ပြောလိုက်တာ..
ဟု  ရှက်ပြုံးလေးပြုံး၍ ပြောလိုက်သည်။ရှက်လွန်း၍ ငုံ့ထားသော မျက်နှာကို မမော့ပဲ မျက်စိကို မသိမသာ လှန်ကြည့်သည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုသို့မျက်စိကိုလှန်ကြည့်လိုက်ခြင်းမှာ နှစ်ယောက်စလုံးဖြစ်နေပြီး ချောင်းကြည့်ကြတဲ့မျက်လုံးချင်းလည်းဆုံသွားမိကြသည်။ နှစ်ယောက်စလုံးပြန်ငုံ့သွားကြပြီးဘာမှ ဆက်မ ပြော ဖြစ်ကြတော့၍ သူငယ်ချင်းများထဲမှသူတို့ထက် နှစ်နှစ်ခန့်ကြီးသော ပူစူးမက ဟဲ့သာဂိ နင့်လက်ထဲက တံမြတ်စည်းငါ့ကိုပေးငါလှဲပေးမယ်.. ဟုပြောလိုက်၍ သာဂိက အော် ဟုတ် ဟုတ် ဟုပြောပြီး တံမြတ်စည်း ကိုထိုးပေးလိုက်သည်။အားလုံးဝိုင်းရယ်ကြပါလေတော့သည်။အဘယ်ကြောင့်ဆိုသော် သာဂိတံမြတ်စည်း ပေးလိုက် သူမှာ…ပူစူးမလက်ထဲသို့မဟုတ်ပဲ ၎င်းတို့အနားသို့ရောက်လာသော ဆရာတော်ကြီး၏ လက်ထဲ သို့ ဖြစ်နေသောကြောင့်ဖြစ်လေသည်။သာဂိမှာ ဘာဆက်လုပ်ပြီး ဘာပြန်ပြောရမည် မသိတော့ပဲ ကန်တော့ ဘုရား….ဟို…အဲ စသည်ဖြင့် လုပ်နေလေ၏။ဆရာတော် ကဖြစ်စဉ်အားလုံးကို ရိပ်မိသော်လည်း မသိဟန်ဖြင့် သာဂိ သက်သာရဲ့လား..မသက်သာ သေးရင်လဲ ဘာမှမလုပ်ပဲ ကျောင်းမှာအေးအေး ဆေးဆေးနေရင်လည်း နေပေါ့..သူငယ်ချင်းတွေဆီလိုက်လည်ချင်ရင်လည်း လိုက်လည်ပေ့ါ…ဟုမိန့်ပြီး ပြန်ကြွသွား၏။ထိုအခါ ပူစူးမက ဒါဆိုရင် သာဂိ နင်ငါတို့အိမ်လိုက်လည်ပါလား ဟုပြောလိုက်၏။သာဂိက  ကျနော်မလိုက်တော့ပါဘူး ဟုပြောရန်ပြင်လိုက်သော်လည်း ရွှေရီ ဟာ ဟုတ်တယ် …..ကိုကြီးသမီးတို့နဲ့လိုက်ခဲ့….ဟုပြောလိုက်သော အခါတွင်ကား ငြင်းဆန်ရန်ခွန်အားများမှာ ကြက်ပျောက် ငှက်ပျောက် ပျောက်သွားပါလေတော့၏။
          ပူစူးမတို့အိမ်ရောက်တော့မှ ရွှေရီက အနာတွေသက်သာသွားပြီလား..ဟုပြောပြောဆိုနှင့်ပင် သာဂိ၏ ခေါင်းပိုင်းရှိ ဒဏ်ရာများကို အသေအချာကိုင်ကြည့်ရန်ကြိုးစား၏။သို့သော် သာဂိက …အား ဟု အော်လိုက်၍ နာလို့လား ပြန်မေးလိုက်၏။
               ဒီတိုင်း နေနေရင် မနာဘူး..တခုခုနဲ့ထိရင်နာတယ်…
               ဒါဆိုလဲ ပြီးရော မထိတော့ဘူး…
               ရော့…ဒီလက်စွပ်လေးကို အဖေက သမီးကိုယ်တိုင်သွားပေးလိုက်ပါပြောလို့လာခဲ့တာ..ဟွန့်
             ဒီကတော့ သူ့ကိုစေတနာနဲ့လာပေးတာ သူကတော့ သူဆီကိုလာတာတောင် မသိချင် ယောင်ဆောင်နေတယ်….ဟုပြောပြောဆိုဆိုနှင့်ပင်သာဂိ၏လက်ကိုဆွဲ၍စွတ်ပေးရန်ကြိုးစား၏။ သို့သော် လက်စွပ် ၏အတိုင်းမှာ ရွှေရီအတွက်ဖြစ်နေ၍ သာဂိ၏လက်နှင့်မတော်ပဲရှိနေ၏။ရွှေရီကကြိုးစား၍ စွတ်ပေးရှာ၏။သို့သော်မရ။သာဂိက ကလေးဆိုးလေးကို စိတ်ချမ်းသာရင်ပြီးရော ဟုသဘောထား၍ လက်နာသော်လည်းဘာမျှမပြောဘဲ အောင့်ထား၏။ကြီးမားသော ကျေနပ်မှုတခုကလည်း လွှမ်းမိုး ထား၍လည်း ဖြစ်ပေလိမ့်မည်။နောက်ဆုံးတော့ ရွှေရီကအကြံရသွား၍ ပူစူးမဆီမှ အပ်ချည်ကြီုးတောင်းပြီး ခုနှစ်ပင်လောက်ကို လှပသေသပ်အောင် ကျစ်၍ သာဂိ၏လည်ပင်း၌ ဆွဲပေးလိုက်၏။အကျႌဝတ်တိုင်းလည်း ၎င်းလက်စွပ်ဖြင့်လုပ်ထားသော အပ်ချည်ဆွဲကြိုးကို အပြင်၌ထုတ်ဝတ်ရန်မှာ၏။ရွှေရီဘာလုပ်လုပ် ခပ်တည် တည်သာ ငြိမ်နေသော သာဂိ၏ စိတ်အစဉ်၌ကြည်နူမှုများကတော့တားမရဆီးမရ။ ပူစူးမက အားလုံး အတွက်ဟု ပြော၍ လ္ဘက်သုတ်တပန်းကန်လာချပေး၏။အားလုံးဝိုင်းစားကြသည်။သို့သော် ဘယ်သူ မှ ဘာမှ မပြောကြ၍ပူစူးမက သာဂိနော်နင် အရင်နဲ့မတူတော့ဘူး…အရင်ကဆိုရင် စလိုက် ပြောင်လိုက် ပျော်လိုက်ပါးလိုက်နဲ့ ဘာပြောပြောဘာလုပ်လုပ် တက်ကြွလန်းဆန်းနေတာပဲ အခုကြတော့ ရသေ့ပေါက်စ လိုလို ငအတယောက်လိုလို ဖြစ်နေပြီ ဟု ပြောရင်းလ္ဘက်တဇွန်းကို စားလိုက်သည်။ရွှေရီကလည်း ဟုတ်တယ် ကိုကြီးသာဂိ အရင်လိုမဟုတ်တော့ဘူး…ဟုပြောပြီး တစုံတရာကိုသတိရသွား၍ ဟာ ဟုတ်ပြီ သတိရပြီ အရင်ကဆိုရင် ကိုကြီးသာဂိက သမီးကိုပုံပြင်တွေခဏခဏပြောပြတယ်….အဲ့ဒိပုံပြင်တွေက ဘယ်သူမှလည်း မပြောဘယ်စာအုပ်ထဲမှာမှလည်းမပါတဲ့ပုံပြင်တွေလို့လဲပြောဘူးတယ်…   အဲ့ဒိလိုပုံပြင်တခုလောက်ပြောပြပါလား ဟု ကလေးဆန်စွာဖြင့် လွတ်လပ်ပေါ့ပါးသော အပြုံးလေးကိုပြုံးလျှက်နှင့် ပြောလိုက် သည်။ အဲ့ဒိအပြုံးလေး၏ နောက်ကွယ်မှာ သာဂိ၏နှလုံးသားကို ရစ်သိုင်းတုတ်နှောင်ခြင်းနဲ့အတူ နှစ်ဦးစလုံးအတွက် ဝမ်းနည်းကြွေကွဲဖွယ် ဇာတ်လမ်းတပုဒ်ကပ်လိုက်လာခြင်းကို တော့ သူတို့နှစ်ဦးစလုံးအပြင်ဘယ်သူမှလည်း မသိလိုက်ကြပေ။သာဂိသည်မရယ်နိုင်မပြုံးနိုင် မရွှင်နိုင် မလန်းနိုင်ဖြစ်နေသည်မှာ ရက်သတ္တ နှစ်ပတ်ခန့် ပင်ကြာခဲ့လေပြီ။အရင်ကဆိုရင် ပုံပြင်ပြောခါနီးတိုင်း ကဲပြော ရယ်စရာပုံပြင်ပြောပြရမလား ဒါမဟုတ်သရဲ ပုံပြင်ပြောပြရမလား ဒါမှမဟုတ် ဘယ်လိုပုံပြင်မျိုး နားထောင်ချင်လည်း ပြော ဟု ပြောနေ ကျဖြစ်၏။ ယခုမူမပြောနိုင်တော့ခြင်းလော..မပြောချင်တော့ခြင်းလော ….သေချာစွာမသိ။သေချာသည်ကတော့ သာဂိ ကျောင်း သို့ပြန်ချင်သည်။ဘယ်သူကိုမှစကားမပြောလိုတော့………။သို့သော် ရွှေရီ၏ခိုင်းစေချက် ဒါမှ မဟုတ် အမိန့်ကို ဘယ်နှစ်ခါများ ငြင်းဆန်ခဲ့ဘူးပါသလဲ…အခုငြင်းမယ်ဆိုရင်ရော ..ငြင်းနိုင ်တဲ့အစွမ်းအစတွေရှိပါသေးရဲ့လား…ဟူသောအမေးပုစ္ဆာတခုသည်ခန္ဓ္ဓာကိုတခုလုံးရှိသွေးကြောထဲသို့ပင်စိမ့်ဝင် ပြေးလွှားပြီး အဖြေထုတ်ခိုင်းနေ၏။ကိုယ့်မေးခွန်းကိုပင  ်ကိုယ်ပြန်ကြောက်နေမိပြီ။  ဆောက်တည်ရာမရဖြစ်နေသောမိမိ
ကိုယ်ကို သတိထားပြီး ပြန်မေးလိုက်သည်။ငါ ဘာဖြစ်နေတာလဲ။ မိမိကိုယ်ကိုမငြင်းဆန်နိုင်တော့သည့် အသိတရားတခုဝင်လာသည်။ငါ..ငါ ရွှေရီ့ကို ဟုတ်တယ် ငါရွှေရီကို ရင်ခုန်မိနေတာပဲ။ဒီရင်ခုန်မှုကြောင့် ရှက်စိတ်တွေဝင်ပြီးဗျောင်းဆန်နေတာ..ဟုတ်တယ်..ငါရှက်နေတာ..ငါသူ့ကိုချစ်မိနေတာလား..မဟုတ်ဘူး..
ချစ်သွားတာ မဟုတ်ဘူး…ရင်ခုန်တာ…သူနဲ့ပတ်သက်ပြီးဘာလုပ်လုပ် ဘာကိုင်ကိုင် ခံစားလို့ ရနေတာ …မကြိုက်ဘူးအဲ့ဒိရင်ခုန်တာကြီးကိုမကြိုက်ဘူး…ငါ့ကိုမူမမှန်အောင်လုပ်နေတာ…ဖျောက်ပြစ်လိုက်..ဖျောက်
ပြစ်လိုက်…ကိုယ့်ကိုယ်ကိုကြိတ်၍နှလုံးသားကိုချုပ်ကိုင် အမိန့်ပေးလိုက်သည်။သို့သော် နှလုံးသားကိုု အမိန်မေးလို့ ရရိုးထုံးစံ ရှိပါသလား။ချစ်ခြင်းတရားကို အသိတရားက အနိုင်ရယူဆုံးမနိုင်စွမ်းရှိပါသလား။ရှိရှိ မရှိရှိ သာဂိကတော့အတင်းချုပ်ထားလိုက်သည်။ငါခေါင်းတွေကိုက်နေလို့ရွှေရီရဲ့နောက်မှနားထောင်ပါလား
နောက်မှ ပြေ ာပြမယ်လေ ဟု မိမိခေါင်းကို မိမိပွတ်သပ်ရင်းပြောလိုက်သည်။ရင်ခုန်ခြင်းကြောင့် ဖြစ်ပေါ် လာတဲ့ အချစ်တခုရဲ့နောက်ကွယ်မှာ လိမ်ညာတတ်တဲ့ အတတ်ပညာဟာ အလိုလို လိုက်ပါ လာခြင်းဖြစ်ပေလိမ့်မည်။၎င်းနိယာမတရားကို မလွန်ဆန်နိုင်သောသာဂိသည်လည်း ယခု စလိမ် တတ်လာချေပြီ။ရွှေရီကတော့ သာဂိပြောလိုက်သည်ကို လက်မခံ။မရဘူး မရဘူး ခေါင်းကိုက်ရင် ဆေးတိုက်မယ် ဆေးသောက်ပြီးရင်ပြောပြ ဟု ဇွတ်ကိုတောင်းဆိုနေ၏။ငြင်း၍လည်း ရမည်မဟုတ်တော့ ဟု သိလိုက်သော သာဂိက ကဲ ဒါဆိုလဲ ပြော ဘာပုံပြင်နားထောင်ချင်လဲ ရယ်စရာလား သရဲအကြောင်းလား ဟုမေးလိုက်၏။ပူစူးမက နေ့ခင်းဘက်ကြီးသရဲအကြောင်း ပြောလို့မကောင်းပါဘူး..ဒို့ကတော့ ရယ်စရာ ပုံပြင်လေးတွေပဲ နားထောင်ချင်တယ် ဟုပြော၏။ရွှေရီကလည်း ဟုတ်တယ် ဟုတ်တယ် မကြီးပူစူးမ ပြောတာမှန်တယ် ရယ်စရာလေးတွေပဲ နားထောင်ချင်တယ် ဟုပြောလိုက်၏။ရင်ခုန်ခြင်းနဲ့ရှက်ခြင်း တို့ရစ်သိုင်းဖွဲ့ဝင်မှုကြောင့် ကြောင်စီစီဖြစ်နေသောအနေအထားမှာ ရယ်စရာတခုကို ဘယ်လိုဖန်တီးရ ပါ့မလဲ။သို့သော် ရွှေရီ၏ဆန္ဒမှန်သမျှကို ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ကြိုးစားဖြည့်ဆီးပေး ချင်စိတ်၏နှိုးဆော်မှုကြောင့် လွှတ်ခနဲ ပြောမိသွား၏။ဒီတခါတော့ ထွင်ပြောပုံပြင်မပြောတော့ဘူး ..မြို့က ဆရာတော်ကြွလာတုန်းက ပြောခဲ့တဲ့ပုံပြင်လေးပြောပြမယ်……. ပြောချင်တာပြော ရယ်ရရင်ပြီးရော …ဟုပြောပြီး နားထောင်ရန် အစဉ်သင့် အနေအထားသို့နေရာပြောင်းယူလိုက်ကြသည်။
          ဟိုးရှေးရှေး တုန်းကပေါ့ဟာ…ရွာလေးတရွာမှာ ဘုန်းကြီးကျောင်းတကျောင်းရှိတယ်။အဲ့ဒိကျောင်းမှာ တရားမဟောတတ်တဲ့ ဘုန်းကြီးတပါးကျောင်းထိုင်နေတယ်။ဘုန်းကြီးက တရားမဟောတတ်ပေမဲ့ စာတော့ အရမ်းတတ်တယ်…တရားဟောစရာကိစ္စကြုံလာပြီဆိုရင် သူကိုယ်တိုင်ဘယ်တော့မှတရား မဟောဘူး …ကျောင်းမှာရှိတဲ့ တခြားဦးပဇင်းငယ်တွေကိုပဲ ဟောခိုင်းတယ်။ဒီလိုနဲ့တနေ့မှာ ကျောင်းမှာ ရှိသမျှ ဦးပဇင်းအားလုံးကို တခြားရွာတရွာကပဋ္ဌာန်းရွတ်ဖို့ပင့်သွားတယ်။အဲ့ဒိတော့ကျောင်းမှာကိုရင်ပေါက်စတွေနဲ့ကျောင်းထိုင်ဆရာတော်ပဲကျန်ခဲ့ကြတယ်။ပဋ္ဌာန်းသွားရွတ်တဲ့
ဦးပဇင်းတွေပြန်မလာခင်မှာပဲတခြားရွာလေးတရွာကနေမင်္ဂလာဆောင်အတွက်ဘုန်းကြီးကိုလာပင့်တယ်။ဘုန်းကြီးလဲအတော်လေးစိတ်ညစ်သွား
တယ်။တခြားဦးပဇင်းတွေ ကျောင်းမှာမရှိကြ။သူကိုယ်တိုင်လဲတရားမဟောတတ်။ကိုရင်လေးတွေကလဲ ငယ်သေးတော့ ဟောနိုင်မှာမဟုတ်ကြ။ ဒီလိုနဲ့ကြံရာမရဖြစ်ပြီး ရွာထဲက နိဗ္ဗာန်ဆော် ဘုန်းကြီး လူထွက်ကြီး ကို ခေါ်ပြီး တရားဟောတာ ဘယ်လိုဟောရတာလဲ လို့မေးလိုက်တယ်။  နိဗ္ဗာန်ဆော်ကြီးကတော့ တရားဟောတာ စကားပြောတာတွေကို အရမ်းကျေညက်နေပြီဆိုတော့ လွယ်လွယ်ပဲ ပြောလိုက်တာပေါ့ ….ဘုန်းကြီးလဲ စာတတ်တဲ့သူပဲဘုရား…လမ်းမှတွေ့တာကိုမှတ်သွားပြီး ကိုယ်တတ်တဲ့စာနဲ့ ပေါင်းစပ် ဟောလိုက်ရင် တရားတပုဒ်ဖြစ်သွားတာပဲဘုရားလို့လျှောက်လိုက်တယ်။အဲ့ဒိတော့ ဆရာတော်က လဲ ဒကာပြောတဲ့အတိုင်းလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။တရားဟောဖို့အသွားလမ်းမှာ တွေ့တာမှန်သမျှလိုက်မှတ် မယ်ဆိုပြီးတော့ ပတ်ဝန်းကျင်ကိုလဲ ဂရုစိုက်ပြီးသွားပါတယ်။ဒါပေမဲ့… ထူးထူးခြားခြားမှတ်သား စရာ ဘာဆိုဘာမှမတွေ့ ဘူးဟ။ဒီလိုနဲ့ဆက်လျှောက်လာ လာခဲ့တယ်။တနေရာအရောက်မှာ ရေငတ် ကလဲငတ် ညောင်းကလဲညောင်းဆိုတော့ အနားယူဖို့ပတ်ဝန်းကျင်မှာနေရာရှာကြည့်လိုက်တယ်။မရောက်သေးတဲ့ ခတ်လှမ်းလှမ်းတနေရာမှာ လယ်တဲလေးတလုံးကိုလှမ်းမြင်လိုက်တယ်။အဲ့ဒိမှာဆိုရင် သောက်ရေလ ဲရနိုင် တာမို့အဲ့ဒိမှာ ခဏနားဖို့ ဆုံးဖြတ်လိုက်တာပေါ့ဟာ….တဲကလေးကိုရောက်တော့ လင်မယား နှစ်ယောက် ကိုတွေ့တယ်…ဒါနဲ့ရေတောင်းသောက်ပြီးခဏနားချင်တဲ့အကြောင်းပြောတယ်။ တဲပိုင်ရှင်တွေကလဲ တရိုတသေနေရာခင်းကျင်းပေးပြီတော့ သောက်ရေကပ်ကြတာပေါ့…ဒီလိုနဲ့အလ္လာပ သလ္လာပ ခဏ တဖြုတ် ပြောဖြစ်ကြတာပေါ့…ဘုန်းကြီးကမေးတယ်………
ဒကာကြီးနာမည် ဘယ်လိုခေါ်လဲ…
                တပည်တော်နာမည် သာဒုတ်ပါဘုရား….
                 ဒကာမကြီးနာမည်ကရော….
                 တပည့်တော်နာမည် မိနုပါဘုရား….
                  အော်…ဒကာ သာဒုတ်နဲက ဒကာမ မိနုတို့က ဘာတွေလုပ်ကိုင်စားသောက်ကြသလဲကွဲ့..
                 တပည့်တော်တို့ကတော့ ထွေထွေထူးထူးမရှိပါဘူးရား………နွေပိုင်းအခါမှာ တောကလာတဲ့ ယုံတို့ ပတတ်တို့ ဖွတ်တို ့ကို ဖမ်းပြီး ရောင်းသင့်တာရောင်း စားသင့်တာစားပေါ့ဘုရား   …………ဟုလျှောက်ထားလိုက်တယ်။ဒီလိုနဲ့ဘုန်းကြီလဲ တရားဟော အမှီသွားရမှာမို့ ခဏနားပြီး ဆက်ထွက် လာခဲ့တယ်…….မင်္ဂလာဆောင်အိမ်ရောက်တော့ ဆွမ်းစားပြီးတရားဟော တာပေါ့ဟာ …တရားဟောတော့….စာကလဲတတ်ပြီးသား…လမ်းမှာကလဲ မှတ်သားမိတာဆိုလို့ သာဒုတ်တို့ မိနုတို့ အကြောင်းပဲရှိတာဆိုတော့…
             တုမှာယော တပ္ပဒေါ တွပ္ဖေါ၊
             ဣမေ သတ္တာ နွာခေ လာကြာ။
             မုနိနာ သုဒ္ဓါ ကာစေန္တိ၊
             ဒိနေ ဒိနေ ဘက္ခယန္တိ။
ဟု သာဂိက ဘုန်းကြီးတပါး၏ လေသံဖြင့်ဟောပြီး ရပ်နေလိုက်၏။ရွှေရီတို့ပူစူးမတို့ကတော ဘာများ ရယ်ရမလဲဟူသော အတွေးနှင့် သာဂိဘာများဆက်ပြောပါ့မလဲ စောင့်နေ၏။ သာဂိက ဘာမ ှဆက် မပြောတော့၍   ကိုကြီးသာဂိဆက်ပြောလေ ….
                     ဟာ…ပုံပြင်ကပြီးသွားပြီလေ…
                     ဟင်..ဘာမှလဲ မရယ်ရဘူး…..ရယ်ချင်လို့လား…
                    ရယ်စရာပြောပါတယ်ဆို ..ရယ်ရမှဖြစ်မှာပေါ့….
                    ဒါဆိုရင် စကားပြောင်းပြန်တတ်လား…
                    တတ်ဘူး…
                    ဒီလိုဟာ….ရေချိုးတယ် ဆိုရင် ရိုးချေ….ဗိုက်ဆာ ဆိုရင် ဗာဆိုက်ပေါ့ အဲ့ဒိလိုပြောတာ..
                     သိတယ် သိတယ်  အဲ့ဒါနဲ့ပုံပြင်နဲ့ဘာဆိုင်လို့လဲ.
                     ဆိုင်တာပေါ့….တုမှာယောကိုပြောင်းပြန် ဆိုရင် ….ဟုသာဂိကထောက်ပေး၏။ရွှေရီက ပေါက်ပြီပေါက်ပြီ တုမှာယော ဆိုတာ တောမှာယုံ …ဟုတ်လား….ဟုတ်တယ်…..ဒါဆိုရင် ရပြီး ဟုပြောပြီးသာဂိက…တုမှာယော် တောမှာယုံတို့သည်လည်းကောင်း၊  တပ္ပဒေါတောပတပ် တို့သည် လည်းကောင်း၊  တွပ္ဖေါတောဖွတ်တို့သည်လည်းကောင်း၊ ဣမေသတ္တာ-ဤသတ္တဝါတို့သည်၊ နွာခေ-နွေအခါ၌၊လကြာ-လာကြကုန်၏၊ မုနိနာ-မိနုနှင်၊ သုဒ္ဓါ-သာဒုတ်တို့သည်၊ ကာစေန္တိ-ကင်စားကြကုန်၏၊ ဒိနေ ဒိနေ- ဒီနေ့ဒီနေ့(ဝါ) ဒီလိုနေ့မျိုးတိုင်း၊  ဘက္ခယန္တိ- စားကြလေကုန်တော့သတည်း……….ဟ ုတကယ့် ဆရာတော်ကြီး တပါး၏ လေသံဖြင့် ရွတ်ပြလိုက်လေ၏။ဟား..ဟား…ဟား…အားလုံးအားပါးတရ ဝိုင်းရယ် ကြပါသည်။ရွှေရီကလည်း အတော်လေးအားရကြေနပ်သွားဟန်ဖြင့်ဒို့ကိုကြီးသာဂိတို့ကတော့ ….ဘယ် လောက် ဘဲ ဘာတွေဖြစ်နေဖြစ်နေပုံ ပြောအရည်အချင်းကတော ့နည်းနည်းမှ ရော့မသွားဘူး ဟေ့…ဟုချီးမွမ်း၏။သာဂိကလည်း ရွှေရီ၏ ရွှင်လန်းမှုလေးကိုကြည့်ပြီး ပီတိဖြစ် ကြည်နူးနေမိ၏။ပူစူုးမက ဒါနဲ့စကားမစပ် သာဂိရေ  နင်ကိုရင်ဝတ်တော့မှာဆို ဟုတ်လားဟုတ်တယ် အမ လာမဲ့သင်္ကြန်မတိုင်မှီ ကျနော် ကိုရင်ဝတ်တော့မှာ..အေးကောင်းတယ်….နင်အခုရွတ်လိုက်တာ တကယ်တရားဟောနေသလိုပဲ အရမ်းနားထောင်လို့ကောင်းတယ်ဟ… နင်ဘုန်းကြီးဝတ်ရင် တသက်လုံးသာဝတ်လိုက်ဟာ… ဟုပြောလိုက် သော ပူစူးမအား ရွှေရီက မကျေနပ်ဟန်ဖြင့် မျက်စောင်းထိုးကြည့်လိုက်သည်ကို မည်သူမှ မရိပ်မိလိုက်ကြချေ။တသက်လုံးဝတ်ဖို့ကလွယ်တော့ မလွယ်ပါဘူး …ဒါပေမဲ့ ကျနော် တသက်လုံး ဝတ်နိုင်အောင် ကြိုးစားမှာပါ….ဟုသာဂိက ပြောလိုက်၍ ရွှေရီက ဝတ်..ဝတ် တသက်လုံးဝတ် ဝတ်ပြီတော့ တောပါထွက် ရွာကိုပြန်မလာခဲ့နဲ့ ဟုပြောပြီး အိမ်ပေါ်က ပြေးဆင်းသွားလိုက်ချင်သော်လည်း စိတ်လိုက်မာန်ပါမလုပ်မိအောင်ထိန်းထားလိုက်သည်။ရယ်စရာပုံပြင်တပုဒ်ပြောလိုက်ပြီးဖြစ်၍ရှက်စိတ်များ
လည်းပျောက်ကွယ်သွားသောကြောင့်ရောက်တတ်ရာရာစကားများကို ပြောဆိုကြပြီး ကျောင်းသိုြ့ပန် လာခဲ့သည်။အိမ်မှအထွက် ခြံစည်းရိုးဝတွင် ရွှေရီက ကိုကြီးသာဂိ တကယ်ပဲတသက်လုံး  ကိုရင် ဝတ်လိုက် တော့ မှာလားဟုညှိုးငယ်သောမျက်နှာလေးဖြင့်မေးလို်က်သည်။သာဂိဘယ်လိုပြန်ဖြေရမည် မသိ၍ ခေါင်းငုံ့မျက်နှာလွှဲပြီးထွက်ခဲ့လိုက်သည်။ အမြဲတန်းသွက်လက်နေသောသာဂိ၏လက်ရှိလေးလံနေသော ခြေလှမ်းများကိုမူမဟာပထဝီမြေကြီးမှတပါး သာဂိကိုယ်တိုင်တောင် သတိထားမိပါ၏လော။ ကျောင်းရောက် ရောက်ချင်း အိပ်ယာထဲသို့အရုပ်ကြိုးပြတ်လဲကျသွားသည်။ဆရာတော်ကြီးက ခေါင်းငိုက်စိုက်လျှက် ကျောင်းထဲသို့ ဝင်လာသောသာဂိအား ကျောင်းအပေါ်ထပ် လေသာပြူတင်းမှ ကြည့်၍ တစုံတရာ ကိုစဉ်းစားရင်းခေါင်းတဆတ်ဆတ်ညှိမ့်နေသည်ကိုတော့ ရင်ခုန်သံလှိုင်းတပိုးကြီးကို တနင့်တပိုး ထမ်းလာ သည့် သာဂိတယောက် လုံးဝသတိပြုမည်မဟုတ်ပေ။ထို့နောက် ရင်ဘတ်ထဲ စို့တပ်ထား သလိုခံစား နေရသော ကြီးမားသည့်ဝေဒနာ အစိတ်အပိုင်းကြီးတခုကိုသက်သာလိုသက်သာငြားဖြင့် စာရွက်နှင့် ခဲတံတို လေးတစ်ချောင်းကိုယူ၍…………
           သမုဒ္ဒရာ…..
           စကြာဝဠာ ….
         မြင့်မိုရ်တောင်….
         ငါ့အချစ်…..
         မင်းအလှ………ဘာနဲ့မှ တုမရ…. ဟုရေးချပြီး မပြည့်စုံသော်လည်း ဆက်လက်၍ဖွဲ့ဆိုချင်းငှာ မလိုအပ်တော့သည့် ကဗျာတိုလေးကို အကြိမ်ကြိမ် ရွတ်ဖတ်ရင်း တနေကုန် ပင်ပန်းနွမ်နွယ် နေသောရင်ဘတ်ကြီးသည် သာဂိ၏အလစ်အငိုက်ကိုဖမ်း၍ ဘယ်အချိန် အိပ်ပျော်သွားသည် မသိ အိပ်ပျော်သွားပါလေတော့သတည်း။
ဆက်လက်ရေးသားပါဦးမည်။…………………………………ရေးသားသူ။   ။နန်းရှင်

One comment

  • Shwe Ei

    September 21, 2011 at 3:41 pm

    အော် သာဂိ သာဂိ ၂ခါဘဲ ဂိလိုက်မယ်။ နောက်မှာ ဆက်ရန်တွေရှိသေးလို့ တဂိချန်ထားအုံးမယ်။

Leave a Reply