အမှတ်တရ

maung hninkharrSeptember 21, 20111min1003

“အမှတ်တရ”

ရှင်ကွဲဟာ ငါ့ကို ဘူတာ အမှတ်နဲ့

ဆိုက်ရောက်လာချိန် . . .

‘မင်း’ မျက်နှာမှာလည်း မိုးတွေညိုလို့ . . .

ကောင်မလေးရေ . . . မင်း မငိုနဲ့ဦး

မျှော်လင့်ချက် မှိန်မှိန်လေးကြားမှာ

ငါလည်း ကံကြမ္မာကို

ခံစစ်နဲ့ ကစားသွားချင်တယ်။

‘မင်း’ မငိုနဲ့ဦး  ချစ်သူရယ်။

ငါ့ကို ဆုပ်ကိုင်ထားတဲ့ ‘မင်း’လက်တွေ

ကြိုးဖြေလိုက်နော် . . .

လမ်းရဲ့ သယ်ဆောင်ရာဆီ မင်းသွားပါ

ဒီဘဝရဲ့ အချိန်ခဏတာလေးထဲ

ဘာပဲဖြစ်ဖြစ် စိတ်မညစ်ကြေး

‘မင်း’ ကို ချစ်ခဲ့ဖူးတယ် ဆိုတာလေးကို

‘ငါ’ သိမ်းထားသးတယ်။

 

“ကျွန်တော်နဲ့ ၄ ပေ x ၆ပေ”

‘ဘဝဆိုတာ တိုက်ပွဲကွ’ . . . လို့

ကျွန်တော်ကကြုံးဝါးတဲ့ အခါ

၄ ပေ x ၆ ပေ က. . . ရယ်တယ်။

 

‘တက်ကျိုးရင် လက်ထိုးလှော်မယ်’ . . . လို့

ကျွန်တော်မာန်တင်းတဲ့ အခါ

၄ ပေ x ၆ ပေ က. . . ရယ်တယ်။

 

‘တစ်ချိန်ချိန်မှာ ကောင်းသွားမှာပဲ’ . . . လို့

ကျွန်တော်ဖြေသိမ့်တဲ့ အခါ

၄ ပေ x ၆ ပေ က. . . ရယ်တယ်။

 

‘ငါတော်တော်နောက်ကျသွားပြီ’ . . . လို့

ကျွန်တော်သတိထားမိချိန်မှာတော့

၄ ပေ x ၆ ပေ က

ကျွန်တော့်ကို . . . မျိုလိုက်ပြီ။ ။

 

“မင်းဘယ်သူလဲ”

‘လူဖြူ’ နဲ့ ‘လူမဲ’

မင်းဘယ်လိုခွဲမလဲ . . .လို့

သူငယ်ချင်းကမေးတော့

နှလုံးသားဖြူရင် ‘လူဖြူ’

နှလုံးသားမဲရင် ‘လူမဲ’

ဒီလိုဘဲ ဖြေမယ်လို့ စိတ်ကူးဆဲမှာ

ဖြူ လည်း မဖြူ

မဲ လည်း မမဲ

ဟေ့ကောင် . . . မင်းဘယ်သူလဲ . . .

 

 

 

 

3 comments

  • chitsu

    September 21, 2011 at 9:12 pm

    ကိုယ့်ကိုကိုယ်တောင်ဘယ်သူမှန်းမသိတော့ဘူးလား
    တော်တေ်ာချစ်မိသွားတယ်ထင်တယ်

  • mgmglusoe

    September 21, 2011 at 11:37 pm

    ချစ်တာ အပစ်တော့ ဟုတ်ပါဘူးနော် 🙄

  • TTNU

    September 21, 2011 at 11:39 pm

    ကဗျာ (၃) ပုဒ် ကို စ ဖတ်လိုက်တော့ရောနေလို့ နားမလည်လိုက်ဘူး။
    တစ်ခေါက်ထပ်ကြည့်တော့မှ
    (၁) အမှတ်တရ
    (၂) ကျွန်တော်နဲ့ ၄ပေ ၆ပေ
    (၃)မင်းဘယ်သူလဲ
    ဆိုတာ သတိထားမိတယ်။ ၄ပေ ၆ပေ ကို အကြိုက်ဆုံးပဲ။

Leave a Reply