မိုးရာသီဆိုသည်မှာ အစိမ်းရောင် လှလှလေးများကို လွမ်းရသည့် ကိစ္စဟု ကျွန်တော့်ဘ၀တွင် တစ်ခါမှ မထင်ဖူးခဲ့ပေ။ အခုတော့ ကျွန်တော်သည် သူမနှင့် ပတ်သက်သမျှကို ပြန်စဉ်းစားရင်း ဖျားနေခဲ့ပါပြီ။ ဘာပဲဖြစ်ဖြစ် ဘုရားသခင်သည် ကျွန်တော့် အစွဲအလမ်းများကို ကူညီနိုင်လိမ့်မည်ဖြစ်ပါသည်။ လေထဲတွင် ရနံ့သေးသေးလေးများ ပျံသန်းနေကြ၏။ သူမသည် ကျွန်တော့်ရင်ထဲတွင် ဓါတ်ပုံရိုက်ထားသလို စွဲမြဲနေသည်။ ဘာကြောင့်မှန်း မသိဘဲ သူမအကြောင်း လေးနက်စွာ စဉ်းစားနေမိသည်။ ကာလတရားအတွင်း သူမ၏ ပုံရိပ်များသည် စက်တင်ဘာ မိုးရာသီ အမှတ်တရများဖြစ်ပါသည်။

သူမနှင့် မျက်လုံးချင်းဆုံတိုင်း ကျွန်တော့်ရင်ထဲတွင် အမည်မသိသော ရူးသွပ်မှုတစ်ခုရှိနေသည်ဟု ကျွန်တော် သတိပြု၏။ ကျွန်တော့် သွေးကြောထဲတွင် သူမ၏ နှုတ်ခမ်းများက ပျံ့နှံ့နေခဲ့ပြီ။ ကျွန်တော်က သူမကို ဂရင်း (Green) ဟု တိတ်တဆိတ် နာမည်ပေးထား၏ သူမသည် ကျွန်တော့် အတွက်တော့ အစိမ်းရောင် အိပ်မက်များသာ ဖြစ်ပါသည်။ မမြင်ရသော အိပ်မက်ဆန်သည့် ကိစ္စများသည် ကျွန်တော်တို့ နှစ်ယောက်ကြားတွင် အမြဲရယ်မောဖွယ် ကောင်းခဲ့သည်။

စွဲမက်စရာကောင်းသော ဂရင်း၏ မျက်ဝန်းနက်နက်များနှင့် သုံးလေးကြိမ် ဆုံတွေ့ပြီးနောက် ကျွန်တော်သည် ဘ၀င်မြင့်တတ်လာခဲ့၏။ စက်တင်ဘာ မိုးရေစက်များသည် အဓိပ္ပါယ်တစ်မျိုးဖြင့် ကျွန်တော့်အား ဖြားယောင်းနေခဲ့၏။ အာရုဏ်ဦးတို့သည် ကျွန်တော့်ထံမှ ကျွန်တော်ချစ်သော ဂရင်းအား ခေါ်ဆောင်သွားခဲ့သည်။ သူမ မရှိတော့သောအခါ ကျွန်တော်တစ်ယောက်တည်း အရုဏ်ဦးမှသည် နေထွက်ချိန်အထိ ငေးငိုင်နေမိသည်။ ထိုအဖြစ်အပျက်သည် ဘာအဓိပ္ပါယ်ရှိမှန်း ကျွန်တော်မသိသော်လည်း သူမကို တိတ်ဆိတ်သော လူ့ဘ၀အကြောင်း ပြောပြချင်နေတာကို ကျွန်တော်သိပါသည်။

အချစ် (သို့မဟုတ်) သူမ (သို့မဟုတ်) ရင်ဘတ်ထဲက အစိမ်းရောင် (သို့မဟုတ်) ဂရင်း…

ကျွန်တော်သည် သူမကို တိတ်တဆိတ် အမည်ပေးထားသော ဂရင်းဆိုသည့် နာမည်အကြောင်း ပြောပြဖို့ စိတ်ကူးသေးသော်လည်း ထိုစိတ်ကူးကို ပြန်ဖျက်လိုက်ပါသည်။ ဂရင်း၏ ရဲရင့်ပွင့်လင်းသော ဟန်ပန်များသည် နှလုံးသားထဲ ပုန်းခိုနေခဲ့ပါပြီ။ ငွေ့ရည်ဖွဲ့လာသော အလွမ်းများတွင် သူမအတွက် အနာဂတ်သစ်များကို ကျွန်တော်က နာမည်ထိုးပေးချင်ပါသည်။

စက်တင်ဘာ မိုးရေစက်တို့သည် ကျွန်တော့်အတွက် ချစ်ခြင်းမေတ္တာတရားကို သင်ကြားပေးခဲ့ပါသည်။ အဲ့ဒီတုန်းက နူးညံ့သိမ်မွေ့သော တန်ဖိုးတွေကို ကျကွဲသွားမှာ ကျွန်တော်စိုးရိမ်နေခဲ့၏။ ကျွန်တော် ရင်ထဲတွင် ပြောပြ၍မရသော လောင်ကျွမ်းခြင်းများကို သူမအား သိစေချင်ပါသည်။ ညဥ့်သည် ပို၍နက်လာ၏။ ဘ၀ဆိုတာ ဒီထက်ပို၍ ရင်ခုန်တပ်မက်မှုတွေ ထပ်ရှိလာလိမ့်မည်ဟု ထင်စရာရှိသော်လည်း ကျွန်တော်ကတော့ သူမနှင့် အတူရှိနေခဲ့သော ရက်စွဲလေးများကိုပဲ အမြဲအမှတ်ရနေခဲ့ပါသည်။ နောက်ဆို      သူမနှင့်တွေ့ဖို့ဆိုတာ ဘာအခွင့်အရေးမှ မရှိတော့။ ကျွန်တော် အသက်ရှူနေသေးသ၍ သူမကို တွေ့ချင်ပါသည်။ ဘာလို့ တွေ့ချင်နေသေးတာလဲ မေးရင်တော့ တွေ့ချင်တာဟာ မြင်ချင်လို့ဖြစ်ကြောင်း ကျွန်တော် ဖြေပါ့မည်။ ကျွန်တော်သည် သူမထွက်ခွာသွားသည့် နေ့စွဲများ ကုန်လွန်ပြီးသည့်နောက် သူမကို ထပ်တွေ့ရဖို့ မမျှော်လင့်နိုင်တော့ပေ။ ဘ၀သည် မျှော်လင့်ချက်များ မရှိတော့သည်အခါ ရယ်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားတတ်ပါသည်။

အခုတော့ ကျွန်တော်တိတ်ဆိတ်နေခဲ့ပြီ။

ကျွန်တော်သည် သူမကို မျှော်လင့်နေမိခဲ့သလား။ ဒီမေးခွန်းသည် ကျွန်တော့်ကို ခက်ခဲစေလေသည်။ အဆုံးမရှိသော အမှတ်တရများတွင် ကျွန်တော့် နှလုံးသားတွေ ဖျားနာနေပါသည်။

အစိမ်းရောင် ကောင်မလေးရေ…

ဘာမှမဟုတ်ပေမယ့် အဲ့ဒီ ညနေလေးကိုပဲ လွမ်းတယ်။

သူမနှင့် ပတ်သက်သော အကြောင်းအရာတစ်ခုခုကို ကျွန်တော်က အမှတ်တမဲ့ တွေးလိုက်မိသည် ဆိုပါစို့။ ထိုအခါများတွင် ရင်ခုန်သံတွေသည် ငြိမ့်ငြိမ့်လေး လှုပ်ရှားနေတတ်သည်။ ဂရင်း၏ နူးညံ့သော အပြုအမူတချို့ကို ပြန်မြင်ယောင်မိသောအခါ ရင်ထဲမှာ နွေးထွေးစွာ ခံစားရ၏။ ကျွန်တော် ရူးနေတယ်လို့ ပြောချင်ပြောကြပါ။

ဘ၀၏ ပျော်ရွှင်စရာအချိန်များအတွင်း မိုးလေ၀သအပြောင်းအလဲသည် ကျွန်တော်တို့၏ နာမည်ပျက်ခဲ့သော အချစ်တွေ ဖြစ်ခဲ့ပါလိမ့်မည်။ ဘယ်တော့မဆို ခံစားမှုအကြောင်းကိုသာ အတွင်တွင် ပြော၍ အချိန်တန်လျှင် ဥာဏ်ဖြင့် ဆုံးဖြတ်ကြသော လူများကို ကျွန်တော်က ပြက်ရယ်ပြုခဲ့ဖူးသည်။ သူမက ထိုအချက်ကို မကြိုက်ဟန်ဖြင့် တုံ့ပြန်ခဲ့သော်လည်း အချိန်တန်သောအခါတွင် သူမကိုယ်တိုင် ထိုကဲ့သို့ ပြက်ရယ်ပြုခဲ့လေသည်။

ကျွန်တော်သည် လွတ်လပ်စွာတွေးခေါ်စဉ်းစားခြင်းကို မြတ်နိုးသလောက် ဥာဏ်ပညာမဲ့ခြင်းကို မုန်းတီးသူဖြစ်ပါသည်။ ခဏတာမျှ စိတ်ကစားခြင်းကို ဥာဏ်ပညာမဲ့စွာ အချစ်ဟု မထင်မိဖို့ ကိုယ့်ကိုယ်မနည်းဆုံးမရ၏။ သို့သော် ထိုကဲ့သို့ ဥာဏ်ပညာနှင့် ထိန်းချုပ်နေသည့်ကြားမှ သူမကို ချစ်သည့်စိတ်သည် ရုန်းကြွတွန်းကန်နေသည်။ ထိုအခါ ကျွန်တော်က လုပ်စရာရှိသည်မှာ မိုက်မဲပစ်လိုက်ဖို့သာ ရှိလေသည်။ နောက်တစ်ခါ သူမနှင့် တွေ့လျှင် မိုက်မဲစွာ အသိဥာဏ်တွေအားလုံးကို စွန့်ပစ်လိုက်တော့မည်။ ထိုဆုံးဖြတ်ချက်ကြောင့် ကျွန်တော်က ကိုယ့်ကိုယ်ကို သနားစွာ ပြုံးလိုက်မိ၏။

ကောင်းကင်၏ အပြာရောင်သည် ကြည်စင်သော အဓိပ္ပါယ်တချို့ကို သယ်ဆောင်လျက် လူတို့ကို ငြိမ်းချမ်းစွာ နေထိုင်တတ်အောင် သင်ကြားပေးနေပါသည်။ ချစ်တယ်ဆိုတာ လက်ချင်းတွဲပြီး ရည်ရွယ်ချက် မရှိဘဲ လမ်းလျှောက်ခြင်းတမျိုးပဲတဲ့…။ ဟုတ်ချင်ဟုတ်မှာပဲလေဟု ကျွန်တော့်စိတ်ထဲ တွေးလိုက်မိပြီး သူမလက်ကလေးတွေကို လွမ်းလာမိသည်။

ဂရင်းရေ…

အခုတော့ ငါ့အလွမ်းတွေကို မိုးရေထဲမှာပဲ ထားခဲ့ပြီပေါ့။ မင်းအချစ်တွေကို ဘယ်လို မီးတောက်နဲ့ လောင်ကျွမ်းစေခဲ့သလဲ။ ငါ့ကို သတိရတဲ့ အခါမှာရော မိုးစက်တွေကို မေးခွန်းထုတ်သေးသလား။ ကျွန်တော်သည် တောင်စဉ်မရ လျှောက်စဉ်းစားနေပြီး သူမနာမည်ကို စာရွက်အလွတ်တစ်ရွက်ပေါ်တွင် ထပ်ကာ ထပ်ကာရေးနေမိ၏။ ရင်ထဲတွင် နာကျင်မှုများ တဖြည်းဖြည်းပေါ့ပါးလာသည်။ ရေစိုနေသော သူမ၏ နှုတ်ခမ်းများကိုလည်း လွမ်းလာလေသည်။ တိတ်ဆိတ်ညင်သာသော မေတ္တာတရားအဖြစ် ကျွန်တော်က ဂရင်းကို ခေါင်းယမ်း၍ ငြင်းဆန်လိုက်သည်။ ဥပေက္ခာတရားဆီမှ အသံတစ်ခုကို အကျယ်ကြီး ကြားလိုက်ရသည်။ ကျွန်တော်သည် မျက်လုံးတွေကို မှိတ်ထားလိုက်ပါသည်။ မိုးရေထဲမှာ သူမသည် ကျွန်တော့် လက်ဖ၀ါးတွေကို ကိုင်ထား၏။ ဘာအကြောင်းပြချက်မှ မလိုသော ကျွန်တော်တို့၏ ပြတ်စဲမှုတွင် သံယောဇဉ်တို့မှာ အားနာစရာကောင်းလေသည်။

ကျွန်တော်တို့ နှစ်ယောက်၏ ဆက်ဆံရေးသည် စက်တင်ဘာလနှင့် မိုးရေစက်တို့နှင့်အတူ ပြီးဆုံးခဲ့ပြီလား။ သူမကို ချစ်သည့်စိတ်တစ်ခုတည်းနှင့် ကျွန်တော်ဖျားနေပါသည်။ ဒီအဖျားနှင့်သာ ကျန်ရှိသည့် အသက်ရှင်နေထိုင်ခြင်းများကို ကျွန်တော်သဘောတူပါသည်။

ဘုရားသခင်….၊ ကျေးဇူးပြုပြီး အစိမ်းရောင်ကောင်မလေး (ဂရင်း)အား ကျွန်တော့် အချစ်တွေကို ပြောပြပေးပါ။

ကျွန်တော့် ပို့စ်အား အဆုံးသတ်ခါနီး ထိုအခိုက်မှာပဲ အိမ်အပြင်၌ မိုးစက်တွေ ခပ်ဖွဲဖွဲကျလာလေသည်။ အခုသည် စက်တင်ဘာလဖြစ်သည်။ အမှတ်တရများသည် ပြန်လည်တောက်ပနေ၏။ သူမနှင့် မပတ်သက်တော့သော်လည်း ဒီပို့စ်သည် သူမကို ချစ်မြတ်နိုးသည့် ကျွန်တော့် အနုပညာဖြစ်ပါသည်။ ဟိုးအရှေ့မှာ… ကျွန်တော့် အလွမ်းများသည် မိုးစက်တွေကြားတွင် ပုန်းခိုနေ၏။ ဒါကို ဘယ်သူမှ မသိပါစေနှင့်။

 

ချစ်ခင်စွာဖြင့်

ကိုရင်စည်သူ

About အူးစည်

has written 140 post in this Website..