ကျွန်တော်တို့ရဲ့ တစ်နေ့တာ အရေးကြီး အလုပ်တွေထဲက ကိစ္စတစ်ခုကို ပြောရမယ်ဆိုရင် ……… ။ အယဉ်ကျေးဆုံး သုံးနှုန်းရရင် ‘အိပ်သာ သွားရခြင်း’ ကလည်း တစ်ခု အပါအဝင် ဖြစ်မယ်လို့ ထင်ပါတယ်။ အခု ဒီ post အတွက်တော့ ဒီစကားလုံးကို ပွင့်ပွင့်လင်းလင်းပဲ အသုံးပြုသွားပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ပေးထားတဲ့ ခေါင်းစဉ်မှာကိုက ပါပြီးသားမို့ပါ။

အိပ်သာ တက်တာ၊ မစင်စွန့်တာကို အီးပါတယ်၊ အီးယိုတယ်လို့ သုံးကြပါတယ်။ ရွာဘက်တွေမှာဆိုရင် အရင်တုန်းက အီးယိုချင်ရင် ရွာအနောက်ဘက်ကို ထွက်ပြီး ယိုကြရတယ်။ ချုံကွယ်ပြီး ယိုကြတာပေါ့ဗျာ … ။ အဲဒီလို ယိုနေတုန်းများ လူတစ်ယောက်ယောက် တွေ့သွားရင်ဖြင့် ဘယ်လောက် ရှက်ဖို့ ကောင်းလိမ့်မလဲနော်။ ဒါပေမယ့်လို့ အချို့များကြတော့ မရှက်တတ်ဘူးဗျို့။ မျက်နှာပြောင်တိုက်ပြီး ခပ်တည်တည်ပဲ။

ဒါကို ဥပမာထားပြီး ‘ယိုသူ မရှက်၊ မြင်သူ ရှက်’ ဆိုတဲ့ စကားဟာ ပေါ်ထွက်လာခဲ့တာပေါ့။

ရန်ကုန် ……. ။ ဆရာတိုက်စိုးရဲ့ စကားနဲ့ ပြောရမယ်ဆိုရင် ‘ ရန်ကုန်သည် လူလည်း ပေါ၏။ လူမျိုးလည်း စုံ၏ ‘ ပေါ့ ။ အဲဒီ ဆရာတိုက်စိုးရဲ့ စကားမှာ ကျွန်တော် နည်းနည်းလေး ထပ်ဖြည့်ချင်တာက ‘ရန်ကုန်သည် ဘတ်စ်ကားလည်း ပေါ၏။ လူလည်း ကြပ်၏။ အဆိုပါ လူကြပ်ကြပ် ဘတ်စ်ကားများပေါ်၌ သမီးရည်းစားများ လွတ်လပ်နေကြ၏’ ။

ကြိုက် မရှက်၊ ငိုက် မရှက်၊ ငတ် မရှက် ဆိုပြီး မရှက်သုံးပါး ရှိပါတယ်။ ကိုယ့် ရည်းစားရဲ့ လက်ကလေးကို ကိုင်၊ ပခုံးလေးကို ရွရွလေး ဖက်ပြီး ရန်ကုန်မြို့အနှံ့ လျှောက်သွားစမ်းဦးတော့။ ဒါဟာ ရှော့မရှိပါဘူး။ မြင်ရ၊ တွေ့ရသူတွေ အဖို့လည်း ဒီပုံစံမျိုးဟာ ရန်ကုန်ဆိုတဲ့ မြို့ကြီးမှာ ရိုးနေပါပြီ။ ကိုယ်ကြိုက်လို့၊ သူကြိုက်လို့ လူကြားသူကြား နှစ်ယောက်သား ပူးပူးကပ်ကပ် သွားလာကြတယ်။ အဲဒါဘာဖြစ်လဲ။ ကြိုက်လို့ မရှက်တာပဲ။ ဒါကို အပြစ်ဖို့လို့မှ မရတာ။ ဒါပေမယ့် အခုနောက်ပိုင်းမှာ …… ။

တစ်နေ့က ရုံးအပြန်မှာ ထုံးစံအတိုင်း လိုင်းကား စောင့်စီးရတယ်။ စီးတဲ့ ကားက လူသိပ် မကြပ်ဘူး။ ဒါကြောင့် လှည်းတန်း လည်း ရောက်ရော ထိုင်ခုံရတယ်။ ရတဲ့ ထိုင်ခုံက အတွဲတစ်တွဲရဲ့ အနောက်မှာ။ ဖြစ်နေလိုက်တဲ့ အတွဲဗျာ။ ပတ်ဝန်းကျင် တစ်ခုလုံးကို မေ့နေကြလား မဆိုနိုင်ဘူး။ ဒါမှမဟုတ် သူတို့ကိုယ် သူတို့ ပန်းခြံထဲ ရောက်နေတယ်လို့များ ထင်နေလား မသိဘူး။ ဖြစ်ပျက်နေလိုက်ကြတာ ကြည့်မိတဲ့သူတွေ မျက်နှာ လွှဲထားရတဲ့ အထိပါပဲ။ ကြုံဖူးတဲ့သူတွေ ပိုပြီး သိကြပါလိမ့်မယ်။ ဒီလောက် ဘတ်စ်ကားပေါ်မှာ လူတွေ အများကြီးနဲ့။ ရိုးရိုးတန်းတန်း ဖက်ထားရုံလောက်ဆို တော်ရောပေါ့။ အခုဟာက … လွန်ကို လွန်လွန်းတယ်။ ဒါကြောင့် ‘ယိုသူ မရှက်၊ မြင်သူ ရှက်’ လို့ ပြောတာပါ။

အဲဒီလို အဖြစ်မျိုးကို တွေ့တွေ့နေရတာ နောက်ပိုင်းမှာ ပိုပြီး များလာပါတယ်။ သူတို့ မိဘတွေသာ သူတို့တွေ လူကြားသူကြား အဲဒီလိုမျိုး ဖြစ်နေကြတာ တွေ့ရရင် ဘယ်လို နေမလဲ မသိဘူး။

အခု မြန်မာပြည်က လူငယ်တွေ နိုင်ငံရပ်ခြားက လူနေမှုပုံစံတွေကို အတုခိုး ကျင့်သုံးလာတာ တွေ့ရပေမယ့် သူတို့ အတုခိုးတာဟာ မဟုတ်တဲ့ နေရာမှာ အတုခိုး လာကြတာလို့ ဆိုချင်ပါတယ်။ နိုင်ငံရပ်ခြားက သူတွေရဲ့ စည်းကမ်း ရှိမှုတွေ၊ အလုပ်ကို ကြိုးစားပြီး လုပ်ကြတာတွေ စသည်ဖြင့် ကောင်းတဲ့ အမူအကျင့်တွေကို အတုယူတာတော့ အတော် ရှားမယ်လို့ ထင်ပါတယ်။ အပြစ်တင်တာ မဟုတ်ပါဘူး။ မြင်သင့်တာတွေကို မြင်စေချင်တာပါ။ ကျွန်တော်ရော ဘာကောင်လဲ ဆိုတော့ … ။ ဘာကောင်မှ မဟုတ်ပါဘူး။ လူပါ … :) :) ။ တစ်နည်းအားဖြင့် ဝေဖန်ရေး … ပေါ့။ အမြင် မတော်တာရှိရင် ဝေဖန်ပါ။ ကျွန်တော်တို့ မြန်မာပြည် ဒီမိုကရေစီ စနစ်ကို ပြောင်းလဲ နေပါပြီဗျာ။

Anzartone
(http://anzartone.freezoka.net)

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။