မှတ်မှတ်ရရ တနင်္ဂနွေနေ့ ညပိုင်း အားတာနဲ့ ရွှေကျီးမြင်ဘုရား သို့ တရားနာရန် အပြေးအလွှား သွားခဲ့သည်။ တစ်ပတ်မှ ဒီတစ်ရက်ပဲ အားရတာမို့ ခါတိုင်းလည်းတရားပွဲရှိနေမှန်း သိပေမယ့် သွားခွင့်မရခဲ့ဘူးလေ။ ဘယ်ဆရာ တော်ပဲဖြစ်ြဖစ် နာဖြစ်ရင်ကို အမြတ်ပဲရယ်လို့ သဘောထားတာကြောင့် ခုလည်း ဘယ်အချိန်မှန်းမသိ၊ ဘယ်ဆရာတော် မှန်းမသိပဲ လှူဖွယ်ပစ္စည်း လေးတွေ အပြေးအလွှား ၀ယ်ပြီးလာခဲ့ပါတယ်။ ဘုရား ပရ၀ုဏ်က အကျယ် ကြီး မို့ တရားပွဲတော်တော်များများ မပြတ်တမ်း ပြုလုပ်လေ့ရှိတာကြောင့် ကိုယ့်အတွက်က အားရင်အားသလို ပြေးနေကျပါပဲ။

အချိန်ကတော့ (၇) နာရီ မိနစ်(၂၀) လောက်ပေါ့။ ဘုရားဝင်း အနီး ချိုးကွေ့လိုက်တယ်ဆိုရင်ပဲ အားပါးပါး…များလှတဲ့ လူအုပ်တွေက တဖွဲဖွဲမို့ လန့်တောင်သွားတယ်။ စိတ်ထဲမှာလည်း အရမ်း ကြည်နုးမိတယ်။ အော်… တရားပွဲလာ ပရိသတ်တွေရဲ့ အင်အားဟာ သာသနာ အတွက် အားရစရာကြီး ပါလားလို့ တွေးမိသွားတာပေါ့။ စိတ်ထဲမှာကိုယ်လည်း ဒီလိုနေရာမှာ ရောက်လာရတဲ့ ကုသိုလ်ကံလေးကို အရမ်းပဲ ကျေနပ်မိပါတယ်။ အင်း…ခက်ပြီ။ ငါ့တော့ဖြင့် နောက်များကျသွားလို့လား။ ဒီလောက် ကျယ်ဝန်းလှသော ဘုရား ရင်ပြင်တစ်ခုလုံး လူတွေက အပြည့်။ နေရာ တစ်နေရာစာလေး ရဖို့တောင် တော်တော်လေး ရှာနေရပါပြီ။ ဆရာတော်က ဘယ်သူများပါလိမ့်လို့ လှမ်းပြီး ဖတ်လိုက်တော့မှ ဆရာတော် ဥူးသုမင်္ဂလ ဖြစ်နေပါတယ်။

ဒီလိုနဲ့ပဲ ကံကောင်းထောက်မစွာ နေရာလေး တစ်နေရာတော့ ရသွားပါတယ်။ ဘေးမှာကလည်း လူတွေက တိုးကြိတ်ပြီး ကျပ်ညှပ် နေတာပေါ့။ အဲဒါနဲ့ပဲ ရတဲ့နေရာလေးမှာ ထိုင်လိုက်ပြီး ဘုရားကို ရှိခိုး ဦးချလိုက်ပါတယ်။ ဘေးမှာ အသံတွေကလည်း ဆူညံလို့ပေါ့။ ဆရာတော် မကြွလာသေးတာကြောင့် ၀င်လာမစဲ တသဲသဲသော ပရိသတ်တွေ ရဲ့ ကြားထဲမှာ ကျနော့်မှာ ညှပ်ပြီး အသက်တောင်မနည်းရှုနေရပါတယ်။ အင်း… လူစီစီဆို ကြောက်တတ်သလို အဲလိုလူတွေ ပြွပ်ကျပ် နေတဲ့ထဲမှာ ပိတ်မိ နေသလို ခံစားရတာကြောင့် စိတ်တွေ မွန်းကျပ်လို့လာပါတယ်။ ဒါနဲ့ပဲ ငါတော့ ဆေးလေးထုတ်သောက်မှပဲရယ်လို့ တွေးမိတာကြောင့် မျက်လုံးလေးကို အသာလေးမှိတ်ထားလိုက်ပါတယ်။ စိတ်ကလေးကို လျော့ချထားလိုက်တယ်။ ဥာဏ်မျက်လုံးကို အစွမ်းကုန် ဖွင့်လိုက်ပါတယ်။ ထုံးစံအတိုင်း ဒီဥာဏ် မျက်လုံးလေးဖွင့်တာနဲ့ ဖြစ်ခြင်း ပျက်ခြင်း နယ်ထဲကို ကိုယ့်တစ်ယောက်ထဲ ရောက်သွားသလို ခံစားရပါတယ်။ စိတ်မွန်းကျပ်မှုတွေ ပြေလျော့လာတယ်။ ပကတိမျက်လုံးကို ပိတ်ထားပြီး ဥာဏ်မျက်လုံးနဲ့ အသံကြားရာ အာရုံတိုင်းကို လိုက်ပြီး အာရုံပြုကြည့်လိုက်တော့ ကိုယ်အာရုံညွတ်လိုက်တဲ့ နေရာတိုင်းမှာ ပညတ်ကိုယ်ထည်တွေ ပျောက်လို့ ဖြစ်ခြင်း၊ပျက်ခြင်း သဘောဆိုတဲ့ ပရမတ် သားသက်သက်ကိုသာ တဖွားဖွားနဲ့ တွေ့နေရပါတယ်။ အင်း စိတ်အာရုံကို ဟိုးဒေါင့် တစ်နေရာကို ညွတ်ကြည့်လိုက်တယ်။ အပြင်မှာ မြင်နေရတဲ့ လူအုပ် ဆိုတာကြီး ပျောက်လို့ ဖြစ်ပျက်အပုံတွေပဲ မြင်လာရပြီး ဆက်ရှုနေလိုက်ပြန်တယ် ။ အဲဒီအချိန်မှာတော့ အပြင်အာရုံတွေကို စွန့်ထားပြီးဖြစ်နေပါတယ်။ ဒီလိုနဲ့ပဲ ဘုရားပရ၀ုဏ် အနှံ့စိတ်အာရုံကို တနေရာစီမှာလိုက် ချိန်လိုက် တော့ ချိန်လိုက်တဲ့ နေရာတိုင်းမှာ အားလုံး ပြာဖြစ်သလိုကို ကိုယ်ထည်တွေ ပျောက် လို့ ဖြစ်ပျက် ပြာပုံလေးတွေသာ ရှိတော့တာမို့ ရှုရင်းကပဲ စိတ်တွေ ရှင်းသွား ပါပြီ။

အဲဒီအချိန်လေးမှာ ရှိသမျှ အသံတွေလည်း ပျောက်နေတယ်။ အာရုံ ပြုရာ နေရာတိုင်းက ပညတ်ပုံသဏ္ဍာန်တွေ ပျောက်လို့ ဖြစ်ပျက်ပုံလေးပဲ ဖြစ်သွားရတာမို့ သူတို့ကိုပဲ ဆက်ပြီး ရှုမှတ်နေရပါတော့တယ်။ အင်း အဲလိုကျတော့လည်း ဘယ်မလဲ စိတ်ရှုပ်စရာတွေရယ်။ မတွေ့ရတော့ပါလား လို့တောင် မေးမိနေတယ်။ ဒီလိုနဲ့ ကိုယ့်တရားဆေးလေးကိုယ် မှီဝဲလို့ ငြိမ်ပြီး ငြိမ်းနေလိုက်တာ ဘယ်လောက် ကြာသွားလဲတောင် မသိလိုက်ပါဘူး။ ဆရာတော်ကြွတာတောင် မသိလိုက်ဘူး။ ပလ္လင်ပေါ်မှာ ဆရာတော်က ရောက်လို့ နေလေပြီလေ။ ဒါနဲ့ မျက်လုံး တစ်ချက် ဖွင့်ကြည့်ပြီး ဆရာတော့်ကို ကန်တော့လိုက်ပါတယ်။ ပြီးလည်းပြီးရော မျက်လုံးလေးမှိတ်လို့ ဆရာတော့်ကို မှန်းပြီး အာရုံပြုလိုက်တယ် ဆိုရင်ပဲ ဆရာတော်ပါကို ဖြစ်ပျက်အပုံလေး ဖြစ်သွားရတာပါလား။ ဒါဆို ကိုယ့်ကိုယ် ကိုယ်ရောဆို ပြန်ရှုလိုက်တော့လည်း ကိုယ်လည်း ဘာထူးလဲ ဒီဖြစ်ပျက်ပဲ မလား။ အင်း ဒီလိုနဲ့ပဲ အာရုံကို အထက်၊ အောက်၊ ဘေးဘီထိ အကုန်ဖြန့်ပြီး ရှုနေလိုက်တယ်။ တကယ်တော့လည်း လူရှုပ်လို့ စိတ်တွေ ရှုပ်နေတာတွေက ခုတော့လည်း အားလုံး ဖြစ်ပျက်တွေ ဖြစ်ကုန်ရပါပေါ့လား လို့ တွေးရင်းတောင် ပြုံးမိနေပါတယ်။

အော် နျူးကလိယ လက်နက်ရဲ့စွမ်းအားက အငွေ့ရှုရင်တောင် ပြာဖြစ်နိုင်တယ်ဆိုလား သူများပြောတာ ကြားဖူးတာလေးပါ။ ဟုတ်မဟုတ် တော့မသိပါဘူး။ ခုတော့ဖြင့် ကိုယ့်ရဲ့ ဥာဏ်လက်နက်က အဲဒီအစွမ်းထက် ပါတယ်ဆိုတဲ့ လက်နက်ထက်တောင် ပိုစွမ်းနေပါလားနော်။ သူက အငွေ့ရှုမိမှ ပြာဖြစ်တာနော်။ ကိုယ်ကြားဖူးတာနဲ့ ချိန်ကြည့်နေတာပါ။ ခုကိုယ့်ရဲ့ ဥာဏ်လက်နက်ကတော့ဖြင့် အာရုံညွတ်လိုက်တာနဲ့ တန်းပြီး ဖြစ်ပျက်ပြာ ပုံကနေပဲ တဖြည်းဖြည်း ပျောက်ကွယ် လွင့်စင် သွားရတယ် ဆိုတော့ ဘယ်လောက်တောင် ရှင်းနေလိုက်သလဲဆိုတာ ပြန်တွေးတိုင်း ပျော်နေရ ပါတယ်။ နောက်ပြီးနျူးကလိယ လက်နက် မစွမ်းနိုင်သော ထူးခြားတဲ့စွမ်းရည် လည်းရှိနေပါတယ်။ အဲဒါကတော့ စိတ်မှာဝင်လာတဲ့ ကိလေသာရန်သူတွေကို နျူးကလိယလက်နက်က မဖြိုဖျက်နိုင်ပါဘူး။ ဒါပေမယ့် ဟောဒီဥာဏ် လက်နက်တော့ ချိန်ရွယ်လိုက်တာနဲ့ကို ဒီလောဘ၊ ဒေါသစတဲ့ ကိလေသာ ရန်သူတွေကိုပါ တန်းပြီး အမှုန့်ချေပစ်နိုင်လို့မို့ ဥာဏ်လက်နက်လောက် စွမ်း သောလက်နက်များရှိပါဦးမလား။

အင်း…လူသားတိုင်းလည်း နယူးကလိယ လက်နက်ထက် စွမ်းတဲ့ ဥာဏ် လက်နက်လေးတွေ ကိုယ်စီပိုင်ဆိုင်နိုင်ကြလို့ အရှုပ်ဟူသမျှ ဥာဏ်လက်နက်နဲ့ ဖြိုခွင်းနိုင်လို့ ကိလေသာရန်တွေ ရှင်းအောင် ကြိုးစားနေနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်နော်။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”