N+240911 ရှားလော့ဟုမ်းနှင့် သိုက်ဆရာတယောက်၏အမှု(22.စဆုံး)

natureSeptember 24, 20111min1844

၂၂။ သိုက်ဆရာတယောက်၏ အမှု (The Musgrave Ritual)

တနေ့သော စနေနေ့ ညနေ အချိန်တွင် ကျွန်တော်နှင့် ဦးစံရှား တို့သည် အိမ်ဦးခန်းတွင် ထိုင်လျှက် အမှု စုံထောက်ရန်မရှိသဖြင့် အရိပ်ပြပွဲသို့ သွားရန် ပြင်ဆင်နေကြစဉ် အသက် ၃ဝ ခန့်ရှိသော ယောကျာင်္းတယောက်သည် အိမ်ပေါ်ထပ်သို့ တက်လာ၍  ဦးစံရှား၏ လက်ကို ဆွဲပြီးလျှင် –

“မိတ်ဆွေကြီးနဲ့ ကွဲနေတာ ကြာလှပြီ အခုမှပဲ ကိစ္စရှိလို့ တွေ့ရပေတော့တယ်” ဟု ဝမ်းသာအားရ ပြောလေ၏။ ထိုအခါ ဦးစံရှားက “အလို ကိုကျော်မင်းပါလား ဘယ်တုန်းက ရောက်လာသလဲ ၊ ခင်ဗျား သထုံမှာ နေတယ်ဆို ”

မင်း။  ။ ဟုတ်ကဲ့၊ သထုံ ဒိစတြိတ် ပါပဲ၊ ကျွဲခြံရွာမှာနေတယ်။

ရှား။   ။ ဘယ်တုန်းက ရောက်လဲ ။

မင်း။   ။ ဒီကနေ့ ပဲ ရောက်တယ်။

ရှား။   ။ ကိစ္စကရော။

မင်း။    ။ ကိစ္စကတော့ ခင်ဗျားနဲ့ တွေ့ဖို့ပါပဲဗျာ။ ဟု ပြောလျှင် ဦးစံရှားသည် ကျွန်တော့်အား လှမ်းကြည့်ပြီး လျှင် အကျီ  င်္များကို ချွတ်လျှက် –

“ဒီဟာက ကျွန်တော်နဲ့ ကျောင်းနေဖက်သူငယ်ချင်း ကိုကျော်မင်းပါပဲဗျာ” ဟု ကျွန်တော်တို့ ၂ဦးကို အသိအကျွမ်းဖွဲ့စေပြီးလျှင် ဦးကျော်မင်းအား နေရာထိုင်ခင်းပေး၍  ဆေးတံကို မီးညှိလျှက် ကုလားထိုင်ပေါ်တွင် ထိုင်လိုက်လေသည်။ ဦးကျော်မင်းသည် ဦးစံရှားမျက်နှာကို အတန်ကြာစိုက်ကြည့်ပြီးနောက် မိမိရောက်လာသည့် ကိစ္စကို ဆက်လက်၍ –

“ကျောင်းမှာနေတုန်း အခါတည်းက ကျွန်တော်ဖြင့် ခင်ဗျား အစွမ်းကို အပုံကြီး ချီးမွမ်းမိတယ်ဗျ။  ယခုလည်း ခင်ဗျားနဲ့ တော်တဲ့ ကိစ္စလေး တခုရှိတာနဲ့ ချက်ခြင်းသတိရပြီး မှီရာရထားနဲ့ ပြေးလာခဲ့တာပဲ။ တဆိတ် လုပ်ပါဦးဗျ ” ဟုပြောလျှင် ဦးစံရှားလည်း အမှုမရသည်မှာ နေ့ရက်အတန်ကြာပြီဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြတ်လတ်သော အမူအရာဖြင့် နားစိုက်လျှက်ရှိလေ၏။

ထို့နောက် ဦးကျော်မင်းက-

“ဒီလိုဗျ ၊ ကျွန်တော် ခင်ဗျားနဲ့အတူ ဘီအေ အောင်ပြီး ထွက်လာတော့ လယ်ယာ လုပ်ကိုင်မှုမှာ ဝါသနာလေး ရှိတာနဲ့ ဒိပြင်အလုပ်မလုပ်ပဲ မိဘများဆီက အမွေရထားတဲ့ လယ်မြေကလေးများကို အနောက်နိုင်ငံက နည်းနာများအရ စိုက်ပျိုးလုပ်ကိုင်ခဲ့တာ တော်တော်ပဲ အကျိုး ကျေးဇူးဖြစ်ထွန်း ခဲ့တာကိုး ၊ ကျွန်တော်နေတော့ သထုံဒိစတြိတ် ၊ကျွဲခြံရွာမှာ နေတယ်၊ ကျွန်တော့်မှာ သားမယားလည်း မရှိဘူး ၊ ဒီတော့ အိမ်မှာခိုင်းစေတဲ့ အစေခံတွေတော့ တဆိတ် များများ ထားရတာကိုး ။ ကျွန်တော့်အိမ်မှာက အိမ်ထောင်ပရိဘောဂကစပြီး အိမ်ထောင်ကို ဦးစီးဖို့ မောင်အောင်ဖြူဆိုတဲ့ လူတယောက်ကို ထမင်းဟင်းချက်ပြုတ်ဖို့ မိန်းမကြီး တယောက် ၊ ဆိုက်ကုလားက တယောက် ၊ ဒိပြင်တောက်တိုမယ်ရ ခိုင်းဖို့ မိန်းကလေးက တယောက်ရှိတာကိုး ဦးစံရှားရဲ့” ဟုပြောလျှင် ဦးစံရှားသည် စိတ်တိုသော မျက်နှာထားနှင့်-

ရှား။  ။ ရှိတာက ဟုတ်ပါပြီဗျာ ၊ ခင်ဗျားတို့ ကိစ္စ ရောက်အောင်မြန်မြန်ပြောစမ်းပါဦး။

မင်း။    ။ ပြောပါမယ်ဗျာ။ ကျွန်တော်က အရေလည်အောင်သေသေချာချာ ပြောချင်လို့ပါ။ ဒါနဲ့ မောင်အောင်ဖြူဆိုတဲ့လူကတော့ ရှေးတုန်းက နယ်လှည့်ဆရာလေးပဲ။ နောက်တော့ နယ်လှည့်ဆရာအလုပ်ကို ပညာရေးဌာနက သိမ်းလိုက်တော့ သူ့မှာ အလုပ်ပြုတ်နေလို့ ကျွန်တော်ကပဲ ခိုင်းစေပြီး ကျွေးမွေးထားရတယ်။ ဉာဏ်ပညာကလည်း တော်တော် ထက်မြက်ဟန် ရှိတဲ့လူတယောက်ပဲ။ သို့သော် သူက တွေ့မိတွှေ့ရာ အဂ္ဂိရတ်လေး ၊ သိုက်စာလေး ၊ စာဟောင်းပေဟောင်းလေးများတော့ ၊ တော်တော် ဝါသနာကလေးရှိတယ်။ အဂ္ဂိရတ်အခန်းကလေးတောင် ကျွန်တော်က ပေးထားရသေးတယ်။ သို့သော် သူနဲ့ဆိုင်တဲ့ တာဝန်တော့ အကုန်ပြီးအောင်လုပ်တဲ့အတွက် ကျွန်တော်ကလည်း တာဝန်ပြီးးရင်ပြီးရော သူလုပ်ချင်တာ လုပ်ပစေ ဆိုပြီး ကြည့်နေတာကိုး ”

” ဒါနဲ့ တနေ့တော့ ကျွန်တော်က လဖက်စားမိလို့ အိပ်မပျော်တာနဲ့ ဖတ်လက်စ ပုံစာအုပ်ကို ဖတ်မယ်ဆိုပြီး စာအုပ်ရှာတော့ စာအုပ်က အောက်ထပ် အလုပ်ခန်းထဲမှာ မေ့ရစ်တာကို သတိရလို့ ထပြီး မီးခွက်မပါပဲ တိုက်အောက်က အလုပ်ခန်းထဲ ဆင်းသွား ၊ အလုပ်ခန်းနားရောက်တော့ လားလား ၊အလုပ်ခန်းတံခါးလည်း ပွင့်ပြီး အလုပ်ခန်းထဲက မီးခွက်ကလေး မှိတ်တုတ် မှိတ်တုတ် မြင်တာကိုး ။ ကျွန်တော်က အခန်းထဲမှာ လယ်ပေါင်စာချုပ်နဲ့ ဒိပြင် အဖိုးတန် စက္ကူတွေ ဗီရိုထဲမှာရှိလေတော့ သူခိုးများပဲ ဝင်ပြီး ခိုးလေသလားလို့ အနားမှာရှိတဲ့ ဝါးရင်းတုတ်ကို ကိုင်ပြီး မှောင်ရိပ်က ခိုကြည့်လိုက်တာကိုး ။ကြည့်လိုက်တော့ ဘယ်သူထင်သလဲ။ ကျုပ်လူ မောင်အောင်ဖြူကို တွေ့ရတာပေါ့။ ကျုပ်က မှောင်ရိပ်ကနေ ဆိုတော့ သူက ကျုပ်ကို ရုတ်တရက် မမြင်ရသေးပဲကိုးဗျ ”

“ကျုပ်လဲ ကြည့်လိုက်ရော သူက ထိုင်နေတဲ့စားပွဲလေးက ထပြီး ကျုပ်ဘီရို အံဆွဲကိုဖွင့် ပေစာလေး တချပ်ယူပြီး မီးရောင်မှာကြည့် ၊ သူ့လက်ထဲမှာ ရှိတဲ့ ခဲတံနဲ့ ဒိပြင်စက္ကူတချပ်ပေါ်မှာပါ ဘာရေးတယ် မဆိုနိုင်ဘူး ၊ ရေး ၊ ရေးပြီး ခုနင်က ဘီရိုထဲက ပေစာနဲ့ယှဉ်ကြည့် ၊ ယှဉ်ကြည့်ပြီး  ခေါင်းများကုတ်ပြီး စဉ်းစားနေတာကိုး ။ ဒါနဲ့ ကျွန်တော်လည်း အခွင့်မရှိပဲ ကျုပ်စက္ကူတွေ မွှေနှောက်ရလားလို့ ဒေါသထွက်တာနဲ့ အခန်းတံခါးကို ချောက်ကနဲဖွင့်လိုက်ပြီး အခန်းထဲ ဝင်သွားတာကိုးဗျ ”

” ဒီမှာတော့ မောင်အောင်ဖြူ က ကျုပ်ကို မြင်တော့ အံအားသင့်သွားပြီး ကြက်သေ သေနေတာကိုး ၊ ဒီတော့ ကျုပ်က မင်းဟာ အင်မတန် ကျေးဇူးကန်းတဲ့အကောင် ပဲ ၊ ငါက မင်းမှာ အလုပ်မရှိ အကိုင်မရှိလို့ကျွေးမွေးထား ၊ မင်းကငါ့ကို ကျေးဇူးဆပ်တာပေါ့လေ။ ငါ့အမိန့်မရှိပဲ ငါ့ စာရွက်စာတမ်းတွေကို ခိုးဝှက်ကြည့်နေတယ်ပေါ့ ၊ တော်ပြီ ၊ တော်ပြီ၊ နက်ဖန် မိုးလင်းလင်းချင်း မင်းငါ့အိမ် က ဆင်းသွား ၊ မင်းမျက်နှာ ငါမကြည့်ချင်ဘူးလို့ ပြောလိုက်ပါတယ် ”

” ဒီတော့ မောင်အောင်ဖြူက ကျွန်တော် ကရှက်တတ်တဲ့လူတယောက်ပါဆရာရယ်။ အခုလိုဆရာက ကျွန်တော့်ကို ချက်ခြင်းနှင်ထုတ်လိုက်ရင် ကျွန်တော်ဖြင့် ရှက်တာနဲ့ သေရုံရှိပါတော့မယ် တဲ့ ။ ဒီတော့ ကျွန်တော့်သဘောနဲ့ ကျွန်တော် ထွက်သွားတယ်လို့ ထင်ရအောင် တလတန်သည် နှစ်လတန်သည် နို့တစ်ပေးပြီးမှ ထွက်ပါရစေဆရာရယ်တဲ့၊ ငိုမလိုမျက်နှာထားမျိုးနဲ့ ပြောတော့ ကျုပ်နည်းနည်းသနားတာနဲ့ ကောင်းပြီ မင်းပြောတဲ့အတိုင်း တလ နှစ်လတော့ ငါမထားနိုင်ဘူး ။ တနင်္ဂနွေ တပတ်ဖြင့်ငါထားမယ်။ တနင်္ဂနွေ တပတ် စေ့စေ့ချင်း မင်းထွက်သွားလိုက်ပါလို့ ကျုပ်ကပြောတော့ အမျိုးမျိုး တောင်းပန် ပေမဲ့ ကျုပ်က လက်မခံတော့ သူလဲ ရေးနေတဲ့စက္ကူလေးကို ယူပြီး အပြင်ထွက်သွားတယ်။ ”

ရှား။  ။ ဘီရိုထဲက ပေစာရော။

မင်း။   ။ ဗီရိုထဲက ပေစာတော့ စားပွဲပေါ်မှာ နေရစ်လို့ ကျုပ်က ကောက်ပြီး သိမ်းထားလိုက်တယ်။

ရှား။  ။ အဲဒီ ပေစာလေး ခင်ဗျားယူခဲလား။

မင်း။  ။ ယူခဲ့ပါတယ်။

ရှား။  ။ပြစမ်း ၊ ကျုပ် ကြည့်စမ်းမယ်။

မင်း။   ။အလကားပေစာလေးပါဗျား။ ကျုပ်ကလဲ ကျုပ်အဖေစာချုပ်စက္ကူတွေထဲက တွေ့လို့နားမလည်တာနဲ့ တွေ့တဲ့နေရာမှာပဲ ပြန်ထားလိုက်တယ်။ ဘာမှန်းလည်း နားမလည်ပါဘူးဗျာ ။ ဟောဒီမှာကြည့်ပါဦး။

ဟုပြောလျှက် ဟောင်းနွမးလှသော စာရွက်တရွက်ကို လက်ဆွဲအိတ်ထဲမှထုတ်၍ ဦးစံရှားလက်သို့ပေးလေသည်။

ထို့နောက်ဦးကျော်မင်းက ဆက်လက်၍ နောက်နှစ်ရက်တော့ မောင်အောင်ဖြူလဲ ရှေ့ကလိုပဲ အလုပ်ကို လုပ်ပြီးနေတယ်။ ဪ ဒါနဲ့တခုပြောရဦးမယ် ၊ မောင်အောင်ဖြူက ရုပ်ကလေးကလည်း သနားကမားနဲ့မို့ မိန်းမလည်း တော်တော် လိုက်စားတဲ့လူတယောက်ကိုး။ ဒါနဲ့ အိမ်မှာ ခိုင်းထားတဲ့ ကရင်မကလေးက မနန်းဖူဆိုတာနဲ့ တခါက ချစ်ကြိုက်ကြတာကို း။ ဒါနဲ့တောင်းရမ်းမလို လုပ်ပြီးကာမှ နောက်တော့ ဒီင်္ ကရင်မလေးနဲ့ မဟုတ်တော့ပြန်ဘူး။ ရွာထဲကမိန်းကလေး တယောက်နဲ့ ဖြစ်ကြပြန်တာကိုး ။ ကရင်မလေးလဲ မောင်အောင်ဖြူစိတ်နဲ့ ပိန်ချုံးပြီး အလုပ်တောင်ကောင်းကောင်း မလုပ်နိုင်ဘူး။

ဒါနဲ့မောင်အောင်ဖြူ ကျုပ်စာတွေကို ခိုးကြည့်လို့ ၃ရက် လောက်ရှိတော့ ခိုင်းစရာရှိလို့ မောင်အောင်ဖြူကို အခေါ်ခိုင်းလိုက်တာကိုး ။ အခေါ်ခိုင်းတော့ မောင်အောင်ဖြူမတွေ့တော့ မနန်းဖူ များသိလေမလားလို့ ခေါ်မေးတော့ ” ဪ ၊ ကိုအောင်ဖြူလား ကိုအောင်ဖြူသေပြီ ၊ အောင်ဖြူသေပြီ ၊ သေပြီ ၊ သေပြီ ၊ သေပြီရှင့်”လို့ ပြောပြီး မျက်လုံးတွေပြူးပြီး သတိမေ့သွားတာကိုး။ ကျုပ်လဲ ဘာမှ မလုပ်တတ်တာနဲ့ ဒိပြင်လူတွေခေါ်ပြီး နှာနှပ်ပေးတော့မှ သတိရလာသေးတာကိုး။ နောက်ထပ်ပြီး မောင်အောင်ဖြူ အကြောင်း မေးလို့လည်းမရဘူး ။မောင်အောင်ဖြူလည်း ဘယ်မှာမှ ရှာမတွေ့ဘူး။

ရှား။   ။ အင်း ၊ ဒါပဲလား။

မင်း။  ။ ခုနင်ကပြောတဲ့ ကရင်မလေး မနန်းဖူ  ၊ ကလည်း အစကမှ ကျန်းမာတာမဟုတ်တော့ မောင်အောင်ဖြူကလည်းပျောက်သွားပြန်တော့ ရူးသလိုလို နှမ်းသလိုလို ဖြစ်နေတော့ ပယောဂဆရာ  ခေါ်ကုရတာကိုး။ ဒါနဲ့ ခိုင်းထားတဲ့ အဒေါ်ကြီးကို နေ့ရောညပါ ပြုစုစေရတာကိုး ဗျ။မောင်အောင်ဖြူ ပျောက်ပြီး ၃ရက်လောက်မြောက်တော့ ညစောင့်ရင်းအိပ်ပျော်သွားတာ မနက်လင်းတော့ လူနာက မရှိတော့ဘူး။ ဒါနဲ့ လိုက်ရှာကြတာပေါ့။ ကျုပ်တို့နေတဲ့တိုက်ကြီးကလည်း ဘယ်နှစ်ခုနှစ် တည်ခဲ့တဲ့ တိုက်အိုကြီးလည်းမသိပါဘူး။ ကျုပ်တို့ ဘိုးဘွားလက်ထက်ကစပြီး ဒီတိုက်မှာပဲအဆက်ဆက် နေလာခဲ့တယ်။ မိန်းကလေး အိပ်တဲ့အခန်းက တိုက်အောက်ထပ်မှာကိုးဗျ။ အိပ်ရာနံဘေးက ပြတင်းပေါက်ပွင့်နေတော့ ဒီကပဲ ထွက်သွားမယ်ထင်လို့ လိုက်ကြည့်ကြတာကိုး။ ကြည့်တော့ အခန့်သင့်ပဲ။

ညကမိုးရွာထားလို့ ပြတင်းပေါက်အောက်မှာ မိန်းကလေးခြေရာတွေတွေ့တယ်။ ဒီခြေရာအတိုင်းခြေရာခံလိုက်တော့ ကျုပ်တို့တိုက်နဲ့ ကိုက်ပေါင်းတရာလောက်ဝေတဲ့ ရေကန်ကို ရောက်တော့ မိန်းကလေး ခြေရာပျောက်သွားရော။ ရေကန်ကလည်း ၁ဝ ပေလောက် နက်တယ်။ ဒါနဲ့မိန်းကလေးလဲ စိတ်ညစ်ညစ်နဲ့ ရေကန်ထဲ ခုန်ချ သေပြီလို့ ပိုက်ကွန်တွေဘာတွေ ငှားပြီး ရေကန်ကို ပိုက်နဲ့တိုက်တော့ မိန်းကလေးအလောင်းတော့ မတွေ့ဘူး။ အဝတ်ထုတ်ကြီး တထုတ်သာတွေ့တယ်။ ဒါနဲ့ ဖြေကြည့်တော့ ကျောက်ခဲလိုလို အတုံးတွေ တွေ့တယ်။

ရှား။  ။ အဲဒီ ကျောက်ခဲတွေ ပါလာသလား။

မင်း။  ။ဟာ ၊ ကျောက်ခဲပဲ။ ဘာလုပ်ဖို့ ယူခဲ့ရမလဲဗျ။ လေးက လေးသနဲ့။

ရှား။  ။ကျောက်ခဲတွေရော ခင်ဗျား ပစ်လိုက်သလား။

မင်း။ မပစ်တော့ မပစ်လိုက်ပါဘူး ။ တိုက်လှေကားအောက်မှာ ထားခဲ့တယ်။

ရှား။  ။ အင်း ၊ ပြောပါဦး။

မင်း။ မနန်းဖူရော မောင်အောင်ဖြူရော ရှာမတွေ့လို့ ဂတ်မှာ တိုင်ချက်ပေးပေမဲ့ ၊ ဘာမှ မထူးလို့ ခင်ဗျားဆီ ပြေးလာခဲ့တာပဲ။ ဟုပြောလျှင် ဦးစံရှားသည် မိမိသောက်လျှက်ရှိသော ဆေးတံကို ခေတ္တချလျှက်-

” အဟမ်း၊ မောင်အောင်ဖြူပျောက်သွားတယ်။ နောက်ထပ် မနန်းဖူ ပျောက်သွားတယ်။ မောင်အောင်ဖြူနဲ့ မနန်းဖူ ပထမ သမီးရည်းစား ဖြစ်တယ် ။ နောက်တော့ မောင်အောင်ဖြူက သစ္စာဖောက်တာနဲ့ မနန်းဖူက ရန်ညိုးဖွဲ့မယ်ဆိုလည်း ဖွဲ့စရာပဲ ၊ ကရင်ဆိုတာမျိုဟာလည်း ၊ ကျုပ်တို့ ဗမာနဲ့မတူဘူး။ လက်စားချေမယ်ဆိုရင် ချေတတ်တဲ့ လူမျိုးပဲ။ မိန်းကလေးကည်း မောင်အောင်ဖြူ ပျောက်ပြီးတဲ့နောက် အင်မတန် တုန်လှုပ်တယ်။ ရေကန်ထဲကိုလည်း တစုံတ ခု ပစ်ချထားခဲ့တယ်။ ဒါပဲကျုပ်တု့ိသိရတယ် မဟုတ်လား  ”

မင်း။  ။ဟုတ်တယ်။

ရှား။  ။ကဲ ကဲ ဘယ်မှာလည်း ခုနင်ကပေစာ ၊ လှမ်းလိုက်စမ်းဗျာ ကိုသိန်းမောင်။

ဟု ပြောသဖြင့် ပေစာကို လှမ်းပေးလိုက်ရာ ဦးစံရှား ကလည်း ပေစာက်ု ကိုင်၍ အောက်ပါအတိုင်း ဖတ်လေသည်။

” နတ်တော်လလျှင် ၊ ပြည့်ညောင်ပင် ၊ ထိတ်တွင်နေဝန်း ၊ ရောက်လတ္တံ့၊

သပြေရိပ်ဖျား ၊ကြွက်လျှင်သွား ၊ ဆယ်ဘွားခန့်မျှ ရှိမည်ပ။`

ထိုမှတဖန် ဆင်ဆဒ္ဒန်လှမ်းရန် ခြေကား ရှစ်ဖဝါး။

ကျားမင်းစံခန်း ၊ ခုနှစ်လှမ်း ၊ အရမ်းအဆ ၊ ခြေကိုချ။

သောကြာပူမင်း ပျော်စုံခင်း ၊ မယွင်း ငါးလှမ်းမျှ။

ဦးစံရှားသည် အထက်ပါ စာကို ဖတ်ပြီးလျှင် ဦးကျော်မင်းက-

“လူနှစ်ယောက်ပျောက်သွားတာနဲ့ ဒီပေစာနဲ့ ဘာမှဆိုင်မယ်မထင်ပါဘူးဗျာ။ သူ့ဟာက သိုက်စာ အညွှန်းလိုလို ဘာလိုလိုပဲ ကျုပ်ဖြင့် မယုံပါဘူး။”  ဟုပြောလျှင် ဦးစံရှားက – “ခင်ဗျားကတော့ ဒီပေစားဟာ ဒီအမှုနဲ့ ဘာမှ မဆိုင်ဘူးထင်တယ်။ ကျုပ်မှာတော့ ဒီပေစာကို ဖော်နိုင်ရင် ပျောက်တဲ့လူ ၂ ယောက်ဘယ်ကို ရောက်နေတယ်ဆိုတာ ကျုပ်တို့သိရမှာပဲ”

မင်း။  ။ဘယ့်နှာကြောင့်လည်းဗျ။

ရှား။  ။နောက်တော့ ခင်ဗျားသိလိမ့်မယ်။ မောင်အောင်ဖြူဟာ ပညာ ထက်မြက်တော့ ဒီစာကို ခင်ဗျား မဖော်နိုင်ပေမဲ့ သူ ဖော်နိုင်တယ်ဗျ။ ဒါကြောင့် သူပျောက်သွားတာ။ ဒီပေစာကို သူကြည့်နေတာ ခင်ဗျားမမိခင် အယင်ကလည်း သူဖတ်ဖူးတယ် မဟုတ်လား။

မင်း။   ။ဖတ်ဖူးချင်လဲဖတ်ဖူးမှာပေါ့။ ကျုပ်ကလည်း အရေးကြီးတယ် မထင်တော့ လုံလုံ ခြုံခြုံကြီးလည်း သိမ်းထားတာမှ မဟုတ်ပဲကိုး။

ရှား။  ။ ဒီတော့ ဟိုနေ့ညကတော့ သူမေ့နေတဲ့အချက်ကလေး ရှိလို့တခါပြန်ပြီး ကြည့်တဲ့လက္ခဏာပဲ။ ဟိုနေ့ညက သူရေးနေတဲ့စက္ကူဆိုတာ အညွှန်း အတိုင်း ပုံဆွဲပြီး  ကြည့်နေတဲ့လက္ခဏာပဲ။ ခင်ဗျားရောက်လာတော့ သူရေးနေတဲ့စက္ကူကို သူ့အိတ်ထဲထည့်လိုက်တယ် မဟုတ်လား။

မင်း။  ။ဟုတ်တယ်။ ဒီပေစာ မြင်ရလို့ သူဘာများ အဓိပါယ်ကောက်နိုင်မလဲဗျာ။

ရှား။   ။ဒါတော့ ကျုပ်အခု မပြောနိုင်သေးဘူး။ ဟိုရောက်ရင်ဖြင့် ဖော်နိုင်ပါလိမ့်မယ် ထင်တယ်။ ကဲ နက်ဖန်ခါ ကျုပ်တို့ တခါတည်းလိုက်မယ်။ ကိုသိန်းမောင်ရော နက်ဖန် စနေနေ့ မဟုတ်လား။ ခွင့်ခံပြီး တခါတည်း လိုက်ခဲဗျာ။

နောက်တနေ့၌ ကျွန်တော်တို့သည် မီးရထားစီး၍ သွားကြရာ ဦးကျော်မင်းမှာ မနေ့ညက အိပ်ပျက်ခဲ့၍ အိပ်ပျော်လျက် လိုက်ပါလာလေသည်။ ဦးစံရှားသည် ဆေးတံသောက်ရာမှ ကျွန်တော့်အား-

“ခင်ဗျား ဘယ့်နှယ်သဘောရလဲ။ ပြောစမ်းပါဦးဗျ”

ဟုမေးသဖြင့် ဘယ်လိုမှမထင်တတ်ကြောင်း ပြောရာ ဦးစံရှားက-

“လိုရင်းက ဒီပေစာလိုရင်းပဲဗျ။ ဒီပေစာ ထဲက အဓိပါယ်ကို ဖော်နိုင်ရင် အားလုံးပေါ်မှာပဲ ၊ မောင်အောင်ဖြူဟာ ဒီပေစာကို ဘာကြောင့် ဒီလောက်တောင် ဖော်ချင်နေရတာလည်း ၊ ဧကန္တ အကျိုးကျေးဇူး တစုံတခု ရှိဖို့သူမြင်လို့ပဲဗျ။ ပေစာမှာပါတဲ့ အညွှန်းက သပြေပင်ပါတယ်။ ညောင်ပင်လည်းပါတယ်။ ဒီတော့ ဒီအပင် နှစ်ပင် တွေ့ရင်ဖြင့် ကျုပ်တို့ ဖော်နိုင်စရာရှိတယ်။ ကဲ ကဲ ခင်ဗျားလည်း အိပ်ချင်ပြီထင်ပါရဲ့ ။ အိပ်ပေတော့ ။ ဟိုရောက်တော့ ကျုပ်နှိုးပါ့မယ်။  ” ဟု ပြောသဖြင့် ကျွန်တော်လည်း အိပ်လေသည်။

ကျွဲခြံ ဘူတာသို့ ရောက်လျှင် ရထားမှဆင်းကြ၍ သွားကြရာ ဦးကျော်မင်းအိမ်သို့ မိုးမလင်းမီ အချိန်၌ပင် ဆိုက်ရောက်ကြလေသည် ။ ထို့နောက် ဦးကျော်မင်း ပေးသောအခန်းထဲသို့ ဝင်၍ အိပ်ကြလေသည်။ နံက်လင်း၍ ကြည့်လိုက်ရာ ဦးစံရှားသည်အိပ်ရာထဲတွင် မရှိပဲ နိုးကြားလုံးလရှိသော အမူအရာဖြင့် ထင်းများကို ဓားတချောင်းဖြင့် ခုတ်လျှက်ရှိသည်ကို တွေ့ရလေသည်။

ကျွန်တော်သည်တိုက်အောက်ကိုဆင်းလျှက် ဦးစံရှားနှင့် တွေ့လျှင်ဦးစံရှားက –

“ကိုသိန်းမောင် ဟိုဟာ ဘာအပင်လည်းဗျ။ ကြည့်စမ်း ”  ဟု လက်ညိုးညွှန်ပြသဖြင့် ကြည့်လိုက်ရာ ပုဆိုးတပတ်ခန့် ရှိသော ညောင်ပင်ကြီးကို တွေ့ရလေသည်။ ထိုအခါ ကျွန်တော်က –

” ခင်ဗျားဥစ္စာ ညောင်ပင်ကတော့ဟုတ်ပါပြီ ၊သပြေပင်ကရော ဘယ်မှာလဲ”ဟု မေးလျှက်ရှိစဉ် ဦးကျော်မင်းလည်း အိပ်ရာမှ နိုးကာ အိမ်ပေါ်မှ ဆင်းလာ၏။ ထိုအခါ ဦးစံရှားက –

ဒီ် အနီးအနားမှာ သပြေပင် ကြီးကြီးများ မရှိဘူးလားဗျ။ ဟုမေးလျှင်-

မင်း။  ။ ” သပြေပင်ကြီးတပင်တော့ အလျှင်က ရှိတာပဲ။ မနှစ်ကပဲ မိုးကြိုးပစ်တာနဲ့ ကျုပ်ခုတ်ပစ်လိုက်လို့ အငုတ်သာ ရှိတော့တယ် ။  ဟောဟိုဟာပဲ။  ”

ကျွန်တော်တို့သည် သပြေငုတ်ကို သွားရောက်ကြည့်ရှုကြလေ၏။ ထိုအခါ ဦးစံရှားက ၊

” ဒီတချက်ကဖြင့် နဲနဲဂွကျနေတာပဲဗျ ။ ဒီသပြေပင်ရှိတုန်းက အမြင့် ဘယ်လောက်ရှိတယ်ဆိုတာ မှန်းဆ မပြောနိုင်ဘူးလားဗျ။ ”

မင်း။  ။”မှန်းဆပြောရုံမကပါဘူး အတိအကျ သေသေချာချာ ပြောနိုင်ပါတယ်။ ၅၆ ပေ မြင့်တယ်”

ရှား။  ။ ” အလို သေချာလှချေကလားဗျာ။ ခင်ဗျား ဘယ်နှယ် သိတာလဲ ”

မင်း။   ။ ” သိတာက ဒီလိုဗျ ။ကျုပ်ကျောင်းနေတုန်းက အိုင်အေ မှာ တြီဂိုနို်မေတြီ သင်ရတယ် မဟုတ်လား။ ဒီတုန်းက ကျောင်းပိတ်လို့ ကျုပ်ပြန်လာပြီ ဆိုမှဖြင့် အိမ်နားမှာရှိတဲ့ သစ်ပင်တွေအမြင့်ကို ကျုပ် အကုန်လိုက်တွက်တာပဲ။ ဒါကြောင့်ဘယ်အပင် ဘယ်လေက်မြင့်တယ်ဆိုတာ ကျုပ်အကုန်မှတ်မိတယ်လို့ ပြောနိုင်တယ်။ ”

ရှား။   ။ ” နေရာ ကျလိုက်တာဗျာ။ ဒါနဲ့ မောင်အောင်ဖြူကရော ခင်ဗျားကို ဒီ အကြောင်းတွေ မေးဘူးသေးလား။  ”

မင်း။  ။ ဪ ၊ ဟုတ်တယ်ဗျို့ ၊ ကျုပ်အခုမှ သတိရတယ်။ တနေ့က ဘယ်သူနဲ့ဆိုလား အငြင်းအခုန် ဖြစ်လို့တဲ့။ ခုတ်ပစ်လိုက်တဲ့ သပြေပင်ကြီး ဘယ်လောက်မြင့်သလဲလို့ မောင်အောင်ဖြူ မေးလို့ ကျုပ်ပြောလိုကသေးတယ်။

ရှား။  ။ ဟုတ်လား။ ဒါဆို ကျုပ်တို့ သူ့ကို ခြေရာခံမိပြီပဲ။ ကဲ ၊ ပေစာက ဘယ့်နှယ်ဆိုတယ် ၊  ” နတ်တော်လလျှင်ပြည့်ညောင်ပင် ၊ ထိပ်တွင်နေဝန်း ရောက်လတ္တံ့ ” တဲ့ ။ ဒီဟာ ဘာလဲဆိုတော့ ညောင်ပင်ထိပ်ကို နေဝန်းရောက်တာ ဆိုလိုတယ် မဟုတ်လား။ ဒီတော့ ညောင်ပင်ကြီးအောက်ကနေပြီး ကြည့်လို့ ထိပ်မှာ နေရောက်တယ်ဆိုရင်ဖြင့် မွန်းတည့်ချိန် ဆိုတာနဲ့ တူတူပဲ မဟုတ်လား။ ဒီစာက ဆိုလိုတာက မွန်းတည့်ချိန်ကိုလည်း ဆိုလိုမယ် မဟုတ်ဘူး။ ဒီစာ ရေးတဲ့အခါ ဒီတိုက်ကို အခြေပြုပြီး ရေးတဲ့ လက္ခဏာပဲ။ ဒီတော့ ဒီတိုက်ကနေပြီးတော့ ကြည့်လို့ရှိရင် ညောင်ပင်က တိုက်အရှေ့ဘက်မှာ ရှိနေတော့ မွန်းမတည့်မီ ညောင်ပင်ထိပ်ကို နေရောက်တယ်လို့ ထင်ရတယ်မဟုတ်လား။ အခု ဘယ်နှစ်နာရီရှိပြီလဲ။ ရနာရီ ရှိသေးတယ်။ ဒီတော့ အချိန် နဲနဲလိုသေးတယ်။ တိုက်ရှေ့က ထိုင်ပြီး ညောင်ပင် နေရောက်အောင် စောင့်ကြစို့။

ကျွန်တော်သည် အချိန်လိုသေးသဖြင့် စောင့်ဆိုင်း၍ နေစဉ် ဦးစံရှားသည် ယခင်က ခုတ်ထားသော ငုတ်ကလေးများကို အသင့်ပြင်ဆင်၍ ပေကြိုးတချောင်းကိုလည်း ရှာဖွေ ငှားရမ်းစေ၏။ ထို့နောက် တုတ် တချောင်းကို ယူ၍ လေးပေ ရှိ်အောင် တိုင်းထွာ ခုတ်ဖြတ်လျှက်ရှိရာ ၊ ဦးကျော်မင်းမှာ မယုံနိုင်သော မျက်နှာထားဖြင့် ကျွန်တော့်အား ကြည့်ကာ ပြုံးရယ်နေ၏။ နေမင်းလည်း မြင့်တက်လာလျှင် ဦးစံရှားသည် သပြေပင်ငုတ် ရှိရာ သို့သွား၍ မိမိခုတ်ထားသော်တုတ်ကို တည့်တည့်ထောင်လျှက် တုတ်၏ အရိပ်ကို တိုင်းထွာလေ၏။ ထို့နောက် ဦးစံရှားက –

” ဘယ့်နှယ်လဲ ကိုသိန်းမောင် ၊ ခင်ဗျားလည်း ကျောင်းတုန်းက သင်ခဲ့တဲ့ အတွက်ကလေးများ မေ့နေပြီလား ။ တဆိတ်လောက် တွက်ပေးစမ်းဗျာ ။ လေးပေရှိတဲ့တုတ်ဟာ ၅ပေ အရိပ်ထွက်ရင် ၅၆ပေ ရှိတဲ့ သစ်ပင်ဟာ အရိပ် ဘယ်နှစ်ပေ ထွက်မလဲ။  ”

ကျွန်။   ။ပေ ၇ဝ ရှိမယ်ပေါ့ဗျာ။

ရှား။   ။ အဲ ၊ ဟုတ်ပြီ။ ပြီးတော့ သစ်ငုတ်ပေါ်မှာ တုတ်ကို ထောက်လိုက်ရင် သစ်ပင်ရိပ်နဲ့ တုတ်ရိပ်ဟာ ထပ်ပြီးနေမယ် မဟုတ်လား။ ဒီတော့ တုတ်အရိပ် ထိတ်ဖျားက တည့်တည့်လျှောက်လို့ရှိရင် သစ်ပင်ရိပ်ဖျားကို ရောက်မယ် မဟုတ်လား။ ကဲ ပေကြိုးပေးစမ်းဗျာ။

ကျွန်တော်လည်း ဦးစံရှား ကို ပေကြိုးပေးလိုက်ရာ ဦးစံရှားသည် သစ်ပင်ငုတ်ရင်းမှ တုတ်ရိပ် ကျရာအရပ်အတိုင်း ပေ ၇ဝ မျှတိုင်းတာပြီးလျှင် ငုတ်ကလေးတခုကို စိုက်ထားလေ၏။

ရှား။   ။ကဲ  ၊ အဲဒီငုတ်ဟာ သပြေပင်အရိပ်ဖျားပဲ မဟုတ်လား။ အလို ဒီဟာ ဘာလဲဗျို့။ တွင်းကလေးပါလား ။ ဟု ပြသဖြင့် ကျွန်တော်လည်း သွားကြည့်ရာ ဦးစံရှား စိုက်သောငုတ်နှင့် ၃ လက်မ ခန့် အကွာ တွင် တွင်းကလေး တခုကို တွေ့ရလေ၏။

ရှား။   ။ ဒီ ဟာဟာ မောင်အောင်ဖြူစိုက်ခဲ့တဲ့ ငုတ်ပဲ။ နေရာကျလိုက်တာ ။ ပြီးတော့ ဘာတဲ့ ၊ ” သပြေရိပ်ဖျား ကြွက်လျှင်သွား ၁ဝ ဘွားခန့်မျှ ရှိမည်ပ” တဲ့ ။ ဒီဟာက သိုက်စာ သဘောကိုးဗျု။ သိုက်စာ ဆိုတာမျိုးဟာ အရပ် ၈မျက်နှာကို ဂြိုလ်ကောင် နဲ့ပြရတယ်။  ကြွက်ဆိုတာ ကြာသာပတေး အနောက်ဖက်တဲ့ သူ့အဓိပါယ်က သပြေပင်ထိပ်ဖျားက နေပြီး အနောက်ဖက်ကို ၁ဝလှမ်းသွားရမယ်တဲ့။ ကျုပ်က အရပ်မြင့်လို့ ခြေလှမ်းကျဲတယ်။ ကိုသိန်းမောင် ဒီငုတ်ကနေပြီ တဆိတ် အနောက်ဘက်ကို ၁ဝလှမ်း မှန်မှန်ကြီး လှမ်စမ်းဗျာ။ ဟုပြောသဖြင့် ကျွန်တော်လည်း လှမ်းခဲ့ရာ ဦးစံရှားသည် ငုတ်တခုကို ရိုက်ပြန်လေသည်။

ထို့နောက် ဆင်ဆိုသည်ကား တောင်အရပ်ဖြစ်၍ တောင်ဖက်သို့ ၈ဖဝါးလှမ်းပြီး လျှင် ငုတ်တခု ရိုက် ၊ ကျားဆိုသည်ကား အရှေ့အရပ်ဖြစ်၍ အရှေ့ဘက်သို့ ရလှမ်း လှမ်းပြီးလျှင် ၊ ငုတ်တခုကို် ရိုက် ၊ ပူးဆိုသည်ကား မြောက်အရပ်ဖြစ်၍ မြောက်ဖက်သို့ ၅ လှမ်းမျှ လှမ်းပြီးလျှင် ငုတ်တခု ရိုက်ပြန်လေ၏။ နောက်ဆုံး၌ ငုတ်ကို ရိုက်ပြီးလျှင် ဦးစံရှားသည် အခက်အခဲတွေ့ကြုံသော မျက်နှာထား မျိုးဖြင့် အတန်ငယ်စဉ်းစားလျှက် ရှိ်နေရာမှ ငုတ်ရှိရာ အရပ်သို့ တုတ်ချောင်းတချောင်းဖြင့် ပြင်းထန်စွာ ခေါက်ကြည့်ပြီးလျှင် –

“လာပါဦးဗျ  ကိုကျော်မင်း ၊ ဒီအောက်မှာ မြေတို်က်များ ရှိသလား ” ဟုမေးလျှင်

မင်း။   ။ ဪ ၊ ဟုတ်တယ်ဗျို့ ။ မြေတိုက် တခုတော့ ရှိတယ်။ ကျုပ်တို့လည်း အသုံးမချတာ ကြာလှပြီ။ ကျုပ်ဖြင့် တခါမှတောင် ဆင်းမကြည့်မိဘူး။ လာ ၊ လာ ၊ တို်က်အောက်ကနေပြီး ဝင်ရမယ်။ ဟုပြော၍ တိုက်အတွင်းသို့ ခေါ်သွားလေ၏။ တိုက်အတွင်းသို့ ရောက်လျှင် မြေတိုက်တံခါးကို ဖွင့်၍ တိုက်ထဲ သို့ ဆင်းသွားကြလေ၏။ ဦးစံရှားလည်းမြေတိုက်ကို သေချာစွာ ကြည့်၍ –

” ဒီတိုက်အောက်မှာ တည့်တည့်ဖြစ်နေတယ်ဗျ။ ခုနက ကျုပ်တို့ ငုတ်ရိုက်တဲ့နေရာနဲ့ မတဲ့သေးဘူး။ ဟောဟိုဟာ ဘာလဲ ။ တံခါး မဟုတ်လား။ ဖွင့်စမ်းဗျာ။  ” ဟုပြော၍ ဦးကျော်မင်းသည် တံခါးကို ဖွင့်ပေးရာ ပထမမြေတိုက်နှင့် ကပ်လျှက်ရှိသော မြေတိုက်တခုထဲသို့ ရောက်သွားကြလေ၏။ ဒုတိယ မြေတိုက်သည် ပထမမြေတိုက်ထက် များစွာ သေးငယ်လှသည်ဖြစ်၍ ထိုမြေတိုက်၏ အလယ်၌ ကား လက်ကိုင်သဘွယ် ကွင်းတခု ပါရှိသော ကျော်ဖျာကြီး တချပ်ကို တွေ့မြင်ရလေ၏။ ထိုလက်ကိုင်၌ကား ပုဝါတပိုင် ချည်လျှက် ရှိသည်ကို တွေ့မြင်ရသည်ဖြစ်၍ ဦးကျော်မင်းက –

” အောင်မယ် ဒီဟာ မောင်အောင်ဖြူရဲ့ပဝါပဲဗျို့။ ကျွန်တော် မှတ်မိတယ်။ ခွေးမသား ၊ ဒီအထဲ ဝင်ပြီး ဘာများ လုပ်ပါလိမ့်မယ် ” ဟု ပြောလျှက်ရှိစဉ် ဦးစံရှားသည် အနီး၌ ရှိသော ထင်းစတခုကို ကောက်ယူ၍ သေချာစွာ ကြည့်ရာ ယင်းထင်းစမှာ တစုံတခုသော အလေးဖြင့် ဖိထားဘိသကဲ့သို့ အချို့သော နေရာများ၌ ပိန်ချိုင့် လျှက်ရှိလေ၏။

ထို့နောက် ဦးစံရှားသည် ကွင်းမှ ကိုင်လျှက် ကျောက်ဖျာကို မရာ ကျောက်ဖျာကြီးသည် အနည်းငယ်မျှသာလျှင် ရွေ့လေသည်။ သုံးယောက်စလုံး အားကုန် မသည့် အခါမှသာ ကျောက်ဖျာကြီးသည် ကြွ၍ သုံးပေ ပတ်လည်ခန့်ရှိသော အပေါက်ငယ်တခုကို တွေ့ရလေ၏။ ဦးစံရှားသည် အပေါက်ဝတွင် ဒူးထောက်၍ မီးအိမ်ကို မြေတိုက်အောက်ထပ်သို့ချ၍ ကြည့်ရာ အလွန် ဟောင်းနွမ်း ဆွေးမြေ့လှသော ကျွန်းသေတ္တာကြီး တလုံးကို တွေ့မြင်ရလေ၏။ သေတ္တာကြီ း ပွင့်လျှက်ရှိရာ သေတ္တာ နှုတ်ခမ်းတွင် မေးတင်လျှက်သေနေသော အလောင်းတခုကို မြင်ရလေ၏။ အလောင်းအနီး မီးအိမ်တခုသည် မီးငြိမ်းလျှက် ရှိသည်ကို တွေ့မြင်ရလေ၏။

သုံးဦးသား များစွာ အံ့ဩလျှက် တတိယ မြေတိုက် အတွင်းသို့ ဆင်းသွားကြပြီးလျှင်  အလောင်းကို သေချာစွာ ကြည့်ရှု့လေရာ ထိုအလောင်းမှာ မောင်အောင်ဖြူ ဖြစ်ကြောင်း ဦးကျော်မင်းက ပြောဆိုလေ၏။ အလောင်းမှာ လေပိတ်သေရသည့် လက္ခဏာ ရှိသဖြင့် ညိုမဲလျှက် ရှိကုန်၏။

ကျွန်တော်တို့လည်း အလောင်းကို မြေတိုက်ပေါ်တင်ကြပြီလျှင် ကျွန်းသေတ္တာကို သေချာစွာ ကြည့်ရှု့လေရာ ၊ သေတ္တာထဲ၌ ကား ရှေး မြန်မာမင်းများ လက်ထက်က သုံးစွဲခဲ့သော ငွေဒင်္ဂ ါး အနည်းငယ် ကိုသာတွေ့ရလေ၏။

ဦးစံရှားလည်း မောင်အောင်ဖြူ အလောင်းနှင့် ကျွန်းသေတ္တာကြီးကို သေချာစွာ ကြည့်ရှု့ပြီး နောက်နားမလည်သော မျက်နှာထားဖြင့် စဉ်းစားလျှက်ရှိနေရာ ကျွန်တော်က-

” ဘယ့်နှယ် ဦးစံရှားရဲ့ ခင်ဗျားက သိုက်စာ အဓိပါယ်ဖော်နိုင်လို့ရှိရင် ၊ အားလုံးပေါ်လိမ့်မယ်ဆို ၊ ကဲ ဗျာ ဒီက မောင်အောင်ဖြူ ဘယ့်နှယ်ကြောင့် မြေတိုက်ထဲဆင်းပြီး သေနေရတာလဲ။ မနန်းဖူလည်း ဘယ်ရောက်နေတယ်ဆိုတာကို ခင်ဗျား ဖော်နိုင်ရင် ဖော်စမ်းပါဦးဗျ ” ဟုပြောလျှင်  ဦးစံရှားသည်  ကျွန်တော်ပြောသည်ကို မကြားသည့်ဟန်ဖြင့် မြေတိုက်ဝတွင် ယခင်ကတွေ့ရှိခဲ့သော ထင်းစကိုသာ ကြည့်ရှု့လျက် နေလေ၏။

ဤသို့ နာရီဝက်ခန့်မျှ မြေတိုက်ထဲတွင် စင်္ကြန်လျှောက်ကာ စဉ်းစားနေပြီးနောက် ဦးစံရှားသည် တစုံတခုကို စဉ်းစားမိသည့်လက္ခဏာဖြင့် ဦးကျော်မင်းနှင့် အတူ တိုက်ပေါ်သို့ တက်သွားပြီးလျှင် –

” ဘယ်မှာလည်းဗျ ၊ ရေကန်ထဲက တွေ့တယ်ဆိုတဲ့ ကျောက်ခဲတွေ ကျုပ်ကြည့်စမ်းပါရစေ ” ဟု ပြောရာ ဦးကျော်မင်းသည် ပစ်ထားသော ကျောက်ခဲများကို သွားယူ၍ ဦးစံရှားအားပေးလေ၏။ ဦးစံရှားသည် ကျော်ခဲထုတ်ကို ဖြေ၍ မကြည့်သေးပဲ ဦးကျော်မင်းအား –

” ဘယ့်နှယ်ဗျာ ကိုကျော်မင်း ၊ ဒီကျောက်ခဲထုတ်ကို ကျုပ်ကို ရောင်းမလား ။ ကျုပ် ငွေငါးရာပေးမယ်။ ” ဟုပြောလျှင် ဦးကျော်မင်းက –

” ဘာလုပ်ဖို့လဲဗျာ။ ခင်ဗျားလိုချင်ရင် အလကား ယူသွားနိုင်ပါတယ် ၊ ယူသွားပါတော့ ။ ကျောက်ခဲ အဖိုးထားပြီး ရောင်းစားနေရဦးမလား။ ” ဟု ပြောသဖြင့် ဦးစံရှားလည်း ပြုံးရယ်ကာ ကျွန်တော့်အား ကြည့်လျှက် –

” ကောင်းပြီ ကိုသိန်းမောင် ။ခင်ဗျား ကြာတယ်နော်။ ကိုကျော်မင်းက ကျုပ်ကို ဒီကျောက်ခဲတွေ ပေးတယ် မဟုတ်လား ။ ကဲ ဖြေစမ်းဗျာ။ သူပြောတဲ့ ကျောက်ခဲတွေ ကြည့်ရအောင် ” ဟုပြောသဖြင့် ကျွန်တော်လည်း ရွံ့နွံတို့ဖြင့် လူးလျှက်ရှိသော အဝတ်ထုတ်ကို ဖြေ၍ ကြည့်လေ၏။ အထုတ်ကိုဖြေပြီးလျှင် ဦးစံရှားသည်  ကျောက်ခဲတလုံးကို ယူ၍ လက်ကိုင်ပဝါနှင့် ပွတ်လိုက်ရာ အလွန်တရာ အရည်ကောင်းသော ကျောက်နီတလုံး ဖြစ်လာသည်ကို တွေ့ရလေ၏။ ကျွန်တော်နှင့် ဦးကျော်မင်းတို့မှာ များစွာ အံ့ဩလျှက်ရှိကြည့်နေစဉ် ဦးစံရှားသည် ကျောက်ခဲများကို တလုံးပြီးတလုံး ယူ၍ အဝတ်နှင့်ပွတ်ရာ အချို့မှာ ကျောက်နီ ၊ အချို့မှာ နီလာ ၊ အချို့မှာ မြ၊ အချို့မှာ စိန် စသည်တို့ဖြစ်နေကြောင်းကို တွေ့မြင်ကြရလေ၏။ ကျောက်ခဲများ အားလုံးကို ပွတ်၍ ပြီးစီးလျှင် လက်ကိုင်ပုဝါအဖြူဖြင့် ထုတ်၍ ဦးကျော်မင်းအား

” ရော့ဗျာ ကိုကျော်မင်း ၊ ကျုပ်အသုံးလိုတဲ့ အခါကျတော့ ခင်ဗျားဆီမှာ ကျုပ်လိုသလောက် တောင်းယူမယ်။ ဒီဟာတွေ ခင်ဗျား တဆိတ်လောက် သိမ်းထားလိုက်ပါ။ ကျုပ်တို့လဲပြန်လိုက်ဦးမယ် ” ဟု ပြော၍ ရထားချိန်မေးလေလျှင် ဦးကျော်မင်းသည် အံ့ဩသော အမူအရာဖြင့် ကျောက်ထုတ်ကို သိမ်းပြီးလျှင် –

မင်း။ ။ နို့ ၊ မောင်အောင်ဖြူ သေတဲ့ အကြောင်းနဲ့ မနန်ဖူ အကြောင်းကောဗျ ။ ပြောပြပါဦး ။ ဒီကျောက်တွေဟာ အဖိုးထိုက်တန်မှန်း ခင်ဗျား ဘယ်လိုလုပ်သိတယ်ဆိုတာ တဆိတ်လောက် ပြောစမ်းပါဗျာ။ ရထားလည်း တနာရီလောက်လိုပါသေးတယ်။ ထမင်းလဲ စားကြပါဦး ၊

ဟုပြောသဖြင့် ကျွန်တော်တို့သည် နံနက်စာ စာ းရင်း ဦးစံရှား ပြောပြသည်မှာ  –

ရှား။   ။ ဒီလိုဗျ ။ အစကတော့ ဒီသိုက်စာအတိုင်း မောင်အောင်ဖြူကိုခြေရာခံလိုက်ရင်ဖြင့် အားလုံးပေါ်လိမ့်မယ်လို့ ကျုပ်ပြောမိတယ် မဟုတ်လား။ ကျုပ်ပြောတဲ့အတိုင်း ခြေရာခံလိုက်တော့ မောင်အောင်ဖြူ အလောင်းကို တွေ့တယ် မဟုတ်လား။ တွေ့တော့ ဘယ်နှယ်ကြောင့် မောင်အောင်ဖြူ သေရတယ်။ မနန်းဖူ လဲ ဘယ်ရောက်နေတယ် ဆိုတာ မသိရဘူးဗျနော်။

” ဒီတော့ ကျုပ်တခု စဉ်းစားမိတယ်။ ဒီလိုဗျ။ မောင်အောင်ဖြူဟာ တော်တော်ဉာဏ်သွားတဲ့သူ ဖြစ်လေတော့ စဉ်းစားရတာ တော်တော်လွယ်တာပဲ ၊ ဉာဏ်ရှိတဲ့သူ ဖြစ်လေတော့ ကိုယ်နဲ့သာနှိုင်းပြီး ကိုယ် ဒီလိုဖြစ်ရင် ဘယ်နှယ်လုပ်မယ်လို့ စဉ်းစားရုံပဲရှိတယ်ဗျ။ ဒီလို စဉ်းစားလိုက်ရင်ဖြင့် အကုန်ပေါ်တာပဲ။ ဒီတော့ မောင်အောင်ဖြူ သိုက်စာအညွှန်းအတိုင်းလိုက်တာ ဒုတိယ မြေတိုက်ရောက်ကရော ၊ ရောက်တော့ ပစ္စည်းတွေ့သလား ။ မတွေ့သေးဘူး။ ဘာတွေ့လဲ ။ ကျောက်ဖျာကြီးတခုတွေ့တယ်။ ဒိတော့ ကျောက်ဖျာကို မ ကြည့်ရင်ဖြင့် တစုံတခုးတော့ တွေ့မှာပဲလို့ သူမုချ ထင်မြင်တဲ့အတိုင်း ကျောက်ဖျာကို မပြီး ကြည့်မယ်။ ကြည့်တော့ ကျောက်ဖျာကို သူတယောက်တည်းမနိုင်မှန်းသိရော ၊ ။သိတော့ ဘယ့်နှယ်ကြံမလဲ။ ယုံကြည်လောက်တဲ့ လူတယောက်ကို အကူအညီ ရှာရမယ် ။ ဒီတော့ ယုံကြည်လောက်တဲ့ လူဟာ ဘယ်သူရှိသလဲ ဆိုတာစဉ်းစာတော့ သူနဲ့ရည်းစာ းဖြစ်ဘူးတဲ့ မနန်းဖူကို သွားပြီး သတိရတယ်။ ဒီတော့ မိန်းကလေးကို ချော့မော့ပြီး အရင်က စကားပျက်ဖူးပေမဲ့ သူပြန်ပြီး နှုးမယ်ပေါ့လေ။ နူးတော့မိန်းကလေးကလည်း သူ့အကြံပါရော ၊ သူတို့ ၂ယောက်တိတ်တိတ်လေး မြေတိုက်ထဲဆင်းပြီး ကျောက်ဖျာကြီးကို မကြည့်တာပေါ့။ မတော့ကျောက်ဖျာကြီး က ကျုပ်တို့် ၃ယောက်တောင် မနဲမပြီး ရွေ့ရတာ မဟုတ်လား။ ဒီတော့ သူတို့ ၂ယောက်တည်း ကျောက်ဖျာကြီးကို မလို့ မနိုင်ပြန်ဘူး။ ဒီတော့ မောင်အောင်ဖြူ ဘယ်နှယ်လုပ်မလဲ။ ကျုပ်ဖြင့် ဘယ်နှယ်လုပ်မလဲ။ ထင်းစတခု ရှာမယ်။ ကျောက်ဖျာ ကြီးကို နည်းနည်းကြွ ၊  ကြွလို့ ရသလောက် ထင်းစနဲ့ခု ၊ ခဏနား။ ဒီလို တဖြေးဖြေးနဲ့ လူတယောက် ဝင် သာတဲ့ အနေကျရော ၊ မောင်အောင်ဖြူက မီးအိမ်ကိုင် မြေတိုက်ထဲဆင်း ၊ ယူစရာရှိတာ ယူပြီး မိန်ကလေးကို လှမ်းပေးလိုက်ရော  မိန်းကလေးက ကရင်မလေးဆိုတော့ ကိုယ့်အပေါ်မှာ သစ္စာ ဖောက်တဲ့ အကောင်မို့လို့ လက်စားချေချင်တဲ့စိတ် ပေါ်လာတာကိုး ။ ဒီစိတ်ကလည်းပေါက်လာရော ချေနိုင်တဲ့ အခွင့် အရေး ကလည်း ကြုံကြိုက်နေတာကိုး။”

” ဘယ့်နှယ် ၊ ဒီတော့ ဘယ်လိုလုပ်မလဲ။ ကျောက်ထုတ်ကိုလည်း ရလိုက်ရော ၊ ခုနင်ကခုထားတဲ့ ထင်းစကို လက်နဲ့ တချက် ပြင်းပြင်းတွန်းလိုက်ရုံပေါ့။ ထင်းစလဲ ထွက်သွားရော ၊ ကျောက်ဖျာလည်း ပြန်ပိတ်သွားရော ၊ ဒီတော့ အထုတ်ကလေးပိုက်ပြီး ပျယီးပြာယာတိုက်ပေါ်တက်လာ။ ကျောက်ထုတ်ကလေး ဝှက်ထား  ၊ နောက်နေ့ကျတော့ ခင်ဗျားက သူ့ကို မောင်အောင်ဖြူတယောက်မမြင်မိဘူးလားလို့ မေးတော့ သူ့စိတ်က မလုံမလဲဖြစ်တာနဲ့ ပြောမိပြောရာ ရူးသလိုလို နှမ်းသလိုလို ပြောမိတာကိုး ”

” ဒါနဲ့နောက်တော့ မိန်းကလေးက မကျန်းမာတော့ ခင်ဗျားက ခိုင်းတဲ့မိန်းမကြီးကို ပြုစုုဖို့ အစောင့်ထားတယ် မဟုတ်လား။ ဒီတော့ မိန်းကလေး စိတ်ထဲ ဘယ့်နှယ်ရှိမလဲ။ မောင်အောင်ဖြူ လှမ်းပေးလိုက်တဲ့ ကျောက်ထုတ်ကို ဖျောက်ဖျက်ချင်တဲ့စိတ်ရှိမယ် မဟုတ်လား။ တစုံတခု အပြစ်ကို ပြုမိတဲ့သူဟာ ၊ ဒီအမှုနဲ့ ဆက်သွယ်ခြင်း ရှိတဲ့ ပစ္စည်းများ မိမိမှာ ရှိရင် ဖျောက်ဖျက်ချင်တဲ့ သဘော ရှိတယ် မဟုတ်လား။ ဒါနဲ့ တနေ့မှာတော့ အစောင့် မိန်းမကြီး အိပ်ပျော်နေတုန်း ကျောက်ထုပ်ကို ယူပြီး ပြတင်းပေါက်က ခုန်ဆင်းပြေးတာကိုး ။

” ဘယ်ပြေးမလဲ၊ ကျောက်ထုပ်ကို ဖျောက်ဖျက်စရာနေရာကို ပြေးမယ်မဟုတ်လား ။ ဒီတော့ အိမ်နားမှာရှိတဲ့ ရေကန်ကို သတိရတယ်။ သတိရတော့ ရေကန်ဆီပြေးပြီး ကျောက်ထုပ်ကို ရေကန်ထဲ ပစ်ချလိုက်တာပေါ့ဗျ ”

မင်း။   ။မိန်းကလေးရော ဘယ်ရောက်နေသလဲဗျာ။

ရှား ။   ။မိန်းးကလေးတော့ သူပြုမိခဲ့တဲ့ အပြစ် လူသိမှာ ကြောက်တာနဲ့ ထွက်ပြေးတာပေါ့။ တနေ့တော့ သတင်း ကြားချင် ကြားရပါလိမ့်မယ်။

မင်း။  ။ ခင်ဗျား ရှာမပေးနိုင်ဘူးလား။

ရှား။  ။ဒါတော့ ပုလိပ် အလုပ်ပဲ။ ကဲ ကျုပ်ပြန်ဦးမယ်။ ရထားချိန်နီးပြီ။

မင်း။   ။ခင်ဗျား ကျောက်ထုပ်ရောဗျာ။

ရှား။   ။ဟာ ခင်ဗျားတိုက်ထဲကတွေ့တာ ခင်ဗျားပစ္စည်းပေါ့။ ကျုပ်အသုံးလိုတဲ့အခါ စာရေးလိုက်ပါ့မယ်။ ကဲ ကိုသိန်းမောင် ပြန်ဦးစို့ဗျာ။

ကျွန်တော်တို့လည်း ကျွဲခြံမှ ပြန်လာပြီး ၃ ရက်ခန့် ကြာလျှင် သတင်းစာတွင် ပါရှိသည်မှာ –

“လွန်ခဲသော တနင်္ဂနွေ နေ့ နံနက် မော်လမြိုင်မှ ရန်ကုန်သို့ သွားသော အစုန်ရထားသည် ကျွဲခြံဘူတာ နှင့် ဂန့်ဂေါ်ဘူတာ အကြားတွင် အသက် ၂ဝ ကျော် အရွယ်ရှိသော မိန်းကလေး တယောက် ၏ အလောင်းကို တွေ့ရှိရကြောင်း ၊ယင်းအလောင်းမှာ လွန်ခဲ့သော ညက အဆန်ရထား ကြိတ်မိဟန် လက္ခဏာ ရှိ၍ မည်သူ၏ အလောင်းဖြစ်သည်ကို ပုလိပ်က ထောက်လှမ်းလျှက်ရှိကြောင်း ”  နှင့် တွေ့ရလေသည်။

ထိုအခါ ကျွန်ုပ်က ” မနန်းဖူပဲ ထင်ပါရဲ့ဗျာ ”  ဟုပြောရာ ဦးစံရှားက ” ဦးစံရှားက ကျုပ်ပြောတဲ့အတိုင်းပဲဗျာ ”

ဟု ပြော၍ အမှုအခင်းနှင့် ပတ်သက်သော သတင်းကို ဆက်လက်ဖတ်ရှု နေလေ၏။

 

 

 

https://myanmargazette.net/50763/creative-writing/my-thinking-different

Nature မာတိကာ

 

4 comments

  • ကြောင်ကြီး

    September 25, 2011 at 10:38 am

    ကျုပ်ဆီမှာလည်း ကျောက်ခဲတထုပ်ရှိဒယ်….။

    • megaforce

      September 25, 2011 at 12:03 pm

      အဲဒီကျောက်ခဲထုပ်ကို ယူပြီး သူကြီးဆီ တသိန်းပြည့်အောင် ပွိုင့်သွားတောင်း ။မရရင် အဲဒီကျောက်ခဲနဲထု။ 🙂 🙂

  • windtalker

    September 25, 2011 at 1:35 pm

    မောင်ပေ့ ထဲ မှာ
    ဖြတ်ပြီး မအောင်လို ့စုပုံထားတဲ့
    ကျောက်စိမ်းတွေ ရှိတယ်
    ကိုနေချား
    ဈေးမများစေရပါဘူး
    စိတ်ဝင်စားသပ ဆိုရင်
    ကျောက်စိမ်း နော်

  • nature

    September 25, 2011 at 2:11 pm

    ကျနော်က ကျောက်ဆို လမ်းခင်းတဲ့ ကျောက်စရစ်လောက်ပဲသိတာ။ ဒါက ရှားလော့ဟုမ်းရဲ့ အတိုဆုံးတပုဒ်ကိုရွေးတင်ပေးလိုက်တာပါ။ ဒါတွေရေးရင်းလက်ကွက်လည်းတော်တော်ဟုတ်လာပြီ။

Leave a Reply