“I want my children to understand the world, but not just because the world is fascinating and the human mind is curious. I want them to understand it so that they will be positioned to make it a better place. Knowledge is not the same as morality, but we need to understand if we are to avoid past mistakes and move in productive directions. An important part of that understanding is knowing who we are and what we can do… Ultimately, we must synthesize our understandings for ourselves. The performance of understanding that try matters are the ones we carry out as human beings in an imperfect world which we can affect for good or for ill.

(Howard Gardner 1999: 180-181)”

 

ကျွန်တော့်သားသမီးတွေကို လောကကြီးအကြောင်းနားလည်စေချင်တယ်။ ကမ္ဘာကြီးက ထူးခြားဆန်းကြယ်လို့ရယ်မဟုတ်။ လူ့စိတ်က စူးစမ်းချင်စိတ်ရှိလို့ရယ်ကြောင့်လည်းမဟုတ်။ သူတို့လောကအကြောင်းနားလည်မှ သူတို့နေထိုင်တဲ့ကမ္ဘာကို ပိုကောင်းတဲ့ လောက  ဖြစ်အောင် ပြုပြင်နိုင်စွမ်းရှိသူတွေအနေအထားရောက်စေချင်တာ။ အသိဥာဏ်ပညာဆိုတာ ကိုယ်ကျင့်တရားလိုတော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့တွေ အတိတ်ကအမှားမျိုးတွေထပ်မမှားစေချင်ရင်၊ ပိုသာယာဖွံ့ဖြိုးတဲ့လမ်းကိုဦးတည်ချင်ရင် ဒါကိုနားလည်မှဖြစ်မယ်။ အဲဒီလိုနားလည်ဖို့ အရးကြီးတဲ့အချက်တစ်ခုကတော့ ငါဘယ်လိုလူမျိုးဆိုတာနဲ့ ဘာလုပ်နိုင်သလဲဆိုတာကို  သိမှဖြစ်မယ်။ ကုန်ကုန်ပြောရရင်ဗျာ။ကျွန်တော်တို့ မိမိကိုယ်မိမိနားလည်မှုတွေကို စုစည်းရမယ်။ အဲဒီလိုသိနားလည်ပြီစွမ်းဆောင်ရည်ပေါ်မူတည်ပြီး ကိုယ့်ရဲ့လုပ်ဆောင်ချက်ဟာ လူသားတစ်ယောက်အနေနဲ့ ချို့ယွင်းချက်တွေနဲ့ပြည့်နေတဲ့ဟောဒီလောကကြီးကို ကောင်းကျိုးရောဆိုးကျိုးရောဖြစ်စေနိုင်တယ်။

 

(ဟောင်းဝပ် ဂါ(ဒ)နာ ၁၉၉၉)

 

ကျွန်တော်တို့တွေသည် ဗာဟုဿစ္စဉ္စ သိပ္ပဉ္စ မင်္ဂလာ အဆုံးအမအရ ဗဟုသုတ ရှာဖွေစုစောင်းကြသည်။ ပညာသင်ကြသည်။ စာအုပ်စာပေတွေဖတ်ကြသည်။ ဒီလိုနှင့် လောကကြီးအကြောင်း၊ ကိုယ့်ဘေးက လူတွေအကြောင်း အတန်အသင့်သိလာကြသည်။ ဒါပေမယ့် ကိုယ့်အကြောင်းကျတော့ သိသလိုလို နှင့် မသိတာမျိုးဖြစ်နေသည်။ ကိုယ်ဘာကိုဝါသနာပါလဲ။ ဘယ်နေရာမှာ သူများထက်ပိုသာသလဲ။ ဘာတွေမှာအားနည်းသလဲ။ သေသေချာချာစဉ်းစားကြည့်လျှင် ရေရေရာရာမသိသလိုဖြစ်နေတာများမည်ထင်သည်။

ဟောင်းဝပ် ဂါ(ဒ)နာ က သူ့ကလေးတွေကို လောကကြီးအကြာင်းသိစေချင်သည်။ သူတို့ကိုယ်သူတို့အကြောင်းလည်း သိစေချင်သည်။ ဒါမှ ကိုယ့်ရဲ့အားသာချက်ကို အသုံးပြုပြီး လောကကောင်းကျိုး ဆောင်ရွက်နိုင်မည်။ ကိုယ့်အားနည်းချက်ကိုဖြည့်ပြီး ကိုယ့်ကိုယ်ကို တည်ဆောက်နိုင်ပေမည်။ အခု ဒီမှာကတော့ ကျောင်းသားတွေကို ဦးတည်ရေးတာဖြစ်တဲ့အတွက်ကြောင့် ကျောင်းသားများနှင့်ဆိုင်သည့် ဥာဏ်ရည်ဥာဏ်သွေးအကြောင်း ကိုယ့်ရဲ့ဥာဏ်ရည် ဘယ်နေရာမှာထက်မြက်သလဲ သုံးသပ်နိုင်ရန် ဟောင်းဝပ် ဂါ(ဒ)နာ ၏ ဥာဏ်ရည်အမျိုးမျိုးအကြောင်း ယူဆချက်ကို တင်ပြလိုက်ပါတယ်။

 

သင်သည်ဥာဏ်ကောင်းသူတစ်ဦးပါလား။ သင်ဥာဏ်ကောင်းကြောင်း ဘယ်လိုသိပါသလဲ။ ပတ်ဝန်းကျင်ကပြောသည်လား။ ဒါမှမဟုတ် ခက်ခဲသည့် စာမေးပွဲအောင်မှတ်ကိုကြည့်ပြီးပြောသည်လား။ ဥာဏ်ရည်ဥာဏ်သွေးကိုတိုင်းတာသည်ဆိုသော IQ test တွေကိုဖြေပြီးပြောတာလား။

 

ဥာဏ်ရည်ကိုဘာနဲ့တိုင်း

တက္ကသိုလ်၊ စီးပွားရေးလုပ်ငန်းတွေ၊ စစ်တက္ကသိုလ် စသည့်အဖွဲ့အစည်းတို့သည် ဥာဏ်ရည်မြင့်မားသည့်သူများကို အလိုရှိတတ်ကြသည်။ ဥာဏ်ရည်မြင့်သူတွေကို စိစစ်ရွေးချယ် ခန့်ထားတတ်ကြသည်။ ဒါမှလည်း သူတို့ ရည်မှန်းချက်တွေ စီမံကိန်းတွေအောင်မြင်နိုင်မည်ဟု ယူဆကြသည်။ သမရိုးကျအားဖြင့် ဥာဏ်ရည်ဥာဏ်သွေးကို IQ test တွေဖြင့်စစ်ဆေးလေ့ရှိသည်။ အိုင်ကျူ ဆိုတာကတော့ Intelligence Quotient ဥာဏ်ရည်ပြကိန်းကိုဆိုလိုသည်။လူတစ်ယောက်ကို IQ Test ဖြင့်စစ်ဆေး၍ရလာသည့်ရလာဒ် သည် စိတ်သက် (Mental Age) ဖြစ်သည်။ ၄င်းကို သူ၏ အမှန်တကယ်အသက် / ဇာတာသက်  (Chronological Age) ဖြင့် စားပြီး ၁၀၀ နှင့်မြောက်သည့်အခါ Intelligence Quotient ဆိုသည့် ဥာဏ်ရည်ပြကိန်းထွက်လာသည်။ ၄င်းကိန်းသည် စကေးတစ်ခုအတွင်း ဘယ်လောက်ဆိုလျှင် ပျမ်းမျှ၊ ဘယ်လောက်ဆိုရင်တော့ ပျမ်းမျှအထက်၊ ထူးချွန်၊ ပါရမီရှင် စသည်ဖြင့် သတ်မှတ်ခြင်းဖြစ်သည်။ IQ (intelligence quotient) = (Mental Age / Chronological Age) x 100

 

Average IQ, Gifted IQ, Genius IQ

IQ အမှတ် ၁၀၀ ရလျှင် ပျမ်းမျှ IQ လို့သတ်မှတ်ပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးရဲ့လူသား တစ်ဝက်က ပျမ်းမျှ ရဲ့အောက်မှာ ရှိပြီး ကျန်တဲ့တစ်ဝက်ကတော့ ပျမ်းမျှအထက်ရှိပါတယ်တဲ့။ ပညာရှင်တွေထဲမှာတောင် အိုင်ကျူတစ်ခုတည်းနှင့် လူတစ်ယောက်၏အရည်အချင်းကို ကိုယ်စားပြုမဖော်ပြနိုင်ယူဆသူတွေအများကြီးရှိကြသည်။ ဒါကြောင့်လည်း နောက်ပိုင်း EQ (Emotional Quotient) စတာတွေဆက်လက် ဖော်ထုတ်လာကြသည်။ သမရိုးကျအားဖြင့် IQ test တွေမှာ စစ်ဆေးသည့်စွမ်းရည်တွေက အကျိုးအကြောင်းဆီလျော်စွာစဉ်းစား ဆင်ခြင်နိုင်သည့်စွမ်းရည် (Logical skills)၊ အတွက်အချက်စွမ်းရည် (Mathematical skills)၊ ဘာသာစကားစွမ်းရည် (Verbal Skills) စတာတွေသာဖြစ်သည်။ ဒီတော့ ဥာဏ်ရည်ထက်သူတစ်ယောက်ဟု သတ်မှတ်လိုက်လျင် အထက်ပါစွမ်းရည်တွေမှာ အားသာသူတွေဟု ယျေဘုယ လက်ခံကြသည်။ ဒါပေမယ့် ဥာဏ်ရည်ဆိုတာ ဘာလဲ ဆိုသည့် မေးခွန်းကိုက ပြဿနာဖြစ်လာသည်။ အခုထက်ထိ ပညာရှင်များ အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကြိုးစားနေကြတုန်းပင်။ ဟိုတုန်းက ဥာဏ်ရည်ဆိုသည်မှာ တစ်မျိုးတည်းဟုတွေးထင်ထားကြသည်။ ၁၉၈၃ ခုနှစ်မှာတော့ ဒေါက်တာ ဟောင်းဝပ်ဂါ(ဒ)နာ ဆိုသည့်ပုဂ္ဂိုလ်က ဥာဏ်ရည်ဆိုသည်မှာ တစ်မျိုးတည်းမဟုတ်။ အမျိုးအမျိုးအထွေထွေသော သိမှုစွမ်းရည်တွေ တစ်ခုနှင့်တစ်ခုဆက်နွယ်ကာ ဥာဏ်ရည်မှာလည်း အမျိုးမျိုးဖြစ်နိုင်သည်ဟု တင်ပြခဲ့သည်။ ၄င်းကို Theory of Multiple Intelligence ဟုခေါ်သည်။ အစောပိုင်းတွင် ဂါ(ဒ)နာက ဥာဏ်ရည် ၇ မျိုးကိုဖြော်ပခဲ့သည်။  

 

(၁) Linguistic intelligence (ဘာသာစကား)

ဒီဥာဏ်ရည်မှာတော့ ဘာသာစကားအရေးအဖတ်အပြောကို လေ့လာနိုင်မှု၊ ဘာသာစကားကိုအသုံးပြုပြီးတော့ ရည်မှန်းချက်တစ်ခုခုကို ပြီးမြောက်အောင်ဆောင်ရွက်နိုင်မှုတို့ဖြစ်သည်။ ဤဥာဏ်ရည်တွင်အားသာသူတို့သည် စာရေးစာဖတ်ခြင်း၊ စကားလုံးများကိုမှတ်မိလွယ်ခြင်းရှိတတ်သည်။ ထိုသူတို့သည် မှတ်စုများရေးသားခြင်း၊ ဆရာဟောပြောချက်ကိုနားထောင်ခြင်း၊ အခြားသူတို့နှင့်ဆွေးနွေးခြင်း၊ စကားရည်လုပွဲများတွင်ပါဝင်ခြင်းဖြင့် ပို၍သင်ယူလွယ်ကြသည်။   စာရေးဆရာ၊ ကဗျာဆရာ ရှေ့နေ စသည်တို့သည် linguistic intelligence ထက်မြက်သူများဖြစ်ကြသည်ဟု သူကယူ ဆသည်။

 

(၂) Logical-mathematical intelligence (သင်္ချာနှင့်အကျိုးအကြောင်းစဉ်းစားမှု)

ဒီဥာဏ်ရည်ကတော့ ပြဿာတွေကို အကြောင်းအကျိုး ခိုင်ခိုင်လုံလုံဖြင့် စဉ်းစားနိုင်မှု၊ စနစ်တကျ စုံစမ်းစစ်ဆေးနိုင်မှု၊ ထုတ်ယူဆင်ခြင်နိုင်စွမ်းစတာတွေနှင့်ဆိုင်သည်။  abstract patterns များ၊ ညီမျှခြင်းများကိုမှတ်မိလွယ်တတ်သည်။ ဒီဥာဏ်ရည်တွင်အားသာသောသူများသည် ပုစ္ဆာများကို နားလည်အောင်အားထုတ်ခြင်း၊ စာပိုဒ်များကို နားလည်အောင် သုံးသပ်ခြင်းဖြင့် လေ့လာသင်ယူလေ့ရှိသည်။ ကွန်ပျူတာပညာရှင်များ သိပ္ပံပညာရှင်များ၊ တရားသူကြီးများ၊ စသည့်အလုပ်အကိုင်များအတွက် လိုအပ်သည့် ဥာဏ်ရည်ဖြစ်သည်။

 

(၃) Musical intelligence (ဂီတ)

ဂီတဆိုင်ရာဥာဏ်ရည်ဆိုတော့ အသံတွေ၊ နရီ၊ စည်းချက် စတာတွေကို သိလွယ်မြင်လွယ် ခံစားလွယ်မှုမျိုးဖြစ်သည်။အနုပညာဥာဏ်ရည်တစ်မျိုးပင်ဖြစ်သည်။ ဒီလိုဥာဏ်ရည်ရှိသူတွေက သီချင်းသီဆိုခြင်း၊ ရေးသားခြင်း၊ တူရိယာတည်းခတ်ခြင်းတို့မှာထူးချွန်သည်။ ပညာလေ့လာရာမှာ အကြားအာရုံကို ပိုမိုအသုံးချလေ့ရှိသည်။ ဆရာ၏ဟောပြောချက်ကိုနားထောင်မှတ်သားလွယ်ကြသည်။  ဂါ(ဒ)နာ ရဲ့အလိုအရတော့ ဒီဥာဏ်ရည်သည် linguistic intelligence နှင့်ယှဉ်တွဲတွေ့ရတတ်သည်။

 

(၄) Bodily-kinesthetic intelligence (ခန္ဓာကိုယ် လှုပ်ရှားမှုဆိုင်ရာ)

ဒီဥာဏ်ရည်ကတော့ ပြဿနာတစ်ရပ်ဖြေရှင်းဖို့အတွက် ခန္ဓာကိုယ် တစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုခုကို ဖြစ်စေ၊ အသုံးချနိုင်မှု ၊ ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကို စိတ်ကထိန်းချုပ်နိုင်မှု စတာတွေနှင့်ဆိုင်သည်။ ပစ္စည်းကိရိယာတွေ ကိုင်တွယ်အသုံးပြုခြင်း၊ ခန္ဓာကိုယ်လှုပ်ရှားပါဝင်ရသည့် အားကစား၊ အက သင်ခန်းစာများတွင် အားသာသည်။ စာဖတ်ခြင်း၊ နားထောင်ခြင်းထက် လှုပ်ရှားမှုဖြင့် သင်ယူရသည်ကို နှစ်သက်သည်။ (ငယ်စဉ်က စက္ကူအရုပ်ကလေးများချိုးခြင်း၊ သားရေကွင်းဖြင့် ကြယ်ပုံ၊ အိမ်ပုံ စသည်တို့တွင်ကျွမ်းကျင်သည့် သူငယ်ချင်းများကိုသတိရမိသည်။) ဒီဥာဏ်ရည်မျိုးသည် အားကစားသမား၊ လေယဉ်မှူး၊ အကပညာရှင်၊ ဂီတပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ ခွဲစိပ်ဆရာဝန်၊ စစ်သား၊ ရဲ စသည့်အသက်မွေးမှုများအတွက်လိုအပ်ပေသည်။

 

(၅)) Spatial intelligence (အမြင်အာရုံ)

ဒီဥာဏ်ရည်ကတော့ အကွာအဝေး၊ အတိုင်းအတာ စတာတွေမှာသိမြင်လွယ်တတ်သည့်ဥာဏ်ဖြစ်သည်။ မျက်လုံးဖြင့် အာရုံပုံဖော်ရာတွင်ထက်မြက်သည်။ ၄င်းဥာဏ်ရည်ရှိသူသည် အမြင်ဖြင့် လေ့လာမှုကောင်းသည်။ အရောင်တွေ၊ အရုပ်တွေ၊ ပုံတွေကိုမှတ်မိလွယ်သည်။ ပန်းချီဆရာ၊ ဒီဇိုင်နာ၊ ဗိသုကာပညာရှင်တို့တွင်တွေ့ရလေ့ရှိသည့် ဥာဏ်ရည်မျိုး ဖြစ်သည်။

 

(၆) Interpersonal intelligence (လူများနှင့်ဆက်ဆံရေး)

၎င်းဥာဏ်ရည်သည် တခြားလူများ၏ စိတ်နေစိတ်ထား၊ ရည်ရွယ်ချက်၊ စိတ်ခံစားချက် တို့ကို နားလည်မှုနှင့်ဆိုင်သည်။ Interpersonal intelligence ကောင်းသူများသည်လူအများနှင့်စုပေါင်းလုပ်ဆောင်ရ သည့်ကိစ္စများတွင် ထက်မြက်သည်။ ၄င်းတို့သည် ပွင့်လင်းသောသူများ (extrovert)များဖြစ်လေ့ရှိသည့်အတွက်
အသင်းအဖွဲ့နှင့်လုပ်ဆောင်နိုင်ကြသည်။ နောက်လိုက်ဖြစ်စေ၊ ခေါင်းဆောင်ဖြစ်စေ ကျရာနေရာတွင် တခြားသူများနှင့် ဆက်ဆံနိုင်ကြသည်။ မန်နေဂျာကောင်းများ၊ အရောင်းစာရေးများ၊ ကျောင်းဆရာများ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးအလုပ်များအတွက်လိုအပ်သည့် ဥာဏ်ရည်ဖြစ်သည်။

 

(၇) Intrapersonal intelligence (ကိုယ့်ကိုယ်ကိုဆက်ဆံရေး)

ဒါကတော့ ကိုယ့်ကိုယ်ကို သိမှု၊ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ၊ မျှော်လင့်ချက်တွေ ကို ဘာသာပြန်နိုင်မှုနှင့်ဆိုင်သည်။ ဒီလိုလူမျိုးသည် ကိုယ့် အားသာချက်၊ အားနည်းချက်၊ ကျွမ်းကျင်မှု တွေကိုမြင်တတ်သူမျိုးဖြစ်သည်။Interpersonal intelligence ရှိသူနှင့် ဆန့်ကျင်ဘက် introverted person များဖြစ်လေ့ရှိသည်။ တစ်ကိုယ်တော်လှုပ်ရှားရတာ ကိုနှစ်သက်သည်။  ယုံကြည်ချက်ကို ကိုင်စွဲသူများ၊ တနည်းအားဖြင့် ခေါင်းမာဇွဲကောင်း သူများတွင်တွေ့လေ့ရှိသည့် ဥာဏ်ရည်မျိုးဖြစ်သည်။ အတွေးအခေါ်ပညာရှင်၊ စိတ်ပညာရှင်၊ ဥပဒေပညာရှင် စာရေးဆရာ စသည့်အလုပ်မျိုးအတွက်သင့်တော်သည့်ဥာဏ်ရည်ဖြစ်သည်။

 

အထက်ပါဥာဏ်ရည် ခုနှစ်မျိုးကတော့  Dr. Howard Gardner က ၁၉၈၃ မှာရေးသားခဲ့သည့် Frames of Mind ဆိုသည့်စာတမ်းတွင်ပါဝင်ခဲ့သည့်မူလ ဥာဏ်ရည်များဖြစ်သည်။ နောက်ပိုင်းမှာတော့ Naturalistic intelligence၊ Existential intelligence စသည်တို့ကိုထပ်ထည့်ခဲ့ပါသေးတယ်။

 

ကျောင်းသားတို့အတွက်ဘယ်လိုအသုံးချမလဲ

ဒီလိုဥာဏ်ရည်တွေအမျိုးမျိုးအကြောင်းသိရှိပြီးသွားတဲ့နောက်မှာတော့ ကျောင်းသားများအနေနဲ့ မိမိဘာသာရပ်တစ်ခုခုမှာ အားနည်းလို့ စိတ်ပျက်ဝမ်းနည်းမနေပါနဲ့လို့အားပေးချင်ပါတယ်။

အားသာတဲ့ဥာဏ်ရည်အပေါ်မှာမူတည်ပြီးတော့ ကျောင်းသားတွေရဲ့ သင်ယူမှုပုံစံ (learning style) တွေလည်း ကွဲပြားသွားပါတယ်။  musical intelligence ကောင်းသူက auditory learning style နဲ့ပိုပြီးသင်ယူလိုမှာဖြစ်ပြီး visual learners တွေကျတော့လည်း spatial intelligence ပိုကောင်းမှာဖြစ်ပါတယ်။ တစ်ချို့ကျတော့လည်း ခန္ဓာကိုယ် လှုပ်ရှားမှုပါတဲ့ kinesthetic learner တွေဖြစ်နိုင်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ အားကောင်းတဲ့ဥာဏ်ရည်ကို သိရင် ဘယ်လို learning style မျိုးကို များများအသုံးချရမလဲဆိုတာ သဘောပေါက်မှာဖြစ်ပါတယ်။

 

တကယ်တော့ ဒီဥာဏ်ရေတွေဟာ ခွဲခြားပြီးပြောနေပေမယ့် လူတစ်ယောက်မှာ အဲဒီဥာဏ်ရည်တွေ အားလုံးရှိနိုင်ပါတယ်။ အဲဒီအထဲကမှ ကိုယ်က ဘယ်ဥာဏ်ရည်မှာပိုအားသာနေသလဲ၊ ဘယ်ဥာဏ်ရည်မှာ အားနည်းနေလဲ သုံးသပ်ပြီး မိမိကိုယ်ကိုပြုပြင်သွားရဖို့ပဲရှိပါတယ်။ သင်္ချာညံ့သူက အနုပညာမှာတော်နိုင်ပါတယ်။ လူမှုဆက်ဆံရေးအားနည်းသူက အများအကျိုးရှိတဲ့စာတွေရေးသားတဲ့ စာရေးဆရာတစ်ယောက်ဖြစ်နိုင်ပါသေးတယ်။

ရုပ်ရှင်သရုပ်ဆောင် ၀င်းဦးတို့လို လူမျိုးတွေကျတော့လည်း ကျွန်တော်တို့ ပြောပြောနေတဲ့ ဥာဏ်ကောင်းသူဆိုတဲ့ ဥာဏ်ရည်အများစုမှာ ထူးချွန်တဲ့သူဖြစ်မှာပါ။

 

လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ဥာဏ်ရည်ထက်မြက်နေပါစေ၊ ပညာထူးချွန်နေပါစေ စိတ်ဓါတ် ခံယူချက်မကောင်းဘူးဆိုရင် လူ့လောကအတွက်အကျိုးရှိတဲ့လူမဖြစ်နိုင်ပါဘူး။ တခြားဥာဏ်ရည်တွေနိမ့်ပေမယ့်လည်း စိတ်ကောင်းရှိတဲ့သူ၊ ပတ်ဝန်းကျင်အတွက် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေသူတွေကတော့ ဂါ(ဒ)နာ နောက်ဆုံး အဆိုပြုထားတဲ့ moral intelligence (ကိုယ်ကျင့်တရားဥာဏ်ရည်) မှာပျမ်းမျှအထက်ရှိသူလို့သာ တလေးတစား ဦးညွှတ်ချင်ပါတော့တယ်။

post writer- ဇာနည်(MyWay!)

About blaze

blaze has written 15 post in this Website..

..............................