“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း”(၅)

၅“ မကြည့်စကောင်း ကြည့်စကောင်း ငယ်ငယ်တုန်းက ဓါတ်ရှင်အကြောင်း”
(အပိုင်းငါး မကြည့်ကြတော့တဲ့ရုပ်ရှင်နဲ့ ပျောက်ဆုံးသွားသောဘဝများ………………)

(ဝေဖန်လို့လေကန်ရင်း ဝေးသွားခဲ့တဲ့ရုပ်ရှင်)
ကျနော်ငယ်ငယ်ကနှစ်သက်ခဲ့တဲ့သီချင်းလေးတပုဒ်ရှိပါတယ်။
“ရုပ်ရှင်သွားဘို့ အလှပြင်ရန်ပင် မှန်တင်ခုံနှင့်ကျမ မျက်နှာချင်းဆိုင်
ကို်ယ်ဟန်ကျော့ကျော့မော့မော့လေးထိုင်………….
တို့ပတ်ကလေးနဲ့ဘီးကလေးတကိုင်ကိုင်……………………….
ရုပ်ရှင်ချိန်နီးသည့်အခါတိုင် ကျမကလဲမပြီးသေးပါနိုင်…..
လာစမ်းပါအုံးမောင်ရဲ့ ပျို့ချစ်တဲ့သက်ပိုင် သက်ပိုင် အပြာရောင်ဆွယ်တာလေး ရှာပေးစမ်းပါ့ချစ်တဲ့သူကေခိုင်”
ရုပ်ရှင်သွားကြည့်ခါနီးအလှပြင်နေတဲ့မိန်းကလေး တစ်ယောက် ရုပ်ရှင်ချိ်န်နီးတာတောင်အလှပြင်မပြီးနိုင်တဲ့အကြောင်းလေးကို လှပစွာဖွဲ့ဆိုထားတဲ့ မြန်မာသံစဉ်သီချင်း လေးပါ။ သီဆိုသူကတော့ မြင့်မြင့်စိန်လို့ထင်မိပါတယ်။

နောက်တပုဒ်က တော့စတီရီယိုသီချင်းနာမယ်ကြီးတာလေးပေါ့၊
“ကြာတယ် ကြာတယ် မြန်မြန်လာကွာ…………………..ပြီးပါပြီ အိုကြာတယ်ကွာ” ဆိုတဲ့ သီချင်းလေးပါဘဲ။
မြန်မာပြည်သိန်းတန်နဲ့ဇာခြည်လင်းတို့ဆိုထားကြတာပါ။ ဒီသီချင်းလေးကလဲရုပ်ရှင်သွားကြည့်ခါနီး အလှတွေပြင်တာကြာလွန်းတာကို သည်းမခံနိုင်တဲ့ယောက်ျားကလောတာပေါ့။ မိန်းကလေးကလဲပြီးပါပြီပေါ့။

အရင်ကခေတ်က မိန်းကလေးများခဗျာမှာအခုခေတ်က မိန်းကလေးများလို ကိုယ်စိတ်ထဲရှိသလိုအပြင်ထွက်ခွင့်မရပါဘူး။
အခုခေတ်မှာတော့လွတ်လွတ်လပ်လပ်စိတ်တိုင်းကျသွားလာခွင့်ရလာပါတယ်။ အဲတော့လဲအပြင်ထွက်ခွင့်ကြုံတဲ့အထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ရုပ်ရှင်သွားကြည့်မယ်ဆိုရင် မိန်းကလေးများကလှနေအောင် ရှယ်ပြင်ကြ အလန်းဇယားတွေဖွင့်ကြပါတော့တယ်။
‘အခုခေတ်မှာလဲ ပြင်ကြတာပါဘဲ။ ဒါပေမယ့်ရှေးကတော့ အခုထက်ပိုပါတယ်။

ရုပ်ရှင်တစ်ပွဲကြည့်မယ်ဆိုရင် အလိုအပ်ဆုံးကတော့ အချိန်ပါဘဲ။ အရင်ခေတ်က ရုပ်ရှင်ကြည့်မယ်ဆိုရင် ကြိုတင်လက်မှတ်ဖြတ်လို့မရပါဘူး။
(အခွင့်ထူးခံစားခွင့်ရသူများကလွဲလို့ပေါ့)။ အဲဒီတော့ ရုပ်ရှင်မပြခင်ကြိုတင်လို့ သွားပြီးတန်းစီရပါတယ်။
ဘယ်လောက်စောစောသွားရသလဲဆိုတာကတော့ အဲဒီကား လူဘယ်လောက်အကြည့်များသလဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်။
အများအားဖြင့် နာရီဝက်တစ်နာရီလောက်တော့ စောသွားကြရပါတယ်။ သိပ်လူကြိုက်များတဲ့ကားဆိုရင်နေ့လည်12နာရီပွဲကြည့်ဘို့ မနက်ကိုးနာရီကထည်းကသွားတန်းစီရပါတယ်။ (ဒါပေမယ့် လက်မှတ်မှောင်ခိုတွေလက်ထဲမှာတော့ လက်မှတ်အပြည့် ။ အဲဒီအခါက လက်မှတ်မှောင်ခိုဆိုတာလူတန်းစားတစ်ရပ်အဖြစ် ကြီးစိုးခဲ့ဘူးပါတယ်။ )

အဲတော့ရုပ်ရှင်တစ်ကားကြည့်ဘို့အတွက်က အချိန်ဆင်းရဲတယ်ဆိုရင်ကြည့်လို့မရတာကတော့အသေအချာပါဘဲ။ အခုခေတ်မှာတော့ ကြိုတင်လက်မှတ်ဝယ်ထားလို့ရတော့ တန်းစီရတဲ့ဒုက္ခကတော့ လွတ်ကင်းပါတယ်။ ဒါပေမယ့်ကျနော့်ရဲ့အစိုးမရတဲ့အလုပ်ချိန်တွေကြောင့် အားတယ်ထင်ပြီးလက်မှတ်ဝယ်ထားပြီးမှအလုပ်ပေါ်လာလို့မကြည့်လိုက်ရတာလဲအကြိမ်များစွာ။ အဲတာကတော့အခုလက်ရှိအချိန်မှာ ကျနော်ရုပ်ရှင် မကြည့်ဖြစ်တော့တဲ့အကြောင်းထဲက တစ်ခုပေါ့နော်။

ကျနော်တက္ကသိုလ်ရောက်တဲ့အခါမှ စာအပိုဖတ်များလာသလို ကျနော်ထက်စာပိုဖတ်တဲ့လေးစားစရာကောင်းတဲ့အကိုကြီးတွေနဲ့လဲ
လက်ဖက်ရည်ဆိုင်ထိုင် လို့ ဝေဖန်ဆွေးနွေးလေကန်ရေးတွေလုပ်တာပေါ့။ အဲဒီအချိန်တုံးကတော့ ဟိုဝါဒ ဒီဝါဒတွေလွှမ်းမိုးလို့ ဘာလေးပြောပြော လူတန်းစားအမြင်တွေဆိုတဲ့ဟာနဲ့ဘဲတိုင်းတာခဲ့ကြပါတယ်။ နောက်စာဖတ်တာကိုဘဲဖြစ်ဖြစ် ရုပ်ရှင်ကြည့်တာကိုဘဲဖြစ်ဖြစ် သီချင်းနားထောင်တာကိုဘဲဖြစ်ဖြစ် သဘာဝမကျဘူးကျတယ် လူတန်းစားမမှန်ဘူးမှန်တယ်လက်တွေ့မဆန်ဘူး ဆန်တယ်ဆိုတာကိုဘဲဦးစားပေးလို့ စဉ်းစားခဲ့တာကိုးဗျ။ နောက် အဲဒီအချိန်တုံးက တစ်ခုခုများအမှားတွေ့ရင်ထောက်ပြရတာကို သိပ်အရသာတွေ့ခဲ့ပါတယ်။
“ငါသိတယ်ငါမြင်တယ်”ဆိုတဲ့အတွေးနဲ့ပေါ့။ အဲလိုမှားတာကိုထောက်ပြန်နိုင်ရင်လဲ အချင်းချင်းတွေက လဲ အားပေးတာကိုး။
“ဒီကောင်မြင်တတ်တယ်ပေါ့”အဲတော့လဲ ရုပ်ရှင်ကြည့်တယ်ဆိုတာနဲ့ ဘယ်နေရာမှာဘယ်လိုလွဲသလွဲဆိုတာကိုသတိထားကြည့်တော့တာပေါ့။
ကြည့်တော့လဲတွေ့တာပေါ့။ နာမယ်ကျော် “နန်းတွင်းအရေးတော်ပုံ”ကားမှာဆိုရင် ရှေးမြန်မာစစ်သားက ဂျပန်ဖိနပ်စီးထားတာတို့။
စစ်သားတွေတန်းစီသလိုနေတဲ့အချိန်မှာ လေယာဉ်ပျံအရိပ်ကြီးပါလာတာတွေ့ တာပေါ့။ တွေ့တော့လဲသဘာဝမကျဘူး ဘာဘူးတို့ဆိုပြီး ဝေဖန်တာပေါ့။ နောက်ဝင်းဦးရဲ့နာမယ်ကျော်”တိမ်ဦးလေပြေမောင့်ကိုစေ “ဆိုပြန်ရင်လဲ ငယ်ကတည်းကကြိုက်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီကားလေးမှာဓါတ်ပြားအကွဲလေးကိုဇာတ်ရဲ့အဓိကနေရာမှာမြုပ်ကွက်လို့ထားတာပေါ့။ အဲဒါကလဲနိုင်ငံခြားကားကိုမှီးထားတာဆိုတာကိုလဲသိရော မကြိုက်ချင်သလိုလိုဖြစ်သွားပါရော။
နောက်မြန်မာပြည်မှာ နောက်ပိုင်းလူတွေဘယ်လောက် လူခွဲခွဲ ဝင်းဦးကို မမှီနို်င်တဲ့ကားရှိပါတယ်။ ဝင်းဦးတစ်ယောက်ထဲအများကြီး ကိုယ်ခွဲတွေလုပ်ပြီး သရုပ်ဆောင်ထားတဲ့ “ချစ်သူရွေးမယ်ချစ်ဝဲလည်”ပါ။ ကားစစခြင်းအဖေလုပ်သူ သေတဲ့အချိန်ပေါ့။
“အဖေကသေရင် ဒီလိုမသေဘူး ပြုံးပြုံးလေးသေမှာ” ဆိုတဲ့အသံလဲကြားရောသေတယ်ဆိုတဲ့လူက“ဟုတ်တယ်” လို့ပြောပြီး ပြန်ရှင်နောက်မှ ပြုံးပြုံးလေးပြန်သေပြတာပေါ့။ အဲဒီအခန်းကိုလူတွေကပြောပြောပြီးသဘောကျလိုက်ကြတာ။ ကျနော်ကတော့သဘာဝမကျဘူးဆိုဝေဖန်တာပေါ့။ နောက်ဝင်းဦး ညီအကိုနှစ်ယောက်လုံးထွေးသတ်တဲ့အခန်း လူနဲ့မတူဘဲအရုပ်တွေနဲ့ရိုက်ထားသလိုမျုးိပေါ့။ အဲဒါကိုလဲပြောတာဘဲမသေသပ်ဘူးပေ့ါ။ အဲဒီအချိန်က ကျနော်အရင်ဆုံးပြဿနာတက်ရတာကတော့ ကျနော်အဒေါ်တွေအမတွေနဲ့ဘဲ။
သူတို့က ဘာကားကြည့်ကြည့်ကောင်းတယ်ပြော ကျနော်ကလဲဘယ်နှယ့်ညာနှယ့်ဝေဖန်။ မခံနိုင်တဲ့ အဒေါ်တွေအမတွေက ကွိစိကွစနဲ့ပြော။
အပြန်အလှန်ငြင်းကြတာလေ။ နောက်ဆုံးတော့”အခုမှ သိပ်မကြီးကျယ်နဲ့ ငပေါက်ရေ ့ ငါတို့ကမခေါ်တာတောင် နင်ဒီကားတွေကို ကြည့်ချင်လွန်းလို ဇွတ်လိုက်ခဲ့တာလေ”ဆိုတဲ့နေရာရောက်ရင် ကျနော်အရုှံးပေးလိုက်ရပါပြီ။ အရင်တုံးက ဆရာစိန်ခင်မောင်ရီရဲ့ရုပ်ရှင်ဝေဖန်ချက်တွေကိုလဲသိပ်သဘောကျတာပေါ့။ အဲဒီလိုဘာမှားနေသလဲလို့ ကြည့်တတ်တာက အလေ့အကျင့်လိုဖြစ်သွားတာရဲ့ ရလာဒ်ကတော့ ရုပ်ရှင်ကြည့်ရတာ အရသမရှိတော့တာပါဘဲ။ ကိုယ်ကအမှားဘဲမြင်နေတော့ကောင်းတယ်ဆိုတဲ့အချက်လေးတွေကို သတိမထားမိတော့ဘူးလိုု့ဆိုနိုင်ပါတယ်။ ချစ်သူရွေးမယ်ချစ်ဝဲလည်ဆိုရင် ဟာသလိုလို သဘာဝမကျတာလိုလိုပေမယ့် လူ့တွေရဲ့ ဖျောက်ဖျက်မရနိုင်တဲ့ပင်ကိုယ် စရိုက်ကလေးတွေကိုရိုက်ပြထားတာကတော့ နှစ်သက်စရာပါဘဲ။ အိမ်ထောင်ပြုခါနီးဆဲဆဲလူက သူလက်ထပ်မယ့်အမျိုးသမီးကို စိတ်တိုင်းမကျဖြစ်နေချိန် သူ့ရဲ့ညီအကိုတွေထဲက အိမ်ထောင်ကျပြီးသားအိမ်တွေကို တစ်လှည့်စီလိုက်နေတဲ့အခါမှာ ကောင်းတဲ့စရိုက်ရော ဆိုးတဲ့စရိုက်ရောပြွမ်းလို့နေတာကလူ့စရိုက်ဆိုတာကို သူလက်တွေ့သိလာရအောင် လင်မယား တစ်စုံတွဲစီခြင်းကို သဘာဝကျကျ ဟာသတွေနဲ့ရောလို့ရိုက်ပြထားတာပါ။ မင်းသမီးပေါင်းစုံနဲ့တွဲလို့ စရိုက်တစ်ခုခြင်းစီကို ပီပြင်အောင်ရိုက်ပြနိုင်ခဲ့တာကလဲအမှန်ပါဘဲ။

နောက်ပိုင်းမှာတော့ ကျနော်မြန်မာကားအကြည့်နည်းပြီးနိုင်ငံခြားကားဘဲ အကြည့်များပါတော့တယ် ။ နောက်ပိတ်ရက်မရှိတဲ့အလုပ်ထဲကို ရောက်သွားတဲ့အခါ မှာအရင်ကလိုစိတ်တိုင်းကျ ရုပ်ရှင်မကြည့်နိုင်တော့ပါဘူး။ အဲတော့အရင်လိုလဲရုပ်ရှင်ကားလဲတိုင်းမကြည့်နိုင်တော့ပါဘူး။
ကောင်းတယ်ဆိုတဲ့ကားလေးတွေရွေးကြည့်တာပေါ့ ။ နောက်ပိုင်းတက်လာတဲ့ ကျော်သူ စိုးသူ ခိုင်ခင်ဦး မို့မို့ မေဆွိ ရန်အောင် ရဲအောင် ကျော်ရဲအောင် လွင်မိုး နန္ဒာလှိုင် ဒွေး စိုးမြတ်သူဇာ လူမင်း စိုးမြတ်နန္ဒာ ထွန်းအိန္ဒြာဗိုလ် ထက်ထက်မိုးဦး တို့ကားတွေကို အများကြီးကြည့်ခွင့်မကြုံတော့တာလဲအမှန်ပါဘဲ။ မကြည့်ဖြစ်ဘူးဆိုတာကတော့ ရုပ်ရှင်ရုံမှာသွားမကြည့်ဖြစ်တာကိုပြောတာပါ။
ဒါပေမယ့် ရုပ်မြင်သံကြားက ပြန်ပြတာတို့ ဗွီဒီယိုခွေအနေနဲ့ထွက်တယ်ဆိုရင်တော့ ကြိုကြား ကြိုကြား ကြည့်ဖြစ်ပါတယ်။
ကျနော်ရုပ်အကြည့်ကျဲသွားတဲ့ကြားကနေ ကြည့်ဖြစ်တဲ့ကားလေးထဲက မှတ်မိနေတာလေးတွေကို တော့ ပြန်ပြောပြချင်ပါသေးတယ်။
အဲဒီကားတွေကြည့်မိတဲ့အခါမှာ ဖျော်ဖြေရေးအတွက် ကြည့်ရုံတင်မက စိတ်ထဲမှာ ဝေဖန်မူ့လေးတွေနဲ့ကြည့်မိတော့ ငယ်ကလောက်တော့
ကြည့်ရတာ အရသာ တယ်မရှိလှတာတော့အမှန်ပါ။

ကျနော်သင်္ကြန်မိုးကားကိုတော့ တကယ်ကို ကြည့်ချင်လွန်းအားကြီးတဲ့အတွက်သွားကြည့်ဖြစ်ပါတယ်။
ဒါတောင် ရုပ်ရှင်စပြတဲ့အချိန်လေးမှ ကပ်ပြီးရောက်ပါတယ်။ မန်းလေးသင်္ကြန်အကြောင်းဖြစ်နေတာရယ် မန်းလေးမြိုကို အခြေခံပြီးရိုက်ထားတာရယ်ကြောင့်မဖြစ်ဖြစ်အောင်ကြည့်ခဲ့တာပါ။ အခုအချိန်အထိမန်းလေးသင်္ကြန်နဲ့ပါတ်သက်ရင်အကောင်းဆုံးကားလို့ပြောနိုင်ပါတယ်။ အဲဒီကားထဲမှာ ကျနော်အကြိုက်ဆုံးအခန်း သုံးလေးခန်းလောက် ပါ ပါတယ်။
ပထမအခန်းလေးက နေအောင် ပွဲမှာ စန္ဒယားတီးနေတုန်း အရက်ခိုးအသောက် လက်က စန္ဒယားခလုတ်ပေါ်လက်ထောက်မိတဲ့အခါ
“တောင်”ဆိုတဲ့စန္ဒယားသံလေးထွက်လာတဲ့အခန်းရယ်၊ဇင်ဝိုင်းကို သင်္ကြန်မှာ ကားနဲ့လိုက်မလည်ရ ဘူးလို့နေအောင် ကတားမြစ်လိုက်တဲ့အချိန် စက်ဘီးတစ်စီးနဲ့လျောက်သွား သစ်ပင်အောက်စိတ်ပျက်လက်ပျက်ထို်င်နေတုန်း ကလေးတွေက ရေလာပက်တဲ့အခန်းရယ်၊နောက်ဆုံးဇာတ်သိမ်းခန်းမှာ သူ့သားလေး ရဲ့ အလှပြသင်္ကြန်ကားကို လူကြားထဲကနေတိုးဝှေ့လို့ ဝင်ကြည့်ပြီး ကျေနပ်နေတဲ့နေအောင်ရဲ့သရုပ်ဆောင်ပုံတွေပေါ့ ။ နောက်ပြီး ဘေးအကာဘဲရှိ အမိုးအကာမရှိတဲ့ အတုမရှိကျောင်းတော်မှာ နေအောင်နဲ့ခင်သန်းနုစကားပြောကြတဲ့အခန်းလေးကလဲရိုက်ချက်တွေလှပ လွန်းပါတယ်။ ကျနော့်ထုံးစံအတိုင်းမကြိုက်တာပြောရရင်တော့ သင်္ကြန်ကားကြီးကို လှည့်ပါတ်ကနေကြတဲ့အခန်းမှာအဲဒီနားသာရေတွေစိုနေပြီး သိပ်မလှမ်းမကမ်းမှာတော့ ခြောက်သယောင်းနေတော့ ဆင်ပြီးရိုက်ထားနေတာကသိပ်သိသာနေတာရယ်ဇာတ်လမ်းအစ ဘုရားမှာပန်းစီးတစ်စီးထဲကိုမင်းသမီးနှစ်ယောက်အပြိုင်ကိုင်လိုက်မိတာကို ရိုက်ပြတော့၊မင်းသမီးနှစ်နဲ့မင်းသားတစ ်ဇာတ်ရှုပ်တော့မယ်လို့ ကြိုပြီး နိမိတ်ပြပေးသလိုပါဘဲ။

နောက်ကျနော်ကြည့်ပြီးစိတ်တိုင်းမကျတဲ့ကားလေးလဲရှိပါတယ်။ အတော်လေးကို ငွေအကုန်ခံ အပင်ပန်းခံပြီးရိုက်ပြတဲ့ကားလေးပါ။
“သူ့ကျွန်မခံပြီ”ပါဘဲ။ မြန်မာ့နောက်ဆုံးဘုရင်သီပေါဘုရင် ပါတော်မူတဲ့အခန်းမှာ ဇာတ်သိမ်းတော့ သူ့ကျွန်ဖြစ်သွားတဲ့ အကြောင်းဇောင်းပေးထားသလိုခံစားလိုက်ရပါတယ်။ တကယ်ဆိုရင်သီပေါပါတော်မူတာကို ပါးပါးလေးပြသူပါတော်မူပြီးတဲ့အချိန်မှ အားလုံးကဝိုင်းတော်လှန်တာများများပြ။
အဲဒါဆိုပိုကောင်းမယ်ထင်ပါတယ်။ နောက်သီပေါမင်းကို အင်္ဂလိပ်က သင်္ဘောဆိပ်ကိုခေါ်သွားတဲ့အခန်း ကတော့ ပါတော်မူတာနဲ့မတူဘဲအခုခေတ်အရပ်ထဲမှာအလှူလှည့်နေသလိုပါဘဲ။ အဝတ်အစားတွေက သစ်လွင်တောက်ပလွန်းတယ်လို့ထင်ပါတယ်။
ကောင်းတာကတော့ အသံဖမ်းစံနစ်ပါဘဲ။ မြန်မာကားတွေမှာ တစ်ခါမှ မကြားရဘူးတဲ့အသံတွေကို ပီပီသသကြားရတာပါဘဲ။

ဒါတွေအခုမှလာပြောရသလားလို့တော့ အပြစ်မတင်ပါနဲ့နော် ကြုံတုန်းလေးတော်ကီပွားကြည့်မိတာပါ။
ဆက်ပွားရမယ်ဆိုရင်တော့ ဆရာငြိမ်းကျော်ရဲ့ “နှောင်းခဲ့ပြီနွေ”ကိုကျော်သူ မိုု့မု့ိမြင့်အောင်တို့နဲ့ရုပ်ရှင်အဖြစ်ဖန်တီးပါတယ်။
အဲဒီကားရိုက်မယ်ဆိုတော့ ဒီကားကို ရိုက်တဲ့အခါအရင်က အချက်အလက်တွေကို ဘယ်လိုရှာတဲ့အကြောင်း၊
ပြက္ခဒိန်အဟောင်းတွေကို ဘယ်လိုပြန်ရှာထားတယ် သတင်းစာအဟောင်း မဂ္ဂဇင်းအဟောင်းတွေကိုဘယ်လိုပြန်ရှာပြီးထည့်ထားတယ်ဆိုတာ
အကျယ်တဝင့်ပြောပြထားပါတယ်။ ထုံးစံအတိုင်းကျနော်ကြိုက်တဲ့ဆရာရဲ့ဝတ္တုကိုရိုက်တာဆိုတော့ သွားကြည့်ဖြစ်ပါတယ်။
ကောင်းပါတယ် ဒါပေမယ့် ကျနော်ထုံးစံအတိုင်း အမှားတွေ တွေ့သပေါ့ ။ နှစ်ယောက်သား ခုံတန်းလျားလေးပေါ်မှာထိုင်ပြီး မင်းသမီးကနေမြက်ပင်ကလေးကို ကို်င်ပြီး ချစ်ခွန်းဖွဲ့နေတဲ့အခန်းမှာပါ။ ရန်ကုန်တက္ကသိုလ်က RASU မန်းလေးတက္ကသိုလ်ကို MASU လို့ခေါ်ခဲ့ကြတဲ့အချိန်ကာလကိုရိုက်ပြထားတာပါ။ ဒါပေမယ့် သူတို့ထိုင်နေတဲ့ထိုင်ခုံနောက်က တန်းမှာ တက္ကသိုလ်နာမယ်အတိုကောက်ကို ရေးထားတဲ့အခါမှာ R နဲ့စရမယ့်နေရာမှာ Y နဲ့စထားတာလေးကို သွားမြင်မိတာပါ။ နောက်မင်းသားနဲ့မင်းသမီး သစ်ပုတ်ပင်အခေါင်းထဲမှာ အချိုရည်ဘူးလေးထည့်ထားခဲ့ပါတယ်။ နောက်နှစ်တွေအများကြီးကြာတဲ့အခါမှပြန်လာပြီး အဲဒီအချိုရည်ဘူးလေးကို ပြန်ရှာကြပါတယ်။
အသစ်ကလေးအတိုင်းပြန်တွေ့တာက သဘာဝမကျပါတာရယ်၊ အချိန်ကာလမတူတဲ့ရက်ကို ရိုက်ပြပေမယ့် မင်းသားရော ဇာတ်ရံတွေပါဝတ်ထားတဲ့အဝတ်အစားတွေက အတူတူဖြစ်နေတော့တစ်ရက်ထဲ မှာရိုက်ထားတယ်ဆိုတာ သိသာတဲ့အကြောင်းတွေပေါ့။
ဒီအကြောင်းလေးကိုရေးပြီး ရွှေအမြုတေမဂ္ဂဇင်း ပေးစာကဏ္ဍကို ပို့လိုက်တာပါလာဘူးပါတယ်။
ကိုယ်ရေးပေးလိုက်တာစာ ပုံနှိပ်စာလုံးလေးနဲ့မြင်ဘူးတာ ဒါပထမဆုံးအကြိမ်ပေါ့။

နောက်ဆုံးကျနော်ရုပ်ရှင်ရုံကိုသွားကြည့်တဲ့ကားကတော့လျှို့ဝှက်သောနှင်းပါဘဲ။ ကျနော်နှစ်သက်တဲ့ဆရာမ ဂျူးဖြစ်နေတာရယ် ရေခဲတောင် အလှကို ကြည့်ချင်တာရယ်ကြောင့်ပေါ့။ စပြလို့မကြာခင်မှာဘဲ ထွန်းထွန်းဝင်းသရုပ်ဆောင်ရတဲ့ ပုံစံက မှားနေတယ်ဆိုတာသိလိုက်ရပါတယ်။
ဝတ္တုထဲမှာက ထွန်းထွန်းဝင်းက ရှားပါးလိပ်ပြာမျိုးစိတ်များကို စုဆောင်းနေတဲ့ပညာရှင်တစ်ဦး။ သစ်ကိုင်းအစွန်အဖျားမှာ ရှိနေတဲ့လိပ်ပြာလေးကို ယူရင်းမတော်တဆချော်ကြသွားတာ။ ဒါကို ညွန့်ဝင်းက မကယ်လိုက်နိုင်ဘူး။ ဒါက ဝတ္တုထဲမှာ။
ရုပ်ရှင်ထဲမှာတော့ ရေခဲတောင်မြင်တာနဲ့ ထွန်းထွန်းဝင်းက ကလေးလေးလို တဟေးဟေးတဟားဟားနဲ့အော်ပြေးရင်း
ချော်ကြ။ ညွန့်ဝင်းက မကယ်နိုင်လိုက်ဘူး။ ရလဒ်တူပေမယ့် ဖြစ်စေတဲ့အကြောင်းခြင်းက မတူဘူးဖြစ်သွားပါတယ်။
အဲတော့ ဇာတ်ကိုအရှိန်မြင့်စေမယ့် အကြောင်းအရာတစ်ခုက ပေါ့ပေါ့တန်တန်ဖြစ်သွားပါတယ်။
နောက်တစ်ခန်းကတော့ ဟန်ဇော်ထွန်းက မုဆိုးမအဖြစ်ကျန်ခဲ့တဲ့သူဆီလာတာ ထွန်းထွန်းဝင်းသုတေသနလုပ်ထားတဲ့
လိပ်ပြာလေးတွေအကြောင်းကိုလိုချင်လို့လာတာပါ။ ဒါပေမယ့်ရုပ်ရှင်ထဲကြည့်ရတာတော့ လူကိုလိုချင်လို့လာနေသလိုဖြစ်နေပါတယ်။
ဒါလေးတွေကအမှားကြီးလို့မပြောနိုင်ပေမယ့်လည်းရုပ်ရှင်အရသာကိုတော့ ပေါ့သွားစေတာအမှန်ပါဘဲ။

(ပျောက်ဆုံးသွားတဲ့ ရုပ်ရှင်ရုံနဲ့ ဘဝလေးတွေ………………………)
သိပ်မကြာသေးတဲ့ ကာလတစ်ခုကလို့ပြောရင်ရပါတယ်။
နတ်မင်းကြီးလေးပါး လို့ထင်ပါတယ် အဲဒီ ပြဇာတ်ဗွီဒီယိုခွေထဲမှာ မြန်မာရုပ်ရှင်သရုပ်ဆောင်တွေဆိုထားတဲ့ဟာသ သီချင်းလေးပါလာပါတယ်။
မြန်မာ့ရုပ်ရှင်စိန်ရတုကာလမှာ ညွန့်ဝင်းနဲ့ခင်သန်းနုဆိုထားတဲ့ မြန်မာ့မြန်မာ့ရုပ်ရှင် ဆိုတဲ့သီချင်းလေးကို စာသားဖျက်ဆိုထားကြတာပါ။
“မြန်မာ မြန်မာရုပ်ရှင် ဘာမှ မစုံလင် စက်အစုတ်နဲ့ပင်ရုံပေါ်အရောက်တင်” လို့ဆိုထားကြတာပါ။ စကြားကြားချင်းတော့ ရီစရာ။
ဒါပေမယ့်နောက်ဒီ စာသားလေးကို သတိရမိတိုင်းငယ်ငယ်က ကြည့်ခဲ့တဲ့ရုပ်ရှင်တွေတင်မကဘူး ရုပ်ရှင်ကြည့်ခဲ့ရပုံတွေနဲ့
အမြဲတမ်းတိုးဝှေ့စည်ကားနေတဲ့ ရုပ်ရှင်ရုံတွေ ကိုပါသတိရမိပါတယ်။ အခုအချိန်မှာတော့ ရုပ်ရှင်ရုံမှာလူစည်တယ်ဆိုတာ ရှေးခေတ်က အသင့်အတင့်လောက်ဘဲလူဝင်တဲ့အနေအထား။ ဘာများကွာသွားသလဲဆိုတာ နိုင်းယှဉ်လို့ပြန်တွေးကြည့်မိပါတယ်။

ကျနော်တို့ငယ်ငယ်က ငယ်ငယ်ကဆိုလို့ 1980 ခုနှစ်ကာလလောက်ထိပေါ့။ နားထောင်စရာ ရေဒီယိုရှိမယ် အိမ်တော်တော်များများမှာ ကက်ဆက်ရှိမယ်။ တစ်ပါတ်တစ်ခါလဲတဲ့ရုပ်ရှင်ရှိမယ်။ ကထိန်တို့ ဘုရားပွဲတို့ တစ်ခါတစ်ရံမှလုပ်တတ်တဲ့ ဘာအောင်ပွဲညာအောင်ပွဲတို့ရှိမှ ကြည့်ရတဲ့ အငြိမ့် တို့ ဇာတ် တို့ တီးဝိုင်းတို့ရှိမယ်။ အဲတော့ ရုပ်ရှင်ရုံလူစည်တာ ဘာမှ မဆန်းဘူးလို့ပြောရင်ရပါတယ်။
အငြိမ့်ဇာတ်ကကြိုက်လွန်းလို့ပါဆိုရင်တောင်မှထပ်ကြည့်ဘို့ခဲယဉ်းပါတယ်။ ရုပ်ရှင်ကတော့ ကားမလဲမခြင်းကြည့်လို့ရပါတယ်။
မန်းလေးမှာဆိုရင် အရင်ကရုပ်ရှင်ရုံတွေအများကြီးရှိပါတယ်။ 26-27လမ်းကြား 80-81လမ်းကြားမှာ ဆိုရင်
ရွှေတို်က်ရုံနဲ့ နုိုင်ငံခြားကားဘဲပြတဲ့ မစိုးရိမ်ရုံ။ ရွှေတိုက်ရုံက 1964-65ခုလောက်က ထင်ပါတယ် ပြိုကျသွားခဲ့ပါတယ်။
အခုတော့ရုပ်ရှင်ရုံနေရာက လူနေအိမ်ဖြစ်။ မစိုးရိမ်ကတော့ ရုံပိတ်သွားပါပြီ။ လမ်း80နဲ့81လမ်းကြား 27-28ကြားမှာမြန်မာကားဘဲပြတဲ့ ရွှေနဂါးရုံရှိမယ်။ အခုတော့ ဂိုဒေါင်ဖြစ်နေပါတယ်။ ကုလားကားနဲ့ မြန်မာကားပြတဲ့ မြို့မရှိမယ်။ အခုချိန်မှာသူကတော့ အဆင့်မြင့်ရုပ်ရှင်ရုံပေါ့။
83နဲ့31ဒေါင့်မှာတော့ မျိုးမြင့်ရုံ။ အခုတော့ အဆင့်မြင့်ရုပ်ရှင်ရုံ။ 84လမ်း 32-33ကြားမှာတော့ နိုင်ငံခြားကားအပြများတဲ့ ရှေးကတည်းက အဆင့်မြင့်ခဲ့တဲ့ ဝင်းလို်က်ရုံ။ အခုတော့ သူလည်းအဆင့်မြင့်ရုံဘဝပြောင်း။ 84လမ်း34-35ကြားမှာတော့ မြန်မာကားဘဲပြတဲ့တော်ဝင်ရုံ။
အခုတော့ မြေကွက်လပ်ကြီးဘဲကျန်ပါတော့တယ်။ 35လမ်း အနောက်ဘက် မှာတော ့ ဒေးဝန်းရုံ(ရတနာပုံ)
အခုတော့ မပြတော့ဘူးထင်ပါရဲ့။ 26ဘီလမ်း 86လမ်းမှာတော့ ဆိုင်းတန်း နေပြည်တော်ရုံ သူကတော့ပြသေးတယ်။
မြောက်ပြင် လမ်း20။ 83လမ်းမှာတော့ မြို့လည်ရုံတွေကဆင်းလာတဲ့ကားတွေကိုပြတဲ့မျိုးမြင့်ရုံ။ သူကလဲအခုတော့ မပြတော့ပြန်ဘူး။
နန်းတွင်းမှာတော့တစ်ရုံရှိပါတယ်။ အဲဒါက နန်းတွင်းနေထိုင်သူများအတွက်ပေါ့။
အဲတော့ မန်းလေးတစ်မြို့လုံးမှာအခုလက်ရှိပြနေတဲ့ရုံက ဝင်းလိုက် မြို့မ မျိုးမြင့် နေပြည်တော် လေးရုံဘဲရှိပါတယ်။ တိုးတက်လာတဲ့လူဦးရေနဲ့စာရင် ရုပ်ရှင်ရုံအရေအတွက်ကနည်းပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ငယ်ငယ်ကလို ရုပ်ရှင်ရုံမှာလူတွေပြည့်ကျပ်နေအောင် တိုးနေကြတယ် ရုပ်ရှင်ကြည့်ဘို့တန်းစီနေကြတယ်ဆိုတာမမြင်ရသလောက်ရှားသွားပါပြီ။

နောက်ကျနော်တို့ငယ်ငယ်ကရုပ်ရှင်သွားတယ်ဆိုရင်မုန့်ပါစားရမှကျေနပ်ပါတယ်။ ရုပ်ရှင်ရုံတိုင်းမှာ မုန့်ရောင်းတဲ့ဈေးတန်းတွေရှိပါတယ်။
ခြောက်တီးခြောက်ချက် အဖြစ်ဖွင့်တဲ့ဆိုင်တွေမဟုတ်ပါဘူး။ မုန့်တွေစုံနေအောင်ထားတာပါ။
နေကြာစေ့လှော်၊ကွာစေ့လှော်၊ဖရုံစေ့လှော်။ မစီမာ ဇီးပေါင်းမရမ်းပေါင်းလို အချဉ်ထုပ်ရယ်ဒီမိတ်တွေရှိမယ်၊
ရာသီပေါ် ဇီးသီးအစိမ်းသုတ် ၊ဂွေသီးသုတ်၊သီးသီးသုတ်၊သရက်သီးအစိမ်းကို ငရုတ်ရည်ဆမ်းထားတဲ့သရက်သီးကင်၊
ပဲစိမ်းစားဥ ဖြူဖွေးဖွေး ၊ဖရဲသီးရဲရဲမှည့်မှည့်၊မြန်မာသခွားချိုသီးစိတ်ရွှေအိုရောင်လေးတွေ။ ပြောင်းဖူးပြုတ် ကန်စွန်းဥပြုတ်၊
အိုးကြီးကိုခွက်နဲ့တဒေါင်ဒေါင်ခေါက်လို့ရောင်းတဲ့ရှာလပါတ်ရည် စုံနေအောင်ပါဘဲ။
နို့အေးတို့ ဖရူတိုတို့ ပင်မှည့်တို့ ကရင်ဆော်ဒါ တို့လိုအအေးပုလင်းသောက်ချင်တယ်ဆိုလဲရုံထဲကို ပုလင်းပေးလို်က်ပါတယ်။
ပုလင်းပေါင်တော့ပေးထားခဲ့ရသပေါ့။ နောက်အရင်က ကျနော်တို့ရုပ်ရှင်သွားတယ်ဆိုရင် ရုံထဲမဝင်ခင် တစ်ခါမုန့်ဝယ်ပါတယ်။
ရုပ်ရှင်ပြပြီး တစ်ဝက်လောက်နေရင်ခဏအနားပေးပါတယ်။ တကယ်တမ်းတော့ ဟပ်ဖ်တိုင်း (အချိ်န်တစ်ဝက်)ပေါ့။
အားလုံးအခေါ်ကတော့ ဟပ်ပဒိုင်း ပေးတယ်ပေါ့။ (အရင်ကစက်တွေက ကာဗွန်ချောင်းကို မီးရှို့အပူပေးတော့စက်အေးအောင်ခဏနား
ရတယ်လို့ကြားဘူးပါတယ်။ အဲဒီ ဟပ်ပဒိုင်းမှာ လဲ တစ်ခါမုန့်စားပါတယ်။ အဲတော့လဲ ရုပ်ရှင်ရုံတိုင်းမှာ မုန့်ဈေးတန်းကြီးရှိတာဘာဆန်းမလဲနော်။
အဲတော့လဲ ရုပ်ရှင်ရုံမှာမုုန့်ဆိုင်ဖွင့်တယ်ဆိုတာလဲ မိသားစုထမင်းဝတဲ့လုပ်ငန်းတစ်ခုပေါ့။

နောက်ရုပ်ရှင်ရုံဆိုတာ ဝင်ကြည့်ဘို့အတွက် လူအရေအတွက်က ကန့်သတ်ပြီးသားလို့ပြောရင်ရင်ပါတယ်။ ခုံတွေက အပြီးစီထားပြီးသားဖြစ်လို့ပါဘဲ။ အဲတော့ ကြည့်ချင်တဲ့သူနဲ့ထိုင်ခုံအရေအတွက် ကြည့်ချင်သူကများတဲ့အခါမှာ မှောင်ခိုဆိုတဲ့လူတန်းစားတစ်ရပ်ကအလိုလိုပေါ်ပေါက်လာပါတယ်။ မှောင်ခိုဆိုတာတောင်မှာ ရုပ်ရှင်ရုံက ဝန်ထမ်းနဲ့ပေါင်းထုတ်တဲ့မှောင်ခိုနဲ့ အုပ်စုဖွဲ့လို့ တန်းစီတိုးတဲ့မှောင်ခိုဆိုပြီး နှစ်မျိုးခွဲလို့ရနိုင်ပါသေးတယ်။ အရင်ကတော့ ရုပ်ရှင်ရုံတစ်ရုံမှာ မှောင်ခိုဆိုတာ မရှိရင် အင်္ဂါမပြည့်စုံဘူးလို့ပြောရင်တောင်ရပါတယ်။ ကားကောင်းတယ် လူကြိုက်များတယ်ဆိုရင် တန်းစီနေတဲ့လူတန်းကြီးလဲအရှည်ကြီး “လက်မှတ်ရှိတယ်” “လက်မှတ်ရမယ်”ဆိုပြီးလူတွေနောက် မသိမသာရော သိသိသာသာပါလိုုက်မေးနေတဲ့မှောင်ခိုတွေရှိမယ်။
ရုပ်ရှင်တစ်ပွဲကပြနေပြီ နောက်တစ်ပွဲအတွက် တန်းစီနေတဲ့လူတွေကလဲအများကြီး။ ဒီလိုလူတွေများတော့ နေပူရင်အဆာပြေသောက်ဘို့ ရေခဲရေသည်ရှိမယ်။ စီးလာတဲ့စက်ဘီးတွေအပ်ဘို့ စက်ဘီးစတင်းရှိမယ်။ နောက်လက်မှတ်စောင့်ရင်းပျင်းနေရင်ဖတ်ဘို့ စာအုပ်အငှားဆိုင်လေးတွေရှိမယ်။ အဲတော့လဲဆူညံစည်ကား လှုပ်ယှားအသက်ဝင်နေတဲ့ရုပ်ရှင်ရုံကြီးတွေလို့ပြောရင်မမှားပါဘူး။
အခုအချိန်အခါလို ရုပ်ရှင်ရုံမှာလူအကြည့်နည်းတော့ရုပ်ရှင်ကိုအမှီပြုလို့အသက်မွေးဝမ်းကျောင်းပြုနေခဲ့ရတဲ့လူတန်းစားတွေကလဲ ဝမ်းနည်းစရာ ပျောက်ကွယ်သွားခဲ့ရပါတယ်။ မုန့်ဆိုင်လေးတွေ၊စက်ဘီးအပ်တာကားအပ်တာလက်ခံတဲ့သူတွေ၊
မကောင်းဘူးမမှန်ဘူးလို့ပြောနိုင်ပေမယ့်လည်း လက်မှတ်မှောင်ခိုရောင်းသူတွေ ပျောက်လို့သွားပါတယ်။ ဒါကတော့ တစ်ဆင့်ခံလူတန်းစားပေါ့။
ရုပ်ရှင်ကိုလူအကြည့်နည်း အကြည့်နည်း တော့ကားများများမရိုက်။ ကားများများမရိုက်တော့ ရုပ်ရှင်ကို အမှီပြုလို့ဝမ်းကျောင်းနေရတဲ့
စက်အဖွဲ့တွေ၊ဇာတ်ပို့ဇာတ်ရံတွေလည်း “ခါနာတူတူပုန်းတယ”်လို့ ရီစရာပြောကြသလို ထမင်းအိုးပျောက်သွားကြရှာတယ်လို့
ပြောရင်တော့ လွန်မယ်မထင်ပါဘူး။ မင်းသားမင်းသမီးများကတော့ ပန်းပန်လျှက်ပါဘဲ။ တကယ်တော့ လုပ်ငန်းတစ်ခုပျက်သုဉ်း
သွားတယ်ဆိုတာနဲ့ အဲဒီလုပ်ငန်းကိုအမှီပြုလို့ဝမ်းစာရှာစားရတဲ့သူတွေကအလုပ်လက်မဲ့ဖြစ်သွားတော့တာပါဘဲ။ ဒါကလဲတိုင်းပြည်နစ်နာတယ်
လို့ပြောမယ်ဆိုရင် လဲပြောလို့ရနိုင်ပြန်ပါတယ်။

(မြန်မာ့ မြန်မာ့ရုပ်ရှင်………..ဘာကြောင့်လူမဝင်)
ရုပ်ရှင်ရုံတွေမှာလူအကြည့်နည်းတော့ မြန်မာ့ရုပ်ရှင်အဆင့်အတန်းကျဆင်းပြီဆိုပြီး ဝိုင်းအော်ကြပါတယ်။ မြန်မာရုပ်ရှင်အဆင့်အတန်း
ဘာကြောင့် ကျဆင်းရတယ်ဆိုတဲ့အကြောင်းရင်းကို နည်းမျိုးစုံဒေါင့်မျိုးစုံနဲ့ချဉ်းကပ်လို့သုံးသပ်ကြပါတယ်။ ပထမဆုံးအကျယ်လောင်ဆုံး
ထွက်လာတဲ့အကြောင်းပြချက်ကတော့ ကင်မရာတွေ အသုံးပြုရတဲ့စက်ပစ္စည်းတွေခေတ်နောက်ကျနေလို့ မစုံလင်လို့ ခေတ်မှီစက်ကရိယာ
ပစ္စည်းတွေမရှိလို့ဆိုတာက အဓိကအချက်အဖြစ်ပေါ်ထွက်လို့လာပါတယ်။ မြန်မာ့ရုပ်ရှင်လုပ်ငန်းဆိုတာစတင်ကတည်းက နိုင်ငံခြားမှာအသုံး
ပြုနေတဲ့ ခေတ်မှီတဲ့စက်တွေကို အသုံးပြုခဲ့ကြပါသလား ဆိုတဲ့မေးခွန်းလေးကိုတော့မေးကြည့်ချင်ပါတယ်။ ကျွန်နော်တို့ရုပ်ရှင်ရုံတွေမှာကြိတ်
ကြိတ်တိုးနေ ရုံပြည့်ရုံလျှံနေအောင် ပရိသတ်က အားပေးခဲ့ကြတဲ့အချိန်တုန်းက ရော နိုင်ငံခြားကသုံးနေတဲ့ မော်ဒယ်မြင့်တဲ့စက်တွေကို အသုံး
ပြုနိုင်ခဲ့ကြမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ နို်င်ငံခြားကားမှန်သမှ ဆေးရောင်စုံနဲ့လာနေတဲ့အချိန်မှာတောင်ပြည်တွင်းဖြစ်မြန်မာရုပ်ရှင်အဖြူ
အမဲကားကို ဝက်ဝက်ကွဲအောင် ကျနော်တို့ အားပေးခဲ့ကြလို့ပါဘဲ။ စက်တွေခေတ်မမှီလို့ဆိုရင် နည်းနည်းတော့ဟုတ်တယ်လို့ဖြေနိုင်ပေမယ့်လုံး
ဝဥသုံတော့ မှန်မယ်မထင်ပါဘူး။
တစ်ချို့ကတော့ သုးံရက်တစ်ကားလေးရက်တစ်ကားနဲ့ရိုက်တော့ အရည်အသွေးတွေကျကုန်တယ်လို့ ဆိုပြန်ပါတယ်။
တစ်ချို့ကြတော့လဲကိုရီးယားကားတွေကမြန်မာပြည်ဈေးကွက်ထဲမှာတွင်ကျယ်နေတာကြောင့်လို့ ပြောပြန်သလို ခိုးကူးခွေတွေကြောင့်လို့လဲ ဆိုကြသူတွေရှိပြန်ပါတယ်။ ဘယ်လိုဘဲပြောပြော ရုပ်ရှင်ရုံတွေမှာအရင်လောက်ဝင်ငွေမကောင်းတာ လူမဝင်တာလဲအမှန်တရားပါဘဲ။
တကယ်တော့သုံးလေးရက်တစ်ကားရိုက်ရတဲ့အကြောင်းပြောရရင်တော့ အနုပညာမပါဘဲ စီးပွားရေးဈေးကွက်တစ်ခုလိုသတ်မှတ်ပြီးစီးပွားရေး
ဆံဆံလုပ်ကိုင်ကြတာကြောင့်ဖြစ်ပါတယ်။ ဒီကိစ္စကိုပြောပြန်ရင်လဲ “ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်”ဆိုတာလို လုံးလည်ခတ်သွားမှာအမှန်
ပါဘဲ။ ရုပ်ရှင်ကားတွေကို အကြည့်နည်းတော့ အရှုံးပေါ်။ အရှုံးပေါ်တော့စားရိတ်ကိုတတ်နိုင်သလောက်နည်းအောင်လုပ်၊အဲလိုနည်းအောင်လုပ်
တော့ ရုပ်ရှင်ကိုအဖြစ်ရိုက်၊အဖြစ်ရိုက်တော့ လူမကြိုက် ၊လူမကြိုက်တော့ငွေမရ ဂျာအေးသူ့အမေရိုက်ဇာတ်လမ်းခင်းကုန်ပါတယ်။

တကယ်တမ်းရုပ်ရှင်ကို လူအကြည့်နည်းရတဲ့အကြောင်းရင်းထဲမှာကျနော်တို့တစ်တွေအချိန်ဆင်းရဲသွားတာကလဲ အဓိကအချက်
တစ်ခုထဲမှာပါပါတယ်။ အရင်က နေဝင်မိုးချုပ်ထိအလုပ်လုပ်ရတယ်ဆိုတာရှားသလို မိသားစုတစ်စုထမင်းဝဝလင်လင်စားအဘို့အတွက်
အိမ်ရှိလူကုန်အလုပ်ထွက်လိုစရာမလိုပါဘူး။ ကျနော်တို့မှာ အားလပ်တဲ့အချိန်ဆိုတာကိုလဲ ပိုင်ဆိုင်နိုင်ခွင့်ရှိကြပါတယ်။ တစ်နေကုန်တစ်နေခန်း
အလုပ်လုပ်ရတော့ ရုပ်ရှင်ကို တကူး တက သွားကြည့်ဘို့လဲစိတ်မပါတော့ပါဘူး။

နောက်တစ်ချက်ကတော့ “အိမ်ထဲမှာရုပ်ရှင်လာပြတယ်”ဆိုတော့အပြင်သွားကြည့်စရာမလိုတော့တာလဲ ပါပါတယ်။ 1983 ကျနော်
ရန်ကုန်ကိုရောက်တဲ့အချိန်မှာ မန်းလေးကတောသားလေးအထူးအဆန်းအနေနဲ့ကြည့်ရတာတီဗွီကလာနေတဲ့ မြန်မာ့ရုပ်မြင်သံကြား
(MRTV)အစီအစဉ်ကိုကြည့်ရတာပါဘဲ။ နောက်တော့လဲ မန္တလေးကိုလဲ တီဗွီဆိုတာနဲ့အတူ ့ တိတ်ခွေထည့်ကြည့်ရတယ်ဆိုတဲ့
အောက်စက်ဆိုတာလေးရောက်လာတော့ အထူးအဆန်းအနေနဲ့အားပေးလိုက်ကြပါတယ်။ အရင်ကမမြင်ဘူးတဲ့ဆင်ဆာမပါတဲ့ရုပ်ရှင်
တွေကိုမန်းလေးမြို့နေရာအနှံ့အပြားမှာတိုးတိုးတိတ်တိတ်ကြည့်ခွင့်ရတာပါဘဲ။ အဲဒီဗွီဒီယိုတိတ်ခွေတွေခေတ်စားတော့ မန်းလေးမှာလဲ ခွေငှားဆိုင်လုပ်ငန်းက တစ်ခေတ်ထလာပါတယ်။ ဟောင်ကောင်မှာ စင်္ကာပူမှာ စလောင်းကနေပြနေတဲ့ဇာတ်လမ်းတွေက လေယာဉ်စီးပြီး မြန်မာပြည်ကိုရောက်လာပါတယ်။ အဲဒါကတော့ မန်းလေးသူမန်းလေးသားများရုပ်ရှင်ရုံကိုသွားစရာမလိုဘဲအိမ်မှာတင်ရုပ်ရှင်ကြည့်တဲ့
ခေတ်အစပါဘဲ။ နောက်တော့လဲမန်းလေးကို လည်းမြန်မာ့ရုပ်မြင်သံကြားအစီအစဉ်ရောက်လာပါတယ်။ ဟောသူ့နောက်မှာ စလောင်းဆိုတာက
ဆက်တိုက်လိုုလိုပေါ်လာပြန်ပါတယ်။ စလောင်းမှာက တရုတ်လိုင်းကုလားလိုင်းဘောလုံးလိုင်းဘာလိုင်းညာလိုင်းအစုံကိုယ်ကြိုက်တ
ကိုယ်ရွေးချယ်လို့ကြည့်ခွင့်ရပါတယ်။ အဲလိုစလောင်းတွေပေါ်လာတာကလဲမြန်မာ့ရုပ်ရှင်ကို ပစ်ပယ်ဘို့အတွက် အကြောင်းတစ်ခုပါဘဲ။

နောက်ပိုင်းမြန်မာပြည်ရုပ်မြင်သံကြားလောကမှာMRTVတစ်ခုထဲရှိတာကနေပြီးတော့မြဝတီဆိုတာအသစ်ထပ်တိုးပါတယ်။ မြန်မာအသံက တော့ရိုးရိုးအအ အပျိုကြိးမမနဲ့တူပြီးခပ်အေးအေး မြဝတီကတော့ ရဲတင်းသွက်လက်တဲ့အပျိုမလေးနဲ့တူပါတယ်။ အဲတော့မြဝတီကလွှင့်ပေးတဲ့
ဇာတ်လမ်းတွေတင်ဆက်မူ့တွေနဲ့တင်ရုပ်ရှင်ရုံကိုသွားကြည့်စရာမလိုလောက်အောင်ပြည့်စုံလို့လာပါတယ်။ မြန်မာ့အသံကလဲရှေးကနာမယ်ကြီး
ရုပ်ရှင်တွေပြန်လွှင့်လို့ပေးတာကလဲ ရုပ်ရှင်ချစ်သူများအတွက်အလွမ်းပြေစရာ။ မြဝတီက နိုင်ငံခြားဇာတ်လမ်းတွဲ(တရုတ်ကားပေါ့)တွေစပြီး
ပြတဲ့အခါမှာ ညသတင်းပြီးတာနဲ့အားလုံးတီဗွီရှေ့ကို မခေါ်ဘဲရောက်လာအောင်တွန်းပို့ပေးနိုင်ပါတယ်။ မြန်မာ့အသံကပြတဲ့ နိုင်ငံခြားဇာတ်
အမေရိကန်ဇာတ်လမ်းတွဲတွေကလဲစွဲမက်စရာ။ အိမ်ထဲမှာ ရုပ်ရှင်လာပြနေမှတော့ ရုံကို တကူးတက သွားမကြည့်တော့တာမထူးဆန်းဘူးပေါ့။

အမြင့်ဆုံးထိုးနှက်ချက်ကတော့ 2000ခုနှစ်လောက်မှာစပါတယ်။ တရုပ်ပြည်က စီဒီကြည်ရုံတင်မက ကာရာအိုကေပါဆိုလို့ရတဲ့စက်တွေ
ပေါ်လာပါတယ်။ အရင် အောက်စက်ခေါ်တဲ့တိပ်ခွေခေတ်က စက်ကလဲဈေးကြီး တိတ်ခွေကလဲ ဝယ်ဘို့ဈေးကြိး တော့ငှားဘဲကြည့်ရပါတယ်။
ဒီအထဲမှာခွေမိူတက်လို့ ခွေကျပ်နေလို့ ဖွင့်မရတာကလဲ ပြဿနာတစ်ခု။ အခုစီဒီခေတ်မှာတော့ ဒီပြဿနာကင်းပါတယ်။
ခွေဝယ်ချင်တယ်ဆိုလဲလွယ် ဈေးလဲသက်သာ ငှားကြည့်ချင်တယ်ဆိုလဲရ စီဒီမှအစင်းပါရင်ထစ်တာလေးတစ်ခုပါဘဲ။ ဒါတောင်ဝယ်ပြီးပြီးချင်းဆိုရင် ဆိုင်မှာကောင်းတာနဲ့ပြန်လဲလို့ရပါတယ်။ ဗွီစီဒီဆိုတာကဇာတ်လမ်း
တပုဒ်အတွက်ဆိုရင်နှစ်ချပ်သုံးချပ်မှာဇာတ်လမ်းပြီးပါတယ်။

ဟောသူ့နောက်မှာ တစ်ခွေထဲနဲ့ဇာတ်လမ်းပြီးတဲ့ ဒီဗွီဒီဆိုတာပေါ်လာပြန်ပါတယ်.။
ဒီဗွီဒီတောင်မှ အရင်တစ်ခွေကို တစ်ချပ်ထဲ့ရာကနေ လေးငါးချပ်စာထဲ့လို့ရလာအောင်နည်းပညာက ကောင်းလာပါတယ်။ ဒီနည်းပညာနဲ့အတူ
ဒီဗွီဒီခွေမှာ မြန်မာစာတန်းထိုးတွေနဲ့ဖြစ်လာပြန်ပါတယ်။ အရင်ကတစ်ခွေကိုဇာတ်လမ်းတစ်ပုဒ်ထဲနေ ဇာတ်လမ်းဆယ့်ခြောက်ကားလောက်
ပါတာကို စစခြင်းတစ်ချပ်ကို တစ်ထောင် အခုအချိန်မှာတော့ ဘာကားဖြစ်ဖြစ်အများအားဖြင့်တစ်ချပ်ငါးရာ။

ပိုပြီးအရှိန်အဟုန်မြင့်သွားတာကတော့ ကိုရီးယားဇာတ်လမ်း အွန်စောကစလိုက်တာပါဘဲ။ အဲဒီဆောင်းဦးရွက်ကြွေကနေစလိုက်တာည7နာရီ
ထိုးတာနဲ့လုပ်လက်စအလုပ်တွေအားလုံးရပ်လို့ လူတန်းစားမရွေး တီဗွီရှေ့မှောက်မှာ ကိုရီးယားကားတွေကို ခံစားကြတော့တာပါဘဲ။
အစကတော့ ဒီဇာတ်လမ်းတွေကိုစောင့်ကြည့်ရာကနေ ဇာတ်ရှိန်မြင့်လို့မအောင့်နိုင်တော့တဲ့အချိန်မှာမှ ဒီဇာတ်လမ်းတွေက ဒီဗွီဒီ
အနေနဲ့ထွက်လာပါတယ်။ ဈေးပေါသမှတစ်ထောင်ဘိုးသုံးချပ်။ ဒီကိုရီးယားကားတင်လားမဟုတ်ပါဘူး။ နိုင်ငံတကာကကားအားလုံးဒီဗွီဒီခွေနဲ့ ရနိုင်ပါတယ်။ အခုခေတ်ကားလဲရ ရှေးတုန်းက ကားတွေလဲရ ပြင်သစ်ကားလဲရ ဘာသာစကားတတ်စရာမလို မြန်မာလိုဘာသာပြန်ပြီးသား
(ဘာသာပြန်တာ မှန်မမှန်တော့ မသိဘူးဗျာ)။ ကျနော်တောင်ဒီလိုအခွေတွေကိုဝယ်ကြည့်ပါတယ်။ ရုပ်ရှင်မကြိို်က်သူအတွက်လက်ဝှေ့ပွဲ၊
ဘောလုံးပွဲ။ ဖြစ်ရပ်မှန်ဟာသမရိုသေ့စကား ဟိုကားဒီကား အကုန်လုံးရပါတယ်။
အခုခေတ်မှာရုပ်ရှင်တစ်ခါကြည့်ရင် ဆိုင်ကယ်အပ်ခ မုန့်စား ရုံဝင်ခ ငွေတစ်ထောင်မကုန်ဘဲမရပါဘူး။
နောက်သူသတ်မှတ်တဲ့အချိန်မှာသာသွားကြည့်လို့ရတာနောက်ပြီး ဝင်ကြည့်ပြီးမှမကြို်က်ဘူးဆိုရင်လဲ လုံခြုံရေးအရပြန်ထွက်လို့မရ
အဲတော့ကိုယ့်အိမ်မှာကိုယ်ကြိုက်တဲ့အချိန်ကြည့်ကြည့်လို့မဝသေးရင်ထပ်ခါထပ်ခါကြည့်။ ကိုယ့်ကြည့်လို့အားရရင် မိတ်ဆွေတွေကို
တောင်ပြန်ငှားလို့ရသေး ဈေးကလဲတစ်ချပ်အလွန်ဆုံးပေးရမှတစ်ထောင်။ အပိုင်ရလိုက်တာ။ အဲတော့ ရုပ်ရှင်သွားကြည့်ဘို့
စိတ်မဝင်စားတော့ကြပါဘူး။ ဈေးလဲသက်သာ ကိုယ်ကြည့်ပြီးတာနဲ့သူများတွေကိုပြန်မျှပေးနိုင်တဲ့ ဒီဗွီဒီခွေကိုဘဲလူတွေ စိတ်ဝင်စားပါတော့တယ်။ အခုချိန်မှာတော့ ဂြိုလ်တုစလောင်းလိုင်းဆိုတာကလဲ ဈေးပေါမှပေါ။ တစ်သိန်းကျော်ကျော်လေးနဲ့
ကုန်တာနဲစကိုင်းနက်ဆိုတဲ့အစီအစဉ် တစ်လမှ လစဉ်ကြေး 8000-9000 လူတိုင်းတတ်နိုင်တဲ့အပြင်အချိန်များအားလို့ ကြည့်နိုင်
တယ်ဆိုရင် စကိုင်းနက်တပ်ထားရတာ တန်မှတန်ပါဘဲ။ မြန်မာကား ကိုရီးယားကား အားကစား သီချင်းကဏ္ဍစုံမှစုံပါဘဲ။
ရုပ်ရှင်ရုံကိုသွားကြည့်တယ်ဆိုတာ ငွေတစ်ထောင်နှစ်ထောင် တစ်ယောက်ထဲအတွက်ကုန်သွားတာပါ။ ခွေကြည့်တယ် စလောင်းကြည့်တယ်ဆိုတာကတော့ ငွေနည်းနည်းသုံးတာနဲ့ လူအများကြီး ကြည့်ခွင့်ရတယ်ဆိုတဲ့အချက်ကအလေးသာလွန်းတော့
ရုပ်ရှင်သွားကြည့်တယ်ဆိုတာ မရှိသလောက်ဖြစ်သွားပါတယ်။
ဒီတော့ရုပ်ရှင်ရုံလူမဝင်တာ မဆန်းဘူးဖြစ်သွားပါတယ်။

မြန်မာ့ရုပ်ရှင်လူအကြည့်နည်းတာက မြန်မာသရုပ်ဆောင်တွေ ညံ့ဖျင်းလို့ ဆိုတာတစ်ချက်တည်းနဲ့တော့ မဟုတ်ဘူးလို့ပြောချင်ပါတယ်။
အဲတော့မြန်မာကားတွေ သရုပ်ဆောင်တာကကော တကယ်ကောင်းပါသလားဆိုတဲ့မေးခွန်းပြန်မေးလာရင်တော့ သိပ် မကောင်းဘူးလို့ပြော
ရမှာကလဲ အမှန်ပါဘဲ။ ဈေးကွက်စီးပွားရေုးဆိုတဲ့စကားလုံးအောက်မှာ အနုပညာဆိုတာကိုဘေးအသာထား ရုပ်ရှင်တစ်ကားကိုအသက်သာ
ဆုံးသောစားရိတ်တွေနဲု့ပြီးအောင်ထုတ်လုပ်လာကြတဲ့ခေတ်မှာ ပြီးစလွယ်ဇာတ်လမ်း ဖြစ်ကတတ်ဆန်းသရုပ်ဆောင်မူ့ အပေါစား ဇာတ်ဝင်
စကားလုံး ကြုံရာကျပန်း နေရာမှာ ကောင်းတာမကောင်းတာအပထား ဈေးအနည်းဆုံးနဲ့ရုပ်ရှင်တစ်ကားပြီးအောင်ရိုက်ထားတဲ့ကားအရေ
အတွက်များသထက်များလာပါတော့တယ်။ စရိတ်ကျဉ်းအောင်လုပ်တဲ့အခါမှာပထမဆုံး စရိတ်ကျဉ်းအောင်လုပ်တာကတော့ ဇာတ်ဝင်ခန်း
မှာပါတဲ့အိမ်ပါဘဲ။ ကုမ္မဏီရုံးခန်းဆိုလည်း ဒီဟော်တယ် အိမ်ဆိုလဲဒီဟော်တယ် သူများအိမ်သွားလည်တဲ့အခန်းမှာလဲဒီဟော်တယ်မှာဘဲ
ရိုက်ကြပါတယ်။ ဟိုကားမှာလဲ ဒီဟော်တယ် နောက်တစ်ကားမှာလဲဒီဟော်တယ် လူဘယ်လိုပြောင်းရိုက်ရိုက် ဟော်တယ်တံခါးတွေကပြောင်း
မရတော့ နိုင်ငံခြားသားကများ မြန်မာဇာတ်ကားကိုကြည့်မိရင် မင်းတို့နိုင်ငံက အိမ်တွေမှာ တပ်ထားတဲ့တံခါးက အတူတူတွေချည်ဘဲလားလို့
အမေးခံရရင်တော့ ဘယ်လိုအဖြေပေးရမယ်တောင်မသိပါဘူး။
ပထမအနေနဲ့စရိတ်ကျဥ်းအောင်လုပ်တာကတော့ဈေးကွက်ဝင်မင်းသားမင်းသမီးတွေကိုသာကြေးကောင်းကောင်းပေးပြီးငှားပေမယ့် ဇာတ်ဝင်ခန်းအတွက်လိုအပ်တဲ့ဇာတ်ပို့ဇာတ်ရံကိုအောက်ကြေးပေးအဖြစ်ငှားလို့ငှား မငှားဘဲ ဇာတ်ညွန်းကျော်ရိုက်လိုရိုက်နဲ့ ပြိးစလွယ်လုပ်တတ်ကြပါတယ်။
နောက်စားရိတ်ကျဉ်းအောင်လုပ်တဲ့နည်းကတော့ မင်းသားမင်းသမီးတို့ရဲ့နောက်ကြောင်းပြန်အခန်းတွေငယ်ဘဝတွေရိုက်တယ်ဆိုရင်ကလေး
ဇာတ်ဆောင်တွေကို မငှားတော့ဘဲ အသက်လေးဆယ်လောက်ရှိတဲ့မင်းသားမင်းသမီးတွေကို မိတ်ကပ်အဖွေးသားလူးပြီးငယ်အောင်လုပ်လို့
တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေလိုသရုပ်ဆောင်ခိုင်း ၊မင်းသားဦးလေးလောက်ရှိတဲ့နာမယ်ရနေတဲ့ဟာသ သရုပ်ဆောင်တွေကို မင်းသား သူငယ်ချင်းလုပ်ခိုင်းပြီးမင်းနဲ့ငါနဲ့ပြောပေါတောတောသရုပ်ဆောင်ခိုင်းပါတော့တယ်။ မြန်မာဇာတ်ကားတိုင်းလိုလိုမှာ
မင်းသားမင်းသမီးမှန်းသိအောင်ကွာခြားအောင် ပေါကြောင်ကြောင်တွေလုပ်ပြီး သရုပ်ဆောင်လို့ပြကြရတာပါ။ တစ်ခါတစ်လေ မင်းသားမင်းသမီးက အတည်ပေါက်သရုပ်ဆောင်နေချိန်မှာသူငယ်ချင်းလုပ်တဲ့ဇာတ်ရံတွေကမဲ့ပြရွဲ့ပြနဲ့အင်မတန်ကို စိတ်ညစ်စရာကောင်းပါတယ်။ နောက် ပြီးအခုခေတ်စားနေတာ သရုပ်ဆောင်မင်းသားရော ဇာတ်ရံတွေပါ မိန်းမလျှာပုံစံသရုပ်ဆောင်ပြကြတာပါ။ မင်းသားကတော့ မိန်းမအစစ်လို ဝတ်သရုပ်ဆောင်ပြတာပေါ့။ နောက်တစ်ချက်ကတော့ ဟာသကားလူကြိုက်များရင်ဟာသ သူရဲကားလူကြိုက်များရင်သူရဲကား ငါးပွက်ရာငါးစာချဆိုတာလို လုပ်ကြတော့ ရုပ်ရှင်အဆင့်အတန်းနိမ့်ကျလို့လာတာလဲအမှန်ပါဘဲ။ ဒါကတော့ ပညာသည်အမြင်နဲ့မဟုတ်ဘဲ
အရပ်သားအမြင်နဲ့ပြောကြည့်တာပါ။ အဲတော့ မြန်မာကားညံ့ပြီးကိုရီးယားက တွေရောအားလုံးကောင်းသလားမေးရင်တော့ မကောင်းဘူးဘဲဖြေရမှာအမှန်ပါဘဲ။ ‘ဒီအကြောင်းတွေပြောမယ်ဆိုရင်တော့ ပြောလို့ဆုံးမယ်မထင်ပါဘူး။
တကယ်တမ်းပြောရမယ်ဆိုရင် တော့ ဒီလို့ရုပ်ရှင်လူအကြည့်နည်းသွားရတဲ့အကြောင်းရင်းကတော့ အများကြီးပါ။

ကျနော်အမြင်ပြောရရင်တော့ ရုပ်ရှင်ကားတစ်ကားကို ရုံမှာသွားကြည့်တာနဲ့အိမ်မှာကြည့်တာအရသာခြင်းကွာလှပါတယ်။
ရုံမှာကြည့်တယ်ဆိုတာကအမှောင်ချထားတဲ့ ရုံထဲမှာ ကိုယ်တစ်ယောက်ထဲရှိနေသလို ရုပ်ရှင်ဇာတ်လမ်းထဲမှာမျောပါလို့
အပြည့်အဝခံစားလို့ရပါတယ်။ အိမ်မှာကြည့်တယ်ဆိုတာကတော့ ဘေးနားကလူတွေကလဲရှိ ဆူတဲ့ကလေးကဆူ ဝေဖန်လေကန်သူကလေတွေကန် ဖုန်းလာတယ်ဆိုလို့ထ စကားပြော နဲ့အာရုံနောက်လှပါတယ်။ ဒီအထဲဇာတ်လမ်းကို ထမင်းစားရင်းတန်းလန်းကြည့်တဲ့သူတောင်ရှိနေပါသေးတယ်။ အဲတော့လဲလူတွေက ရုပ်ရှင်ကြည့်တယ်ဆိုတာ သေချာခံစားလို့မကြည့်ကြတော့ ဟိုလိုဖြစ်သွားတယ် ဒီလိုဖြစ်သွားတယ်ဆိုတဲ့အပေါ်ယံလောက်သာ ကြည့်ကြတာပါ။

ခုခေတ်ကလေးများမှာတော့ခံစားစရာ ကစားစရာ တွေပေါပါတယ်။
ကျနာ်တို့ငယ်ငယ်ကတော့ အခုခေတ်လိုကစားစရာမပေါတော့ ရှာကြံလို့ ကလေးအချင်းချင်းကစားကြပါတယ်။
ကျနော်တို့ကစားကြတဲ့နည်းတနည်းကို တစ်ကျော့ပြန်မေတ္တာဦးစီးလို့ ရုပ်ရှင်ပဟေဠိဖွက်တမ်းကစားပြကြတာပါ။
ကျနော်တို့ငယ်ငယ်ကတော့ စကားလုံးလေးတွေပြောပြတယ်။
ဥပမာ ပြရရင် နေခြည်ဖြာမှနွေးသောကြောင့် လဆိုရင် “နခဖမ နသက “ခုနှစ်လုံးဆိုပြီးပြောလိုက်ပါတယ်။
အဲဒါကို ဖော်ပေတော့ဘဲ။ အကြာကြီးနေတာတောင်ဖော်လို့မရရင် သနားသဖြင့်နည်းနည်းလေးအောက်လိုင်းပေးပါတယ်။
အောင်လွင်ပါတယ်ပေါ့။ ကစားစရာမရှိတော့လည်းရှာကြံကစားကြရတာပေါ့။
တစ်ခါကတော့ဒီလို နာမယ်ဖွက်ရင်း သူငယ်ချင်းတွေနဲ့ ကစားရင်းရန်ဖြစ်ကြရတာလေးကို သွားသတိရမိပါတယ်။
ကျနော်အဲဒီနေ့က ရုပ်ရှင်ကြော်ငြာစာရွက်လေးတစ်ရွက်ကောက်လာပါတယ်။
ကားနာမယ်က သီတာပြုံး တဲ့ ဗိုလ်ဗကိုပါတယ်။
အဲဒီည နာမယ်ဖွက်တော့ ကျနော့်အလှည့်မှာ သတပ သုံးလုံးလို့ပြောပြီးဖွက်တာပေါ့။
ဘယ်သူမှ မသိဘူး ။ စစ်ဗိုလ်မင်းသားပါတယ်ပြောလဲမသိဘူး။ နောက်အားလုံးကပန်းပေးတော့ အဖြေပေးတာပေါ့ ဆရာကြီးလေသံနဲ့။ အဖြေလဲရရော ရန်တွေဖြစ်ကြပါတော့တယ်။ မပြသေးတဲ့ကားကို ဖွက်တာ တရားမဝင်ဘူူးပေါ့။
ကျနော်ကလဲပြန်ခံငြင်းတာပေါ့ စပြီးကစားကတဲ ကစည်းကမ်းမှာ ပြပြီးတာ မပြီးတာ ဘယ်သူမှထည့်မပြောဘူးပေါ့။
အဲဒီမယ် တစ်ယောက်နဲ့တစ်ယောက်သူနိုင်ငါနိုင်ရန်တွေဖြစ်ကြတာပါဘဲ
အဲလိုရန်ဖြစ်တဲ့ရလဒ်ကတော့ လူကြီးတွေသိသွားတော့ အချင်းချင်းတည့်အောင်မနေရကောင်းလားဆိုပြီးဆော်ပလော်တီးခံရတာပါ။
ကဲအခုခေတ်ကလေးတွေရော ဒီလိုကစားဘူးကြပါသလား။
လူဆိုတာပျော်စရာကောင်းတဲ့အတိတ်ဆိုတာပြန်တွေးရင်လွမ်းစရာ။
ဒါကြောင့်အခုအချိန်မှာအခြေအနေမပေးလို့ သွားမကြည့်ရတဲ့ရုပ်ရှင်ရုံကို လွမ်းလို့ စာစီလိုက်ပါတယ်။
မြန်မာ့ရုပ်ရှင် ရုံတင်ရင်လူအပြည့်ဝင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဆုဆိုတာတောင်းလို့မရ ကိုယ်တိုင်လုပ်မှလို့ ဆိုထားပြန်တော့
မြန်မာရုပ်ရှင် ကိုပြန်အသက်သွင်းဘို့ကတော့ ……………………………………………

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
(22-9-2011)

12 comments

  • windtalker

    September 23, 2011 at 8:05 pm

    ကိုပေါက် ရဲ ့ ပို ့စ် ကို ဖတ်ပြီး
    တစ်ခုခု မန် ့ချင်လာပါတယ်
    ဘာမန် ့လို ့မန် ့ရမှန်းလဲ မသိလောက်အောင် ကို
    ကိုပေါက် ရေးထားတာ ပြီးပြည့်စုံ လှပါတယ်
    ကျွန်တော် တို ့ငယ်ငယ်တုန်းက
    မမှီလိုက်တဲ့ အကြောင်းအရာ များ ကို လည်း
    စုံနေအောင် သိရတယ်
    မြန်မာ့ ရုပ်ရှင် အကြောင်းတွေ ကို လည်း
    သိလိုက်ရတယ်
    မြန်မာ့ ရုပ်ရှင်လောက တိုးတက်ဖို ့အရေးဆိုတာကတော့
    ဟို ဂန္တဝင် ဝတ္ထု ထဲ နာမည် လို ပါပဲ
    “ မျှော်တလင့်လင့် ” လို ့ဆိုရမလိုပါပဲ

  • kai

    September 24, 2011 at 7:59 am

    ဆုတောင်းမနေပါဘူး..။
    ကျုပ်ကတော့.. လက်တွေကျကျပဲ.. မြန်မာ့ရုပ်ရှင်တွေကို ..ယူအက်စ်မှာရုပ်ရှင်ပွဲတော်လုပ်..အရှုံးခံတင်တဲ့.. အသင်းမှာ..ကျကျနကူညီပေးနေပါတယ်.။
    ၄နှစ်တောင်ပေါက်ခဲ့ပြီ..။

    ပြဿနာတွေအများကြီးပဲ..သူများသီချင်း၊ သူများရုပ်ရှင်ဇတ်ကွက်..သူများအိုင်ဒိယာတွေခိုးထားတဲ့.. ကော်ပီကအဆိုးဆုံးပေါ့..။
    မြန်မာကားတွေ.. နိုင်ငံတကာနဲ့ပြိုင်ဖို့.. တခြားရုပ်ရှင်ပွဲတော်တွေလည်း.. တာဝန်ခံပို့ပေးပါတယ်..။

    ဆိုတော့..ကိုယ်မလုပ်လဲ.. ဘယ်သိကြားမင်းကမှဆင်းလုပ်မဲ့ပုံမပေါ်တာမို့.. လုပ်နေတာပါပဲ..။
    ဒီနှစ်… “အာဒမ်ရယ် ဧဝရယ် ဒသရယ်” ပွဲတော်မှာတင်မလို့…။ဗီဇာရရင်ပေ့ါလေ..။

    အမေရိကန်တွေဘယ်လို…ဘယ်လိုဝေဖန်မလည်း..ကြည့်ကြသေးတာပေါ့…။
    ခုလောလောဆယ်တော့.. “အင်းသီး”ဆိုတဲ့.. မင်းထင်ကိုကိုကြီး ကားတိုလေးလည်းရထားတယ်.။
    အဲဒါလေးကြည့်မိတော့… တော်တဲ့သူတွေရှိနေသားပဲတွေးမိတာပါပဲ..။
    မြန်မာတွေက.. ရုပ်ရှင်နဲ့စာရင်.. Documentary film က ကမ္ဘာတန်းပိုလို့တိုးနိုင်မဲ့သဘောတော့ရှိတယ်…ထင်မိတယ်…။

    ရုပ်ရှင်ကတော့.. ဒီပရိဿတ်..ဒီဇတ်နဲ့မို့.. မလွယ်သေးထင်မိတာပါပဲ..။
    အဆင့်မှီဖို့ဆိုတာက.. ပရိဿတ်အပေါ်..လုံးဝမူတည်ပါတယ်…။

  • ကိုခိုင်ရေ
    အခုလိုတစ်ဖက်တစ်လမ်းက အသေအချာလုပ်ပေးတော့
    ကျွန်တော်တို့လိုလေကန်ဝေဖန်ရေးလုပ်နေသူတွေထက်အများကြီးသာတာပေါ့ ။
    လေးစားပါတယ်.။
    လက်စနဲ့ ကျနော့်ပို့်စ်လေးစာကြောင်းအနေအထားလေးတွေပြင်ပေးပါအုံးနော်။

    • kai

      September 24, 2011 at 2:59 pm

      လေကန်ဝေဖန်ရေးလုပ်နေသူတွေကို..အများကြီးလေးစားပါတယ်..။
      စာနဲ့.. ဝေဖန်လေကန်နေသေးတာမို့.. တခုခုတော့..အကျိုးအကြောင်းဆက်စပ်မှုရှိနေသေးတာကိုး..။ ဖတ်မိသူတွေအကျိုးများပါ့ဗျား..။

      ဘာမှကို မလုပ်ပဲ..ထိုင်နေသူတွေထက်.. အဆပေါင်းများစွာ.. သာပါတယ်ဗျာ.။
      ဆိုတော့..
      မြန်မာရုပ်ရှင်တွေ..ကောင်းလာဖို့ ဆုတောင်းမနေပဲ.. “မကောင်းရင်..မကောင်းဘူး.. ကောင်းရင်ကောင်းတယ်.”.ပြောကြဖို့…တိုက်တွန်းချင်တာပါ..။
      ပိုတတ်နိုင်သူတွေက..မကောင်းရင်..မကောင်းဘူး..ရေးပေးပေါ့..။ 🙂

      ..ကြည့်ပြီးတဲ့.. ရုပ်ရှင်တွေကို..စံနစ်တကျ ဝေဖန်ဆန်းစစ်ရေးတာမျိုး ဖြစ်စေချင်ပါတယ်..။
      အဲဒီလို..ပို့စ်တွေကြိုဆိုပါတယ်..။

      • ကြောင်ကြီး

        September 24, 2011 at 8:00 pm

        ဦးခိုင် တိုက်တွန်းသလို ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ 😛

  • ရွှေအိမ်စည်

    September 24, 2011 at 7:06 pm

    ကိုပေါက်ရေ…
    ကျနော်ကတော့ရုပ်ရှင်မကြိုက်တာ…
    ဒါပေမယ့်ကြည့်ပြီးသားကားတွေ ကိုပေါက်ပြန်ရေးတာဖတ်ရတော့တော်တော်ပြည့်စုံပါရဲ ့ဗျာ

    ဒါပေမယ့်ကျနော်…..မကောင်းတာထိုင်ပြောချင်ရင်တော့
    မြန်မာဗီဒိယိုတခွေလောက ်သာထိုးကြည့်လိုက်…လို ့ပြောရမလို တောင်တချို ့ကားတွေ ဖြစ်နေလေရဲ ့
    ရယ်ချင်ရင်..ဗမာကားကြည့်လို ့တစ်ချို ့ကဆိုကြတယ်…။

    ကျနော်တော့မကြည့်ဖြစ်တော့မသိပါဘူးဗျာ….
    ကျနော်ဒီနေရာ( )..ကိုပေါက်အရေးကိုတော့ပိုသဘောကျမိရဲ ့ဗျာ

    (မြန်မာဇာတ်ကားတိုင်းလိုလိုမှာ
    မင်းသားမင်းသမီးမှန်းသိအောင်ကွာခြားအောင် ပေါကြောင်ကြောင်တွေလုပ်ပြီး သရုပ်ဆောင်လို့ပြကြရတာပါ။ တစ်ခါတစ်လေ မင်းသားမင်းသမီးက အတည်ပေါက်သရုပ်ဆောင်နေချိန်မှာသူငယ်ချင်းလုပ်တဲ့ဇာတ်ရံတွေကမဲ့ပြရွဲ့ပြနဲ့အင်မတန်ကို စိတ်ညစ်စရာကောင်းပါတယ်။ နောက် ပြီးအခုခေတ်စားနေတာ သရုပ်ဆောင်မင်းသားရော ဇာတ်ရံတွေပါ မိန်းမလျှာပုံစံသရုပ်ဆောင်ပြကြတာပါ။ မင်းသားကတော့ မိန်းမအစစ်လို ဝတ်သရုပ်ဆောင်ပြတာပေါ့။ နောက်တစ်ချက်ကတော့ ဟာသကားလူကြိုက်များရင်ဟာသ သူရဲကားလူကြိုက်များရင်သူရဲကား ငါးပွက်ရာငါးစာချဆိုတာလို လုပ်ကြတော့ ရုပ်ရှင်အဆင့်အတန်းနိမ့်ကျလို့လာတာလဲအမှန်ပါဘဲ)

    ဒီစကားက..သရုပ်ဆောင်တိုင်းသိစေချင်ဖတ်စေချင်မိပါရဲ ့ဗျား

    ရုပ်ရှင်ကိုဘာလို ့ကျနော်မကြိုက်တာလည်းတော့ခဏခဏ စဉ်းစားဘူးတယ်…
    သေချာတာက..ကျနော်အိပ်ချင်လာတယ်..ကြည့်ရင်..

  • pooch

    September 24, 2011 at 11:19 pm

    လေးပေါက် အနော်ဆို ဗမာကားဆို ရုံမှာ မကြည့်ဖြစ်တာ တော်တော်ကြာပြီ……သွားကြည့်ချင်စရာလည်း တစက်မှမကောင်းတော့ဘူး…. ဘယ်လိုပြောရမှန်းကို မသိတော့ဘူး..
    . အရင်က ကြည့်ဖူးတဲ့ထဲမှာ ” မူပိုင်ချစ်သူ” ” ဒဏ္ဍာရီ” အဲ့ဒီကားလေးတွေတော့ ကြိုက်တယ်

    အိမ်တွင်းဖျော်ဖြေရေးတွေ များလာတာကတကြောင်း ဇာတ်ကားများက အရည်အသွေးညံ့လာတာက တကြောင်း ………… ကြောင်း…. ကြောင်း

  • hmee

    September 25, 2011 at 12:07 am

    အဆိုတော်က ကိုင်ဇာထင်တယ် “ရာဇူးကမမရေ….ရာဇူးက မမ” ဆိုတဲ့သီချင်း ငယ်ငယ်တုန်းက ကြားဖူးခဲ့တာ။ ရာဇူးဆိုတာ တက္ကသိုလ်ကို ဆိုလိုမှန်း သိပေမဲ့ အတိအကျတော့ မသိခဲ့ဘူး။ အခု လေးပေါက်ပြောပြမှ သေသေချာချာ သိသွားပါတယ်။ လေးပေါက်ရေ သူများဆီ ရောက်နေလို့ ကိုယ့်ဘာသာစကားလေး ကြားရရုံနဲ့ ကျေနပ်တာမို့ တနေ့ တကားတော့ ဖွင့်ဖြစ်တယ် ကြည့်တဲ့ အခါလည်းကြည့် မကြည့်ဖြစ်လည်း အလုပ်လုပ်ရင် အသံနားထောင်ပေါ့ ဒါကြောင့် အရည်အသွေးညံတာတွေ တော်တော် များမှန်း မသိချင် မြင်လျှက်သားပါ။ လေးပေါက်စာဖတ်ပြီး အကာကအချစ် အနှစ်ကမေတ္တာကားကို ပြန်ရှာကြည့်တော့ ကောင်းလိုက်တာများ ဟာကွက်တောင် ရှာမတွေ့ဘူး။ ဘယ်နှစ်ကြိမ်မှန်းတောင် မမှတ်မိလောက်အောင် ကြည့်ဖူးပေမဲ့ ဘယ်တော့မှ မရိုးနိုင်ပါဘူး။ အခုတော့ ဘာကြောင့် မှီအောင် မရိုက်နိုင်တာပါလိမ့်လို့ တွေးတွေးပြီး ရှေးဆရာတွေကို နှမျှောမိသား။

    • kai

      September 25, 2011 at 2:29 am

      ရာဇူး – RASU – Rangoon Arts and Science University
      မာဇူး – MASU – Mandalay Arts and Science University

      ပိုပြည့်စုံသွားအောင် …နောင်စာလာဖတ်သူတွေအတွက်ချန်ပေးထားတာလေးပါနော.။

  • အရင်က အနုပညာအစွမ်းကိုအပြည့်အဝအသုံးချပြီး ဝင်ငွေရအောင်ရှာကြတာပါ။
    ဝါသနာအရင်းခံတာလဲပါတယ်လေ။

    အခုခေတ်ကတော့ အနုပညာကို ခုတုံးလုပ်ပြီးငွေရှာကြတာ။
    နာမယ်ကြီးချင်တာက အဓိက။အတတ်ပညာမပါဘူး၊

    ကျနော်မြင်တဲ့ကွာခြားချက်ကတော့ ဒါပါဘဲ။

  • windtalker

    September 25, 2011 at 1:26 pm

    အခုခေတ် ကတော့
    တစ်ကားနှစ်ကား ရိုက်ရရင်
    မော်ဒယ် ဖြစ်ရင်
    ဈေးပိုရတယ် ဆိုကလား ပဲ
    ကောက်ပို

  • ဝါတော်ကင်းရေ
    အနုပညာစိတ်သက်သက် နဲ့ လုပ်ကိုင်စားသောက်သူတွေရှိနေသလို၊
    အနုပညာကို ဗန်းပြလို့ အမေပေးတဲ့ လယ်တစ်ကွက်ကို ထွန်ယက်စားသောက်ချင်နေတဲ့သူတွေကလဲ
    တပုံတပင်ရှိနေပါတယ်။

Leave a Reply