မျှော်လင့်နေသော ရောင်ခြည်လေး

Ordinary ManSeptember 23, 20111min947

ချိုးငှက်တကောင်
အတောင်မစုံမီ
အကောင်ပုံ မပီ
ဝီကနဲ ပြုတဲ့ ရန်သံကြားတော့
ဥပဲ့ နံရံကြားက
အတောင်ကားယားနဲ့
ပြေးလွားဖို့ပြင်
ဝန်းကျင်အကူ
အယူနည်းသတဲ့
လူသားတစ်ယောက်
လူအပီ ဖြစ်မြောက်ဖို့
ကျောထောက်နောက်ခံ
ဝန်းကျင်အရန်
အင်မတန်လိုအပ်တယ်။

ပတ်ဝန်းကျင်ပျက်စီးမှု
အငတ်ဘေးဆိုက်ရောက်မှု
ကျန်းမာရေးချို့ယွင်းမှု…စတဲ့
လူ့ပြဿနာအားလုံး
လူတွေပေါင်းရုံးပြီးဖြေရှင်းမှ
ပြေလင်းကြရတယ်လေ။
သို့ပင်ဖြစ်လျက်
ဘာ့အတွက်ကြောင့်
တစ်ယောက်ကိုတစ်ယောက်
မှောက်မှောက်မှားမှား
အားနဲ့ တိုက်ချင်နေရတာလဲ။
ခေါင်းပုံဖြတ်မှု
နိုင့်ထက်ကလူပြုမှု
လူအချင်းချင်းဒူးထောက်အညံ့ခံမှု
မျက်နှာချိုသွေးမှု
လူ့ဝန်းကျင်ကထွက်ပြေးမှု
လူကိုလျစ်လျူရှု
မှိုင်တွေငေးမောမှု
အဲဒီ…..
ပြု.ပြု…ပြု.ပြု သမျှတွေရဲ့အကျိုး
ဘယ်အထိဆိုးမလဲ
မလွဲသရွေ့တော့
မြစ်ကွေ့မှာချာလည်မူးပြီး
ရူးကြပြီပေါ့
ဒါတွေအားလုံး
ငြိမ်းအေးခြင်းအဆုံးသို့ရောက်
တစ်ယောက်ကိုတစ်ယောက်
ညီအစ်ကို လောက်မက
အားရပါးရ ချစ်ကြဖို့
မရမက ရှာနေတဲ့
တစ်ခုတည်းသော မျှော်လင့်ချက်ရောင်ခြည်လေး။

ဒီရောင်ခြည်မှာ
ရောင်စဉ်ရှစ်ခု
ပြစ်မှုကိုအမှန်အတိုင်းမြင်
မြင်တဲ့အတိုင်းတွေး
တွေးတာကိုအခြေခံ
ပြစ်မှုရဲ့အပြန်
အမှန်တွေ လုပ်
အဟုတ်တွေ ပြော
မမောတဲ့ မျက်နှာချိုးပုံနဲ့နေ
မသွေအောင် ထိန်း
မယိမ်းအောင် သတိထား
ပွားများကာ နေ။
ဒါတွေက လူ့ငြိမ်အေးဖို့အတွက်
မျှော်လင့်ချက်ရောင်ခြည်လေးပါ။

(မတူတာတွေဘေးဖယ်၊ တူတာတွေနဲ့ လက်တွဲပြီး လူ့ငြိမ်းအေးမှုဆီသို့ အတူသွားကြပါစို့။)

7 comments

  • Shwe Ei

    September 23, 2011 at 3:36 pm

    ကိုယ်ပိုင် အိုက်ဒီယာလားဟင်။ တမျိုးမထင်ပါနဲ့၊ သိချင်လို့ မေးတာပါ။ ကဗျာလေးက အဓိတ်ပါယ်ပြည့်ဝပါတယ်။

    • Ordinary Man

      September 24, 2011 at 3:11 pm

      ကျေးဇူးတင်ပါတယ် အိုက်ဒီယာကို ဘယ်လိုဘာသာပြန်မလဲ
      အသိအမြင်ဆိုရင်တော့ ကမ္ဘာမှာရှိတဲ့ လူတွေအများကြီးက ပေးတာတွေကို စုပေါင်းစပ်ပေါင်းပြီး အသိတစ်ခုအဖြစ်တည်ဆောက်ခဲ့တာပါ။
      ကဗျာကိုဖန်တီးမှုဆိုရင်တော့ ကိုယ်ပိုင် အိုင်ဒီယာလို့ပြောမယ်ဆိုပြောလို့ရပါတယ်

  • manawphyulay

    September 23, 2011 at 4:41 pm

    မတူတာတွေ ဘေးဖယ်လိုက်ရင် တူတာတွေ ရမယ်များထင်နေလို့လား။ မတူတာတွေကြားထဲ အကုန်ပါသွားမယ်လို့ မြင်မိပါတယ်။

    • Ordinary Man

      September 24, 2011 at 3:05 pm

      မတူတာတွေဖယ်လိုက်လို့ တူတာတွေရလာတာမဟုတ်ပါဘူး
      မတူတာတွေရော တူတာတွေရောလူတွေမှာရှိကြတာပါ
      ဥပမာ- လူတိုင်းရိုးသားတာကိုချစ်မြတ်နိုးကြပါတယ် ဒါက တူတဲ့အချက်ပေါ့
      မတူတာတွေက ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ မွတ်စလင်၊ ဂျူး၊ ဟိန္ဒူ၊ ဘာသာမဲ့၊ နတ်ကိုးကွယ်မှု စတာတွေပေါ့
      ဒါတွေကို ကျွှန်တော်တို့က လိုက်ငြိုနေရမှာမဟုတ်ဘူး
      တူညီနေတဲ့ ရိုးသားစွာနဲ့ တစ်ဦးကို တစ်ဦးလက်တွဲပြီး ငြိမ်းချမ်းဖို့ ကြိုးစားကြပါလို့
      ကျွန်တော်လည်း အစကတော့ မတူတဲ့သူတွေကို တိုက်ခိုက်ချင်ခဲ့တယ်
      ဒါပေမယ့် တိုက်ခိုက်နေခြင်းအားဖြင့် ကျွန်တော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေးကို ဘယ်လို ရောက်နိုင်ကြမှာလဲ
      လူတိုင်းလူတိုင်း ငြိမ်းချမ်းရေးကို လိုလားကြပါတယ်ဗျာ
      ဘယ်သူမဆို ငြိမ်းချမ်းဖို့အတွက်ချည်း အလုပ်လုပ်နေကြတာပါ။

  • japoe

    September 23, 2011 at 6:55 pm

    အရမ်းကောင်းတယ် လူတစ်ယောက်ရဲ.အတ္တဟာ အဲလူအတွက် အဆိပ်ပါပဲ အဲ—အရမ်းအတ္တကြီးလွန်းရင် ဘေးပတ်ဝန်းကျင်ကိုပါထိခိုက်တတ်ပါတယ်
    အဲလိုအတ္တကြီးတဲ. လူတွေများလာလို. ကျွန်တော်တို. ကမာ္ဘကြီးဒီလိုဖြစ်နေတာပါ

  • MOEPWINTPHYU

    September 24, 2011 at 5:16 pm

    ကောင်းတယ်
    လူတွေကအဲလိုပဲနေကျရင်ကောင်းမယ်နော်…
    စိတ်ဆိုးတာတွေစိတ်မကောင်းတာတွေမရှိပဲ..

  • musicalpunk

    September 24, 2011 at 8:10 pm

    ငါတို့ရောင်ခြည်က ဒီလိုဆိုပေမယ့်……….
    သူတို့ရဲ့ရောင်ခြည်ကတော့………………………………….ငွေ.ငွေ.ငွေ.လေ၊

Leave a Reply