ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၈)

လွင်ဦးရဲ့ ညီက ဘာမှမပြောပဲ ငိုနေတော့တယ်။ ဘာဖြစ်လာတာလဲ။

“ဘာဖြစ်လို့လဲ ငမူးပြောလေ”

“အဖေလေ….အမေကပြောတာ သေပြီတဲ့ အိမ်မှာလည်းလုူတွေအများကြီး ဟီးဟီး”

“လာလာ သွားရအောင် လွင်ဦး”

” ဟေ့ကောင် ပြောလေ အဖေ ဘာဖြစ်တာလဲလို့”

လွင်ဦးက သိချင်ဇော်နဲ့ သူ့ညီရဲ့ ပခုံးကိုကိုင်ပြီး လှုပ်မေးတယ်။ လွင်ဦးကိုကြည့်ပြီး သူတို့လည်း ကြောင်နေကြတယ်။

“ဟေ့ကောင် လာလာ မင်းအိမ်ကိုအရင်ပြန်ကြရအောင်…”

မိမိ ရဲ့အိမ်ကနေ သူတို့ သူငယ်ချင်းတွေ လွင်ဦးရဲ့အိမ်ကို ချီတက်ကြရတော့တယ်။ သူ့ရဲ့စိတ်ထဲမှာလည်း လေးလံလို့နေပါတယ်။ လွင်ဦးရဲ့ အိမ်လမ်းကြားလေးနားကိုရောက်တော့ လူတွေက လွင်ဦးရဲ့အိမ်ဘက်ကို သွားနေကြတယ်။ လွင်ဦးရဲ့အိမ်ရှေ့ကိုရောက်တော့ အိမ်ထဲမှာ လူတွေ စည်နေတယ်။ သူတို့ အိမ်ထဲကိုဝင်လိုက်တော့-

“အောင်မလေး ကိုအေးရဲ့ တော့် သားကြီး ပြန်လာပြီလေ။ တော် ချစ်လှပါပြီဆိုတဲ့ သားကြီးလေ…ဟီး…ဟီး…။ ဒီနေ့ မသွားပါနဲ့လို့ အတန်တန်တားထားတဲ့ကြားက ရှင်သွားတာ ခုတော့ မပြန်လမ်းဖြစ်ပြီလား အရပ်ကတို့ရေ ပြောကြပါဦး။ ကျမတို့ သား အမိတွေ ဘာနဲ့သွားစားရမှတုန်း…ကိုအေးရဲ့ လာပြီလေ တော့်သားကြီးပြန်လာပြီလေ ထကြည့်ပါဦး တော်ပြောတော့ သားကြီးအတွက် အချိန်ပိုကြေးရှာမလို့ဆို ခုတော့ ခွဲသွားပြီလား ကိုအေးရဲ့ ဟီး..ဟီး”

လွင်ဦးရဲ့ အမေငိုနေတာကိုကြည့်ပြီး သူတို့ပါ ငိုချင်လာတယ်။ လွင်ဦးရဲ့အဖေက ပန်းရံလုပ်တာ။ ဘာဖြစ်မှန်းတော့ မသိပါဘူး။ မီကျော်ကဆို လွင်ဦး အမေနဲ့အတူလိုက်ငိုနေပြီ။

“အဖေ ဘာဖြစ်တာလဲ ဟင် အမေ..။ အဖေဘာဖြစ်တာလဲလို့..သားကိုပြောဦးလေ…ဟီး…ပြောပါဦး အမေရဲ့ အဖေ ဘာဖြစ်တာလဲလို့ ဟီးဟီး..”

“မင်းအဖေလေ မင်းအတွက် အချိန်ပိုကြေးရှာမယ်ဆိုပြီ ခေါင်းကိုက်နေတဲ့ကြားက အလုပ်သွားတာ သားရဲ့ …ဟီး ဟီး အမေ တားပါသေးတယ် နောက်ရက်မှသွားလို့ …ခုတော့ ဆောက်လက်စ တိုက်ပေါ်က ပြုတ်ကျပြီးသေတာလေ…….ဟင့် ငါ့သားလေး မျက်နှာ မငယ်ရအောင်ဆို ကိုအေးရဲ့ အောင်မလေး သူတော်ကောင်းကြီးရဲ့ ရှင့် သားကမေးနေပြီတော့် ဟီး..ဟီး”

“အဖေရယ် အချိန်ပိုကြေးမရလဲ ဘာမှမဖြစ်ပါဘူး…..ဟီးဟီး…..သားကို ထကြည့်ပါဦး  အဖေ အဖေ ထကြည့်ပါဦးလို့”

လာပြီး သတင်းမေးတဲ့သူတွေက မျက်ရည်စို့လာကြပြီ။ သူ့ပါးပြင်မှာတောင် မျက်ရည်တွေက အလိုလိုနေရင်း စီးလာနေပြီ။ လွင်ဦးအဖေက  လွင်ဦးအပေါ်ကို မျှော်လင့်ချက် ကြီးတာ သူတို့သိတယ်။ ပညာတတ်ကြီးဖြစ်ဖို့ကို အတော်အရေးထားတယ်။ သူတို့ လွင်ဦးရဲ့အိမ်ကို သွားဆော့တိုင်းလည်း သူတို့ သူငယ်ချင်းတွေကို ဆုံးမတတ်တယ်။

“ဒီမယ် သားတို့ သမီးတို့ရ ဦးတို့ ပညာမတတ်တော့ ခုလို ပင်ပင်ပန်းပန်း ဆင်းဆင်းရဲရဲတွေ လုပ်နေရတာ။ အဲဒါ ဦးတို့ သားတို့ သမီးတို့အရွယ်တုန်းက ဆိုးခဲ့ မိုက်ခဲ့တဲ့အကျိုးတွေပေါ့။ မိဘက ကျောင်းထားတယ်။ ဦးတို့က ကျောင်းပြေးပြီး ဆိုးပေ တေလွှင့်ခဲ့တာ။ ခုတော့ အဲဒီအကျိုးတွေ ပြန်ခံစားရတာပေါ့။ မိဘတွေကို လိမ်ခဲ့သမျှ ခုတော့ ကံကြီးထိုက်တာပဲ။ မိဘကကျောင်းထားတယ်။ ဦးတို့က ကျောင်းမတက်ချင်ဘူး။ တက်ခွင့်ရခဲ့ရဲ့သားနဲ့ ဦးတို့က မတက်ခဲ့တာ။ အဲတော့ သားတို့ သမီးတို့ စာကြိုးစားကြပါ ဟုတ်ကဲ့လား။

ပညာတတ်တော့ သူများ အနှိမ်မခံရဘူး။ သားတို့ သမီးတို့ ကြိုးစားရင် ဆရာဝန်ကြီးလည်း ဖြစ်နိုင်တာပဲ.။ အင်ဂျင်နီယာဖြစ်ချင်သလား၊ ဆရာမဖြစ်ချင်သလား၊ စာရင်းကိုင်ဖြစ်ချင်သလား။ ခုနေ ကြိုးစားရင် အကုန်လုံးထဲက ကြိုက်တာကို ဖြစ်အောင်လုပ်လို့ရတဲ့။ ဦးတို့မှာ မရှိတဲ့အထဲကျောင်းထားရတာဆိုတော့ သားတို့ သမီးတို့က ပိုကြိုးစားဖို့လိုတယ်။ တစ်နှစ်ကျရင် တစ်နှစ်သိသာတယ်။ ပိုက်ဆံရှိတဲ့သူအတွက်ကတော့ တစ်နှစ်ကျလည်း ဘာအရေးလဲ။ ဦးတို့ မင်းတို့ မိဘတို့ဆိုတာက ခြေမချွေးကျအောင်ရှာရဖွေရတာ။

အဲဒီတော့ စာကြိုးစား..ပညာတတ်ဖြစ်အောင်လုပ်….နေရိပ်ထဲမှာ အလုပ်လုပ်ရအောင်လုပ် ကြားရဲ့လား”

အဲဒီလိုပြောခဲ့တဲ့ လွင်ဦးအဖေက မရှိတော့ဘူးတဲ့။ ဆုံးပြီတဲ့။ သူ ရင်ထဲမှာ လွင်ဦးကို သနားနေတယ်။ လွင်ဦးက စာကြိုးစားတယ်။ စာကျက်မပျင်းဘူး။ လွင်ဦးအိမ်ထဲမှာ အသုဘအတွက်လုံးပမ်းနေသူတွေ ပျာယာခတ်လှုပ်ရှားနေကြတယ်။ မိုးကာကြီးနဲ့ ဖျင်တဲထိုးသူတွေကထိုးနေကြပြီ။ နောက်ဖေးမှာ မီးဖိုတဲ့သူကဖိုလို့။ သူတို့ သိပ်နားမလည်တော့ လူကြီးတွေ လုပ်သမျှ အထူးအဆန်းကြီးလို လိုက်လိုက်ကြည့်မိတယ်။ အိမ်သေးသေးလေးထဲမှာတော့ ယောကျာ်းသားကြီးတွေ အုပ်စုလိုက်ထိုင်သူက ထိုင်လို့နေတယ်။  အသက်အရွယ်ကြီးသူတွေကတော့ ရေနွေးဗန်းလေးတွေချပြီ ရောက်တတ်ရာရာတွေပြောနေကြတယ်။ လွင်ဦးရဲ့အမေက ငိုရတာ မောလို့ထင်ပါရဲ့ အသံမထွက်တော့ဘူး။  အသံတွေလည်း ဝင်နေပြီ။  လွင်ဦးကတော့ ငိုင်နေတယ်။ မငိုတော့ဘူး။ မျက်ရည်တွေဝေ့သီနေတဲ့ မျက်ဝန်းနဲ့ သူ့အဖေရဲ့အလောင်းကိုငေးကြည့်နေတယ်။

“လွင်ဦး အားမငယ်နဲ့နော် သူငယ်ချင်း ငါတို့လည်းရှိတယ်”

သူက အားပေးနှစ်သိမ့်စကားဆိုလိုက်တယ်.။

“အေး ငါတို့လည်းရှိတယ် နော် လွင်ဦး.။ စိတ်ဓါတ်မကျနဲ့ကွ… မင်းအဖေဖြစ်စေချင်တဲ့ပညာတတ်ကြီးဖြစ်အောင် ကြိုးစား…”

“ငါ့ကို စာတော်စေ့ချင်တဲ့ အဖေ ။ငါ့ကို ပညာတတ်ကြီးဖြစ်စေချင်တဲ့အဖေ….ဘာလို့သေသွားတာလဲ အဖေရယ် သားတို့ကို လာကြည့်လှည့်ပါဦး..ဟီးဟီး…..ဟီး”

သူ လွင်ဦးရဲ့ပခုံးကိုဖက်ထားလိုက်တယ်။ လွင်ဦးကတော့ အားရပါရ ရှိုက်ငိုလို့။ သူ့မျက်လုံးမှာလည်း မျက်ရည်တွေနဲ့ဖြစ်သလို ဖိုးကျော့၊ ဖိုးလွင်၊ မီကျော်တို့လည်း ငိုနေပါပြီ။ တစ်ယောက်ခံစားရရင် ကျန်သူငယ်ချင်းတွေပါ လိုက်ခံစားတတ်တာ အမြဲ။ လွင်ဦးရဲ့ကျောပြင်ကို သူက ခပ်ဖွဖွလေးပုတ်ပေးတယ်။ ငိုပါ…။ အဖေသေလို့ငိုတာ ငိုစမ်းပါ။ အားရပါရငိုလိုက်စမ်းပါ။ သူတောင် အတွေးထဲမှာ ငါ့မိဘများသေသွားခဲ့ရင်ဆိုတဲ့အတွေးနဲ့ ဝမ်းနည်းငိုရှိုက်ဖူးခဲ့သေးတာပဲ။

××××××××××××××

ဒီနေ့ လွင်ဦးအဖေ အသုဘချရက်။

ကျောင်းကနေ လွင်ဦးရဲ့အဖေ အသုဘပို့ဖို့အတွက် သူတို့ စတုတ္ထတန်းကျောင်းသူ/ကျောင်းသားတွေကို နေ့လည်ပိုင်း လိုက်ပို့ခွင့်ပြုထားတယ်.။ လွင်ဦးရဲ့အဖေ အသုဘမှာ အန်တီဆရာမက ကားနှစ်စီးဌားပေးတယ်။ မပြည့်စုံသူတွေဆိုတော့ ကားကို အများကြီး မဌားနိုင်ဘူး။ အသုဘပို့ဖို့ ကျောင်းသားတွေကို နေ့လည် တစ်နာရီကတည်းက ကျောင်းပေါက်ဝမှာ စီတန်း စောင့်နေခိုင်းတယ်။ သူတို့ကတော့ လွင်ဦးနဲ့အတူ အနားကမခွာပဲ လွင်ဦးကိုပဲ အရိပ်တကြည့်ကြည့် ကြည့်နေရတယ်။ လွင်ဦးအဖေအတွက် ကျောင်းကလည်း နာရေး ကူညီမှုအနေနဲ့ တစ်တက်တစ်အား ဝင်ရောက်ကူညီလှူဒါန်းကြတော့ အသက်ရှူချောင်ရတာပေါ့။ ရက်လည် ဆွမ်းသွပ်ဆိုလား…ဘာလားတော့မသိဘူး ။ အမေပြောတာတော့ ဆွမ်းသွပ်ဖို့ ကျောင်းက လှူဒါန်းလို့ အဆင်ပြေသွားတာလို့တော့ မနေ့ညက အဖေ့ကိုပြောနေသံကြားရတယ်။ ဘုန်းကြီးတွေ လွင်ဦးရဲ့အိမ်ပေါ်ကြွသွားတာမြင်လိုက်ရတယ်။ တရားနာဆိုလားပဲ။ တအောင့်လောက်ကြာတော့ ဘုန်းကြီးတွေပြန်ကြွသွားကြတယ်။ ခဏနေတော့ အခေါင်းကြီးကို ထမ်းထွက်လာတာမြင်လိုက်ရတယ်။ လွင်ဦးက သယ်လာတဲ့အခေါင်းကိုကြည့်ရင်း မျက်ရည်တွေ ကျလာပြန်တယ်။ မငိုပါနဲ့ သူငယ်ချင်းရယ်..။

လွင်ဦးရဲ့အမေက အခေါင်းကိုထမ်းထွက်လာတာလည်း မြင်လိုက်ရော ကြူကြူပါအောင်ငိုပါတော့တယ်။

“နေကြပါဦးရှင် … အမလေး နေကြပါဦးရှင်…ကိုအေးရဲ့ ရှင့်ကိုမခွဲနိုင်ဘူး…။ကျမရဲ့ ဒုက္ခတွေ ကူလှည့်ပါဦး..ဟီး….ဟီး”

“ဟ မကြည်ကို ဆွဲထားဟ…. မကြည်နားမှာ သုံးယောက်လောက်နေ တော်ကြာ တက်သွားဦးမယ်.”

“မကြည် သတိထားမှပေါ့ တရားနဲ့ဖြေ ငါ့ညီမရဲ့ ….”

ရပ်ကွက်က အိမ်နီချင်းတွေရဲ့ အားပေးနှစ်သိမ့်မှုအသံတွေကိုကြားနေရတယ်။ လွင်ဦးကတော့ အသံတိတ်ငိုနေတယ်။ လွင်ဦး ညီလေးကလည်း ငိုနေတယ်။ ညီအစ်ကိုနှစ်ယောက် ဖက်ငိုနေတာကိုကြည့်ရင်း သူ့လည်ချောင်းတွေ တစ်ဆို့နေတယ်။ ဟိုကောင်တွေကြည့်လိုက်တော့ မျက်ရည် ဝဲဝဲ… ဝဲဝဲ…။

အခေါင်းကို ကားပေါ်တင်လိုက်ပြီ။ လွင်ဦးအမေကတော့ ကားငယ်လေးတစ်စီးပေါ်တက်သွားပြီ။ သူတို့လည်း ကားတစ်စီးပေါ်တက်လိုက်တယ်။ ကျောင်းကို သွားကြိုတဲ့ကားတွေလည်း ရှေ့မှာ ဆိုက်နေပါပေါ့လား။ ကားပေါ်က ကျောင်းသားတွေက လွင်ဦးနဲ့ သူတို့ သူငယ်ချင်းတစ်စုကို ကြည့်နေကြတယ်။ ကျောင်းကားကိုဖြတ်ကျော်လိုက်တော့ ကောင်မလေး၊ အန်တီဆရာမ ပြီးတော့ မိမိ။ မိမိပါ နေမကောင်းတဲ့ကြားက လိုက်ပို့ပါလား ။

အသုဘပို့တဲ့ကားတန်းကြီးက မြို့ကထွက်နေပြီ။ စည်စည်ကားကားလေးရှိတဲ့ အသုဘမှ ငိုယိုနေသူ ကျန်ရစ်သူမိသားစုကလွဲလို့ အားလုံးက ပတ်ဝန်းကျင် အနေအထားမှာ နှစ်မြောနေကြတယ်။ သူတို့ သူငယ်ချင်းတစ်စုကတော့ လွင်ဦးကိုသာ အာရုံစိုက်ရင်း အားပေးစကားတွေပြောနေကြတယ်။

“ဘာမှ အားမငယ်နဲ့ကွာ …။ ငါတို့ရှိတာပဲ…။ စာကိုတာ ကြိုးစားကွာ မင်းအဖေပြောခဲ့တဲ့ စကားတွေ ငါခုထိအမှတ်ရတုန်းပဲကွ…. ပညာတတ်ဖြစ်မှ အနှိမ်မခံရမှာ…။ “

သူပြောတဲ့စကားကို လွင်ဦးက မျက်ရည်တွေနဲ့ ကြည့်ပြီး ခေါင်းငြိမ့်ပြရှာတယ်။ ကားတန်းကြီးက လေးမိုင်လို့ခေါ်တဲ့ သင်းချိုင်းထဲကိုဝင်နေပြီ။ ကားတွေ ရပ်ကုန်ပြီ။ ကားပေါ်ကလူတွေ တဖွဲဖွဲ ဆင်းကုန်ကြတယ်။ မြေနီနီကျင်ကျင်မှာ လူအုပ်ကြီး ဖြတ်လျှောက်လိုက်တော့ ဖုန်တထောင်းထောင်းထလို့။ ကြေးစည်သံက တိတ်ဆိတ်နေတဲ့ သင်းချိုင်းမြေကို ဖြိုခွင်းလိုက်တယ်။ ဆွေးမြေ့စရာကောင်းတဲ့ ကြေးစည်သံကိုကြားတော့ လွင်ဦးက ခေါင်းထောင်လာတယ်။  အုတ်ဂူဖြူဖြူဖွေးဖွေးတွေကိုကျော်လွန်ပြီးတော့ မြေပုံမို့မို့လေးတွေချည်း ရှိတဲ့ မြေကွက်လပ်လေးတွေနားရောက်လာတယ်။ အခေါင်းထမ်းသူတွေက အခေါင်းကို တူးထားတဲ့မြေတွင်းနားမှာ ချလိုက်ပြီ။ လူတွေကလည်း မြေတွင်းနားမှာ အဝိုင်းလိုက်ဝိုင်းပြီး ကြည့်နေကြတယ်။ ကျောင်းသား/ကျောင်းသူတွေကလည်း စပ်စပ်စုစုကြည့်ချင်လို့ မမီမကန်းနဲ့ ခုန်ဆွ ခုန်ဆွ ခုန်ကြည့်ကြတယ်။

“ကဲ နောက်ဆုံးအနေနဲ့ မကြည် လာလာ အခေါင်းဖွင့်ပေးမယ် လာကြည့် နင့်သားတွေကိုခေါ်လိုက်ဦး”

နောက်ဆုံးအနေနဲ့တဲ့။ လွင်ဦး ခေါင်းဆက်ခနဲထောင်လာတယ်။ တဖြည်းဖြည်းနဲ့ သူ့ညီလက်ကိုဆွဲပြီး မြေတွင်းနားကို လျှောက်သွားတယ်။ လွင်ဦးရဲ့အမေကတော့ ငိုတုန်းပဲ။

“ခွဲရတော့မှာပေါ့ သူတော်ကောင်းကြီးရဲ့ ဒီမယ်လေ ရှင့်သားတွေ ။ ကြည့်ပါဦး။ မျက်လုံးလေး ဖွင့်ကြည့်ပါဦ.း ဟီး..ဟီး….စိတ်ချလက်ချ သွားပြီပေါ့….စိတ်ချ ရှင်ဖြစ်စေချင်တဲ့ ပညာတတ်ကြီးတွေ ရှင့်သားနှစ်ယောက်လုံးဖြစ်စေရမယ်လို့ ကျမ ကတိပေးပါတယ် …..ဟီး..ဟီး”

“ကဲ ကန်တော့ ကန်တော့ သားတို့ ကန်တော့လိုက်ကြ”

အခေါင်းကို ဆွဲပိတ်လိုက်ကြပြီ။တူနဲ့ အခေါင်းဖုံးကို တဒုန်းဒုန်း ထုလိုက်ပုံက နောက်ဆုံး အပြီးသတ်နှုတ်ဆက်ခြင်း။ ပြီးတော့ အခေါင်းကိုကြိုးနဲ့ဆွဲမ ပြီး ကျင်းထဲကို တဖြည်းဖြည်းချနေပြီ။ မျက်ရည်ဖြိုင်ဖြိုင်ကြပြီး ငိုနေတဲ့ လွင်ဦးအမေက တက်သွားပြီး။ ဆွဲကြ။ လွဲကြနဲ့ လူတွေ တရုန်းရုန်းဖြစ်သွားတယ်။ လွင်ဦးက ကျင်းထဲကိုချနေတဲ့ သူ့အဖေအလောင်းကို မမှိတ်မသုန်ကြီးကြည့်နေတယ်။ အကြည့်တွေက ကြောင်တောင်တောင်ကြီးလိုလို။ သူ့ ညီလက်ကိုဆုပ်ကိုင်ထားပုံက တင်းကျပ်နေတယ်။ အံကြီးကျိတ်ထားတာလား။ သူ လွင်ဦးကိုတာ တစိုက်မတ်မတ်ကြည့်နေတယ်။ မလှမ်းမကမ်းမှာကြည့်နေတဲ့ ကောင်မလေးက သူ့အနားကပ်လာတယ်။ မိမိလက်ကလေးကိုကိုင်ဆွဲလို့ပေါ့။

“ချာလီ လွင်ဦး ဘာဖြစ်နေတာလဲဟင်..သူ့ပုံစံက ကြောက်စရာကြီး..”

“ဟုတ်တယ် ချာလီ …ငါတို့ကြည့်နေတာ နင်မြင်တယ်မလား…. “

“အေး မြင်တယ် ငါလည်းကြည့်နေတာ..ဒီကောင် ဘာဖြစ်နေတာလဲမသိဘူး။…”

အခေါင်းက မြေကိုကျပြီ။ အဲဒီအချိန်မှာ မမျှော်လင့်ထားတဲ့ အဖြစ်ကို သူတို့ မျက်ဝါးထင်ထင်မြင်လိုက်ရတော့ လန့်ပြီး ကြောင်ကြည့်ကြည့်နေမိတယ်။ “ဝုန်း”ဆိုတဲ့အသံကိုကြားလိုက်ရပေမယ့် ဘယ်သူမှ လှမ်းမတားလိုက်မှီမှာပဲ လွင်ဦးက ကျင်းထဲကို ခုန်ချသွားတော့တယ်…။

“ဟာ ဟေ့ကောင် လွင်ဦး”

“အမလေး လွင်ဦးရေ……….”

ဆက်ရန်

သော်ဇင်(လွိုင်ကော်)

23th-Sep-2011

4 comments

  • နီလေး

    September 24, 2011 at 11:30 am

    မင်းသားကချာလီနဲ့ချမ်းမြေ့လို့ထင်ထားတာ ဇာတ်ကောင်တစ်ယောက်ချင်းစီကိုဖော်ပြထားတာကောင်းပါတယ် မီမီကျော်တော့ခြေထောက်အနာတရဖြစ်ပြီးဖျားတယ် လွင်ဦးအလှည့်ကျတော့ နဲနဲကံဆိုးပြီး အဖေသေသွားတယ် နောက်လူတွေတော့ အမေပါသေဦးမလားမသိဘူးနော် နောက်တာပါ

  • manawphyulay

    September 24, 2011 at 11:41 am

    အင်း ဇာတ်လမ်းကတော့ အထွဋ်အထိပ်ရောက်နေပြီ။ ဘာတွေဆက်ဖြစ်လာမလဲမသိဘူးနော်။ တစ်ခါထဲ အခွေအပြီးဝယ်ကြည့်လို့ရရင်တော့ကောင်းသား…

  • chitsu

    September 24, 2011 at 1:36 pm

    ဇာတ်လမ်းကတော်တော်ကောင်းနေပြီ
    လွင်ဦးကသူ့အဖေကိုမခွဲနိုင်လို့ဖြစ်မှာပေါ့နော်
    ချစ်ဆုလည်းလွင်ဦးလိုမျိုးဖြစ်ဖူးတယ်…………..(အဲ့လိုတော့မခုန်ချဘူးပေါ့နော်)
    ငိုပဲငိုတာပေါ့

  • Shwe Ei

    September 25, 2011 at 6:32 pm

    ကလေးတွေရင်ထဲမှာကျောင်းနဲ့ ပတ်သတ်ရင် စိတ်နာစရာတွေချည်းဖြစ်နေတော့မှာဘဲ။

Leave a Reply