ရီချင်ရင်…ဖတ်လိုက်နော်

thit minSeptember 23, 20111min1319

ရှောင်တခင်စစ်ဆေးခြင်း

အလုပ်ရှင်တယောက်ဟာသူ့ဂိုဒေါင်ကအလုပ်သမားတွေအလုပ်၊လုပ်မလုပ်သိရအောင်

ရှောင်တခင်စစ်ဆေးဖို့လာခဲ့ပါသတဲ့။

ဂိုဒေါင်ကိုရောက်ရောက်ချင်းပါပဲ၊ဂိုဒေါင်ဘေးကအရိပ်အောက်မှာဂိုဒေါင်ကိုမှီပြီးအိပ်နေတဲ့

အလုပ်သမားတရောက်ကိုတွေ့လို့ဒေါပွသွားလို့၊နှိုးလိုက်ပြီး”ဟေ့ကောင် မင်းရဲ့တပတ်လုပ်စာ

ဘယ်လောက်လဲ”လို့မေးလိုက်တယ်။

ဟိုအိပ်နေတဲ့ကောင်ကလဲအိပ်ချင်မူးတူးနဲ့ “၁၀ဝဒေါ်လာ”ပါခင်ဗျာလို့ဖြေတယ်။

အဲဒါနဲ့ဒေါပွနေတဲ့သဌေးက၂ဝတန်ငါးရွက် (ဒေါ်လာ၁၀၀) ထုတ်ပေးလိုက်ပြီး “မင်းထွက်သွား    နောက်ဘယ်တော့မှမလာနဲ့တော့”လို့ပြောလိုက်တယ်။

ဟိုကောင်ကလဲဘာမှမပြောပဲအိပ်ထဲပိုက်ဆံလေးထဲ့ပြီးထွက်သွားတယ်လေ။

အနားမှာကြောင်ပြီးကြည့်နေတဲ့ဂိုဒေါင်မန်နေဂျာကိုအလုပ်ရှင်က”ပြောစမ်း  ဒီကောင်ဒီမှာလုပ်တာကြာပီလား”

လို့လဲမေးလိုက်ရော၊
မန်နေဂျာ ဖြေလိုက်တာက “သူက ပစ္စည်းလာပို့တဲ့ကောင်လေးပါဆရာ” တဲ့ဗျား။

 

အဝတ်ဗီရိုရဲ့အစောင့်

လူနာရှင်။    ။ကျနော့မိန်းမစိတ်ရောဂါရှိနေလို့ပါဆရာ၊သူ့အဝတ်အစားတွေအခိုးခံရလိမ့်မယ်ဆိုပြီး

အရမ်းစိုးရိမ်နေရှာတယ်ခင်ဗျ။

ဆရာဝန်။     ။ဘယ်လိုဖြစ်လို့လဲ၊ခင်ဗျားကရောဘယ်လိုလုပ်သိတာလဲ?

လူနာရှင်။      ။ဒီလိုပါဆရာ၊တနေ့ကကျနော်အိမ်ကိုခါတိုင်းထက်၂နာရီစောပြီးပြန်ရောက်လာပါတယ်။

အဲဒီအချိန်မှာကျနော်မိန်းမနဲကျနော့တိုရဲ့အိပ်ခန်းထဲကဗီရိုဘေးမှာယောက်ကျားတယောက်ကိုတွေ့ပါတယ်။ကျနော့မိန်းမကိုမေးကြည့်လိုက်တော့အဲဒီလူကကျနော်မိန်းမသူရဲ့အဝတ်အစားတွေခိုးမှာစိုး လို့စောင့်ခိုင်းထားတဲ့အစောင့်ပါတဲ့ဆရာ၊ကျနော့မိန်းမကိုကုပေးပါအုန်းဗျာ။

 

မစောင့်ရတော့ပါဘူး

စားစရာတွေမှာထားပြီးအချိန်တော်တော်ကြာအောင်စောင့်နေရလို့စိတ်မရှည်တော့တဲ့ဧည့်သည်က
“ဟေ့ စားပွဲထိုး ငါဘယ်လောက်ထပ်စောင့်ရအုန်းမှာလဲကွ” လို့ဒေါသတကြီးအော်မေးလိုက်တယ်။

စားပွဲထိုးကခုလိုပြန်ဖြေပါတယ်၊

“မစောင့်ရတော့ပါဘူးဆရာ၊ကျနော်တို့ဆိုင်ကကိုးနာရီဆိုပိတ်ပါတယ်၊ခုကိုးနာရီထိုးဖို့၁မိနစ်တောင်မလိုတော့ဘူးဆိုတော့ဆရာမစောင့်ရတော့ပါဘူး”
ဟူသတတ်။

 

သူလိမ်ကိုယ်လိမ်

အမျိုးသားတယောက်နှင့်အတူထိုင်နေရာမှအမျိုးသမီးကဖုန်းလာသဖြင့်ထိုင်ရာမှထသွားပြီးကိုင်လိုက်သည်။

စကားအနည်းငယ်ပြောပြီးပြန်လာထိုင်သောအမျိုးသမီးကိုအမျိုးသားကမေးသည်၊”ဘယ်က ဖုန်းလဲ”

အမျိုးသမီးက
“ကျမ ယောက်ျား”

အမျိုးသားက
“ဟေ ဒါဆို ငါပြန်ရင်ကောင်းမလား၊သူ အခု ဘယ်မှာလဲ”

အမျိုးသမီးက
“အေးအေးဆေးပါ၊ သူကပြောတယ်၊ သူကရှင်နဲ့ မြို့ထဲမှာအခုအတူရှိနေပြီး၊  ပိုကာဒေါင်းနေလို့ဒီညပြန်မအိပ်ဘူးဆိုပဲ”

 

ကလေးလိုချင်ရင်တောင်အိုကေဆိုပဲ

(ဆိုဗီယက်တို့ကိုလှောင်သောဟာသလေးပါ)

ဆိုဗီခေါင်းဆောင်တယောက်အမေရိကကပြန်လာပြီးခုလိုမိန့်ခွန်းချွေပါသတဲ့။

ကျနော်တို့ဘာမှမထုတ်တော့ဘူး၊ဘာမှလဲလုပ်စရာမလိုတော့ဘူး၊အကုန်အမေရိကကသွင်းမယ်ဗျာ။

စဉ်းစားကြည့်ဗျာကျနော်အမေရိကမှာစတိုးဆိုင်မှာ

ဈေးသွားဝယ်တယ်၊ဘာတွေ့လဲဆိုတော့နှို့မှုန့်(powdered milk)တဲ့ရေ/ရေနွေးထဲ့ပြီးဖျော်လိုက်ရုံနဲ့နွားနို့ဖြစ်တယ်။

လိမ္မော်ရည်အမှုန့်(powdered orange juice)တဲ့၊ရေထဲ့ရုံပဲလိမ္မော်ရည်ဖြစ်ကရော။

အဲဒီလိုအမှုန့်တွေအများကြီးဗျ။

နောက်ဆုံးတွေ့ရတဲ့အမှုန့်ကတော့လွန်တယ်ဗျာ၊

….ဘေဘီပေါင်ဒါတဲ့။

ဟူး………..ဘယ်လိုတိုင်းပြည်လဲဗျာ။

 

တိုမှာပေါ့

အကခန်းမတခုတွင်ဖြစ်သည်။

အသက်ကြီးကြီးယောက်ျားတယောက်ကငယ်ငယ်ချောချောကောင်မလေးတယောက်ကိုမကြေမနပ်ပြောနေသည်။

“မင်းနဲ့တွဲ က လိုက် တိုင်း မြူးဇဇ်ကအချိန်တိုလွန်းတယ်ကွာ၊ခဏလေးခဏလေးနဲ့ပြီးပြီးသွားတယ်ကွာ၊ဘာဖြစ်တာလဲ”

ကောင်မလေးကပြန်ပြောလိုက်တာက

“တိုမှာပေါ့၊အဲဒီမြူးဇဇ်ကိုတီးနေတဲ့မြူးဇဇ်ရှင်က ကျမရီးစားလေ” ပါတဲ့။

 

စိတ်ကူးယဉ်ဆိုတော့လဲ

လေ့ကျင့်ရေးစခန်းတွင်ဖြစ်သည်။

ဗိုလ်ကြီး။   ။ဟေ့ တပ်ကြပ် စိတ်ကူးနဲ့ပေါ့ကွာ၊ ရန်သူရုတ်တရက်တက်လာပီဆိုပါတော့၊မင်းဘာလုပ်မလဲ?

ငါအမိန့်ပေးကြည့်မယ်၊ “ရန်သူ၊နေရာယူ”

တပ်ကြပ်ကဘေးသို့ခြေနှစ်လှမ်းသာလှမ်းကာပုံမှန်ရပ်နေသဖြင့် ဒေါပွကာမျက်နှာနီသွားသောဗိုလ်ကြီးက

“ဟေ့ကောင် ဘာလုပ်တာလဲ”လို့အော်လိုက်ပါတယ်။

တပ်ကြပ်။    ။ကျနော့စိတ်ကူးထဲကသစ်ပင်အကြီးကြီးဘေးမှာကပ်နေတာပါဗိုလ်ကြီး။

ကျွန်တော့ မိန်းမပျောက်သွားလို.

အမျိုးသားတစ်ယောက် သူ.မိန်းမ ပျောက်သွားသဖြင့်ရဲစခန်းသို.သွား ၍ အမူဖွင့်စဉ်

အမျိုးသား – ကျွန်တော့မိန်းမ ပျောက်သွားလို.ပါ။

ရဲ – သူမ အရပ်ဘယ်လောက်မြင့်လဲ။

အမျိုးသား – သတိမထားမိဘူး။

ရဲ – ဝလား ပိန်လား၊ ကျန်းမာရေးကောင်း သလား။

အမျိုးသား – သိပ်တော့ မပိန်ဘူး၊ ကျန်းမာမယ်ထင်တယ်။

ရဲ – မျက်လုံးက ဘာအရောင်လဲ။

အမျိုးသား – ကောင်းကောင်းကြီး သတိမထားမိဘူး။

ရဲ – ဆံပင် အရောင်ကကော။

အမျိုးသား – ခေတ်လိုက်ပြီး ပြောင်းနေတယ်။

ရဲ – သူမ ဘာဝတ်ထားလဲ။

အမျိုးသား – အတိအကျ မမှတ်မိဘူး။

ရဲ – သူမနဲ.အတူ ဘယ်သူပါသွားသေးလဲ။

အမျိုးသား – ကျွန်တော့ အရမ်းချစ်တဲ့ Labrador ခွေးလေးပါသွားတယ်။ သူ.ကို
ရွှေချိန်းကြိုး လေး တပ်ပေးထားတာ၊ အမြင့် က ၃ဝ လက်မလောက်ရှိတယ်။
ကျန်းမာတယ်၊ မျက်လုံးအပြာရောင်၊ အညိုရောင် အမွှေးနဲ.၊ နောက်ပြီး သူ.ဘယ်ဘက်
လက်ရဲ. လက်မမှာ လက်သည်းက နည်းနည်း ကျိုးနေတာ၊ သူက လူတွေကို လုံးဝ
မဟောင်ဘူး၊ သူက အသီးအရွက်မကြိုက်ဘူး၊ သူနဲ. အတူစား၊ အတူသွား၊ အတူအိပ်၊
အတူ ဆော့ ခဲ့ ကြတာ ဗျ။

ဟုပြောကာ စတင်ငိုကြွေးပါတော့သည်။ ထိုအခါရဲက

ရဲ – အိုကေ။ဒါဆို ခင်ဗျားခွေးကို အရင်ရှာကြတာပေါ့။

 

Source: Reader’s Digest Best Jokes (10 July 2010~23 Sept 2011)

9 comments

  • koyinmaung

    September 23, 2011 at 7:14 pm

    ရှောင်တခင်စစ်ဆေးခြင်း သူလိမ်ကိုယ်လိမ်
    ဒါမျိုးတွေအပြင်မှာလဲဖြစ်တတ်ပါတယ်….
    ကောင်ပါတယ်..အားပေးသွားပါတယ်…..

  • TTNU

    September 23, 2011 at 7:56 pm

    ဆရာသစ်ရေ
    ရယ်ရပါတယ်။ တစ်ပုဒ် ကူမယ်နော်။ လက်တွေ့ ဘဝထဲက။
    ကိုယ်တို့ မူလတန်းတုန်းက သရေခေတ္တရာ မှော်ဇာ အလကကျောင်းမှာ။ ဆရာကြီး(ဦးဘရွှေတဲ့။ ဆုံးသွားရှာပါပြီ)
    နံနက် Assembly မှာ မိန့်ခွန်းပြောတော့ ကလေးတွေ ဆိုးပြီးပြောဆိုဆုံးမရတာ ခက်တော့ စိတ်တိုရှာတယ်
    ထင်ပါရဲ ့၊ မင်းတို့ နောင်ဆိုရင် ဒီ အပြစ်မျိုးတွေ ထပ်ကျူးလွန်ရင် ငါနဲ့တွေ့မယ်။ နားလည်လား၊
    ကလေးတွေ ဘာမှ response မလုပ်တော့ ပို စိတ်တိုလာပြီး မင်းတို့ အလကားကောင်တွေ” ခွားတွေ နွေးတွေ”
    လို့ အော်ဆူပါလေရော ။ ကလေးတွေရော ဆရာဆရာမတွေရော ပြုံးစိစိ လုပ်လေ ဆရာကြီးပိုစိတ်တိုလေ။
    ထပ်ဆူပါရော၊ ဒီတစ်ခါရှေ ့နောက် ပြင်ပြောပါတယ် ” နွေးတွေ ခွားတွေ” တဲ့လေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 23, 2011 at 9:58 pm

    ကျုပ်ငယ်ငယ်က ဖတ်ဘူးတဲ့ ကျုပ်ရဲ့အသည်းစွဲ ကာတွန်းဆရာမောင်ဝဏ္ဏရဲ့ကာတွန်းလေးပါ
    ကျုပ်ကပေါတာကိုသိပ်ကြိုက်တာ
    သမိန်ပေါသွပ်ကိုများ ကျုပ်ဘရားသားလိုတောင်သဘောထားတယ် 😀
    သူများရီးရမရီရတော့သိဘူး ကျုပ်ရီရလို့
    ကာတွန်းမှာက ခေတ်ပေါ်လူငယ်တစ်ယောက်က ဂီတဘိုးအေကြီးဆိုတဲ့
    ပုဂ္ဂိုလ်ကြီးရဲ့ ဘေးမှာ တစ်ဂွီဂွီတစ်ဂွမ်ဂွမ်နဲ့ တေးဂီတတစ်ခုကိုဖွင့်ထားတယ်
    ဒီတော့ ဂီတဘိုးအေကြီးကမေးတယ် ဒါဘာသံစဉ်တုံး တဲ့
    အဲ့သည်တော့ လူငယ်က ဒါ hot music လို့ခေါ်တယ် လို့ပြန်ပြောတော့ ဘိုးအေကြီးက
    hot ဆိုတာဘာလဲ လို့ ပြန်မေးလိုက်တော့
    လူငယ်က
    hot ဆိုတာ ပူတာ ကြားရတဲ့လူ ရင်ကိုဗလောင်းဆူအောင်ပူစေတဲ့တေးဂီးတလို့ ပြန်ပြောလိုက်တယ်
    ဒီအခါကြတော့ ဘိုးအေကြီးက မီးသတ်သံချောင်းကြီးကို ခေါက်ပါလေရော
    ဒီအခါကြတော့ လူငယ်က
    ဘိုးအေကြီးဘာဖြစ်လို့ မီးသတ်သံချောင်းကြီးကိုခေါက်တာလည်း လို့ မေးလိုက်တော့
    ဘိုးအေကြီးက ပြန်ပြောလိုက်တယ်
    ဒီကောင်မှ hot တာ
    ကြားရတဲ့လူ ရင်ကိုဗလောင်းဆူယုံတင်မဟုတ်ဘူး အထုပ်ပါထမ်းပြေးရတယ်

  • thit min

    September 23, 2011 at 10:31 pm

    ဟုတ်ပဗျာ
    အာတာလွတ်မြို့စားကြီးဦးအာလူး(ကေတုမတီမျိုးအောင်နဲ့တောင်တူသေး)၊အလကားကျော်စွာ၊ဆေးဆရာဦးတုတ်ကြီး၊
    အစဉ်အရမ်းမိတဲ့ရှင်ဂွမ်းဂွိ၊တွေဟာကျနော်တို့ရဲ့ဘော်ဘော်တွေပါပဲ။
    ကြုံတုန်းလေး ဆရာငွေကြည်ဟာသကာတွန်းတခုပြောမယ်ဗျာ။နဲနဲတော့ညစ်ပတ်လို့ထမင်းမစားရသေးရင်မဖတ်နဲ့အုန်းနော်။
    တခါကအလွန်ညစ်ပတ်တဲ့အဖွဲ့တခုကအညစ်ပတ်ဆုံးလူရွေးပွဲကြီးကျင်းပတယ်။လျှောက်လွှာတွေကိုစာတိုက်ကတဆင့်ခေါ်တာ
    ဖြစ်လို့လူတော်တော်များများလျှောက်ကြ၊ပယ်လိုက်နဲ့နောက်ဆုံးတယောက်ပဲကျန်တော့တယ်လေ။အဲဒါနဲ့အဲဒီတယောက်ရဲ့
    စာကိုအကဲဖြတ်ဒိုင်တွေအားလုံးဝိုင်းဖတ်တာပေါ့။
    ဘာရေးထားလဲဆိုတော့ “ကျနော်ဟာမျက်နှာမသစ်၊သွားမတိုက်၊ရေမချိုးပါ၊လက်ဆေးတာ၊ဘာမှမလုပ်တာအနှစ်၂ဝရှိပါပြီ၊ဘယ်လောက်ညစ်ပတ်လဲဆိုရင်ခုရေးတဲ့ဒီစာရွက်ဟာကျနော်ချီးကုံးထားတဲ့စာရွက်ပါပဲ”တဲ့။
    အဲဒီစာကိုဖတ်ပြီးဒိုင်အဖွဲ့ကခုလိုစာပြန်လိုက်ပါသတဲ့။
    လူကြီးမင်းကိုကျနော်တို့ရွေးချယ်ရန်မဖြစ်နိုင်ကြောင်းဝမ်းနဲစွာအကြောင်းပြန်အပ်ပါသည်၊အဘယ်
    ကြောင့်ဆိုသော်ဒိုင်အဖွဲ့ဝင်အားလုံး”ချီး”မကုံးကြပါခင်ဗျား။

    (ရီစရာသဘောနဲ့ဖတ်ပေးပါခင်ဗျာ၊အားလုံးကိုလေးစားပါတယ်)

  • small cat

    September 23, 2011 at 11:16 pm

    ဆရာမတစ်ယောက်ကသူ့ကျောင်းသားတွေကိုတစ်ကယ်နှိမ်တယ်။
    စာညံ့တယ် ဘာဖြစ်တယ်ပေါ့။
    သူ့မှာသမီးလေး(၄) ယောက်ရှိတယ်၊အားလုံးစာတော်ကြတယ်။
    ဒီအကြောင်းအမြဲပြောတယ်၊ကြွားတယ်။
    (၂)ယောက်က သူစာသင်တဲ့ကျောင်းမှာပဲ၊အရွယ်ရောက်နေကြပြီလေ။
    တစ်နေ့ သူ့တပည့် (၁၀)တန်းကျောင်းသားတွေကို စာသင်ခန်းထဲမှာ ဆူနေရင်း
    ငါ့မှာသမီး(၄)ယောက်ရှိတယ် ၊နင်တို့လိုမဟုတ်ဘူးသိပ်တော်ကြတာ၊ငါကြီးလာရင်
    ဒီသမီးတွေကိုအားကိုးရမယ်။အခုငါ နဖားကြိုး (၄)ချောင်းရှာထားတယ်။ဘယ်ကောင်တွေက ငါ့သမီးတွေရဲ့
    နွားဖြစ်မလဲမသိဘူး ……လို့ပြောလိုက်တယ်။
    ဒီအချိန်မှာ အတန်းထဲက ယောကျးလေးတွေ အားလုံးတစ်ယောက်တစ်ပေါက်ဝိုင်းပြောလိုက်တဲ့အသံတွေ
    ကြောင့် အခန်းထဲကစိတ်ဆိုးပြီးထွက်သွားတယ်
    ကျောင်းသားတွေပြောလိုက်တာက
    ဆရာမ သားသားတို့နွားလုပ်မယ်…သားသားတို့နွားလုပ်မယ်……ဟူသတတ်။

    သူငယ်ချင်းတွေပြောပြတဲ့သူတို့အတန်းထဲက တကယ့်အဖြစ်အပျက်ပါ။

  • Nan Shin

    September 24, 2011 at 3:53 am

    ပို့စ်ထဲကဟာသတွေရော ကွန်မန့်က ဟာသတွေရော အားလုံးမိုက်တယ်ဗျာ။
    ဒါမျိုးလေးတွေသာ နေ့တိုင်းဖတ်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲ။

  • ကြောင်ကြီး

    September 24, 2011 at 8:57 am

    ညနေဝင်ရီတယောအချိန် ရွာကင်းတဲမှာ ရွာသားတဦး စောင့်နေတုန်း လူရိပ်မြင်လို့ လှမ်းမေးလိုက်တယ်၊ ဘယ်သူလဲကွပေါ့လေ။ အဲဒီလူက မင်းအဖေကွလို့ အသံမာမာ ပြန်ဖြေတယ်။ ရွာသားလည်း ဒေါသထွက်ပြီး ရွာစည်းရိုးတံခါးကို ဖွင့်ကြည့်လိုက်တော့ သူ့အဖေ တကယ်ဖြစ်နေတယ်။

  • alinsett

    September 25, 2011 at 2:17 pm

    ရီချင်နေလို ့ ဝင် ဖတ်ပါတယ် ။ တကယ်ပဲ..ရီလိုက်ရလို ့ ရေးတဲ ့ ကိုသစ်မင်းကို သိပ်ကျေးဇူးတင်ပါတယ်ဗျာ့

  • အမရာ

    October 2, 2011 at 2:39 pm

    အမရာကတော့…. “စိတ်ကူးယဉ်ဆိုတော့လည်း”၊ “မစောင့်ရတော့ပါဘူး” နဲ့ ကိုမိုက်ကယ်ဂျော်နီအောင်ပုရဲ့ ဟာသလေးတွေကြိုက်တယ်။ အမရာလည်း သမိန်ပေါသွပ်ကာတွန်းကိုအရမ်းကြိုက်တာ….. “မွေးမေလေ့…..” “ဝူးထွား ဟား…ဟား” ဆိုတဲ့စကားလုံးတွေကို သိပ်သဘောကျတာ ^_^

Leave a Reply