သင်မှာ အရင်းနှီး ရှိသော်လည်း သင့် မှာ အလုပ်ကောင်းမရှိ တော့ပါ

saitheinphaySeptember 23, 201121min925

လွှတ်တော်မှာ အမတ်မင်းများ မေးသင့်သော ဦးပိုင်အကြောင်း

 

ဆောင်းပါးရှင် – ဗိုလ်သိန်းတန်

 ဆရာ ဂါမဏိ ရဲ့ဆောင်းပါးအား နောက်တစ်ပတ်တွင် ဆက်လက် ဖော်ပြသွားပါမည်။ လွှတ်တော်ကျင်းပ နေစဉ်ကာလဖြစ်၍ လွှတ်တော်အမတ်များ သိရှိနိုင်စေရန် ဦးပိုင် အကြောင်းကို ပြန်လည် တင်ပြပေးလိုက်ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်ဆိုသည်မှာ တပ်မတော်သားများ၏ လစာငွေများမှ ဖြတ်တောက်ထားသော တပ်ရင်းရန်ပုံငွေများနှင့် စစ်မှုထမ်းဟောင်းများ ထည့်ဝင်ထားသော အစုရှယ်ယာ ငွေများဖြင့် စုစည်း၍ ဖွဲ့စည်းတည်ထောင်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ချမှတ်ထားသော မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်၏ ရည်ရွယ်ချက် (၄) ချက်မှာ –

 (၁)    တပ်မတော်သားများနှင့် ၎င်းတု့ိ၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး။
(
၂)    စစ်မှုထမ်းဟောင်းများနှင့် ၎င်းတို့၏ မှီခိုသူ ဇနီး သားသမီးများ သက်သာချောင်ချိရေး။
(
၃)    ပြည်သူလူထု သက်သာချောင်ချိရေးအား အထောက်အကူဖြစ်စေရေး။
(
၄)    နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေး။

 ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်တွင် ဥေဿျှာင်အဖွဲ့ ဖွဲ့စည်းပုံနှင့် ဥက္ကဌရုံး၊ (ဒါရိုက်တာအဖွဲ့) ဖွဲ့စည်းပုံဟူ၍  ဖွဲ့စည်းပုံ နှစ်ခု ရှိပါသည်။ ဥေဿျှာင်အဖွဲ့တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (တပ်မတော် ကာကွယ်ရေးဦးစီးချုပ်)၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မေင်အေး (ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်)၊ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ကြည်း/ရေ/လေ ညှိနှိုင်းကွပ်ကဲရေးမှူး)၊ ဗိုလ်ချုပ်ကြီး ဉာဏ်ထွန်း (ဦးစီးချုပ်-ရေ)၊ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း (ဦးစီးချုပ်-လေ)၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းထိုက် (တပ်မတော် စစ်ဆေးရေး အရာရှိချုပ်)၊ ဗိုလ်ချုပ်လှရွှေ တွဲဖက်စစ်ရေးချုပ်) တို့ ပါဝင်ပါသည်။

 ဥက္ကဌရုံး ဒါရိုက်တာအဖွဲ့တွင်  ယခင် ဒုတိယဗိုလ်ချုပ်ကြီး တင်အေး (ကကထုတ်) ဖြစ်ပြီး ယခု ဗိုလ်ချုပ်ခင်ဇော်ဦး (စစ်ရေးချုပ်)၊ ဗိုလ်ချုပ် ဝင်းသန်း (ကကဝယ်)၊ ကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများမှ  ညွှန်ကြားရေးမှူးများ၊ အရာရှိချုပ်များနှင့် ဒုတိယဗိုလ်ချုပ်ကြီးများနှင့် ဗိုလ်မှူးကြီးများ ပါဝင်ကြသည်။

 

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်တွင် ရာနှုန်းပြည့် ထောက်ပံ့ထားသော ကုမ္ပဏီလုပ်ငန်းများနှင့် အကျိုးတူ ဖက်စပ် ကုမ္ပဏီလုပ်ငန်းများ ဟူ၍ နှစ်မျိုးရှိသည်။ မြန်မာ စီးပွားရေးဦးပိုင် လီမိတက်မှ ချုပ်ကိုင်လုပ်ကိုင်ထားသော လုပ်ငန်းများမှာ၊ မြန်မာအင်တာပရိုက် ကုမ္ပဏီ လီမိတက်၊ မိုးကုတ် ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ မိုင်းရူး ကျောက်မျက်ရတနာ တူးဖော်ရေးလုပ်ငန်း၊ နန်းယားဒေသ ကျောက်မျက် တူးဖော်ရေးလုပ်ငန်း၊ ရွှေသတ္ထု တူးဖော်ခြင်းလုပ်ငန်း၊  မော်ချီးဒေသ ခဲ၊သတ္ထု တူးဖော်ခြင်းလုပ်ငန်း၊ ကျောက်စိမ်း ထုတ်လုပ်မှုလုပ်ငန်း၊ ကျောက်စိမ်း ကျောက်မျက်ရတနာ အချောထုတ်လုပ်ခြင်းလုပ်ငန်း၊ မြန်မာ အင်ဒီမီဒီရယ်ဂျိတ် ကုမ္ပဏီ လီမိတက်၊ မြန်မာပရူဝါရီ ကုမ္ပဏီ လီမိတက်၊ ဂရင်းနှိပ် ကျောက်ပြားစက်ရုံ (ကျောက်ဆည်)၊ ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ (ကျောက်ဆည်)၊ မော်စကိုစတီးလ် သွပ်ပြားစက်ရုံ၊ မာမီး ခေါက်ဆွဲစက်ရုံ၊ Red Rubby စီးကရက်စက်ရုံ၊ ဒူးယားစီးကရက်စက်ရုံ (ပခုက္ကူ)၊ မြန်မာရာဘာဝုဒ် ကုမ္ပဏီ လီမိတက် (မော်လမြိုင်)၊ မြန်မာ နာနတ်ရည်လုပ်ငန်း (ပဲခူး)၊ မြဝတီ သောက်ရေသန့်လုပ်ငန်း၊ မြန်မာဘီယာ ဖြန့်ဖြူးရေးလုပ်ငန်း၊ လန်းပီ ပင်လယ်ရေကြောင်းခရီး ပို့ဆောင်ရေးလုပ်ငန်း၊ ငွေပင်လယ် မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ပင်လယ်ငါးဖမ်းခြင်းလုပ်ငန်း၊ ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများ (ကြက်/ငါး/ပုဇွန်)၊ ရေလုပ်ငန်း စက်မှုရုံ ဖော်ထုတ်ခြင်းလုပ်ငန်း၊ တနင်္သာရီတိုင်း ငှက်သိုက် ထုတ်ယူခြင်းလုပ်ငန်း၊ ဆီအုန်း စိုက်ပျိုးရေးလုပ်ငန်း (ကော့သောင်း)၊ ဆင်မင်း ဘိလပ်မြေစက်ရုံ (၁/၂/၃) (ကျေက်ဆည်)၊ Myanmar land and development ကုမ္ပဏီလီမိတက်၊ သကြားစက်ရုံ (ဥက္ကံ)၊ ပဒုမ္မာ ဆပ်ပြာစက်ရုံ (ပေါင်)၊ သကြားစက်ရုံ (အင်းငါးခွ)၊ တော်ဝင် ပလပ်စတစ် လူသုံးကုန်စက်ရုံ (ကျောက်ဆည်)၊ ဆာလဖြူရစ် အက်စစ်စက်ရုံ (မုံရွာ)၊ မြဝတီ ဘဏ်လုပ်ငန်း၊ မြဝတီ ထရေးဒင်း သွင်းကုန်/ထုတ်ကုန်လုပ်ငန်း၊ နိုင်ငံခြားငွေ လဲလှယ်မှုလုပ်ငန်း၊ တပ်မတော်သား သက်သာချောင်ချိရေး အရောင်းဆိုင်၊ ဒု့ိယာမြေ စိုက်ပျိုးရေးလုပ်ငန်း၊ ပြည်သာယာ စိုက်ပျိုးရေးလုပ်ငန်း၊ ဗနလ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ မြဝတီ စိုက်ပျိုးရေး ဝန်ဆောင်မှုလုပ်ငန်း၊ နဝဒေး ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတို့ ဖြစ်ကြသည်။

 ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက် လက်အောက်ရှိ လုပ်ငန်းများအား ဥက္ကဌရုံး (ဒါရိုက်တာ) အဖွဲ့ဝင် ပါဝင်သော ဗိုလ်မှူးကြီးများ၊ ဒုတိယဗိုလ်မှူးကြီးများမှ မန်နေဂျင်း ဒါရိုက်တာများနှင့် ဒါရိုက်တာများအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ စီးပွားရေးဦးပိုင်တွင် တာဝန် ထမ်းဆောင်ကြသော ဝန်ထမ်း (အရာထမ်း/အမှုထမ်း) များ၏ လစာနှုန်းထားများမှာ-

 ရက်ခံစားခွင့် ၁။ အငယ်တန်းစာရေး ၄၇၀၀၀၁၈၀၀ ၂။အကြီးတန်းစာရေး ၅၃၀၀၀၁၉၀၀၃။ ဌာနခွဲစာရေး ၆၀၀၀၀၁၉၀၀၄။ ရုံးအုပ် ၇၀၀၀၀၁၉၀၀၅။ လက်ထောက်မန်နေဂျာ ၁၂၀၀၀၀၂၅၀၀၆။ မန်နေဂျာ၁၃၀၀၀၀၂၇၅၀၇။ လက်ထောက်အထွေထွေ မန်နေဂျာ ၁၇၀၀၀၀၂၇၅၀၈။ အထွေထွေမန်နေဂျာ ၁၈၀၀၀၀၂၇၅၀၉။ ဒါရိုက်တာ ၁၉၀၀၀၀၂၇၅၀၁၀။ မန်နေဂျင်း ဒါရိုက်တာ၂၁၀၀၀၀၂၇၅၀


အငယ်တန်းစာရေးမှ ရုံးအုပ်အထိ ရာထူးများသည် အမှုထမ်းများဖြစ်ပြီး  လက်ထောက် မန်နေဂျာနှင့်အထက် ရာထူးများသည် အရာထမ်းများ ဖြစ်သည်။ မြန်မာစီးပွားရေးဦးပိုင် လီမိတက် လက်အောက်တွင် တာဝန်ထမ်းဆောင်သော အငယ်တန်းစာရေး၏ လစာမှာ (၄၇၀၀၀) ကျပ်နှင့် တစ်လ စားစရိတ်ငွေမှာ (၃၆၀၀၀) ကျပ် (ရုံးပိတ်ရက် (၈) ရက်မပါ)  စုစုပေါင်း (၈၃၀၀၀) ကျပ် ရရှိသဖြင့် တပ်မတော်တွင် တာဝန်ထမ်းနေသော တပ်ကြပ်ကြီးများထက်ပင် လစာ ပိုများနေပါသည်။

မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဌမှာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး (Officiation) ခင်ဇော်ဦး၊ စီးပွားရေး ဦးပိုင်လီမိတက်၏ မန်နေဂျင်း ဒါရိုက်တာမှာ ဗိုလ်ချုပ်ဝင်းသန်း ဖြစ်သည်။ စီးပွားရေး ဦးပိုင်လီမိတက်၏ ဥက္ကဌရာထူးအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ စိတ်ချရသော လူယုံများကိုသာ ထားလေ့ရှိသည်။ ဗိုလ်ချုပ်ဝင်းသန်းမှာလည်း ကကဝယ်မှ ဖြစ်သောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မီးဖိုချောင်ကို ဖြည့်တင်းပေးနေရသော စပါးကျီနှင့် စတိုးဆိုင်ကြီး၏ မန်နေဂျာသဖွယ် ဖြစ်ပေသည်။

 ဒုတိယ မန်နေဂျင်းဒါရိုက်တာမှာ ဒုတိယဗိုလ်မှူးကြီး သန်းထွန်း (DSA – 17)၊ ယခင် ဒုတိယဗိုလ်မှူးကြီး မောင်မောင် (DSA – 15 ) ၏ နေရာဖြစ်သည်။ ၎င်း၏ နေရာသည်လည်း ဝင်ငွေ အလွန်ကောင်း၏။ ပစ္စည်း လျှောက်လွှာများအား ၎င်းမှတဆင့် စီးပွားရေး ဦးပိုင်ဥက္ကဌသို့ တင်ပြရသည်။ ဒုတိယဗိုလ်မှူးကြီး သန်းထွန်းသည် စီးပွားရေး ဦးပိုင်၏ အုပ်ချုပ်ရေးဌာန အကြီးအကဲလည်း ဖြစ်သည်။ ၎င်းသည် အုပ်ချုပ်ရေး၊ စီမံရေး၊ ဝန်ထမ်းခန့်ထားရေးနှင့် ပစ္စည်းလျှောက်လွှာများအား ကိုင်တွယ်ထားသည်။

 ဥက္ကဌရုံး၏ အတွင်းရေးမှူးမှာ ဗိုလ်ကြီးတင်မောင် (DSA – 26) ဖြစ်ပြီး ၎င်းသည် ဥက္ကရုံး၏ အထွေထွေ ကိစ္စရပ်များကို ဆောင်ရွက်ရသည်။  စီးပွားရေး ဦးပိုင်လီမိတက် အုပ်ချုပ်ရေးဌာန၏ အထွေထွေမန်နေဂျာမှာ ဗိုလ်မှူးလေးတင်ဖြစ်၍ အသက် (၈၀) ကျော်နေပြီ ဖြစ်သော်လည်း တာဝန်ထမ်းဆောင်ဆဲ ဖြစ်သည်။ စီးပွားရေး ဦးပိုင်လီမိတက်သည် ဝန်ကြီးဌာနများကဲ့သို့ အသက် (၆၀) ပြည့်၍ ပင်စင်ယူစရာ မလိုဘဲ လုပ်နိုင်ပါက မသေမချင်း လုပ်နိုင်သည့် အခွင့်ထူးကို ပေးထားပါသည်။ စီးပွားရေး ဦးပိုင်လီမိတက် အုပ်ချုပ်ရေးဌာန၏ လက်ထောက် အထွေထွေမန်နေဂျာမှာ ဗိုလ်မှူးမောင်အေး (OTS – 58) မှ ၎င်း၏ လက်အောက် အကြီးတန်းစာရေး မသန္တာဦးအား ခြေတော်တင်ရာတွင် ကိုယ်ဝန်ရှိသွားသဖြင့် ၂၀၀၃ ခုနှစ်တွင် လက်ထပ်ယူလိုက်ရသူ ဖြစ်သည်။

 မြဝတီ ထရေးဒင်း ကုမ္ပဏီလီမိတက်အား ဗိုလ်မှူးကြီး မြင့်အောင် (DSA -12) မှ မန်နေဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်သည်။ မြဝတီ ထရေးဒင်း ကုမ္ပဏီလီမိတက်သည် နိုင်ငံခြားနှင့် သွင်းကုန်/ထုတ်ကုန် လုပ်ငန်းများ၊ အကျိုးတူ ဖက်စပ်လုပ်ငန်းများအား အဓိကထား လုပ်ကိုင်သော ကုမ္ပဏီကြီး ဖြစ်သည်။ မြဝတီ ထရေးဒင်းမှ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းအများစုကိုလည်း တပ်မတော်မှ အခွင့်ထူးခံ ဗိုလ်ချုပ်ကြီးများ၏ မိသားစုဝင်များ ၎င်းတို့နှင့် ပတ်သက်ဆက်နွယ်သည့် စီးပွားရေး လုပ်ငန်းရှင်များသာ လုပ်ကိုင်ခွင့် ရရှိကြသည်။

 ဥပမာ – ဦးတေဇ မြန်မာဘီယာ ဖြန့်ဖြူးရေး လုပ်ငန်းအား ဒုတိယဗိုလ်မှူးကြီး နေဝင်း (DSA -17) မှ ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ မြန်မာဘီယာ ရောင်းချခွင့် ပါမစ်သည် စီးပွားရေးဦးပိုင်သို့ သွင်းဈေး (၁၀) သိန်း ငါးသောင်းကျပ်သာ ဖြစ်ပြီး၊ ပြင်ပပေါက်ဈေးမှာ ကျပ် (၃၀) သိန်း နီးပါး ဈေးရှိသည်။ ပြည်သူလူထု မဆိုထားနှင့် အောက်ခြေ တပ်မတော် အရာရှိ စစ်သည်များပင် လျှောက်ထားပါက ပါမစ်ရရှိမှု နည်းပါးပြီး တပ်မတော် အရာရှိကြီးအချို့နှင့် ၎င်းတို့နှင့် ပတ်သက် ဆက်နွယ်သူများသာ ပါမစ် ရရှိကြပါသည်။ ထို့ကြောင့် တပ်မတော်အတွင်း စိတ်ဝမ်းကွဲမှုနှင့် ဆင်းရဲချမ်းသာ ကွာဟမှုများကို ဖြစ်ပေါ်စေပါသည်။

 ဗန္ဒုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား ဗိုလ်မှူးကြီး မျိုးမြင့် (OTC – 1) မှ မန်နေဂျင်း ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ ဗန္ဒုလ သယ်ယူပို့ဆောင်ရေးအောက်တွင် ဗန္ဒုလ ကုန်စည် ပို့ဆောင်ရေးလုပ်ငန်း၊ လေအိပ်ကားများ ဌားရမ်းခြင်း၊ ရောင်းချခြင်း လုပ်ငန်း၊ ရွှေမန်းသူ (ရန်ကုန်- မန္တလေး)၊ ရှမ်းမလေး (ရန်ကုန်-တောင်ကြီး)၊ ရွှေမြိုင်သူ (ရန်ကုန်-မော်လမြိုင်)၊ တော်ဝင် (ရန်ကုန်-နေပြည်တော်)၊ ရွှေမန်းသူ (ရန်ကုန်- နေပြည်တော်)၊ တော်ဝင် (နေပြည်တော်-မကွေး) အဝေးပြေး ယာဉ်လိုင်းများ၊ ပါရမီ (Taxi) (ရန်ကုန်မြို့တွင်း)၊ တော်ဝင် (Taxi) နေပြည်တော်မြို့တွင်း၊ ယဉ်လိုင်းများ ပါဝင်ပါသည်။

 ရန်ကုန်မြို့တွင်း ယာဉ်လိုင်းများအား ဒုတိယဗိုလ်မှူးကြီး ယဉ်မောင်စိန် (OTS-30)၊ ပါရမီ (Taxi) များအား ဒုတိယဗိုလ်မှူးကြီး သိန်းထွန်းဝင်း (DSA – 20)၊ အဝေးပြေး ယာဉ်လိုင်းများအား ဗိုလ်မှူး ကြည်လင်း (DSA – 9)  နှင့် တော်ဝင် (Taxi) နှင့် တော်ဝင် (နေပြည်တော်မြို့တွင်း) ယာဉ်လိုင်းများအား ဒုတိယဗိုလ်မှူးကြီး ကိုကိုကြီး (DSA – 22) တို့မှ ဒါရိုက်တာများအဖြစ် အသီးသီး တာဝန်ယူ ဆောင်ရွက်ပါသည်။ အထက်ဖော်ပြပါ ယာဉ်လိုင်းများတွင် ယဉ်မောင်းများ ယာဉ်နောက်လိုက်များအဖြစ် လုပ်ကိုင်လိုသူများသည် အလုပ်လျှောက်ထားရာတွင် လွယ်ကူမှု မရှိဘဲ အထက်ဖော်ပြပါ တာဝန်ခံ အရာရှိကြီးများထံသို့ လာဘ်ထိုးမှသာ အလုပ်ရရန် သေချာပါသည်။

 ပါရမီ (Taxi) နှင့် တော်ဝင် (Taxi) များသည် တစ်ရက်မောင်းနှင်ကြေး ကျပ်တစ်သောင်းသာ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ပေးသွင်းရပြီး ပြင်ပတွင် (Taxi) ကား ပါမစ်ရရှိသူများသည် ယာဉ်မောင်းများထံမှ စပေါ်ငွေ (၅) သိန်းနှင့် တစ်ရက်အုံနာခ ကျပ် တစ်သောင်းခွဲမှ နှစ်သောင်းကျပ် အထိ ရရှိကြပါသည်။ ပါရမီ (Taxi) ကားပါမစ်များအား တပ်မတော်မှ အခွင့်ထူးခံ အရာရှိကြီးအချို့နှင့် ၎င်းတို့ မိသားစုဝင်များနှင့် ပတ်သက်နေသူများသာ အများဆုံး ရရှိကြပါသည်။ ဗန္ဒုလ သယ်သူပို့ဆောင်ရေး လုပ်ငန်းအား ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက် ဥက္ကဌ၏ တိုက်ရိုက် ကွပ်ကဲမှုအောက်တွင် ထားရှိပါသည်။ ထိုသို့ ထားရှိရခြင်းမှာ ဗန္ဒုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်းသည် စီးပွားရေး ဦးပိုင်လီမိတက်၏ ဝင်ငွေအများဆုံး ရရှိသော လုပ်ငန်းများတွင် တစ်ခုအပါအဝင် ဖြစ်သောကြောင့် ဖြစ်သည်။ ဗန္ဒုလ သယ်ယူပို့ဆောင်ရေး လုပ်ငန်းမှ ဌားရမ်းပေးသော လေအိပ်ကားများကို လချုပ် ဌားရမ်းမည်ဆိုပါက စပေါ်ငွေ သိန်း (၂၀) ကျပ်နှင့် လစဉ်ကြေး ကျပ် (၂၀) သိန်းသာ ပေးသွင်းရမည် ဖြစ်သည်။ လေအိပ်ကား ဝယ်ယူခွင့် ပါမစ်ရရှိသူများသည် ၎င်းပါမစ်အား ပြင်ပတွင် ပြန်လည်ရောင်းချပါက သိန်း (၁၅၀) မှ သိန်း (၂၀၀) ကျပ်အထိ အမြတ်အစွန်း ရရှိကြပါသည်။ လေအိပ်ကား ဝယ်ယူခွင့်နှင့် ဌားရမ်းခွင့် ရရှိသူ အများစုမှာလည်း ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်ကြီး (အငြိမ်းစား) များနှင့် ၎င်းတို့၏ မိသားစုဝင်များသာ ဖြစ်ကြပါသည်။ တပ်မတော်မှ သာမန်တပ်ရင်းမှူး၊ ဗျူဟာမှူး အဆင့်လောက်နှင့်သွား၍ လျှောက်ထားပါက လျှောက်လွှာစာရွက်ဖိုး ကုန်ရုံသာ အဖတ်တင်လိမ့်မည်။ ဗိုလ်ချုပ်ကြီးများ၏ တပည့်လက်သား၊ အိမ်တော်ပါးများ ဖြစ်ပါက ၎င်းဗိုလ်ချုပ်ကြီးများ၏ ထောက်ခံချက်များဖြင့် ကားပါမစ်များ ရရှိပေလိမ့်မည်။

မြန်မာစီးပွားရေး ဦးပိုင်လီမိတက် လက်အောက်ရှိ စက်ရုံများတွင်လည်း ဒုတိယဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများက စက်ရုံမှူးများအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိရာတွင် အကျိုးအမြတ် ရရှိသော စက်ရုံများ ရှိသကဲ့သို့ နှစ်စဉ် အမြဲတမ်း အရှုံးပြနေသော စက်ရုံများ၊ လုပ်ငန်းများလည်း များစွာရှိပါသည်။ ဥပမာ – မြဝတီ သောက်ရေသန့်လုပ်ငန်း၊ ပဒုံမာဆပ်ပြာစက်ရုံ၊ မြန်မာနာနတ်ရည်လုပ်ငန်း၊ ဂရင်းနှိက် ကျောက်ပြားစက်ရုံ၊ ပလပ်စတစ် ရက်ထည်အိပ်စက်ရုံ၊ ပလပ်စတစ် လူသုံးကုန်စက်ရုံများ ဖြစ်ကြသည်။ အရှုံးပြရခြင်း၏ အဓိက အကြောင်းရင်းများမှာ စက်ရုံလုပ်ငန်းများအတွက် နိုင်ငံခြားမှ တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းများမှာ အရည်အသွေး မှီသော်လည်း ရန်ကုန်ဆိပ်ကမ်းသို့ ကုန်ကြမ်းပစ္စည်းများ ရောက်ရှိလာပြီဆိုသည်နှင့် နိုင်ငံခြားမှ တင်သွင်းလာသည့် တာဝန်ရှိသူများနှင့် စက်ရုံမှူးများ လက်ဝါးချင်းရိုက်ကာ ဘုရင့်နောင်ပွဲရုံတန်းသို့ ပို့လိုက်ကြပါသည်။ အရည်အသွေး ပြည့်မှီသော ကုန်ကြမ်းများအား အရည်အသွေးညံ့သည့် ကုန်ကြမ်းများနှင့် အစားထိုးလိုက် ပါတော့သည်။ ပလပ်စတစ် ရက်ထည်အိတ်စက်ရုံနှင့် ပလပ်စတစ်လူသုံးကုန် စက်ရုံများဆိုလျှင် နိုင်ငံခြားမှ အရည်အသွေးမှီ ကော်စေ့များအား ရောင်းစားပြီး လမ်းဘေးတွင် စွန့်ပစ်ထားသော ပလပ်စတစ် အဟောင်းများအား ဝယ်ယူ၍ ပြန်လည် အသုံးပြုသည်ပင် ရှိပါသည်။ စက်ရုံမှူးများသည် အရည်အသွေးမှီ ကုန်ကြမ်းများကို ရောင်းစားရသည်ကိုပင်  အားမရသေးဘဲ စက်ရုံမှ ထွက်ရှိသည့် ကုန်ချောပစ္စည်းများကိုလည်း အောက်ခြေဝန်ထမ်းများနှင့် ပူးပေါင်းကာ ရောင်းခိုင်းလိုက်သေးသည်။  Q.C အဖွဲ့အား စက်ရုံမှူးများမှ ညှိထားပြီး ဖြစ်သည်။

 ကျောက်ဆည်မြို့ရှိ ဆင်မင်း ဘိလပ်မြေစက်ရုံ (၁/၂/၃) အား ဒုတိယ ဗိုလ်မှူးကြီးစိုးတင့် (DSA – 9) မှ စက်ရုံမှူးကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်သည်။ ဒုတိယဗိုလ်မှူးကြီး စိုးတင့်သည် ယခင် စီးပွားရေး ဦးပိုင် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးနှင့် တစ်ပတ်စဉ်တည်းဖြစ်ပြီး အလွန် ရင်းနှီးသူ ဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီး စိုးတင့်၏ ရုံးအဖွဲ့မှူး ဗိုလ်ကြီး မျိုးမင်းဝင်း (OTC-25) မှာလည်း ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၏သား ဗိုလ်မှူး ဥက္ကာအေးနှင့် တစ်ပတ်စဉ်တည်းဖြစ်ပြီး စက်ရုံမှူးကြီး၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ဆောင်ရွက်ပေးရသူ ဖြစ်ပါသည်။ ဆင်မင်းဘိလပ်မြေ စက်ရုံများအတွက် အချိုရည် ကုန်ကြမ်းများကို ပြင်ဦးလွင်မှ မှာယူတင်သွင်းရာတွင် ကုန်ကြမ်း တင်သွင်းလိုသူများသည် ဒုတိယဗိုလ်မှူးကြီး စိုးတင့်အား လာဘ်ထိုးမှသာ တင်သွင်းခွင့် ရကြသည်။ ဆင်မင်း ဘိလပ်မြေ စက်ရုံကြီးသည် စစ်ဗိုလ်ချုပ်ကြီးများ (အဟောင်း/အသစ်) တပ်မတော် အရာရှိကြီးအချို့နှင့် ၎င်းတို့ မိသားစုဝင်များအတွက် အဓိကကျသော ငွေတွင်းကြီးလည်း ဖြစ်သည်။ ဘိလပ်မြေ ဝယ်ယူခွင့် ပါမစ်များအား စီးပွားရေးဦးပိုင် လီမိတက် ဥက္ကဌမှ တိုက်ရိုက် ချုပ်ကိုင်ထားသည်။ စီးပွားရေး ဦးပိုင်သို့ ဘိလပ်မြေ ဝယ်ယူခွင့် လျှောက်လွှာတင်ရာတွင် ဒုတိယဗိုလ်မှူးကြီး ထွန်းဝေ (DSA-17) (ဒုတိယ မန်နေဂျင်းဒါရိုက်တာ၊ အုပ်ချုပ်ရေးဌာန) မှ တဆင့် စီစစ်၍ တင်ပြရသည်။ သာမာန် တပ်မတော် အရာရှိများ၊ စစ်သည်များ၊ စစ်မှုထမ်းဟောင်းများ၊ ပြည်သူလူထုနှင့် ရဟန်းသံဃာတော်များ အမှန်တကယ် ကျောင်းသင်္ကန်းဆောက်ရန်၊ အိမ်များဆောက်လုပ်ရန်၊ နေအိမ် ဆောက်လုပ်ခွင့်များ ဗီဇာများဖြင့် လျှောက်ထားသော်လည်း ရရှိခြင်း မရှိပါ။

ဆင်မင်း ဘိလပ်မြေ စက်ရုံ၏ တစ်အိတ်သွင်းဈေးမှာ (၃၀၀၀) ကျပ်သာ ဖြစ်သော်လည်း ပြင်ပဈေးနှုန်းမှာ (၄၀၀၀) ကျပ်မှ (၄၅၀၀) ကျပ်အထိ ရှိပါသည်။  ၎င်းဈေးနှုန်းများမှာ ဘိလပ်မြေပွဲစားများမှ စက်ရုံတွင် ဝယ်ယူသော ဈေးနှုန်းဖြစ်ပြီး ပွဲရုံသို့ ရောက်ရှိပါက ကျပ် (၅၀၀၀) မှ (၅၅၀၀) ကျပ်အထိ ရှိပါသည်။ အခွင့်ထူးခံ တပ်မတော် အရာရှိကြီးများနှင့် မိသားစုဝင်များ လျှောက်ထားပါက အနည်းဆုံး အိတ် (၃၀၀၀) မှ အိတ် (၅၀၀၀၀) ထိ ရရှိကြပါသည်။ ထိုမျှမကသေး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့၏ တပည့်များဖြစ်သော အိမ်တော်ပါ သက်တော်စောင့် အရာရှိများနှင့် စစ်သည်များအား လစဉ် တစ်ဦးလျှင် အိတ် (၁၀၀၀) နှုန်း ထုတ်ယူခွင့် ပြုထားပါသည်။

 မြေသယ်ယာဉ် (၁၀) ဘီးကား၊ မြေထိုးစက်များနှင့် မြေကော်စက်ယာဉ်များအား ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ရာနှုန်းပြည့် ထောက်ခံမှသာ (Myanmar Land and Development Limited) နေပြည်တော်မှ တာဝန်ယူ ဌားရမ်းပါသည်။ ယင်းကုမ္ပဏီတွင် မန်နေဂျင်း ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်သော ဗိုလ်မှူးကြီးသောင်းတင် (DSA-11) သည် ယခင် စီးပွားရေးဦးပိုင် ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးနှင့် တပ်မ (၅၅) တွင် ဗိုလ်ချုပ်ကြီး တင်အေး (G-1) စစ်ဦးစီးမှူး (ပထမတန်း) ဖြစ်စဉ် ဗိုလ်မှူးကြီး သောင်းတင်မှာ (G-2) စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် အတူတကွ တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်သည်။ (ဒါရိုက်တာ၊ အုပ်ချုပ်ရေး) မှာ ဒုတိယဗိုလ်မှူးကြီး သန့်ဇင် (DSA-22)၊ ယခင် ဒုတိယ ဗိုလ်မှူးကြီးကိုကို နေရာ ဖြစ်သည်။ ဒုတိယဗိုလ်မှူးကြီး သန့်ဇင်သည် ဒုတိယဗိုလ်ချုပ်ကြီး တင်အေး တပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ် ၎င်း၏ တပ်ရင်းတွင် တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

ဒါရိုက်တာ(လုပ်ငန်း) မှာ ဗိုလ်မှူးကြီး စိန်ဂျော့ (DSA-9)၊ ဒါရိုက်တာ (စီမံကိန်း) မှာ ဒုတိယဗိုလ်မှူးကြီး သိန်းစိုးအောင်နှင့် အထွေထွေမန်နေဂျာမှာ ဗိုလ်မှူး ခင်မောင်ဝင်း (DSA-11) တို့ ဖြစ်ကြသည်။
Myanmar land
ကုမ္ပဏီသည် ယာဉ်ယန္တရားများ ငှါးရမ်းခြင်း လုပ်ငန်းအပြင် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများ၊ ရထားလမ်း ဖောက်လုပ်ရေး လုပ်ငန်းများ၊ ရန်ကုန်-ပြည်-မကွေးလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ရသော ကုမ္ပဏီကြီး တစ်ခု ဖြစ်ပါသည်။ ယင်းကုမ္ပဏီသည် စီးပွားရေးဦးပိုင် လိမိတက်တွင် ဝင်ငွေအကောင်းဆုံး လုပ်ငန်းများတွင် တခုအပါအဝင် ဖြစ်ပြီး စစ်ဗိုလ်ချုပ်ကြီးများ၏ အဓိကပစ်မှတ်ဖြစ်ကာ လူမသိ သူမသိ ဖုံးဖိထားသော လုပ်ငန်းလည်း ဖြစ်သည်။ ၎င်းတို့နှင့် အနီးကပ်ရှိစေရန် ၎င်းကုမ္ပဏီအား ၂၀၀၆ ခုနှစ်တွင် ရန်ကုန်မြို့ ပျဉ်းမပင်မှ နေပြည်တော်သို့ပင် ပြောင်းရွှေ့ထားလိုက်သေးသည်။ နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းတွင်  လူနေအဆောက်အဦး (၁၆၅) လုံးအား နယ်စပ်စည်ပင်သာယာရေးဝန်ကြီးဌာနမှ ဆောက်လုပ်ပေးရန် လုပ်ငန်းအပ်နှံခဲ့ပါသည်။ (နတလ) မှ ရရှိသော အဆောက်အဦးလုပ်ငန်းများအား Myanmar Land ကုမ္ပဏီမှ ပြင်ပဆောက်လုပ်ရေး ကုမ္ပဏီများအား (၅%) အမြတ်စား စနစ်ဖြင့်  လုပ်ငန်းများ ပြန်လည်အပ်နှံခဲ့ပါသည်။ လုပ်ငန်းရရှိသော ကုမ္ပဏီ (၁၆)ခုအနက် အများစုမှာ တပ်မတော်အရာရှိကြီးများနှင့် ပတ်သက်သော ကုမ္ပဏီများသာ ဖြစ်သည်။ ဥပမာ- အင်အားသစ် ကုမ္ပဏီ (ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၏တူ) ၊ မြတ်အားမာန် ကုမ္ပဏီ (ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၏တူ)၊ GGC ကုမ္ပဏီ (အားကစားဝန်ကြီး သူရ ဦးအေးမြင့်၏သား)၊ ကျော်ရတနာမွန်ကုမ္ပဏီ (ဗိုလ်ချုပ်ဝင်းသန်း၏ သားမက်) တို့အပြင် အခြားအခွင့်ထူးခံ ဗိုလ်ချုပ်များနှင့် ပတ်သက်သော ကုမ္ပဏီများ ပါဝင်ပါသည်။ Myanmar Land ကုမ္ပဏီသည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရသဖြင့် ဆင်မင်းဘိလပ်မြေစက်ရုံမှ ဘိလပ်မြေအိတ်ခွဲတမ်း နေ့စဉ် အိတ် (၈၀၀၀) နီးပါးအား စက်ရုံသွင်းဈေးကျပ် (၃၀၀၀) ဖြင့် ရရှိပါသည်။

၂၀၀၆ ခုနှစ်မှစတင်၍ ယနေ့အထိ ရရှိဆဲ ဖြစ်သည်။ Myanmar Land ကုမ္ပဏီမှ ယာဉ်ယန္တရားများသည် နအဖ အဖွဲ့ဝင်များဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဗိုလ်ချုပ်ကြီး သိန်းစိန်၊ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦး၊ ဒုတိယဗိုလ်ချုပ်ကြီး တင်အေးတို့၏ အိမ်များ ဆောက်လုပ်မည့် မြေဧက (၄၀၀) ကျော်အား မြေညှိပေးရခြင်း လုပ်ငန်းများကို ဆောင်ရွက် ပေးခဲ့ရပါသည်။  Myanmar Land ကုမ္ပဏီ၏ ယာဉ်ယန္တရားငှါးရမ်းမှုလုပ်ငန်းအား စီးပွားရေးဦးပိုင် လိမိတက် ဥက္ကဌမှ တိုက်ရိုက်ချုပ်ကိုင်ထားသည်။ ယာဉ်ယန္တရားငှါးရမ်းမှုစနစ်မှာ မြေသယ်ယာဉ် (၁၀)ဘီးကား တစ်စီးအား လချုပ်စနစ်ဖြင့် ငှါးရမ်းမည်ဆိုပါက စပေါ်ငွေ သိန်း (၂၀) ကျပ်တင်ရပြီး လစဉ်ငှါးရမ်းခ ကျပ် (၇)သိန်း၊ မြေတူးယာဉ်နှင့် မြေသယ်ယာဉ်များ ဌားရမ်းမည်ဆိုပါက စပေါ်ငွေ (၄၅) သိန်းနှင့် လစဉ်ဌားရမ်းခကျပ် (၂၀) သိန်းသာ ပေးသွင်းရပါသည်။ မြေသယ်ယာဉ် (၁၀)ဘီးကား ပြင်ပတွင် ပြန်လည် ငှါးရမ်းပါက တစ်ဂျူတီ (၈)နာရီတွင် ကျပ်တစ်သိန်းရရှိပြီး မြေတူးယာဉ်နှင့် မြေကော်ယာဉ်များ ငှါးရမ်းပါက တစ်ဂျူတီ (၈)နာရီတွင် ကျပ်တစ်သိန်းခြောက်သောင်းမှ ကျပ်နှစ်သိန်း နီးပါး ရရှိကြပါသည်။ ယာဉ်ယန္တရား ငှါးရမ်းခွင့် ရှိသူများသည် (၂) နှစ် ငှါးရမ်းခွင့် ရရှိပြီးပါက အရစ်ကျဆပ် အကြွေးစနစ်ဖြင့် ဝယ်ယူခွင့် ရရှိကြပါသည်။

ထို့ကြောင့် စစ်ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များ (အသစ်/အဟောင်း)များနှင့် မိသားစုဝင်များအတွက် အလွန်အဆင်ပြေသော လုပ်ငန်း ဖြစ်ပါသည်။ ၎င်းပုဂ္ဂိုလ်ကြီးများသည် ယာဉ်ယန္တရားများအား အလုအယက် လျှောက်ထားကြပြီး Myanmar Land ကုမ္ပဏီအတွက်  နိုင်ငံခြားမှ တင်သွင်းလာသော ယာဉ်ယန္တရားများကို Myanmar Land ကုမ္ပဏီသို့ပင် ရောက်အောင် မစောင့်နိုင်တော့ဘဲ ရန်ကုန် ဆိပ်ကမ်းမှပင် ဖြတ်ယူသွားလေ့ ရှိပါသည်။ ဥပမာ- မြေသယ်ယာဉ် အစီး (၁၀၀)  တင်သွင်းလာမည်ဆိုပါက အစီး (၈၀) ခန့်အား ဖြတ်ယူသွားပြီး အစီး (၂၀) ခန့်သာ Myanmar Land ကုမ္ပဏီသို့ ရောက်ရှိလေ့ ရှိပါသည်။ Myanmar Land ကုမ္ပဏီမှ စက်ယာဉ်ယန္တရားများ အများဆုံး ဝယ်ယူငှါးရမ်းခွင့်ရှိသော ကုမ္ပဏီများမှာ  လင်းလက်အောင်ကုမ္ပဏီ ဗိုလ်မှူး ဥက္ကာအေး (OTC-25) ပိုင် (ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၏ သား)၊ TZ ကုမ္ပဏီ ဗိုလ်မှူး နိုင်လင်းဦး (ခ) တေဇစောဦး (DSA-41) ပိုင် (ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၏ သား)၊ ဧရာရွှေဝါကုမ္ပဏီ ဦးအောင်သက်မန်းပိုင် (ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သား) တို့ ဖြစ်သည်။ ယင်းကုမ္ပဏီများသည် နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများတွင် (နတလ) မှ မြေသားလုပ်ငန်း အများဆုံးရရှိသော ကုမ္ပဏီများ ဖြစ်သည်။ အခြားတပ်မတော် အရာရှိကြီးများလည်း ငှါးရမ်းခွင့်နှင့် ဝယ်ယူခွင့်များ ရရှိကြပါသည်။ ဥပမာ – ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သားမက် ဗိုလ်မှူးချုပ် သိန်းနိုင် (မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ်မှူး)၊ ဒုဗိုလ်ချုပ်ကြီး (Offication) ဝေလွင် (စစ်ထောက်ချုပ်)၊ ဒုဗိုလ်ချုပ်ကြီး (Officaition) ကျော်ဆွေ (စစ်ဖက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်)၊ ဒုဗိုလ်ချုပ်ကြီး (Officiation) တင်ငွေ ကစထမှူး (၅)၊ တို့ ဖြစ်ပါသည်။

 ထို့ပြင် များစွာသော အခွင့်ထူးခံ တပ်မတော်အရာရှိကြီးများနှင့် တပ်မတော်မှ အငြိမ်းစားယူသွားခဲ့သော ဒုတိယဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ မိသားစု ဝင်များလည်း ငှါးရမ်းခွင့်နှင့် ဝယ်ယူခွင့်များ ရရှိထားကြ ပါသည်။ ဗိုလ်ချုပ်ဝေလွင်သည် မြေသယ်ယာဉ် (၂) စီးအား ငှါးရမ်းခွင့် သက်တမ်း (၂) နှစ် ပြည့်မြောက်ပြီးသဖြင့် အရစ်ကျအကြွေးစနစ်ဖြင့် ဝယ်ယူခွင့် ရရှိသည့်အခါတွင် မြေသယ်ယာဉ် နှစ်စီးအား Max ဇော်ဇော်ထံသို့ အမြတ်စား၍ (၂၀၀၉) ခုနှစ်တွင် ပြန်လည်ရောင်းချခဲ့ ပါသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လိမိတက်၏ အစုရှယ်ယာဌာနတွင် ဒုတိယဗိုလ်မှူးကြီး ကျော်ဇေယျ (OTC-5) မှ ဒါရိုက်တာ၊ ဗိုလ်မှူး မောင်မောင်မြတ်မိုး (OTC-14) အထွေထွေမန်နေဂျာအဖြစ် တာဝန်ယူ ဆောင်ရွက်ကြပါသည်။ စီးပွားဦးပိုင်တွင် ထည့်ဝင်ထားသော အစုရှယ်ယာငွေများသည် ငွေသေစနစ်ဖြစ်သောကြောင့် ပြန်လည်ထုတ်ယူခွင့် မရှိပါ။ အမြတ်ငွေ အတိုးသာ ထုတ်ယူခွင့် ရှိပါသည်။ အမြတ်ငွေ အတိုးများကို တစ်နှစ်လျှင် တစ်ကြိမ်သာ ထုတ်ပေးလေ့ရှိ ပါသည်။ စီးပွားရေးဦးပိုင်လိမိတက်တွင် ပြည်သူများ အစုရှယ်ယာငွေ ထည့်ဝင်ခွင့် မပြုပါ။ တပ်မတော်သားများနှင့် စစ်မှုထမ်းဟောင်းများသာ ရာထူးအဆင့် အလိုက် သတ်မှတ်ထားသော အစုရှယ်ယာများသာ ထည့်ဝင်ခွင့် ရရှိကြပါသည်။ ရာထူးကြီးလေ အစုရှယ်ယာများများ ထည့်ဝင်ခွင့် ရလေဖြစ်သည်။ အမြတ်ငွေ (အတိုး)နှုန်းသည် ငွေ (၁၀၀) ကျပ်လျှင် တစ်လ (၃) ကျပ်တိုးနှုန်း ဖြစ်သည်။

တပ်ရင်း/တပ်ဖွဲ့များသည်  နှစ်စဉ်ရရှိသည့် အစုရှယ်ယာထဲများမှ အမြတ်ငွေ (အတိုး) များအား စစ်တိုင်းမှူးများ၏ ဖိအားပေးမှုဖြင့် အစုရှယ်ယာ အသစ်များအဖြစ် ဦးပိုင်ထံသို့ ပြန်လည် ထည့်ဝင်ကြရပါသည်။ စစ်တိုင်းမှူးများကလည်း မိမိတိုင်းမှ ရှယ်ယာငွေ အများဆုံး ထည့်နိုင်သည်ဟူသော နာမည်ကောင်းအား လိုချင်သောကြောင့် တပ်ရင်းမှူးများအား ရှယ်ယာငွေများများ ထည့်နိုင်သူများကို စစ်ဦးစီးတက္ကသိုလ် (ဥစတ) သို့ ပေးတက်စေမည်ဟူသော ငါးစာဖြင့် မျှားထားလေသည်။ ဥပမာ – တပ်ရင်းတစ်ရင်းသည် အစုရှယ်ယာငွေ သိန်း (၂၀၀) ကျပ် ထည့်သွင်းထားပါက တစ်နှစ်အတွက် အမြတ်ငွေ (အတိုး) ကျပ် (၇၂) သိန်း ရရှိမည် ဖြစ်သည်။ တိုင်းမှူးသတ်မှတ်ထားသော အစုရှယ်ယာငွေ သိန်း (၃၀၀) ပြည့်မှီစေရန်အတွက် ရရှိသည့် အမြတ်ငွေ သိန်း (၅၀) ကျပ်အား အစုရှယ်ယာငွေအဖြစ် ပြန်လည် သွင်းရသောကြောင့် ကျပ်ငွေ (၂၂) သိန်းသာ တပ်ရင်း သက်သာချောင်ချိရေးအတွက် အသုံးပြုခွင့်ရသဖြင့် တပ်ရင်းတွင် လုံလောက်သော သက်သာချောင်ချိရေးကို မလုပ်ပေးနိုင်တော့သည့် အခက်အခဲနှင့် ကြုံတွေ့ရပါသည်။

တိုင်းမှူး၏ လိုလားချက်ကို ပြည့်မှီအောင် ဆောင်ရွက်ပေးနိုင်သည့် တပ်ရင်းမှူးအား ဒီကောင်လေး တော်တယ်ဆိုသည့် စကားအတိုင်း စစ်ဦးစီးတက္ကသိုလ်သို့ ပေးတက်လိုက်ပါသည်။ ထိုအခါ တပ်ရင်းမှူး အချင်းချင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်ပါတော့သည်။ အစုရှယ်ယာ အမြတ်ငွေ (အတိုး) ထုတ်ပေးချိန်တွင် အခက်အခဲ အများဆုံး ကြုံတွေ့နေရသူများမှာ တပ်မတော်တွင် စွန့်လွှတ်စွန့်စားခဲ့သော မသန်မစွမ်း စစ်သည် (EA-1) များပင်ဖြစ်သည်။ မသန်စွမ်းစစ်သည်များအား စီးပွားရေးဦးပိုင် လီမိတက်တွင် အစုရှယ်ယာငွေ ကျပ်တစ်သိန်းစီ တပ်မတော်မှ ထည့်ပေးခဲ့ပါသည်။ ယခုအခါတွင် ၎င်းမသန်စွမ်း စစ်သည်များအား တပ်မတော်တွင် မလိုအပ်တော့သဖြင့် အငြိမ်းစားများ ပေးခဲ့ပြီး ဖြစ်ပါသည်။ ၎င်းမသန်စွမ်း စစ်သည်များသည် တပ်မတော်မှ အငြိမ်းစားယူပြီးနောက် နယ်ဘက်တွင် စီးပွားရေးလုပ်ငန်းများ မလုပ်ကိုင်တတ်ခြင်း၊ နေထိုင်ရေး အခက်အခဲဖြစ်ခြင်း၊ ငွေကြေး အခက်အခဲဖြစ်ခြင်း စသည့် အခက်အခဲများစွာဖြင့် ရင်ဆိုင် ကြုံတွေ့နေကြရသောကြောင့် တစ်နှစ်မှ တစ်ခါသာ ထုတ်ပေးလေ့ရှိသော ၎င်းတို့ ရရှိမည့် အမြတ်ငွေ (အတိုး) ကျပ်တစ်သိန်းအတွက်  (၃၆၀၀၀) ကျပ်အား မဖြစ်မနေ လာရောက် ထုတ်ယူကြပါသည်။ ထိုသို့ လာရောက်ထုတ်ယူရာ စီးပွားရေးဦးပိုင်လီမိတက် ရုံးချုပ် (ရန်ကုန်) တွင် မဆလခေတ် ရုပ်ရုင်ရုံလက်မှတ် တန်းစီသည်ထက်ပင် ဆိုးလှပါသည်။ လုံခြုံရေးများ၊ စာရေးများ၏ ဆူပူကြိမ်းမောင်းမှုများလည်းခံရ၊ ရှယ်ယာဌာနသို့ ရောက်လာတော့လည်း စာရေးဝန်ထမ်းများ၏ အချိန်ဆွဲမှုများလည်း ခံကြရပါသည်။ အမြတ်ငွေ လာထုတ်လျှင် အနည်းဆုံး (၂) ရက်မှ (၄) ရက်အထိ ကြာလေ့ရှိပါသည်။ အထူး အခွင့်အရေးအဖြစ် အစုရှယ်ယာငွေ ထည့်ဝင်ထားသော အရာရှိကြီးများနှင့် ယခင် အရာရှိဟောင်းကြီးများသာ နေ့ချင်းပြီး ရရှိကြပါသည်။

 နောက်ဆုံးတွင် ခရီးဝေးမှ လာရောက်ကြရသော မသန်စွမ်း စစ်သည်ဟောင်းများသည် ယင်းဒုက္ခများကို မခံစားနိုင်ကြတော့သဖြင့် ၎င်းတို့ရရှိခဲ့သော ကျပ်တစ်သိန်းတန် အစုရှယ်ယာ လက်မှတ်များအား ကျပ်ရှစ်သောင်းနှုန်းဖြင့် အစုရှယ်ယာဌာနမှ ဝန်ထမ်းများထံသို့ တရားမဝင် နားလည်မှုဖြင့် အပြီးအပိုင် ရောင်းချခဲ့ရပါသည်။ အစုရှယ်ယာဌာနမှ ဝန်ထမ်းများ ကိုယ်စားလှယ်လွှဲစာ (GP) များ ပြည့်ပြည့်စုံစုံ ပြုလုပ်၍ ဝယ်ယူပြီး မိမိတို့နှင့် ပတ်သက်သည့် အစုရှယ်ယာ ဝယ်ယူလိုသူများထံသို့ ကျပ် တစ်သိန်းတစ်သောင်းဖြင့် ပြန်လည်ရောင်းချလိုက်ပါသည်။

 မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်လုပ်ငန်း၊ လုပ်ငန်းစစ်ရေးဌာနတွင် ဗိုလ်မှူးချုပ် အေးသိုလ် (DSA-20)၊ ဒုတိယဗိုလ်မှူးကြီး  ခင်အေး (OTC-12) တို့မှ ဒါရိုက်တာများအဖြစ် တာဝန်ယူ ဆောင်ရွက်ကြပါသည်။ လုပ်ငန်းစစ်ဆေးရေး အဖွဲ့သည်လည်း စီးပွားရေးဦးပိုင်လီမိတက် လက်အောက်ရှိ  ကုမ္ပဏီလုပ်ငန်းများသို့  လုပ်ငန်းစစ်ဆေးရေး ဝင်ရာတွင်လည်း ကုမ္ပဏီများမှ ပေးကမ်းသော ငွေကြေး လက်ဆောင် များကိုသာယူ၍ အဖြစ်သဘော စစ်ဆေးကြပါသည်။ တပ်မတော်ငွေစာရင်းရုံး (CMA) မှ လာရောက်စစ်ဆေးလျှင်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ စီးပွားရေးဦးပိုင် ရုံးချုပ်လုပ်ငန်း စစ်ဆေးရေးအဖွဲ့နှင့် တပ်မတော်ငွေစာရင်းရုံး (CMA)  စစ်ဆေးရေးအဖွဲ့များသည် တစ်နှစ်လျှင် နှစ်ကြိမ် ကုမ္ပဏီလုပ်ငန်းများသို့ စစ်ဆေးရေး ဝင်ကြသည်။

 မြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမိတက်သည် ကကဝယ်မှ တဆင့် နိုင်ငံခြားမှ လက်နက်များ ဝယ်ယူတင်သွင်းရာတွင် ဝယ်ယူရသည့် ဈေးနှုန်းများထက် ပို၍ အမြတ်တင်ထားသော ဒေါ်လာငွေများအား ဗိုလ်ချုပ်မှူးကြီးများနှင့် ဗိုလ်ချုပ်ကြီးများ၏ အိတ်ကပ်သို့ ပြောင်းပေးနိုင်ရန်အတွက် အရပ်သားပါဝင်သည့် တပ်မတော်ငွေစာရင်းရုံး (CMA) စစ်ဆေးရေး အဖွဲ့များအား စစ်ဆေးခွင့် မပြုဘဲ  စီးပွားရေးဦးပိုင် စာရင်းစစ်အဖွဲ့နှင့်သာ စစ်ဆေး အတည်ပြုချက်ရယူ၍ လူမသိ သူမသိ လျှို့ဝှက်စွာ ဆောင်ရွက်လေ့ ရှိပါသည်။

ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမီတက်၏ ဥသျှောင် အစည်းအဝေးကို တစ်နှစ်တစ်ကြိမ် စစ်ရုံးချုပ်၌ ကျင်းပလေ့ ရှိပါသည်။ အစည်းအဝေး ကျင်းပချိန်တွင် မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမီတက်အောက်ရှိ  လုပ်ငန်းများနှင့် ကုမ္ပဏီများက ဥသျှောင် အဖွဲ့ဝင်များအား မြန်မာစီးပွားရေးဦးပိုင် ကျောက်မျက်ရတနာ လုပ်ငန်းများမှ ထွက်ရှိသည့် အဖိုးတန် ကျောက်မျက်ရတနာများအား ဗူးကြီး၊ ဗူးငယ်များဖြင့် ဆက်သရလေ့ ရှိပါသည်။ စီးပွားရေးဦးပိုင်၏ ဥက္ကဌရုံး (ဒါရိုက်တာ) အဖွဲ့ အစည်းအဝေး (BOD) အား နှစ်စဉ် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ကျင်းပလေ့ရှိရာ အစည်းအဝေး တက်ရောက်လာသော တပ်မတော် အရာရှိကြီးများအား အဖိုးတန် လက်ဆောင်များ ဆက်သကြရပါသည်။

ဥပမာ – ကျပ် (၂၀) သိန်းကျော်တန် နိုင်ငံခြားမှ မှာယူထားသည့် စိန်စီထားသောနာရီများ ပေးခြင်းဖြင့် နိုင်ငံတော်မှ သတ်မှတ်ထားသော အခွန်များကို ကင်းလွတ်ခွင့် ရကြသည်။ ထို့ကြောင့် ပြည်သူလူထုများထဲမှ စီးပွားရေး လုပ်ငန်းရှင်များသည် စီးပွားရေးဦးပိုင် လီမီတက်နှင့် ယှဉ်ပြိုင်၍ လုပ်ကိုင်ပါက ဆုံးရှုံးလိမ့်မည်သာ ဖြစ်သည်။

 မြန်မာစီးပွားရေး ဦးပိုင်လီမီတက်သည် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးကို ချုပ်ကိုင်ထားပြီး အခွန်ကင်းလွတ်ခွင့်များ အတော်အတန် ရရှိထားသဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေများသည် တိုးပွားသင့်သလောက် တိုးပွားခြင်း မရှိပေ။ မြန်မာစီးပွားရေးဦးပိုင် လီမီတက်၏ ရည်ရွယ်ချက်တွင် ပါဝင်သော နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရေးဟူသောမူနှင့် ဆန့်ကျင်ဘက် ဖြစ်နေပါသည်။

 မြန်မာစီးပွားရေးဦးပိုင် လီမီတက် လက်အောက်ရှိ ကုမ္ပဏီလုပ်ငန်းများရှိ အရာရှိကြီးများ၊ (ဒါရိုက်တာ) များ၏ ဓလေ့စရိုက်နှင့် ကိုယ်ကျင့် တရားများအား အနည်းငယ် ထုတ်နုတ် တင်ပြလိုပါသည်။ ဥပမာ – ဒုတိယ ဗိုလ်မှူးကြီး ကိုကိုကြီး (D.S.A-22) သည် ယခင်ဒါရိုက်တာ (အုပ်ချုပ်ရေး) Myanmar Land ကုမ္ပဏီ၊ ယခု ဒါရိုက်တာ (တော်ဝင်) သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါသည်။ ၎င်းသည် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်နှင့် ဘားအံခရိုင်တို့တွင် ခဝတ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မြန်မာစီးပွားရေး ဦးပိုင်လီမီတက်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ ခဝတ ဥက္ကဌအဖြစ် တာဝန် ထမ်းဆောင်စဉ်ကပင် ဒေသခံပြည်သူများ အပေါ်တွင် များစွာ ဒုက္ခပေးခဲ့သူဖြစ်ပြီး ငွေကြေးနှင့် မိန်းမကိစ္စများအား အလွန်ခုံမင် နှစ်သက်သူ ဖြစ်ပါသည်။ ဘားအံတွင် ၎င်းကိုယ်ပိုင် ရာဘာဧက (၃၀၀) ကျော် ရှိပါသည်။ မြန်မာစီးပွားရေးဦးပိုင်သို့ ရောက်ရှိပြီး တစ်နှစ်အတွင်း Myamar Land ကုမ္ပဏီ နေပြည်တော် တည်ဆောက်ရေး လုပ်ငန်းများအတွက် ထုတ်ပေးထားသော  ဘိလပ်မြေအိတ် (၅) သိန်းကျော်အား အမြတ်ယူ၍ ရောင်းစားခဲ့သူဖြစ်ပြီး အဆောက်အဦး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ငွေကြေးများ ကိုင်တွယ် သုံးစွဲခွင့်ရသဖြင့် အကျိုးအမြတ် များစွာ ဖြစ်ထွန်းခဲ့သူဖြစ်သည်။

 ဒုတိယဗိုလ်မှူးကြီး ကိုကိုကြီးတွင် မျက်မြင်အဖြစ် ရန်ကုန်မြို့၌ တိုက်ကြီးတစ်လုံး၊ နေပြည်တော် ဥတ္တရသီရိမြို့သစ်တွင် တိုက်တစ်လုံးနှင့် ကိုယ်ပိုင် ဇိမ်ခံယာဉ် (၃) စီးအား ပိုင်ဆိုင်လျက်ရှိကြောင်း တွေ့ရပါသည်။ အခြားစီးပွားရေး လုပ်ငန်းများစွာကိုလည်း ပိုင်ဆိုင်ထားပါသည်။ ထိုပုဂ္ဂိုလ်၏ ညစဉ်အပန်းဖြေ လုပ်ငန်းများမှာ စင်တင်တေးဂီတများတွင် အမျိုးသမီးငယ်များအား ပန်းကုံးစွပ်ခြင်း၊ ခြေတော်တင်ခြင်း၊ KTV သွားခြင်း၊ အနှိပ်ခန်းသွားခြင်းတို့ ဖြစ်ပါသည်။ ၎င်းအပန်းဖြေသော နေရာများမှာ နေပြည်တော် ပျဉ်းမနားရှိ အေးဇင်အောင် စင်တင်တေးဂီတ၊ လှိုင်း KTV ၊ လမင်းသာ KTV အနှိပ်ခန်းမျိုးစုံနှင့် အခြားဇိမ်ခံ လုပ်ငန်းမျိုးစုံတို့ ဖြစ်သည်။ Myanmar land ကုမ္ပဏီရုံးတွင်လည်း အမျိုးသား ဝန်ထမ်းများထက် အမျိုးသမီး ဝန်ထမ်းများကိုသာ မျက်နှာသာပေး ဆက်ဆံလေ့ ရှိပါသည်။ ၎င်းဖြစ်စဉ်အား အထက်အရာရှိကြီးများ (ဗိုလ်ချုပ်ကြီးများ) မှ သိရှိသောအခါတွင်လည်း ၎င်းတို့အား ပံ့ပိုးထောက်ပံ့ ထားသဖြင့် သူ့ကို အရေးယူခြင်း မရှိဘဲ ပို၍ဝင်ငွေကောင်းမွန်သော (တော်ဝင်) သယ်ယူပို့ဆောင်ရေး လုပ်ငန်းသို့ (ဒါရိုက်တာ) ရာထူးဖြင့်ပင် ပြောင်းရွှေ့တာဝန် ပေးခဲ့ပါသည်။ ဒုတိယဗိုလ်မှူးကြီး ကိုကိုကြီး၏ တစ်ညတာ သုံးစွဲငွေမှာ တပ်ရင်း (၁၀) ရင်းရှိ စစ်သည်များ၏ (၇) ရက်စာ စားသုံးစရိတ်နှင့် ညီမျှပါသည်။

 နောက်တစ်ဦးမှာ ဗိုလ်မှူးကြီး စံအေးလှ ယခင် (ကကသံ ဒုတိယညွှန်ကြားရေးမှူး) ဖြစ်ပြီး စီးပွားရေးဦးပိုင်သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်သည့် လပိုင်းအတွင်းမှာပင်  အင်ငါးခွ သကြားစက် စီမံကိန်းအတွက် ထုတ်ပေးထားသော ငွေကျပ်သန်း တစ်ထောင်ကျော်အား အလွှဲသုံးစားလုပ်ကာ စီးပွားရေးဦးပိုင် လီမီတက်မှ နုတ်ထွက်ခဲ့ပါသည်။

မြန်မာစီးပွားရေးဦးပိုင် လီမီတက်ရှိ နောက်ထပ် ဗိုလ်မှူးကြီးတစ်ဦး၏ အကြောင်းကိုလည်း ဆက်လက် တင်ပြလိုပါသည်။ ၎င်းမှာ ဗိုလ်မှူးကြီးစိန်ဂျော့ (D.S.A-9) ဖြစ်ပြီး ယခင် တရုတ်စစ်သံမှူးဟောင်း တစ်ဦးလည်း ဖြစ်ပါသည်။ ဗိုလ်မှူးကြီးစိန်ဂျော့သည် တရုတ်စစ်သံမှူးအဖြစ်မှ အနားယူပြီးနောက် ၎င်း၏တပတ်စဉ်တည်း သူငယ်ချင်းဖြစ်သူ ယခင်စီးပွားရေးဦးပိုင် ဥက္ကဌဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တင်အေးထံတွင် အကူအညီတောင်းကာ ၂၀၀၉ ခုနှစ် မေလမှ စတင်၍ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမီတက်လက်အောက်ရှိ Myanmar Land Development Limited တွင် ဒါရိုက်တာ လုပ်ငန်းရာထူးကို ရရှိခဲ့ပါသည်။  ရန်ကုန်-ပြည်-မကွေးလမ်းသည် ၃၀၈ မိုင် (၅) ဖာလုံနှင့် ငကိုပင်-စမ်းမကြီး-သစ်ရာကောက် လမ်းပိုင်းသည် (၁၉) မိုင် (၃) ဖာလုံ ရှိသဖြင့် စုစုပေါင်း (၃၂၈) မိုင် ရှိရာ ရန်ကုန်-ပြည်-မကွေးလမ်းပေါ်တွင် လမ်း/တံတား အသုံးပြုခ ကောက်ခံရေးဂိတ် (၁၅) ခု ရှိပါသည်။ ၎င်း လမ်း/တံတားဂိတ် ငွေကောက်ခံရေး လုပ်ငန်းသည် အမျိုးသမီးဝန်ထမ်းများနှင့် မသင့်လျှော်သော လုပ်ငန်းဖြစ်ပါသည်။ နေ့/ည ငွေကောက်ခံရသော လုပ်ငန်းဖြစ်သဖြင့် အမျိုးသမီးဝန်ထမ်းများ ရှိပါက လူမှုရေး ရှုပ်ထွေးမှုများ ဖြစ်ပေါ်စေနိုင်သောကြောင့် ဖြစ်ပါသည်။ လူမှုရေး အရှုပ်အရှင်းများလည်း များစွာ ရှိခဲ့ဖူးပါသည်။

၂၀၀၉ ခုနှစ် မေလတွင် Toll Gate မှ တာဝန်ခံအရာရှိ ဗိုလ်မှူးဇော်ဝင်း (O.T.C-11) သည် ငွေကောက်စာရေး မခင်ချိုဦးအား ခြေတော်တင်ခြင်းနှင့် ငွေကြေးရှုပ်ထွေးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရပါသည်။ ၎င်းနေရာတွင် ဗိုလ်မှူးကြီး စိန်ဂျော့၏ တပည့်ဖြစ်သူ ဗိုလ်မှူး ဘုန်းနိုင်ဝင်း (O.T.C-22) အား အစားထိုး ခန့်အပ်ခဲ့ပါသည်။ ဗိုလ်မှူးကြီး စိန်ဂျော့၏ လက်အောက်ရှိ ကွပ်ကဲရေးမှူးများမှာ ဒုတိယဗိုလ်မှူးကြီး ဘဆွေ (D.S.A-17) (ရန်ကုန်တိုင်း၊ ပဲခူးတိုင်း)၊ ဒုတိယဗိုလ်မှူးကြီး အောင်သိန်း (O.T.S-57) (မကွေးတိုင်း) တို့ ဖြစ်ပါသည်။ ဗိုလ်မှူးကြီး စိန်ဂျော့သည် လမ်း/တံတား လုပ်ငန်းများအား စတင်တာဝန်ယူ ဆောင်ရွက်ရသည့် အချိန်မှစ၍ ယခင်အမျိုးသား ဝန်ထမ်းများအား အကြောင်းအမျိုးမျိုးပြ၍ အလုပ်မှ ထုတ်ပယ်ခဲ့ပြီး အမျိုးသား ဝန်ထမ်းများနေရာတွင် အသက် (၁၈) နှစ်မှ (၂၅) နှစ် အတွင်းရှိ အမျိုးသမီး ဝန်ထမ်းများအား အစားထိုး ခန့်အပ်ထားခဲ့ပါသည်။ ၎င်း၏လုပ်ဆောင်ချက်များအား ပေါ်လွင်မှု မရှိစေရန်အတွက် ယခင် လမ်း/တံတား ဂိတ်များရှိ တာဝန်ခံအရာရှိများအား အပြစ်ရှာ၍ ထုတ်ပယ်ခဲ့ပြီး ၎င်း၏ဩဇာခံ တပည့်များအား အစားထိုး ခန့်ထားခဲ့ပါသည်။

 ဒုတိယဗိုလ်မှူးကြီး ဘဆွေ (ကွပ်ကဲရေးမှူး) (ရန်ကုန်တိုင်း/ပဲခူးတိုင်း) သည်ပင် ဗိုလ်မှူးကြီးစိန်ဂျော့၏ အပြစ်ရှာသည့်ဒဏ်အား မခံနိုင်သဖြင့် ရာထူးမှပင် နုတ်ထွက်သွားခဲ့ပါသည်။ ဗိုလ်မှူးကြီးစိန်ဂျော့၏ ရုံးအဖွဲ့တွင်လည်း အမျိုးသား ဝန်ထမ်းများထက် အမျိုးသမီး ဝန်ထမ်းများက ပိုများပါသည်။ ၂၀၀၉ ခုနှစ် ဇွန်လတွင် ဗိုလ်မှူးကြီး စိန်ဂျော့သည် လမ်း/တံတားလုပ်ငန်းများအား စစ်ဆေးရေးသွားရာ ပြည်မြို့စထရင်းဟိုတယ်၌ တည်းခိုခဲ့စဉ် ဟိုတယ်ဧည့်ကြိုဌာနမှ အသက် (၂၀) ကျော်အရွယ်ရှိ မစုမွန်ငြိမ်းနှင့် မအိရွှေစင်တို့အား ခြေတော်တင်မိလေသည်။ နောက်ပိုင်းတွင် ထိုအမျိုးသမီးငယ် (၂) ဦးအား ၎င်းနှင့် အနီးကပ် အမြဲတမ်း ထိတွေ့နိုင်ရန်အတွက် လစာ ကောင်းကောင်းပေးမည်ဟု ပြောကာ ဟိုတယ်မှ ထွက်ခိုင်းပြီး ၎င်း၏ရုံးတွင် ရုံးအုပ်များအဖြစ် ခန့်ထားပေးရန် Myanmar Land ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဗိုလ်မှူးကြီး သောင်းတင်ထံသို့ တင်ပြရာတွင် ဗိုလ်မှူးကြီး သောင်းတင်မှ သဘောမတူသဖြင့် အကြီးအကျယ် စကားများ ရန်ဖြစ်ကြပါသည်။ နောက်ဆုံးတွင် M.D ၏ သဘောတူညီမှုဖြင့် ထိုအမျိုးသမီးငယ် (၂) ဦးအား ၎င်း၏ ရုံးတွင် အငယ်တန်း စာရေးများအဖြစ် ခန့်ထားပေးခဲ့ပါသည်။ ညစဉ် Black Label အရက်အား ပုလင်းတစ်ဝက်နီးပါး သောက်သုံး၍ အစားအသောက်များလည်း အလွန်အမင်း ခုံမင်နှစ်သက်သူ ဖြစ်ပါသည်။

 ထို့အပြင် ရန်ကုန်- ပြည်- မကွေးလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် ကတ္တရာများ ဝယ်ယူရန် တင်ဒါ ခေါ်ယူရာတွင်လည်း အိတ်ပိတ်တင်ဒါများအား ရုံးတွင် မဖောက်ဘဲ ၂၀၀၉ ခုနှစ် ဩဂုတ်လတွင် ကတ္တရာဝယ်ယူရေး ဘုတ်အဖွဲ့တွင်ပါသော အရာရှိများအား ရန်ကုန်မြို့ ပန်းဆိုးတန်းရှိ နန်းသီတာ စားသောက်ဆိုင်တွင် တွေ့ဆုံ၍ ဖွင့်ဖောက်ကာ ၎င်းအား လာဘ်ထိုးငွေ ပေးထားသည့် ကုန်သည်ကိုသာ ပေးသည်ဟုပြော၍ ဘုတ်အဖွဲ့ဝင်များအား လက်မှတ် အတင်းထိုးခိုင်းခဲ့ပါသည်။ ဒါတောင် အားမရသေးဘဲ ရန်ကုန်-ပြည်-မကွေး အဆင့်မြှင့်တင်ရေး လုပ်ငန်းအတွက် ဝယ်ယူထားသော ကတ္တရာ တန် (၁၆၀၀၀) မှ တန် (၇၀၀၀) ကျော်အား ရောင်းစားခဲ့ပြီး လမ်းအသုံးပြုခ ထောက်ခံရေး လုပ်ငန်းမှ ရရှိသော ငွေများအား ၎င်း၏  ဩဇာခံတပည့်များဖြစ်သော လမ်း/တံတား ဂိတ်တာဝန်ခံများနှင့် ပူးပေါင်းကာ အလွဲသုံးစား လုပ်နေသဖြင့် အကျိုးစီးပွားများစွာ ဖြစ်ထွန်းနေသူ ဖြစ်ပါသည်။


ရန်ကုန်-ပြည်-မကွေး လမ်းတလျှောက်ရှိ လမ်းအသုံးပြုခ ကောက်ခံရေး ဂိတ် (၁၅) ခု၏ နေ့စဉ်ကောက်ခံရရှိငွေမှာ ကျပ် သိန်း (၁၁၀) မှ ကျပ်သိန်း (၁၆၀) ကျပ်အထိ လက်ခံရရှိပါသည်။ ဗိုလ်မှူးကြီး စိန်ဂျော့မှာ ရန်ကုန်မြို့ (၁၀) မိုင်ကုန်းတွင် နှစ်ဆောင်ပြိုင် တိုက်တစ်လုံး၊ ဇိမ်ခံကား (၃) စီးနှင့် အခြားစီးပွားရေး လုပ်ငန်းများအား ပိုင်ဆိုင်လျက် ရှိပါသည်။ ဗိုလ်မှူးကြီး စိန်ဂျော့ ထင်တိုင်းကြဲနေသော်လည်း စီးပွားရေးဦးပိုင် ဥက္ကဌဟောင်း ဒုတိယဗိုလ်ချုပ်ကြီး တင်အေး၏ သူငယ်ချင်းဖြစ်သည်ဆိုသော အကြောင်းပြချက်ဖြင့် အထက်ဗိုလ်ချုပ်ကြီးများက အရေးမယူဘဲ လစ်လျူရှုနေကြပါသည်။ နောက်ထပ် တင်ပြရလျှင် ကုန်နိုင်ဖွယ်ရာမမြင် အမျိုးမျိုး အဖုံဖုံ ဦးသူပိုင်စတမ်း သူ့ထက်ကဲကြသူများသာ ဖြစ်ပါသည်။

 ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမီတက်မှ အခွင့်ထူးခံ အရာရှိကြီးများသည် စီးပွားရေးဦးပိုင်၏ ရည်ရွယ်ချက် (၄) ချက်အား သွေဖီ၍ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက်စကားနှင့်အညီ လုပ်ချင်ရာ လုပ်နေကြပါသည်။ ၎င်းတို့သုံးဖြုန်း၍ အလွဲသုံးစားလုပ်ခဲ့သော ငွေများမှာ တပ်မတော်သားများ စစ်မှုထမ်းဟောင်းများတို့၏ သွေး/ချွေးများဖြင့် ရင်းနှီးခဲ့ရသော အစုရှယ်ယာ ဝင်ထားသည့် ငွေများပင် ဖြစ်ပါသည်။ အောက်ခြေ တပ်မတော်သား အများစု ငတ်ပြတ် စုတ်ချာနေကြသလောက် ဦးပိုင်မှ အရာရှိကြီးများကတော့ သူ့ထက်ငါ ယစ်မူးပျော်ပါးကာ အထက်ဖါး အောက်ဖိ လုပ်နေကြပါသည်။ ထိုပုဂ္ဂိုလ်များ မြန်မာစီးပွားရေးဦးပိုင်တွင် ရှိနေသရွေ့ ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမီတက်နှင့် နိုင်ငံတော်၏ အကျိုးစီးပွားသည် ပြည့်ပြည့်ဝဝ ဖြစ်ထွန်းမည် မဟုတ်ပါကြောင်း တင်ပြအပ်ပါသည်။

 

5 comments

  • ထွန်းကျော်သန့်

    September 23, 2011 at 10:04 pm

    ငွေရယ် အာဏာရယ် အခွင့်အရေးရယ် လုံးခြာပတ်လည်လိုက်နေတော့တာပဲ
    သူတို့တွေပဲ လုပ်စားကိုင်စားဖြစ်နေကြတာ။
    ကျနော်တို့ ကတော့ သူတို့စီးနေတဲ့ ကားတွေ ၊ သူတို့နေတဲ့ ဟီးထနေတဲ့ တိုက်ကြီးတွေ
    ဒါတွေကို ငေးမောကြည့်ရင်းနဲ့ ထမင်းနပ် မှီအောင် ကြိုးစားနေကြရပါတယ်ဗျာ။

  • မှော်ဆရာ

    September 23, 2011 at 10:41 pm

    ဘယ်လိုများ ရှာဖွေ စုဆောင်းပြီး ရေးထားပါလိမ့် ဟေ့…

  • lulaymg

    September 23, 2011 at 10:57 pm

    ဟုတ်တယ်နော် ဗဟုသုတ ပြည့်ဝပါပေ့ ဩချရ လောက်အောင်ပါပဲ။
    ရှာဖွေနိုင်မှုရယ် အရေးအသားရယ် အားကျတယ်ဗျာ။

  • htoosan

    September 24, 2011 at 10:10 am

    ့How about ” Air Mandalay” ? , Central Hotel Group ..I believe , many more still missing in the post.

  • Foreign Resident

    September 24, 2011 at 10:48 am

    This Article was from
    —http://photayokeking.org/armydevelopment/armydictator-naywin/663-amat-min-myar-mae-tint-daw-u-paing-a-jawng–

Leave a Reply