လူလေး ဒီရက်ပိုင်းအတွင်း မြစ်ဆုံစီမံကိန်းမှာ အလုပ်လုပ်နေတဲ့သူတွေ အကြောင်း စဉ်းစားမိတယ်ဗျ။ ဒီ project ကြီးပြီးဖို့ဆိုတာ အလုပ်သမားတွေပါမှ ပြီးဆုံးမှာပါ။ သူတို့တွေက မိခင် ဧရာဝတီ ကို သတ်မယ့် အစီအစဉ်မှာ ဘာလို့ ဓား ၀ိုင်းသွေးပေးနေတာလဲလို့ပေါ့။ ဒါပေမယ့် သူတို့ ဘက်က ကြည့်ရင်လည်း သူတို့တွေ လုပ်နေတာ အကျိုးအမှန်ကို မသိလို့လား၊ ပိုက်ဆံပို ရလို့လား၊ စိတ်ချမ်းသာလို့လား(အနေအစားချောင်လို့လား)၊  ဒါမှမဟုတ် သူတို့တွေ မှာ အလုပ်လုပ်ဖို့ တခြားမှာနေရာ မရကြလို့လား။ စဉ်းစားစရာတွေပါ။ သူတို့တွေသာ အကျိုးဆက် အမှန်ကို သိရင်၊ တခြားမှာ အလုပ်ရမယ်ဆို ရင် ဒီလို အလုပ်မျိုးလုပ်ကြမှာလား။ လူလေး ပြောရဲပါတယ် ဘယ်သူမှလုပ်မှာမဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူတို့တွေလည်း မြန်မာတွေ ဧရာဝတီကို ချစ်ကြသူတွေပါပဲ။ သို့ပေမယ့်လည်း မိခင်၊ ဖခင်တစ်ယောက်က ကိုယ်တိုင်အငတ်နေနိုင်ပါတယ်၊ သူတို့ သားသမီးတွေ ဆာလို့ငိုနေတာကိုတော့ မကြည့်နေနိုင်ကြတဲ့သူတွေပါ။ မြန်မာ့ သမိုင်းမှာ အမည်းစက်ကြီးဖြစ်မယ့်အလုပ်ကို သူတို့တွေ က ငါတို့လုပ်ခဲ့တာလို့ ဂုဏ်ယူကြချင်ကြမှာမဟုတ်ပါဘူး။ သူတို့ရဲ့သားသမီးတွေ ကိုယ်တိုင်လည်း လူကြားထဲမှာ “ဒါကြီးဆောက်တုန်းက ငါ့အဖေက ဦးစီးခဲ့တာ၊ ငါမိဘကတော့ဖြင့် ဘယ်နေရာကနေ ပါဝင်ခဲ့တာလို့ ” ဂုဏ်ယူနိုင်မှာ မဟုတ်ပါဘူးဆိုတာ သူတို့ သိနိုင်ကြလား။

တကယ်တမ်း မြစ်ဆုံ စီမံကိန်းအကြောင်း ကို လူကြီးတွေ၊ လူငယ်တွေ အကြား ပိုပြီး ပျံ့ နှံ့ မယ်၊ လူသိပိုများမယ်ဆိုရင် (သို့) အလုပ်သမားမိသားစုတွေ ပိုပြီးသိမယ်ဆို အကျိုးဆက် ပိုကောင်းနိုင်ပါတယ်။ လုပ်နေတဲ့ လူတွေ (လူကြီးပိုင်း အရာရှိတွေ) ကော၊ အောက်ခြေအလုပ်သမားမိသားစုတွေကော ပါဝင်လာစေချင်တယ်။ သူတို့ အတွက်အခြားမှာလည်း လုပ်ကိုင် နိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်း တွေရှိစေချင်တယ်ဗျာ။ လူလေးတို့ တွေ ဒီစီမံကိန်းကြီးကိုကန့်ကွက်ရင်း၊ စီမံကိန်းက အလုပ်မားတွေ တခြားနေရာမှာ လုပ်ကိုင်နိုင်ဖို့ ကူညီ ဆောင်ရွက်ပေး ရင် ဒီလုပ်ငန်းကြီး ဘယ်လို လည်ပတ်နိုင်တော့မှာလဲ။  သူငယ်တန်းကတည်းက လူလေးတို့သင်ခဲ့ရတဲ့ စာပိုဒ်လေးပါ။

ဇွန်ပန်းရုံအနီး၊ လှည်းဘီးနွံထဲကျွံနေသည်၊

ကူ၍တွန်းပေးကြပါ၊  လေးလွန်း၍မတွန်းနိုင်ဘူးလား၊

ပြိုင်တူတွန်းလျှင် ရွေ့ နိုင်ပါသည်။

လူလေးတို့ ဂေဇတ်ကနေပြီး အလုပ်ရှင်တွေ၊ အခြားမီဒီယာတွေအားလုံးကို ကူညီပေးဖို့ အသိပေးနိုင်ပါစေ။ သူကြီး နဲ့ တကွ ရွာသူ ရွာသားတွေ အားလုံးလည်း ကူညီပေးနိုင်ပါစေဗျာ။

About kolulay

has written 4 post in this Website..