ခုတလော အလွန်ခေတ်စားနေသော အအေးလှိုင်းဖြတ်မယ် ဆိုတဲ့ သတင်းကို ဂျာနယ်တွေထဲမှာပါ သတိပေးလို့ ရေးထားတာကို ဖတ်လိုက်ရပါ တယ်။ အင်း…အပူလှိုင်းကတော့ ၂၀၁၀ မေလပိုင်းလောက်တုန်းက ကိုယ်တွေ့ ကြုံခဲ့ပြီးသားမို့ တော်တော်ဆိုးတာ သိနေပါပြီ။ ထိသမျှ အရာတိုင်းမှာ အပူဓါတ်တွေ ထုတ်ပေးနေတာကြောင့် လူတိုင်းလိုလို ဒီဒုက္ခကို အကြီး အကျယ်ကို ခံခဲ့ကြရပါတယ်။ တစ်ချို့ သဘာဝကို အန်တုလို့ လေအေးပေး စက်တွေနဲ့ ပြုပြင်ရင်းက ဆန့်ကျင်ဘက်ဖြစ်သွားတဲ့ ဒဏ်ကို မခံနိုင်ပဲ ဦးနှောက် သွေးကြောပြတ်တဲ့အထိ ဆိုးရွားစွာ အသက်နဲ့လဲသွားခဲ့ရတာတွေ လည်း ကြားဖူးကြမှာပါနော်။ အင်း ဘာလှိုင်းပဲလာလာ လန့်နေကြရတဲ့ အနေ အထားတောင် ရောက်နေပါပြီ။ ဒီထဲကမှ တစ်ရက်တည်း အတွင်း အအေးရော အပူလှိုင်းပါ ပြုံကျမယ်ဆိုရင်တော့ ဘာပြောကောင်းပါ့မလဲနော်။ ဒါပေမယ့် အဲဒီနေ့ကတော့ အဲလို အဖြစ်လေးဖြစ်သွားခဲ့ပါတယ်။

နေရာကတော့ ကျနော့ ခန္ဓာတိုင်းပြည်ထဲမှာပေါ့။ အချိန်က နေ့ခင်း ၁နာရီခွဲခါနီး။ ကျနော့ ခန္ဓာတိုင်းပြည်ရဲ့ အစွန်အဖျားဖြစ်တဲ့ ခြေဖျားနဲ့ လက်ဖျား တွေ တဖြည်းဖြည်း အေးစက်လာတာကို ခံစားရပါတယ်။ အဲဒီကနေ မှ အအေးလှိုင်းဟာ ခန္ဓာရဲ့ ကုန်းတွင်းပိုင်းကို ၀င်ရောက်လာတာကြောင့် တစိမ့်စိမ့် ချမ်းအေးမှုကို တစထက် တစ တိုးလို့ ခံစားလာရပါတယ်။

လုပ်လက်စ အလုပ်ကိုခဏ ရပ်လို့ ကိုယ့်ခန္ဓာတွင်းက ဖောက်ပြန်လာပုံလေးကို စိတ်ဝင်တစား စောင့်ကြည့်နေလိုက်တယ်။ ဘာပြောကောင်းမလဲဗျာ။ အအေး ဓါတ်တွေက ခန္ဓာကိုယ်အနှံ့ ပြန့်နှံ့လာတာကြောင့် ဘယ်လိုမှ နေလို့ မရအောင် အေးစက်တောင့်တင်းလာပါပြီ။ ကျနော် အမြန်ဆုံး ကာကွယ်မှု အနေနဲ့ အနွေးထည်တွေ ထပ်ဝတ်ပါသော်လည်း မရဘူး။ ပိုဆိုးလာတယ်။ အအေးလှိုင်းဓါတ်ကြီးက ကျနော့ ခန္ဓာ တိုင်းပြည်တစ်ခုလုံးကို သိမ်းပိုက် လိုက် ပြီလေ။ ဒါနဲ့ပဲ ရှိသမျှ စောင်တွေ အထပ်ထပ် ခြုံပြီး နေ့ခင်း ကြောင်တောင် နေပူကြီးထဲမှာ အအေးလှိုင်း အဖြတ်ခံနေရတဲ့ ကျနော့ အဖြစ်ကတော့ လူရယ် စရာများ ဖြစ်နေမလားပါပဲ။

“ထည်အလွှာ အကုန်ထွေးသော်လည်း
ကြည်အသာ မလုံသေးပါဘူး
မှိတ်ပါလျှင် လိပ်ပြာက အေးတာမို့ သွေးလန့်လို့ခုန်”
ဆိုတဲ့ ကဗျာလေးက ကျနော့ကို လှောင်နေသယောင်….။
ကျနော့်မှာတော့ တစိမ့်စိမ့် ချမ်းအေးလာတဲ့ အအေးလှိုင်းဒဏ်ကို အလူးအလဲ ခံရင်းနဲ့ပဲ နေ့ခင်း အချိန်များကို ကျော်လွန်ခဲ့ရပါတယ်။

အဲ…နွေးအောင်မှ မနည်းလုပ်ထားရပါတယ်။ ညနေဖက် သူများတွေ က အေးလာပြီ ဖြစ်တဲ့ ဆောင်းသဘာဝအရ အနွေးထည်လေးတွေ ကိုယ်စီ ထပ်ဝတ်နေကြတဲ့အချိန်။ ညနေပိုင်း လေးနာရီခွဲလောက်မှာပေါ့။ ကျနော့ ရဲ့ ခန္ဓာတိုင်းပြည်ရဲ့ ကုန်းတွင်းပိုင်းက စလို့ ရှိန်းတိန်းတိန်း ဖြစ်လာပါပြီ။

အင်း ကျနော်လည်း နေ့ခင်းဖက်က အလစ်ဝင်လာသော အအေးလှိုင်းရဲ့ ဒဏ်က ခုမှ ကင်းခါစမို့ အထူးပဲ သတိထားပြီး နေရတဲ့အချိန်ပေါ့။ ဘယ့်နှယ့်ဗျာ။ ကျနော့်မှာ ကုန်းတွင်းကစလို့ အပူလှိုင်းလေးက ဗဟိုပြုလို့ လာနေပါပြီ။ ခန္ဓာရဲ့ အစွန်အဖျား ဖြစ်တဲ့ လက်ဖျား၊ ခြေဖျားတွေကတော့ အေးဆဲပေမယ့် ကိုယ်တွင်းပိုင်း ကတော့တရှိန်ရှိန်နဲ့ ပူလိုက်လာတာကို သတိထားမိနေပါတယ်။

အင်း…လာပြန်ပြီဟေ့။ ဒီတစ်ခါကတော့ဖြင့် အပူလှိုင်းပဲနေမှာ။ ဟောဗျာ။ကြည့် ပါဦး။ သတိတွေပေးနေတဲ့ကြားကကိုအာခေါင်ထဲထိ အပူတွေက ဟပ်လာပါပြီ။ နားရွက်တွေပါ ပူလာပြီ။ ခဏတာ အချိန်အတွင်းမှာကိုပဲ လက်ဖျား၊ ခြေဖျားထိ အောင် အပူငွေ့တွေက ကူးစက်လို့လာပါပြီ။

အော်…ဒီခန္ဓာလေးခမျာတော့ သနားစရာပဲ။ တစ်နေ့ထဲမှာကို အအေးလှိုင်းရော ၊ အပူလှိုင်းပါ နှစ်မျိုးလုံးရဲ့ ဒဏ်ကို ခံနေရရှာပါပြီ။
ကျွတ်..ကျွတ်…ကျွတ်… သနားလိုက်တာ ခန္ဓာရယ်။
ငါလည်း နင့်ကို ဘာမှ မတတ်နိုင်ဘူးလေ။
နင့်ကို ကယ်တင်ချင်သော်လည်း ငါမှ မတတ်နိုင်တာလေ။
နင့်မှာက ဒီခန္ဓာဆိုတဲ့ ဒုက္ခကြီးက ရှိနေမှတော့နော်။
ဒီလောက်တော့ ခံနိုင်ရမှာပေါ့။
ခံလိုက်ပါဦး ခန္ဓာကြီးရယ်။ လို့သာ ကိုယ့်ကိုယ် ကို အားပေးနှစ်သိမ့်ရင်းနဲ့ပဲ တအားကို ပူကျက်တောက်လာပြီ ဖြစ်တဲ့ ကျနော့ ရဲ့ အပူလှိုင်း အစွမ်းကို ပြုံးပြုံးကြီးခံနိုင်အောင်ပဲ ကြိုးစားရပေတော့မည်။

တစ်နေ့ တစ်မျိုး မရိုးရအောင် နှိပ်စက်ပြနေတဲ့ ခန္ဓာ့ ဒုက္ခထဲမှာမှ ခုလို အအေးလှိုင်းရော အပူလှိုင်းပါ တစ်ရက်ထဲ တွဲပြီး ခံရတဲ့ ဒုက္ခကတော့ မော်ဒန် အသစ်နဲ့ ပေါ်ပြူလာ ဖြစ်နေဦးမယ်ထင်ပါရဲ့နော်။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”