အခုလထဲမှာ ကျွန်မအလုပ်လုပ်တဲ့ဌာနကို အလုပ်သင်ခန့်ထားတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပါတယ်။ တော်ရုံနဲ့ ကျွန်မတို့ဌာနအတွက် ၀န်ထမ်းအသစ်ခန့်လေ့မရှိတော့ နဲနဲတော့ အံ့သြမိတယ်။ နောက်တော့မှ သူကလေးက ဘောစိနဲ့အမျိုးတော်တယ်တဲ့ (တူမဘယ်နှစ်ဝမ်းကွဲလဲတော့မသိ)။ ကျွန်မက ဌာနအတွင်းမှာတော့ လူကြီးပေမယ့် စည်းကမ်းပိုင်းမှာတော့ ခပ်ညံ့ညံ့ပါပဲ။ ခေါင်းဆောင်ကိုယ်တိုင်က စည်းကမ်းဖောက်နေတော့ တပည့်တွေကိုလဲ မပြောရဲဘူးပေါ့။ ဒါပေမယ့် အလုပ်အဆင်ပြေနေတော့ အေးဆေးပါပဲ …

ကျွန်မတို့ဌာနကို အလွယ်တကူ ဒီဇိုင်းဌာနလို့ နံမည်တပ်ထားပေမယ့် တကယ်လုပ်တာက mechanical design ပါ။ စက်ရုံထဲမှာ အသစ်ထွင်စရာရှိရင်ဖြစ်ဖြစ်၊ အဟောင်းကို ပြင်ချင်ရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့အချက်အလက်တွေကို ရှာဖွေပေးရတဲ့ ပင်မနေရာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အခုတလော စီးပွားရေးအခြေအနေက သိပ်မကောင်းတော့ ကျွန်မတို့ကို အလကားလခပေးထားရသလိုဖြစ်နေတယ်။ ဘေးမဲ့လည်းပေးထားလေသတည်းပေါ့။ ဂိမ်းကစားလိုက်၊ အတင်းပြောလိုက်၊ ကော်ဖီသောက်လိုက်၊ မုန့်စားလိုက်နဲ့ ပျော်သလိုနေနေကြတာပေါ့။

ကောင်မလေးက graphic designer တဲ့။ ကွန်ပျူတာဒီပလိုမာအပြင် ကွန်ပျူတာကိုပဲ မာစတာဘွဲ့တောင်ရထားတယ်ဆိုပဲ။ Autocad ဆိုတာကိုလဲ သူကဆွဲတတ်ပါတယ်တဲ့။ ကျွန်မကနေ လိုအပ်တာသင်ပေးလိုက်ဆိုပြီး ဘောစိက ကိုယ်တိုင်အပ်ထားလေတော့ တော်တော်ဂွကျတယ်။ ဘယ်လိုသင်ပေးရမလဲလို့ စဉ်းစားကြည့်တယ်။ ဘယ်လိုမှစဉ်းစားလို့မရဘူး။ သူကအင်ဂျင်နီယာမှမဟုတ်တာ ဘယ်လိုသင်မလဲနော် … အဲဒါနဲ့ ကိုယ့်ဟာကိုယ်လေ့လာပြီး မသိတာမေးလို့ပဲ ပြောလိုက်တော့တယ်။ ကောင်မလေးက လူကောင်သေးသေးလေးနဲ့ အကြောကတော့ တော်တော်တင်းတာ။ သူအကုန်သိတယ်၊ အကုန်တတ်တယ်လို့ထင်နေရှာတယ်လေ။ အင်တာနက်ရှိရင် အကုန်လုပ်လို့ရပါတယ်တဲ့။ မသိတာတွေကို အင်တာနက်ကနေ လေ့လာလိုက်မယ်လို့ လေကျယ်ပါသေးတယ်။ ကျွန်မတို့အဖွဲ့ ဂိမ်းကစားနေတာကို သူကပြောတယ်။ အလုပ်ချိန်မှာ ဂိမ်းမကစားပါနဲ့တဲ့။ ဒါဟာ စည်းကမ်းမရှိတာတဲ့။ ပညာရအောင် မသိသေးတာတွေကို လေ့လာနေသင့်ပါတယ်တဲ့လေ … ကျွန်မတို့ ပါးစပ်အဟောင်းသားနဲ့ အံ့သြနေကြတာ … နားကြားများလွဲသွားသလားလို့ …

အဲဒါနဲ့ ဘာမှမပြောပဲ ဂိမ်းကစားတာ ခဏရပ်ထားပြီး သူများအကြောင်း စပ်မိစပ်ရာ ဘာညာဂွိဂွ ပြောကြပြန်တော့ သူဝင်ပါပြန်တယ်။ အတင်းပြောချင်ရင် အလုပ်ချိန်ပြင်ပမှာမှ ပြောပါလားတဲ့ (ရွာပြင်ထွက်ပြောခိုင်းတာ) .. သူ့ကို နဲနဲစတင်းလာပြီ..

သူ့ကို ကွန်ပျူတာတစ်လုံးပေးထားလိုက်ပြီး လေ့လာချင်တာလေ့လာဆိုတော့ ခပ်တည်တည်နဲ့ဖိုင်တွေကို ဖွင့်ကြည့်နေတယ် … ဆရာကြီးစတိုင်နဲ့ … အလစ်မှာ ဖိုင်တွေကို ခိုးကူးနေတာကို မြင်ပေမယ့် မသိချင်ယောင်ဆောင်ပေးလိုက်ပါတယ်။ ကျွန်မတို့ software တွေက အဆန်းတွေဆိုတော့ ကောင်မလေး ဘယ်သိမလဲ။ အခက်တွေ့နေပါပြီ။ ဒါပေမယ့် သူက မမေးဘူး။ ဆရာကြီးစတိုင်ဆိုတော့ မေးလိုက်ရင် သိက္ခာကျမယ်လို့ ထင်တယ်နဲ့တူပါတယ်။ ခဏနေတော့ သူလုပ်တတ်တဲ့ graphic design တွေကို ကျွန်မတို့မြင်အောင် လုပ်ပြနေပါတယ်။ အလုပ်နဲ့ ဘာမှမဆိုင်လေတော့ ကျွန်မတို့လဲ မကြည့်ပါဘူး။

ကျွန်မက ရုံးစာကို အငယ်ဆုံးစာရေးဝန်ထမ်းကောင်မလေးကို ရိုက်ခိုင်းလိုက်တာတွေ့တော့ သူကပြောတယ် … အစ်မက မြန်မာလိုတောင် မရိုက်တတ်ဖူးလားတဲ့ :P …. ခက်တော့ခက်နေပြီ … ကျွန်မက ရုံးစာရိုက်ရမဲ့စာရေး မဟုတ်တာကို သူနားလည်အောင် ဘယ်လိုရှင်းပြရမလဲ …

ထမင်းစားကြတော့ အတူတူခေါ်စားရတာပေါ့လေ (မကောင်းတတ်လို့) … ကျွန်မ ထမင်းဗူးလဲဖွင့်လိုက်ရော သူကကြည့်ပြီးမေးတယ် … အစ်မက ထမင်းကို ဆိုင်ကနေ ၀ယ်စားတယ်နော် … မချက်တတ်ဘူးလားတဲ့ … တကယ်တော့ ကျွန်မက ဒီဇိုင်းလုပ်တာ ၀ါသနာပါလွန်းလို့ ကိုရီးယားဇာတ်လမ်းထဲက ထမင်းဗူးတွေလို သိပ်လှအောင် အလှဆင်လာခဲ့တာကို သူက ၀ယ်လာတာလို့ ထင်နေရှာတာကိုး … :P

ကျွန်မက တစ်ခါတစ်လေ safety officer တာဝန်ကိုပါ ယူရတော့ ယူနီဖောင်းအပြည့်အစုံနဲ့ ရုံးလာရတဲ့နေ့တွေလဲရှိတယ်။ စက်ရုံထဲလှည့်စစ်တဲ့အခါ အဆင်ပြေအောင်ပေါ့။ ဘောင်းဘီ၊ ဦးထုပ်၊ ရှူး အပြည့်နဲ့ကျွန်မကိုကြည့်ပြီး မေးလိုက်တာက … အစ်မက ယောက်ျားစိတ်ပေါက်နေတာလားတဲ့ … :P

ကျွန်မက ကော်ဖီခါးခါးကြိုက်လို့ တမင်ခါးအောင်ဖျော်သောက်တာကိုလဲ ကော်ဖီသောက်တာ မကောင်းဘူးအစ်မရေ .. ဥာဏ်ကောင်းအောင် အိုဗာတင်းပဲ သောက်ပါလားတဲ့ … :P

တစ်ချို့ရက်တွေ အိမ်ကနေ ဘုရားရှိခိုးဖို့ အချိန်မရင် ရုံးရောက်မှ မျက်စိမှတ်ငြိမ်နေလိုက်ပြီး ဘုရားတရားအာရုံပြုရင်း စိတ်ထဲကနေ ရွတ်ဖတ်နေဖြစ်တယ်။ တခြားဝန်ထမ်းတွေကသိလို့ ဘာအကြောင်းပဲ ရှိရှိအလိုက်တသိနဲ့ ခဏစောင့်ပေးလေ့ရှိပါတယ်။ သူ့ကျမှ … အစ်မ အစ်မ … အိပ်ပျော်နေတာလားတဲ့ .. :P

အဆိုးဆုံးကတော့ ကျွန်မချစ်သူလာလည်တာကို ဘုမသိ ဘမသိနဲ့ အလုပ်လာအပ်တဲ့သူထင်ပြီး အလုပ်လုပ်ရတာ လွယ်တာမဟုတ်ဘူး … အလိုက်တသိနဲ့ အာရကေလေးဘာလေး ပေးသင့်တာပေါ့တဲ့ … :P

ကျွန်မကိုတော့ အသက်လဲကြီးလို့ အစ်မလို့ခေါ်ပေမယ့် တခြားဝန်ထမ်းတွေကို သူကခေါ်တာ ညီမလေးတဲ့ … အသက်လဲမမေးပဲနဲ့ သူ့အထင်နဲ့သူခေါ်နေတာ .. သူ့ကိုယ်သူ မမ တဲ့ … :P

ရီရမလား ငိုရမလား မသိလောက်အောင်ပါပဲ … ဘယ်လိုအကျင့်ဆိုးနဲ့ မစူးစမ်းမဆင်ခြင်ပဲ အပြစ်မြင်ချင်စိတ်၊ ဆရာလုပ်ချင်စိတ်တွေ ဒီလောက်တောင် ကိန်းအောင်းနေတာလဲမသိပါဘူး … လောကကြီးမှာ မရှိတာထက် မသိတာခက်တယ်ဆိုတာ သူမသိလေရော့သလား …. ဘာပဲဖြစ်ဖြစ် ဒီအချိုးမျိုးနဲ့ ကျွန်မတို့နဲ့ မဖြစ်တာတော့ သေချာနေပြီမို့ ဘောစိကို အကျိုးအကြောင်းသွားပြောပြီး ဌာနပြောင်းပေးလိုက်ရပါတော့တယ် … :P

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....