ဖိုးသီးချိုဆိုတာလူတစ်ယောက်နာမည်မဟုတ်ပါဘူး ။ ကျွန်တော်တို့သံတွဲမြို့ကို ၂၄ နာရီ မီးပေးနေတဲ့ ကုမ္ပဏီတစ်ခုနာမည်ပါ ။

ဖိုးသီးချိုကမီးပေးလာတာ ခုဆိုရင် ၄ လကျော်ခဲ့ပါပြီ ။ ဒါပေမယ့် ခုလက်ရှိအချိန်မှာတော့ ဖိုးသီးချိုရဲ့မီးအလင်းရောင်က သံတွဲမြို့ပေါ်နေရာတော်တော်များများမှာ မရောက်ရှိနိုင်တာကိုတော့ ၀မ်းနည်းဖွယ်မြင်တွေ့နေရပါတယ် ။ ချစ်ကောင်းလဘက်ရည်ဆိုင်ရှေ့ ဈေးကြီးဘေးက လမ်းမှာလည်း မှောင်မိုက်နေပါတယ် ။ ပြီးတော့ မြို့နယ်ခန်းမနောက်ဘက် ၊ ဈေးပတ်လမ်း ၊ တောင်ပိုင်းရပ် ၊ လ.၀.က ရုံးရှေ့ ရတနာလမ်းတစ်လျှောက် နဲ့ နေရာအတော်များများမှာလဲ ညဘက်တွေမှာ လမ်းမီးတိုင်တွေ မီးမလင်းတာကိုတွေ့နေရပါတယ် ။
နောက်တစ်ခုကတော့ မီတာခကိစ္စတွေပါ ။ မီတာထိမ်းသိမ်းစောင့်ရှောက်ခ ၁၀၀၀ ထပ်ပြီးတိုးမြှင့်ကောက်ခံနေပါတယ် ။ အဲဒီကိစ္စကို မြို့မှာရှိတဲ့ ရပ်မိ ၊ ရပ်ဘ ဆိုတဲ့သူတွေကတော့ သဘောတူတယ်ပြောပါတယ် ။ ဒီနေရာမှာပြောစရာရှိလာတယ် ။ မြို့တစ်မြို့ရဲ့ မျက်နှာဖုံး ရပ်မိရပ်ဖဆိုတဲ့လူတွေက လူချမ်းသာတွေများပါတယ် ။ ဆင်းရဲချို့တဲ့သူတွေ ၊ လက်လုပ်လက်စားတွေ ၊ ပင်စင်စားတွေ ( ပင်စင်စားဆိုတဲ့နေရာမှာ ဌာနကြီးများမှ အရာရှိပင်စင်စား လူချမ်းသာများမပါဝင်ပါ ) ကတော့ သဘောမတူနိုင်ပါဘူး ။ မြို့မိမြို့ဘတွေကပြောတယ်တဲ့ ` ငွေတစ်ထောင်တိုးကောက်တယ်ဆိုတာ ဘာမှပြဿနာမရှိပါဘူး လက်ဘက်ရည်တစ်ခါသောက်ရင်တောင်မှ ငွေငါးထောင်လောက်တော့ အနည်းဆုံးကုန်တာပဲ ´ လို့ပြောတယ်တဲ့ ။

စဉ်းစားကြည့်ပါ ငွေငါးထောင်ဆိုတာ လက်လုပ်လက်စားမိသားစုတစ်ခုမှာ တစ်နေ့ရှာလို့မရနိုင်ပါဘူး ။ အဲဒီလိုလူတွေနဲ့ သူတို့နဲ့တော့နှိုင်းယှဉ်ပြီး ငွေတစ်ထောင်ကိုအရေးမထားလုပ်လို့ရပါ့မလား ။ငွေတွေအရှုံးပေါ်နေလို့ မီတာထိမ်းသိမ်းခတိုးကောက်တယ်ပြောတာပဲ ။ သံတွဲမြို့မှာ မီတာအလုံးရေ ၄၀၀၀ ကျော်ရှိပါတယ် ။ အဲဒီတော့ တစ်လကို သိန်းလေးဆယ် ပိုရသွားပါတယ် ။ ဖိုးသီးချိုက တစ်လကိုဘယ်လောက်ရှုံးနေတယ်ဆိုတာ ပြည်သူတွေမသိပါဘူး ။ ပြည်သူတွေသိအောင် ရှင်းလင်းပြတာမျိုးလဲမရှိပါဘူး ။ မြို့မိမြို့ဘဆိုတဲ့လူတွေနဲ့ အာဏာပိုင်တစ်ချို့ကိုသာ ငွေစာရင်းရှင်းတမ်းကိုထုတ်ပြခဲ့တာပါ ။

ပြည်သူတွေဆီက ငွေတိုးကောက်မှာကို ငွေစာရင်းရှင်းတမ်းကို ပြည်သူတွေဆီကို ချမပြသင့်ဘူးလား ။ ခုတော့ ဘယ်လောက်ရှုံးနေလို့တိုးကောက်မှန်းမသိ ။ အမြတ်ပိုချင်လို့တိုးကောက်မှန်းမသိနဲ့ ။ အတွေးခက်စရာပါ ။ မီးစက်ပြင်နေလို့ ၊ မီးစက်သန့်ရှင်းရေးလုပ်နေလို့ ဆိုပြီးမီးပျက်တာကလဲ ခဏခဏပါပဲ ။ နောက်ပြီတော့ ညနေ ၃ နာရီခွဲလောက်မှာတစ်ကြိမ် ၊ ညဆယ်နာရီလောက်မှာတစ်ကြိမ် မီး ခဏ ပြတ်သွားတတ်တယ် ။ မီးချိန်းတာလားတော့မသိဘူးပေါ့နော် ။

လက်ရှိအချိန်မှာအလွန်ဆိုးရွားနေတဲ့နေရာကတော့ ဒွါရာဝတီတံတားကြီးပေါ်မှာပါပဲ ။ အရင်တစ်လောကတော့ တံတားကြီးပေါ်မှာမီးလင်းပါသေးတယ် ။ နောက်ပိုင်းကတော့ လူငယ်တွေကမီးချောင်းတွေကို ဖျက်ဆီးပစ်တယ်ဆိုလားပဲ ကြားမိပါတယ် ။ အဲဒါကြောင့်တံတားကြီးပေါ်ကိုမီးဆက်လက်မပေးတော့ပါ ။ တံတားကြီးမှာမှောင်မဲနေပါတယ် ။ လူငယ်တွေဖျက်ဆီးတာကိုအပြစ်ပြောနေယုံနဲ့မရပါဘူး ။ အဲဒီလိုဖျက်ဆီးမခံချင်ရင် ဖျက်ဆီးလို့မရအောင်လုပ်ပေါ့ ။ မီးချောင်းကို သံဇကာလေးနဲ့ လေးထောင့်လေး ကာထားကြည့်ပါလား ဘယ်လိုခွဲလို့ရတော့မှာလဲ ။

မီးမှောင်နေတော့ နောက်ဆက်တွဲလေးတွေခုစဖြစ်နေပါပြီ ။ သမီးပျိုလေးတွေကို ညဘက်တွေမှာမိဘတွေက တံတားကြီးကိုဖြစ်မသွားစေချင်တဲ့အထိဖြစ်လာပါပြီ ။ ဘာကြောင့်များပါလဲ ။ အဖြေကဒီလိုပါ တံတားပေါ်မှာမှောင်မဲနေတော့ လူငယ်တွေရဲ့အရက်ဝိုင်းလေးတွေဖြစ်လာပါတယ် ။ မူးလာကြတော့တဲ့အချိန်မှာ မိန်းကလေးတွေကို စနောက်တာတို့ ။ တစ်ချို့ဆို နောက်ကလိုက်ဆွဲတာတို့ ။ မကြားဝံ့မနာသာလိုက်ပြောတာတို့ဖြစ်လာပါတယ် ။ ပိုဆိုးတာတစ်ခုကတော့ တံတားကြီးပေါ်မှာ ကမ်းခြေဒေသက ဥာဥ့်ငှက်မလေးတွေလာရောက်ကျက်စားနေကြတာပါပဲ ။ ည ၉ နာရီလောက်အချိန်တွေမှာဆို တံတားပေါ်မှာ ကိုယ်ပိုင်ပစ္စည်းရောင်းနေကြတဲ့မိန်းကလေးတွေကိုတွေ့လာရပါတယ် ။ စောင့်ကြည့်မနေရဲလို့ပါ ။တစ်ကယ်လို့များဆက်စောင့်နေရင် လူပြတ်တဲ့အချိန်ဆိုရင် တံတားကြီးပေါ်မှာ ချစ်ဗျူဟာခင်းကြမလားပဲ ။

အဲဒီလိုတွေဖြစ်တာများလာတော့ အမျိုးကောင်းသမီးလေးတစ်ယောက် အရေးကိစ္စရှိလို့ ည ၇ နာရီလောက်တံတားပေါ်ကဖြစ်သွားရင်ပဲ ဘာလားညာလားဆိုတဲ့အကြည့်တွေကိုကြည့်ခံနေရပါပြီ ။ အရင်းစစ်တော့အမြစ်ကမြေထဲမှာတဲ့ ။ အဲဒီကိစ္စကိုအဖြေရှာလိုက်တော့ ဖိုးသီးချိုဆိုတဲ့တရားခံကိုတွေ့တာပါပဲ ။ တစ်ချိန်တုန်းက မြင်တွေ့ခဲ့ဖူးပါတယ် ။ လသာသာနဲ့ မိုးသာလေသာညတွေမှာ တံတားကြီးပေါ်မှာ မိသားစုတွေ မီးရောင်အောက်မှာ လမ်းလျှောက်ရင်း လေညှင်းခံနေတတ်ကြပါတယ် ။ ခုတော့ ဒွါရာဝတီတံတားကြီးပေါ်မှာ မောင်နဲ့နှမ ၊ သားနဲ့အမိ အတူတူသွားရင် တစ်ယောက်မျက်နှာတစ်ယောက်လှည့်မကြည့်ရဲလောက်အောင် ဆိုးတဲ့အဖြစ်တွေဖြစ်နေပါပြီ ။

ကြည့်လုပ်ပါဦး ဖိုးသီးချို ရယ် ။ ။

About ဝေးလွင့်တိမ်

has written 33 post in this Website..