အောင်သပြေ နဲ့ အောင်ချောင်း

ကြောင်လေးSeptember 24, 20111min750

တလောတုန်းက ရွာထဲလျှေက်ကြည့်ရင်း ဂွေးကြီးဆရာတော်အကြောင်းလေးဖတ်လိုက်ရတယ်။

ဒီအဖြစ်မျိုးကျွန်တော်တို့နယ်ဘက်မှာလည်းရှိပါတယ်။  ပုံပြင်မဟုတ်ပါ၊တကယ်ရှိတာပါ။

မြို့ပေါ်က ဆရာမလေးတစ်ယောက်   တောရွာတစ်ရွာကိုတာဝန်ကျပါတယ်၊အဲဒီရွာလေးကိုမော်တော်  ၃  နာရီလောက်စီးသွားရပါတယ်။

သူက တစ်ပတ်တစ်ခါမြို့ပြန်တတ်ပါတယ်။တစ်လလောက်ကြာတော့မြို့နယ်ပညာရေးမှူးထံလာပြီး

ကျွန်မဒီရွာမှာမလုပ်ချင်တော့ဘူး ၊ရွာပြောင်းပေးပါ၊  မပေးရင်ကျွန်မ  အလုပ်ထွက်တော့မယ်လို့

ငိုယိုပြီးပြောပါတယ်။ပညာရေးမှူးလည်းဆရာမရှားနေတဲ့အချိန်ဆိုတော့ ပြောင်းပေးလိုက်ပါတယ်။

ဘာကြောင့်ပြောင်းတာလဲဆိုတော့ သူဆင်းရမဲ့ရွာနားကိုရောက်ရင်မော်တော်သမားက

“နောက်ဖေးကုန်းဆရာမ ရွာရောက်တော့မယ်…ဆင်းဖို့အသင့်ပြင်ထားပါ“လို့ထပ်ကာတလဲလဲအော်လို့ပါတဲ့။

ရွာနာမည်က နောက်ဖေးကုန်း ပါ။

ဒီလိုနဲ့လကုန်လို့ ပညာရေးမှူးရုံးမှာလစာထုတ်တဲ့အချိန်ရောက်တော့၊အဲဒီဆရာမနောက်ရောက်သွားတဲ့ရွာကကျောင်းအုပ်က

ပညာရေးမှူးကို အစီရင်ခံစာတင်ပါတယ်။ဆရာမဟာ ၂ ပတ်ထဲပဲကျောင်းတက်ပြီးနောက်မတက်တော့တဲ့အကြောင်းပါ။

ပညာရေးမှူးလည်း ဆရာမလေးရဲ့လိပ်စာအတိုင်းလိုက်၊မိဘတွေနဲ့တွေ့ပြောတဲ့အခါမိဘတွေက သမီးလည်းအရမ်းစိတ်ဆင်းရဲနေတယ်။သူ့သဘောပါပဲ၊သူအလုပ်ကထွက်ရင်ထွက်ပါစေတော့လို့ပြောပါတယ်။

ဒါနဲ့ပညာရေးမှူးလည်းမြို့နဲ့  ၂   မိုင်ခွဲလောက်ပဲဝေးတဲ့ရွာက ကျောင်းဆရာတစ်ယောက်နဲ့ချိန်းပေးလိုက်ရပါတယ်။

ကျောင်းဆရာဆိုတော့သိပ်ပြဿနာ မရှိနိုင်ဘူးပေါ့။

ဘာကြောင့်ပြောင်းပေးလိုက်ရသလဲဆိုရင် ဆရာမလေးနောက်ရောက်သွားတဲ့နေရာကလည်းမော်တော်နဲ့သွားရတာပါပဲ။

ရွာနားရောက်တော့ မော်တော်သမားတို့ရဲ့ထုံးစံအတိုင်း တကြော်ကြော်အော်လိုက်တာက

“နောက်ဖေးကုန်း အဝပြဲဆရာမ ဆင်းဖို့အသင့်ပြင်ထားပါ“လို့အော်ပါတယ်တဲ့။

သူနောက်ရောက်သွားတဲ့ရွာနာမည်က အဝပြဲရွာ  ပါ။

ဇာတ်လမ်းကဒီမှာမရပ်ပါဘူး၊ဆရာမလေးကတော့ အဆင်ပြေသွားပါတယ်။

အဆင်မပြေတာက ဆရာလေးပါ။

ဘာဖြစ်လို့လဲဆိုတော့ အဝပြဲရွာကိုသူရောက်သွားတော့မော်တော်သမားတွေရဲ့ထုံးစံအတိုင်း သတိပေးနှိုးဆော်လိုက်ပုံက “အောက်ချောင်း ဆရာလေး၊အဝပြဲရောက်ပါပြီ “ တဲ့။

ဆရာမလေးကတော့ အောက်ချောင်းရွာကိုရောက်သွားပါတယ်။

 

အခုတော့ အဝပြဲရွာကို   အောင်သပြေရွာ  လို့ပြောင်းလိုက်ပါတယ်။

နောက်ဖေးကုန်းကတော့ မပြောင်းသေးဘူးထင်ပါတယ်။

အောက်ချောင်းရွာကတော့  အောင်ချောင်းရွာ လို့ဆိုပါတယ်။လူတွေကတော့အောက်ချောင်းရွာပဲခေါ်ပါတယ်။

ဒီလိုပဲ  ဟိုတုန်းက ဓါးပြအရမ်းပေါတဲ့  ဓါးပြချောင်းရွာ  ကိုတော့  ဒါနချောင်းရွာ  လို့ပြောင်းလိုက်ပါတယ်။