တပ်ချုပ်ကြောင်ကြီး

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကြောင်ကြီးတယောက် ဗိုလ်ရှုခံစင်မြင့်ထက်ဝယ် မြန်မာ့တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီး၏ ချီတက်အလေးပြုမှုကို ခံယူနေပေသည်။ စစ်ကြောင်းကြီးများ တကြောင်းပြီးတကြောင်း အားမာန်အပြည့်ဖြင့် ချီတက်လာလေပြီ။ ရောင်ခြည်တထောင် အလင်းဆောင်သော သူရိယနေမင်း အလင်းရောင်အောက်ဝယ် လှံစွပ်တဝင်းဝင်း သေနတ်တပြောင်ပြောင် သစ်လွင်တောက်ပသော စစ်စိမ်းရောင် ယူနီဖောင်းဝတ်စုံများဖြင့် စစ်ရေးပြကွင်းတခုလုံး လွန်စွာပဏာရလျက် ရှိပေသည်။ စစ်ကြောင်း များမှာ ကြည်း ရေ လေ မဟာဗျူဟာ တပ်ရင်းတပ်မ၊ လက်ရုံးတပ်ဖွဲများအလိုက်၊ သူတို့နောက်မှ တင့်ကား၊ သံချပ်ကာကား၊ အမြောက်တင်ယာဉ်၊ ၎င်းယာဉ်များအား ပစ်ခတ်ဖျက်ဆီးပစ်မည့် အပေါ့စားဒုံးလောင်ချာများ၊ ယင်းဒုံးလောင်ချာများကို ရှာဖွေတိုက်ခိုက်မည့် လေဆာပဲ့ထိန်းဒုံးများ၊ တာတို တာလတ် တာဝေးပစ် ဒုံးပျံများ၊ ဒုံးပျံဖျက်စီးရေး ဂျက်တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ လေယာဉ်ပစ်ဒုံးကျည်၊ ယင်းတို့ကို လက်ဦးမှုယူကာ ပစ်ခတ်မည့် လေဆာပဲ့ထိန်း လေဆာဒုံးကျည်များ၊ ၎င်းတို့ရန်မှ ကာကွယ်မည့် ဂြိုလ်တုရေဒါစနစ် ဒုံးခွင်းဒုံး၊ ဂြိုလ်တုတိုက်ခိုက်ရေး တန်ပြန်ဒုံးကျည်၊ တန်ပြန်ဒုံးကျည် အချက်ပေးရေဒါစနစ်၊ လေယာဉ်တင်သင်္ဘောများ၊ သင်္ဘောဖျက်ဒုံးပျံ၊ သင်္ဘောဖျက်ဒုံးခွင်းဒုံး၊ ၎င်းတို့အား လက်ဦးမှုယူကာ တိုက်ခိုက်မည့် ဒုံးပျံ၊ ရေဒါအချက်ပြ သင်္ဘော၊ ညူကလီးယားစွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးပျံတင် ရေငုပ်သင်္ဘော (လေယာဉ်တင်သင်္ဘောများကဲ့သို့ သူ့ထက်သူ လက်နက်စွမ်းများရှိသည်မှတ်)။

ပြောရလျင် အံ့ဖွယ်မကုန်နိုင်၊ စစ်ရေးပြကွင်း မိုးအောက်မြေပြင်တခွင်လုံး သိကြားမင်းနတ်စစ်တပ်ပမာ ကြီးမားထည်ဝါ ခန့်ငြားလှပေသည်။ တချိန်က မြန်မာ့ရေမြေ တောတောင် သယံဇာတများကို ဂုတ်သွေးစုပ် အမြတ်ထုတ်ခဲ့ကြသော အိမ်နီးချင်းနိုင်ငံများ၊ ကိုလိုနီနိုင်ငံများမှ စစ်သံမှူးများမှာ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် တောသားမြို့ရောက် ထရေးဒါးဟော်တယ်ကြီးကို ပထမဆုံးမြင်ရသကဲ့သို့ ရင်သတ်ရှုမောမဆုံး ဖြစ်နေကြ၏။ ခေတ်နောက်ကျနေသာ မြန်မာ့လူအဖွဲ့အစည်းအား ကယ်တင်ရန် ကြိုးစားနေသည်ဆိုသော အမေရိကန်CIAအရာရှိ Uကိုင်၊ ဩစတေးလျစစ်သံမှူး အက်ဖ်အာရ်တို့မှာ ပါးစပ်အဟောင်းသားနှင့်၊ တရုပ်စစ်သံမှူး မေပေါင်၊ ကုလားစစ်သံမှူး ဆာမိ တို့၏မျက်နှာများမှာ ဇီးရွက်လောက်သာ ရှိတော့သည်။ ထိုင်ဝမ် စစ်သံမှူး အမျိုးသမီး ဇွတ် ခင်မျာ သူတို့နိုင်ငံထက် အဆပေါင်းများစွာ သာလွန်သော မြန်မာလုပ် လေယာဉ်တင်သင်္ဘော ဖျက်ဒုံးပျံများ မြင်လိုက်သောအခါ အွတ်လို့ပင် အသံထွက်သွားသည်။ မလေးစစ်သံ ဇောမေးလ်း၊ ထိုင်းစစ်သံ ဘတ်ဘတ်နှင့် ယူအေအီးစစ်သံမှူး ရှုံ့လူသာတို့မှာ မျက်နှာပင် မဖေါ်ဝံ့တော့။

ထိုအချိန်တွင် စစ်ကြောင်းများ အားလုံးစုံညီပြီဖြစ်၍ စစ်ရေးပြမှူးကြီး ဗိုလ်မှူးချုပ်သူရ သောက်ရမ်းမှ ဗိုလ်ရှုခံစင်မြင့်တည့်တည့် သတ်မှတ်ထားသောနေရာတွင် သတိအနေအထားဖြင့် “တာပေါင်း…သဒိ……… တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကြောင်ကြီးအား ပြေးလု” ဟု အောင်မြင်ခန့်ငြားသော အသံကြီးဖြင့် တကွင်းလုံးကြားစေရန် မိုက်ကရိုဖုံးမှတဆင့် အမိန့်မှားပေးလိုက်သည်တွင် စစ်ရေးပြကွင်းတခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဗိုလ်ချုပ်မှူးကြီးကြောင်ကြီး ကိုယ်ပေါ်ရှိ ရွှေသားအစစ်ဖြစ် ပြုလုပ်ထားသော ကြယ်ပွင့်များ၊ ဆုတံဆိပ်များ စုစုပေါင်း အလေးချိန်မှာ ကာလပေါက်ဈေးအရ နဲမည်မဟုတ်ကြောင်း အားလုံး တွက်မိကြသည်။ စစ်ရေးပြကွင်း လုံခြုံရေးတာဝန်ကျ စစ်သားများမှာလည်း အာဏာသိမ်းပြီထင်၍ လှုပ်ရှားရှား ဖြစ်ကုန်သည်။ ပါးရည်နပ်ရည်ရှိသော အကူအဖွဲ့မှ ပဒိုင်းသီး မှားစားမိသလို ကတုန်ကယင်ဖြစ်နေရှာသော မူလစစ်ကြောင်းမှူးအား ဟန်မပျက် စစ်ရေးပြကွင်းအတွင်းမှ ဆွဲခေါ်သွားပြီး အရန်စစ်ကြောင်းမှူး ဗိုလ်မှူးချုပ် ငဖါးနှင့် အစားထိုးလိုက်သည်။ ဖားခွင့်မရ၍ စိတ်ပျက်လက်ပျက်ဖြစ်နေသော ဗိုလ်ချုပ်ငဖါးလည်း ဝမ်းသာအားရ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးကြောင်ကြီးအား အလေးပြု” ဟု မာန်ပါပါ အော်ဟစ်ရင်း ချီတက်လေသည်။ တပ်ချုပ်ကြောင်ကြီးရှေ့မှောက်သို့ရောက်လျင် ကုလားပြည်နှင့်နီးသော စစ်ကြောင်းများက “ကြောင်တပ်မတော်ကြီးလည်း ချာပါတီ ချာပါတီ” “ကြောင်တပ်မတော်ကြီးလည်း ပလာတာ ပလာတာ” တရုပ်ပြည်နှင့်နီးသော စစ်ကြောင်းများ ကလည်း အားကျမခံ “ကြောင်တပ်မတော်ကြီးလည်း အီကြာကွေး အီကြာကွေး” “ကြောင်တပ်မတော်ကြီးလည်း ပဲပေါက်စီ ပဲပေါက်စီ” ဟု သံပြိုင်ညီညာစွာ ဟစ်ကြွေးချီတက် နေပုံမှာ မြင်ရသူအပေါင်းအတွက် ရဲစိတ်ရဲမာန်များ တက်ကြွစေပေသည်။

မြန်မာလိုနားမလည်သော နိုင်ငံခြားသား စစ်သံမှူး၊ စစ်ရေးအကဲခတ် လေ့လာသူများမှာ ဘာဖြစ်မှန်း ရေရေရာရာ မသိလိုက်ကြပေ။ သူတို့ စိတ်ထဲတွင် မြန်မာပြည်တွင်းရှိ ၎င်းတို့၏ သတင်းပေး၊ သူလျှိုများထံမှ ဖြေရှင်းချက်တောင်းရန်၊ အထက်သို့ ထုချေလွှာ မည်သို့မည်ပုံရေးရန်ကိုသာ ဇာတ်လမ်းဇာတ်ကွက် ဆင်လျက် ရှိကြသည်။ အထူးသဖြင့် မြန်မာပြည် အထက်အောက်တခွင် သတင်းပေးကွန်ယက် တည်ဆောက်ထားသော တရုပ်စစ်သံ ဗိုလ်မှူးကြီးအတွက် လွန်စွာရှက်ဖွယ် ဖြစ်နေသည်။ ရန်ကုန်မြို့တွင် သူ အားကိုးရသော သူလျှိုဒလံ အူးတီဆန်၊ အေတီဝမ်၊ မန္တလေးမြို့မှ ကောက်ပို တို့ပေးသာ သတင်းများမှာ နှစ်ပေါင်းများစွာ နောက်ကျလျက် ရှိပေပြီ။ ထို့အတူ ဂျာမနီ၊ အီတလီ ဥရောပစစ်သံမှူးများမှာလည်း သူ၏သတင်းပေး ဤတုံ သုံးစားမရသည်ကို ကွင်းကွင်းကွက်ကွက် သိမြင်သွားကာ တုန်လှုပ်ချောက်ခြားလျက်ရှိကြသည်။

စစ်ရေးပြချီတက်ပွဲပြီးဆုံးပြီးနောက် ကာချုပ်ကြောင်ကြီးမှ နိုင်ငံခြားစစ်သံများ၊ ဧည့်သည်တော်များအား အောင်နိုင်သူ အပြုံးဖြင့် လက်ဆွဲနှုတ်ဆက်ပြီး စင်မြင့်ထက်မှ မော်တော်ကားဆီသို့ ထွက်ခွာသွားလေသည်။ ကာချုပ်ကြောင်ကြီး စီးနင်းလိုက်ပါသွားသော မြန်မာနိုင်ငံလုပ် ချယ်ရီဝက်ဂွန်ကားကြီး (မှတ်ချက်။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ထုတ်လုပ်ခဲ့သော မြန်မာ-တရုတ် ဖက်စပ်လုပ်ကားမဟုတ်) မြင်ကွင်းမှ တရွေ့ရွေ့ထွက်ခွာ ပျောက်ကွယ်သွားသည်တွင် နိုင်ငံခြားစစ်သံများ၏ အံ့ဩတုန်လှုပ်မှုများ အမြင့်ဆုံးသို့ ရောက်ရှိသွားလေသည်။ သူတို့၏ မျက်စိအောက်တွင်ပင် ကာချုပ်ကြီး ပျောက်ကွယ်သွားသည်မှာ မြေလျှိုးသွားခြင်းလော၊ ကိုယ်ပျောက် ပဉ္စမံအတတ်လော၊ ထိုသို့ဆိုလျင် အဘယ်သို့နည်း၊ ခေတ်လွန်သိပ္ပံပညာရပ်များ သာမက ဂမ္ဘီရအတတ်ပညာ ပင်လျင် ပိုင်ဆိုင်နေပြီလော။ အာရပ်စစ်သံမှူးများမှာလည် ပသီပုံပြင်တွင် ကော်ဇောပျံသာ ကြားဖူးသော်လည်း ယခုကဲသို့ မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းကို မယုံကြည်နိုင်ဖွယ် ဖြစ်ကုန်ကြလေသည်။

ကာချုပ်ကြောင်ကြီး စီးနင်းလိုက်ပါလာသောကားမှာ ထိုအချိန်တွင် စစ်ရေးပြကွင်းအဆုံးရှိ မြေအောက် လှိုင်ဂူမှတဆင့် အိမ်တော်မဟာသို့ ပြန်လည်ရောက်ရှိသွားချေပြီ။ ဗိုလ်ချုပ်မှူးကြီးကြောင်ကြီးသည် နိုင်ငံတော် ဥသျှောင်အဖွဲ့အကြီးအကဲ တာဝန်ပါ မလွှဲမရှောင်သာ ယူထားရသဖြင့် တပ်မတော်စစ်ရေးစစ်ရာ ကိစ္စများသာ မက တိုင်းပြည်လုံခြုံရေး၊ ကြီးပွားတိုးတက်ရေး ကဏ္ဍများတွင်ပါ တာဝန်ရှိလေသည်။ စစ်ရေးပြပွဲပြီးပြီးချင်း၌ပင် စစ်တိုင်းမှူး၊ တပ်မှူး၊ ကွပ်ကဲရေးမှူး၊ လက်ရုံးတပ်ဖွဲ့မှူးများနှင့် လေးလပတ် အစည်းအဝေး ရှိပေသည်တကား။ အစည်းအဝေးတွင် တပ်မှူးများ၏ တင်ပြချက်များကို နားထောင်က လိုအပ်သည်များကို လမ်းညွှန်ရလေသည်။ တင်ပြချက်အချို့ကို ရေးပြရလျင် မြောက်ပိုင်းတိုင်းမှူး ဗိုလ်ရှပ်ပြာ၏ ငှက်ပျောသီး အလျှံအပယ် ထွက်ရှိရေး၊ အုန်းသီးများ မဆိုင်သူများ လက်ဝယ်ရောက်စေရန် လုံခြုံစွာထားရှိရေး၊ အရှေ့အလယ်ပိုင်းတိုင်းမှူး ဗိုလ်ငယ်ပါ တင်ပြသော စစ်တပ်အထည်စက်ရုံမှ ဆပ်ဆမိုင်နာ အမျိုသမီး အတွင်းခံဘောင်းဘီများ ထုတ်လုပ်ရေး၊ ရေချုပ် ဗိုလ်အာရ်ကေမှ တပ်တွင်းရေလာကောင်းမွန်ရေး၊ လေချုပ် ဗိုလ်အာဝါဒါးမှ စာပို့ခိုတွင် ဗုံးတပ်ဆင်ပြီး အသေခံ ဖောက်ခွဲရေးသမားများအဖြစ် လေ့ကျင့်ရေး၊ စစ်ထောက်ချုပ် ဗိုလ်ကြွက်တွင်း၏ ရိက္ခာ၊ ထောက်ပံ့ရေးပစ္စည်း မလုံလောက်မှု၊ စစ်ရေးချုပ် ဗိုလ်အကောက်၏ တပ်တွင်းသက်သာချောင်ချိရန် လောင်းကစားဒိုင် ဖွင့်လှစ်ရေး တို့ဖြစ်ကြသည်။

အစည်းအဝေး ဒုတိယပိုင်းတွင် စရဖမှူးချုပ် ဗိုလ်ငရဲ ရေးဆွဲထားသော လူ့အခွင့်ရေးပဋိညဉ်စာတမ်း၊ အမြောက်တပ်ညွှန်မှူး ဗိုလ်ဗျောက်အိုး သီတင်းကျွတ်မီးထွန်းပွဲ အမြောက်တပ် ပစ်ခတ်လေ့ကျင့်ရေး စီမံချက်၊ မဟာဗျူဟာ ဒုံးပျံတပ်မှူး ဗိုလ်လေးဂွ၏ ဝါကျွတ်ကာလ မီးပုံးပျံပြိုင်ပွဲတွင် ပြိုင်ဖက်များအား မရှုမလှရှုံးနိမ့်ရခြင်း အကြောင်းအရင်း၊ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်မှူး ဗိုလ်ပဲဟဲဟဲ၏ တပ်ပိုင် ဆိတ်ခြံများ လျှပ်စစ်ဓာတ်မီးရရှိရေး ဆောင်ရွက်ချက်၊ လေ့ကျင့်ရေးတပ်မှူးချုပ်၏ စစ်သားသစ်များ ရွာတွင်းရှိ ကြက်၊ ဝက်၊ ဘဲများ ဖမ်းဆီးရာတွင် စနစ်တကျ အသံမထွက်စေရန် သင်ကြားပေးရေး၊ တပ်မတော် ညူကလီးယားသိပ္ပံဌာနမှ ဖွဲမီးဖို၊ ယမ်းမီးခြစ်များ ဦးစီးထုတ်လုပ်ရေး စသည်တို့ကို တပ်ချုပ်ကြောင်ကြီးနှင့် ဒုချုပ်ဗိုလ်မူးတို့မှ အတည်ပြု ဆွေးနွေးပေးသည်။

ထူးခြားချက်အနေဖြင့် တြိဂံတိုင်းမှူး ဗိုလ်ဂျော်လကီအောင်ဘု တင်ပြသော စစ်တိုင်းအမည် တြိဂံတိုင်းမှ စမူဆာတိုင်းသို့ ပြောင်းလည်းသတ်မှတ်ရေးပင် ဖြစ်သည်။ သူ၏တင်ပြချက်မှာလည်း ဘေးချင်းကပ်လျက် ထိုင်း နိုင်ငံအား ရင်ဘောင်တန်းနိုင်ရန် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးချက်ဖြင့် “ချွန်သည်ထက်ချွန် သုံးဖက်ချွန်” ဆောင်ပုဒ်ချမှတ်ခါ တညီတညွှတ်ထဲ အတည်ပြုပေးလိုက်သည်။ ထို့နောက် လေးလပတ် အစည်းအဝေးအား “ညဏ်ရည်မြင့်မား တပ်မတော်သား”      “စည်းလုံးညီညွတ် အိမ်တိုင်ချွတ်”     “ပြည်သူ့ချဉ်ဖတ် တို့စစ်တပ်” ကြွေးကြော်သံသုံးရပ်ဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့လေသည်။

 

တပ်ချုပ်ကြောင်ကြီး :cool:

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး