ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၁၀) ဇာတ်သိမ်း

သူကျောင်းပြန်တက်နိုင်ပြီ။ ကျောင်းပြန်တက်တဲ့နေ့မှာပဲ အံ့ဩစရာတွေက သူ့ကိုတန်းစီကြိုလင့်နေတယ်။ လွင်ဦးက ကျောင်းပြန်တက်နိုင်ပြီ။ ဒီကောင်က ခုမှ တော်တော်လေးစကားနည်းသွားတယ်လို့ သူထင်တယ်။ လွင်ဦးကိုတွေ့တော့ သူပျော်ပါတယ်။ ဒီကောင် ဒီလိုပုံပြန်ဖြစ်လာတယ်ဆိုတာ ယုံတောင်မယုံဘူး။ ဒီနေ့အဖို့ ဖိုးကျော့နဲ့ ဖိုးလွင်ကိုလည်းမမြင်မိပါလား။  သူကျောင်းမတက်နိုင်တဲ့ တစ်ပတ်အတွင်းမှာ ဘာတွေပြောင်းလဲပြီလဲ။ ကျောင်းခန်းဘက်ကို လွင်ဦးနဲ့အတူ လှည့်လာခဲ့တယ်။ အခန်းဝရံတာမှာ မိမိရယ် မီကျော်ရယ်ရှိနေတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားမပြောပဲနေကြတဲ့ သာလိကာမကို ဒီတစ်ခါပဲ တိတ်တိတ်ဆိတ်ဆိတ် နေတာ သူမြင်ဖူးတယ်။

“နင်တို့ဘာလုပ်နေတာလဲ ဟိုနှစ်ကောင်မရောက်သေးဘူးလား”

မိမိနဲ့မီကျော်က သူ့အမေးကိုမဖြေပါဘူး။ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး တိတ်ဆိတ်နေကြတယ်။

“ဟင် ဟိုနှစ်ကောင်ကို ဝင်မခေါ်ခဲ့ဘူးလား လွင်ဦး”

လွင်ဦးကလည်း သူ့အမေးကို မဖြေပါဘူး။သူ စိတ်ထဲမှာ တစ်ခုခုကို သိချင်လာတယ်။

“ဖြေကြလေ ဟာ နင်တို့သုံးယောက်ဘာဖြစ်နေတာလဲ ပြောကြလေ”

မိမိနဲ့ မီကျော်က မျက်ရည်လေးတွေ ဝဲတက်လာတယ်။ လွင်ဦးက ပနားမားငုပင်လေးကို အကြောင်းမဲ့ငေးကြည့်နေတယ်။ ဒါ မရိုးသားတော့ဘူး။

“ဟ ဖြေကြဦးလေ ဖြေကြလေ”

“ကျောင်းထွက်သွားကြပြီ”

“ဘာ”

နောက်ကျောဆီကနေကြားလိုက်ရတဲ့အသံကြောင့် သူ အံ့ဩသွားတယ်။ သူ လှည့်ကြည့်လိုက်တော့ ကောင်မလေး။

“ဟုတ်တယ် ချာလီ ဖိုးကျော့နဲ့ဖိုးလွင် ကျောင်းထွက်သွားပြီ”

“ဟုတ်လို့လားဟာ ငါနေမကောင်းခင်က ဘာမှမပြောကြပါဘူး ဟင်ေ ဟ့ကောင် လွင်ဦး ဟုတ်လား မိမိ…..မီကျော် ဟုတ်လား နင်တို့ပြောကြလေ”

“ဟုတ်တယ် ချာလီ ငါတို့တားသေးတယ် သူတို့ အမေတွေကိုယ်တိုင်ကိုက မြတ်နိုးအမေကိုလာတွေ့ြ့ပီး ကျောင်းလာနုတ်သွားကြတာ။ ဆရာမက တားသေးတယ်။ မရဘူး ။ နောက်ဆုံးကျောင်းအုပ်ဆရာမကြီးအထိ တက်ပြီး ပြောကြတာဆိုတော့ ဆရာမလည်းမကယ်နိုင်ဘူး။”

လွင်ဦးပြောနေတာတွေကို သူ နားထောင်ရင်း ငိုချင်လာတယ်။

” ဟိုနှစ်ကောင်လေ ငိုလိုက်တာ…..လေ ငါတို့သိသိချင်းနင့်ကိုပြောချင်ခဲ့တာ။ နင်ကနေမကောင်းပဲ သတိလည်းလစ်နေသေးတာဆိုတော့ မပြောဖြစ်ကြတာ။ နင်နေမကောင်းတော့ အဲဒီနှစ်ကောင် လာတွေ့သေးတယ်။ နင်က သတိလစ်နေတုန်းလေ..။ ”

“ငါ့ သူငယ်ချင်းကြီး ငါတို့ကျောင်းထွက်သွားတာမသိပါစေနဲ့တဲ့ နောက်မှပြန်ဆုံမှတွေ့ကြမယ်တဲ့ အဲဒီအခါမှ ပြောပြတော့မယ်တဲ့”

သူ ကြောင်သွားတယ်။နောက်မှပြန်ဆုံမှဆိုတော့ ဒီကောင်တွေ……..။

“သူတို့ ဘယ်သွားကြလို့လဲ ပြောပါဟာ”

မိမိနဲ့မီကျော်ကတော့ မျက်ရည်တွေကျလာတယ်။ ဝမ်းနည်းမျက်ရည်ကျနေကြပြီ။ လွင်ဦးကတော့ ဟန်ကိုယ်ဖို့တင်းထားတုန်း။ ကောင်မလေးကတော့ ပွဲကြည့်ပရိသတ်နေရာကို ယူထားတယ်ထင်ရဲ့။ ဘာတစ်ခွန်းမှ ဝင်မပြောတော့ဘူး။

“သူတို့မိသားစုလိုက် သာစည်ဘက်ကိုပြန်ပြောင်းသွားကြတာ ချာလီ။ အပြီးအပိုင်ကိုပြောင်းသွားကြတာ”

“ဟုတ်တယ် ခုဆို နှစ်ရက်တောင်ရှိပြီ”

“ဘာဖြစ်လို့လဲဟာ”

“အင်း သေသေချာချာတော့မသိဘူး….သာစည်ဘက်မှာ ကျောင်းပြန်တက်ရင်ကောင်းမယ် ဟိုမှာကျောင်းမထားရင်တော့ ဖိုးကျော့နဲ့ဖိုးလွင် သနားပါတယ် ဟာ”

သူ ဝမ်းနည်းမျက်ရည်တွေကြမိတယ်။ သူငယ်ချင်းတွေ။ သူတို့သူငယ်ချင်းတွေ။ ပညာတတ်တွေဖြစ်ချင်တဲ့ သူငယ်ချင်းတွေ။ ခုတော့ နှစ်ယောက်က မသေချာတော့။ ဆယ်တန်းအထိ တွဲကြမယ်တဲ့။ ပြီးရင် ဝါသနာပါရာကိုအတူတူလုပ်ကြမယ်တဲ့. ။ ခုတော့ စောစောစီးစီးလက်တွဲဖြုတ်သွားပြီလား သူငယ်ချင်းတို့ရယ်။ အဲဒီနောက်ပိုင်းမှာတော့ သူက ဆရာမအိမ်မှာ ကျူရှင်သွားတက်ဖြစ်တယ်။ ဆရာမက မိမိ၊ မီကျော်နဲ့ လွင်ဦးကိုပါ စာခေါ်သင်ပေးတော့ သူတို့ ပျော်ပျော်ပါးပါး တက်ကြတယ်။

ကောင်မလေးနဲ့ စာတွေအတူကျက်ကြတယ်။ တွက်ကြတယ်. ။ မုန့်အတူစားကြတယ်။ မပြည့်စုံကြတဲ့ သူတို့သူငယ်ချင်းတွေကို ဆရာမက ဖေးမပြီး စာတွေသင်ပေးတယ်။ သူတို့ စာကျက်ရင်းပျော်လာကြတယ်။ အတန်းထဲမှာလည်း ခါတိုင်း သတိမထားမိတဲ့ ဆရာ၊ဆရာမတွေက သူတို့ရဲ့ လပတ်အမှတ်တွေကိုကြည့်ရင်း သတိထားမိလာတယ်။ သူတို့ဟာ အဆင့် (၁)ကနေ (၁၀)အတွင်းရောက်လာအောင် ကြိုးစားနိုင်လာတယ်။ ဆရာမက သူတို့ကို တစ်ကိုယ်ရည်သန့်ရှင်းအောင်ပြောဆိုဆုံးမတယ်။ မရှိပေမယ့် သန့်သန့်ရှင်းရှင်းနေရမယ်တဲ့။ သူတို့လည်းဆရာမ စကားဆိုရင် မြေဝယ်မကျနားထောင်ကြတယ်။ ဒီနှစ်စ နှစ်လအတွင်းမှာတင် ပြောင်းလဲမှုတွေက သူတို့ကိုပြောင်းလဲစေခဲ့တယ်။ နောက်တစ်ခုက ပျော်ရွှင်စရာကျောင်းသားပွဲတော်နဲ့တိုးလိုက်တာပါပဲ။

ကျောင်းသားပွဲတော်။

၁၉၉၆ ခုနှစ်..။

Visit Myanmar Year 1996တဲ့။

မြန်မာ့ ခရီးသွားနှစ်နဲ့တိုက်ဆိုင်တာက သူတို့ လွိုင်ကော်မြို့ ကယားပြည်နယ်မှာ ကျောင်းသားပွဲတော်လာကျတာပါပဲ။ သူတို့ပျော်လိုက်တာလေ။ သူတို့မြို့က မြစ်ကြီးနားပြီးတော့မှာ ကယားပြည်နယ်မှာလာကျတာ။ ကျောင်းမှာ အဲဒီသတင်းကြေငြာလိုက်တော့ ပျော်လိုက်ကြတာ ဝက်ဝက်ကွဲ။ မပျော်ရှိပါ့မလား။ လွိုင်ကော်မြို့မှာရှိတဲ့ ကျောင်းမှန်သမျှ လေ့ကျင့်ရေးကျောင်းတွေဖြစ်သွားကြတာ။ တည်းခိုခန်းကျောင်းတွေဖြစ်သွားကြတာ။ အဲဒီအထဲမှာ သူတို့ကျောင်းက တည်းခိုကျောင်းဖြစ်လိုက်သေးတာ။

ပြည်နယ်နှင့်တိုင်း (၁၄)ခုက ကျောင်းသူ/ကျောင်းသားတွေ၊ အားကစားထူးချွန်သူတွေ၊ ဘင်ခရာအဖွဲ့တွေ၊ မြန်မာ့သိုင်း၊ တိုက်ကွန်ဒို၊ ကရာတေး၊ စတဲ့အားကစားနည်းတွေ လာရောက်ယှဉ်ပြိုင်ကြမယ်တဲ့။ သူတို့လေးတန်းကျောင်းသားတွေက ကတ်ပြားထောင်.။

ကတ်ပြားထောင်ဆိုတာ အားကစားပွဲကြည့်စင်ဘက်ကကြည့်ရင် စာတန်းတွေကို ကတ်ပြားလေးတွေနဲ့ သရုပ်ဖော်စီရတာ။ အဝေးကကြည့်ရင် သိပ်လှတာတဲ့။ ဘယ်လိုကတ်ပြားတွေထောင်ရမှာပါလိမ့်။ ကျောင်းတက်ပြီး နှစ်လလောက်နေတော့ ကျောင်းက စာမသင်တော့ဘူး။ လေ့ကျင့်ရေးတွေနေ့တိုင်းလုပ်ရတယ်။ သူတို့က ကတ်ပြားထောင်ကျင့်ရတယ်။ ကျောင်းရဲ့နေရာတော်တော်များများမှာ ကိန္နရာသိုင်းကျင့်နေတာတွေ၊ မြန်မာအကတွေကျင့်နေတာတွေ ၊ ပန်းပွားကကျင့်နေကြတာတွေ၊ ဘင်ခရာတီးမှုတ်နေကြတာတွေကိုကြည့်ပြီး ပျော်နေကြတာ။

“မြို့လွိုင်ကော် ×××××လွိုင်ကော် ××××××ကယားမြို့တော် ×××××သီရိဒေါလို့ ×××××ဟိုရှေးကခေါ် ××××ငွေတောင်ပြည်××× ငွေတောင်ပြည် ××××ကန္ဒာရဝတီ ×××××ကယားတို့ဌာနေ ××××ဌာနေမှာပျော် ×××××ကျောင်းသားပွဲတော်၊ ××××အားကစားပွဲတော်×××× မြစ်ကြီးနားပွဲတော် ××××သီချင်းကလေးနဲ့ ×××ဆိုကြကကြရတာ××× သတိရလို့ ××××ဒီနှစ်တော့ ×××××ကယားမှာ ××××ဒီနှစ်တော့ ××××ကယားမှာ×××× စုံကြဖို့ ××××ကြိုးစားဖိတ်ခေါ်××××× မြို့လွိုင်ကော်”

“ငွေတောင်ပြည်××××××× ငွေတောင်ပြည်×××××××× တို့ကယားပြည်×××××××  ငွေတောင်ဆည်ကြီးလဲ ××××××သွားမယ်နော်××××× ကိန္နရီ ××××ခုနှစ်ဖော်×××× သူတို့ပျော် ××××××အကြင်နာဇာတ်လမ်းလေးပေါ့နော်×××××× သုဓနုလို့ခေါ်တယ်×××××× မင်းသားလေးနဲ့×××××× သုဓနုလို့ခေါ်တယ် မင်းသားလေးနဲ့ ××××××ဇာတ်လမ်းလေးရှိခဲ့တယ်×××××× ဇာတ်လမ်းလေးရှိခဲ့တယ်××××× ချစ်လွန်းလို့×××××××လွမ်းလွန်းလို့မျှော် ××××××ဒွေးမယ်နော်”

ကျောင်းဝန်းအတွင်းမှာ ဓါတ်စက်ကြီးကဖွင့်တဲ့ ကျောင်းသားပွဲတော် သီချင်းက ကျောင်းလုံးပြည်ဆူညံနေတယ်။ သူတို့ အဲဒီ သီချင်းကို အလွတ်တောင်ရနေပြီ။ သူတို့ကတော့ ကတ်ပြားလေးတွေကိုယ်စီကိုင်ပြီ နေပူပူ ကွင်းပြင်မှာ ကတ်ပြားထောင်ကျင့်ရတယ်။ ပထမတန်း၊ ဒုတိယတန်း၊တတိယတန်းက ပန်းပွားအက၊ စတုတ္ထတန်းက ကတ်ပြားထောင် ခုနှစ်တန်း ရှစ်တန်းက ကိန္နာရာသိုင်း၊ မြန်မာအက ဆိုပြီး ကျောင်းရှိကျောင်းသားကုန် နီးပါးလောက် နေ့တိုင်းလေ့ကျင့်ကြရတာပေါ့။ သူတို့လည်း ပျော်ရွှင်နေကြတာပါပဲ။ တစ်ခါတစ်လေ ဖိုးကျော့နဲ့ဖိုးလွင်တို့ကို အားကြီးသတိရကြတယ်။ ဒီကောင်တွေရှိရင်လည်းပျော်မှာ။

ကျောင်းသားပွဲတော်ဖွင့်ပွဲနေ့ကဆိုရင် လေထီးခုန်ချပြတာတွေတွေ့ရင် ဟိုကောင်တွေ နိုင်ငံခြားကတွေထဲက လေထီးခုန်တာကိုအပြင်မှာ မြင်ရလို့ ဘယ်လောက်တောင်ပျော်မှာပါလိမ့်။ လေသူရဲတွေကလည်း ခုန်ချပြကြတာလှမှလှ။ တစ်ယောက်ပြီးတစ်ယောက် ရောင်စုံလေထီးလေးတွေဖွင့်ဖွင့်ပြီး ပြည်နယ်ကျောင်းသားပွဲတော်ကွင်းထဲခုန်ချလာတာကို သူတို့က ကတ်ပြားလေးတွေထောင်ရင်း ကတ်ပြားကြားက ခိုးခိုးကြည့်ကြရတယ်။ လေထီးခုန်ချနေချိန်မှာ သူတို့က သရုပ်ဖော် စာတမ်းတွေကို ဖော်နေကြရတာကိုး။ သူတို့ သရုပ်ဖော်တဲ့ စာတမ်းကို မြောက်ဘက်ပွဲကြည့်စင်ကနေပဲကြည့်ရတယ်။ တစ်ချို့က မူးလဲကြတယ်။ မူးလဲပြီဆိုရင်လည်း ကြက်ခြေနီအသင်းတွေက အပြေးအလွှား လာကူကြတယ်။ လာသယ်ကြတယ်။ နေကလည်း ခြစ်ခြစ်တောက်ပူလို့။ ပွဲတော်မြက်ခင်းပြင်မှာ ဘင်ခရာအဖွဲ့တွေ အပြိုင်အဆိုင် တီးမှုတ်ပြီး တူညီဝတ်စုံတွေ ဆန်းပြားစွာနဲ့ ဝင်လာနေတာကိုလည်းတွေ့ရတယ်။ အလံကိုင်အဖွဲ့တွေ ညီညီညာညာ ဝင်လာကြတာလည်းမြင်ရတယ်။ ကတ်ပြားလေး ကြားက ချောင်းကြည့်ရတာလည်း ရင်တထိတ်ထိတ်နဲ့။ အောက်က ကြည့်နေတဲ့ဆရာမက မြင်ရင်တော့ ခဲနဲ့ ဒေါက်ခနဲ့နေအောင်ပေါက်တော့တာပါပဲ။ ဟော မီကျော် ။ဘာဖြစ်တာလဲ။ မူးလဲလို့။ ကြက်ခြေနီတွေ အပြေးအလွှား မီကျော်ကိုလာသယ်သွားတယ်။ သူ့ဘက်ကိုခေါင်းလှည့်နေတဲ့ မီကျော် မျက်လုံးလေးပွင့်လာပြီး မျက်လုံးတစ်ဖက်မှိတ်ပြတာကိုမြင်လိုက်တယ်။ ကောင်မ လူလည်မ။ ညနေကျရင်တော့ သူမြင်ခဲ့ရသမျှကို ဖောက်သည်ချပြောပြတော့မယ်ဆိုတာသိလိုက်တယ်။ သူတို့ ကတ်ပြားထောင်စင်ကြီးရဲ့ ဘယ်ညာမှာ တီးဝိုင်းအဖွဲ့တွေရှိနေတယ်။ မြက်ခင်းပြင်မှာတော့ အဆိုတော်က အဖွင့်သီချင်းကို သီဆိုနေတယ်။ သူတို့တော့ သူတို့ရှေ့မှာရှိတဲ့ ရောက်စုံကတ်ပြားတွေကို တစ်ချပ်ပြီးတစ်ချပ်ယူရင်း ထောင်လိုက် ၊ ချလိုက်၊ အနီဆိုအနီ၊ အပြာဆို အပြာ၊ အစိမ်းဆိုအစိမ်း၊ အဖြူအစိမ်း စပ်ကြားဆိုစပ်ကြားနဲ့ လက်မလည်အောင် ကတ်ပြားထောင်နေကြရတယ်။

ကတ်ပြားထောင်ရတဲ့စင်ကြိီးရဲ့ဘေးဘ.ယ်ညာမှာ ရုပ်ရှင်မင်းသား မင်းသမီးတွေ သီချင်းဆိုနေကြတယ်။ သူတို့ကတော့ ကြည့်ခွင့်မရှိပါဘူး။ ဟော မိုးပျံပူဘောင်းတွေ လွတ်လိုက်ပြီး…။ ဖဲကြိုးဖြတ်ဖွင့်လိုက်ပြီးထင်ပါရဲ့။ သူ ပျော်လိုက်တာ။ အနားမှာရှိတဲ့ လွင်ဦးကလည်း ချောင်းကြည့်နေလိုက်တာများ ကတ်ပြားထောင်တာရွဲ့လို့စောင်းလို့။ အောက်က ဆရာမကလည်း ခဲပေါက်တာ ကျောင်းသားပွဲတော်ပြီးရင် လက်ဖြောင့်တပ်သားတစ်ယောက်ဖြစ်လောက်တယ်။ ဆရာမပြောတာတော့ အဲလို စောင့်ကြည့်ရင် အောက်ကနေ ခပ်ကျဲကျဲဖြစ်နေတာကိုမြင်ရတယ်တဲ့။ မြို့တော်ဘီစကစ်တွေလည်းရတယ်။ ကျောင်းသားပွဲတော် အထိမ်းအမှတ်စာသားပါတဲ့ ဦးထုပ်ဖြူဖြူလေး တစ်လုံးစီလဲရတယ်။ သူတို့ကနေ့တိုင်းမုန့်စားရလို့ပျော်တယ်။

×××××××××××

ကျောင်းသားပွဲတော်ပိတ်ပွဲနေ့။

ညက မှောင်နေပြီ။ ဒါပေမယ့် ကျောင်းသားပွဲတော် ကစားကွင်းကြီးက မီးတွေ ထိန်ထိန်လင်းနေတယ်။ စင်မြင့်ထက်က ကြေငြာချက်ကတော့ ပိတ်ပွဲအထိမ်းအမှတ်အဖြစ် မီးကို ဆယ့်ငါးမိနစ်မှိတ်ထားမယ်တဲ့။ မကြာခင်မှာပဲ ကျောင်းသားပွဲတော်ပိတ်ပွဲ အောင်မြင်စွာပြီးဆုံးကြောင်းကြေငြာလိုက်တာနဲ့တပြိုင်နက် ရွှီး ဖောင်းဆိုတဲ့အသံကြီးကိုကြားလိုက်ရတယ်။ ကောင်းကင်မှာတော့ မီးရောင်စုံ ဝိုင်းဝိုင်းလေးတွေ တစ်ပွင့်ပြီး တစ်ပွင့်။ ကျောင်းသားများရဲ့အသံက ဝေး ဟေးနဲ့ တစ်ကွင်းလုံးကို သောသောညံသွားတယ်။ သတိရလိုက်တာ ဖိုးကျော့နဲ့ ဖိုးလွင်ရယ်….။ မီးက ဆယ်ငါးမိနစ်တဲ့ ။ မီးမှိတ်နေစဉ်အတွင်းမှာ ပြေးပြေးလွှားလွှားအသံတွေကြားနေရတယ်။ ဝေး ဟေးနဲ့ ပျော်စရာကြီး။

ရုတ်တရက် မီးဖွင့်လိုက်တော့ ကွင်းထဲမှာ ရှုပ်ယှက်ခတ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်နှုတ်ဆက်ကြ။ ပွေ့ဖက်ကြ။ သူတို့ကတော့ ကတ်ပြားတွေကို လက်ညိုးနဲ့ဖောက်ပြီး လည်ကစားကြတယ်။ ဆရာမက မလုပ်ပါနဲ့တဲ့။ တားမရတော့ဘူး လည်လိုက် ။ ကတ်ပြားတွေကို လွင့်ပြစ်လိုက်နဲ့ ပျော်နေကြပြီ။

မီကျော်ပြောပြတဲ့

“မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်”

“ခတ်မှီတိုးတက်သော နိုင်ငံသစ်ဆီသို့”

စတဲ့ စာတမ်းတွေကို သရုပ်ဖော်တဲ့ ကတ်ပြားတွေဟာ ညအမှောင်လေထဲမှာ လွင့်လို့ပျံလို့။ ကျောင်းသားပွဲတော်ကြီးပြီးသွားပါပြီ။ ဒီဇင်ဘာရဲ့ချမ်းအေးတဲ့လမှာ ကျောင်းသားပွဲတော်ကြီး ပြီးသွားလေပြီ…..။

×××××××××××××××

အဲဒီနှစ်စာသင်နှစ်မှာ စာတွေ သိပ်မသင်လိုက်ရ။ ဟော စာမေးပွဲကြီးဖြေပြီးသွားကြပြီ။ သူတို့တွေ စာမေးပွဲကြီးနောက်ဆုံးနေ့က ကျောင်းရဲ့ ပနားမားငုပင်လေးဘေးမှာ ထိုင်ရင်း စကားပြောကြတယ်။ ကောင်မလေးက တစ်ခါတည်း နှုတ်ဆက်စကားဆိုတယ်။

“နင်တို့နဲ့ ငါခွဲရတော့မယ် သိလား….။ ငါလေ တဘက်ခါဆိုရင် ရန်ကုန်ကိုသွားရတော့မယ်…။ “

“ဟင်”

“ဘာသွားလုပ်မှာလဲ မြတ်နိုး”

မိမိက မေးတယ်။

“နောက်နှစ် ရန်ကုန်မှာပဲ ကျောင်းနေရမယ်တဲ့။”

” ဟင် တကယ်ပြောနေတာလား မြတ်နိုး နင်နောက်နှစ် ငါတို့ကျောင်းမှာ မနေတော့ဘူးပေါ့။ ဆရာမရော..ဟင်”

“အမေက တစ်နှစ်လောက် ဒီမှာနေဦးမယ် နောက်မှ လိုက်ပြောင်းလာမှာ အပြောင်းအရွေ့က တင်ရဦးမှာလေ အဖေက တစ်ခါတည်း ပြောင်းနေချင်တာတဲ့”

သူ ဝမ်းနည်းနေပါတယ်။ လွင်ဦးကတော့ တိတ်တိတ်ဆိတ်ဆိတ်။ မီကျော်က တော့ ငေးမိငေးရာငေးနေတယ်။ မျက်ရည်လွယ်သူ မိမိတစ်ယောက်ကတော့ ငိုနေပြီ။

“တိတ်ပါဟာ ငါလေ နင်တို့ကို ခင်တယ်…ချစ်တယ် အချစ်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မီကျော်၊ လွင်ဦး၊ ချာလီ၊ ဖိုးကျော့၊ ဖိုးလွင် ပြီးတော့ နင် ငါဘယ်တော့မှ မေ့မှာမဟုတ်ဘူး..ဟာ…….”

ကောင်မလေးက လက်ဖမိုးနဲ့ မျက်ရည်တွေသုတ်တယ်။ ပြီးတော့ သူ့ကျောပိုးအိတ်ကလေးထဲက အထုပ်ကလေးတစ်ထုပ်ကိုထုပ်လိုက်တယ်။ ကြည့်လိုက်တော့ ကြာပန်းလေးတွေ……..။ တစ်ဆစ်ခြင်းချိုးထားတဲ့ကြာပန်းလေးတွေ။

“ဒီမှာ ကြည့် ကြာပန်းလေးတွေ ။ ဒီကြာပန်းလေးတွေက နင်တို့နဲ့ခင်ခဲ့ရတဲ့ အမှတ်ရစရာ လေးတွေပေါ့။ နင်တို့တွေ ကြာပန်းလေးတွေရောင်းနေတာမြင်တော့ ငါ လေ လိုချင်ခဲ့မိတယ်။ ငါက ကြာပန်းလေးတွေကို ဆော့ကစားဖို့ပဲတတ်တာ။ နင်တို့တွေ ခက်ခက်ခဲခဲ ရေထဲဆင်းခူးခဲ့ရတယ်ဆိုတာ နောက်မှ သိရတော့ ငါလေ နင်တို့ကို သနားလိုက်တာ….။ ခုတော့ ဒီကြာပန်းလေးတွေ နင်တို့ကို အမှတ်တရပြန်ပေးမယ်။ တစ်သက်လုံးသိမ်းထားလို့မရပေမယ့် ကြာပန်းလေးတွေမြင်တိုင်း ငါ့ကိုသတိရကြပါဟာ…”

ကြာပန်းလေးတွေကို တစ်ယောက်တစ်ကုံးပေးတော့ သူမယူချင်ဘူး။ ကောင်မလေးက ကျောပိုးအိတ်ထဲက နောက်တစ်ခုကိုထပ်ထုတ်တယ်။

“ရော ့ မိမိ ဒါနင့်အတွက် မီကျော်၊ လွင်ဦး၊ ချာလီ…….ဒါနင့်တို့အတွက် အမှတ်တရ……ပါ နောင်တစ်ချိန်မှာ ငါတို့ပြန်တွေ့ကြရရင် ဒါလေးတွေပြပါနော်..”

သူတို့ရဲ့လက်တွေထဲမှာ ဒိုင်ယာရီ စာအုပ်လှလှလေးတွေ တစ်အုပ်စီ။

“နင်တို့ ငါ့ကို သတိရတိုင်း ဒီစာအုပ်လေးထဲမှာ ချရေးပေါ့ ငါ ဖိုးကျော့နဲ့ ဖိုးလွင်ကိုလဲပေးလိုက်တယ်..ရန်ုကုန်မှာ အတည်တကျဖြစ်ရင် ငါလိပ်စာပေးမယ် အမေ့ဆီကနေနင်တို့ဆီ စာရေးမယ်နော်”

“အေးပါ ဟာ မြတ်နိုး ငါတို့ရေးမယ်နော် ငါတို့ကို သတိရနော်…”

“ငါ့ကိုလည်းမမေ့ပါနဲ့ဟာ”

“နင့်ကို ငါ ကျေးဇူးတင်တယ် ငါနေမကောင်းတုန်းက နင်ကူးပေးခဲ့တဲ့ စာတွေအတွက် ကျေးဇူးဟာ “

“သွားတော့မယ်နော် ……”

ကောင်မလေးထွက်သွားတာကိုကြည့်ပြီး မိမိက ငိုနေတယ်.။ မီကျော်က ကြောင်ငေးလို့။ လွင်ဦးက တိတ်ဆိတ်နေတယ်။ ကောင်မလေးရယ် နင်တကယ်သွားတော့မှာလည်း…ဟင်…။ ငါတို့တွေ တစ်နှစ်လေးပဲ ဆုံလိုက်တာပါ။ ခဏလေးအတွင်းမှာ နင်က ငါတို့ သူငယ်ချင်း ခြောက်ယောက်ကို ဖေးမတယ်။ ကူညီတယ်။ ခင်မင်တယ်။ ငါတို့လို မပြည့်စုံတဲ့ သူတွေကို ချမ်းသာတဲ့သူတွေနဲ့ တန်းတူ နင်ပေါင်းသင်းပေးခဲ့တယ်။ ကျေးဇူးပါ သူငယ်ချင်းရယ်…..။ မိမိနဲ့မီကျော်က လက်ချင်းတွဲလို့၊ သူက လွင်ဦးရဲ့ပခုံးကိုဖက်လို့ တရွေ့ရွေ့ ဝေးကွာသွားသော ကျစ်ဆီမြီးနှစ်ဖက်နဲ့ကောင်မလေးရဲ့ ကျောပြင်ကိုကြည့်ရင်း…………………….။

×××××××××××××××××

ဆယ့်နှစ်နှစ်ကြာပြီးနောက်

လေတဖြူးဖြူးတိုက်နေတယ်။ ကျောင်းဝန်းကြီးရဲ့ အလယ်က မြက်ခင်းပြင်ဟာ ပဲတီစိမ်းခင်းကြီးဖြစ်နေပြီ။ သောကြာနေ့ရဲ့ စာရိတ္တချိန်တိုင်းမှာ သူ စိုက်ခဲ့ရတဲ့ ပနားမားငုပင်တွေက အရွယ်ရောက်ကြီးရင့်လို့ အပွင့်တွေ ဝါဝါထိန်ထိန်ပွင့်နေကြတယ်။  တစ်သီတစ်ကြီး ရှိနေတယ် ဒီ ပနားမားငုပင်တွေရဲ့အလယ်ကနေ သူနေခဲ့ဖူးတဲ့ လေးတန်းကျောင်းဆောင်ကို သွားနေတယ်။ ကျောင်းဆောင်တွေတောင် အရောင်တွေ မှေးမှိန်နေလို့။ ဆရာများနားနေဆောင်ရှေ့က စက္ကူပန်းရုံကြီးမရှိတော့ဘူး။ ဒေလီယာပန်းပင်တွေက ကျောင်းရုံးခန်းရဲ့ရှေ့မှာ နေရာတော်တော် ယူနေကြတယ်။ သူငယ်တန်းကျောင်းဆောင်ကလေးက ခုတော့ အုတ်ကျောင်းကြီးဖြစ်သွားပြီး။ ဟိုတုန်းက သွပ်မိုးပျဉ်ကာ။ ကျောင်းမုန့်ဆိုင်တန်းက လက်ပံပင်ကြီးအောက်ကိုရောက်သွားပြီး။ ကျောင်းမြောက်ဘက်က ဘောလုံးကွင်းကြီးကို ကြည့်တော့ ဖိုးကျော့ရယ် သူရယ် လွင်ဦးရယ် ဖိုးလွင်ရယ် စွန်လိုက်နေကြတာကို မြင်ယောင်မိတယ်။ သူတောင် ဒီကျောင်းကိုမရောက်တာကြာလှပေါ့။ အခု  အလုပ်ဝင်ကနေ ခွင့်ရလို့ပြန်လာတုန်း ကျောင်းကို အလွမ်းပြေ ဝင်ကြည့်တာ…။ လေးတန်းကျောင်းဆောင်ရဲ့ရှေ့က အုတ်ကန်ကလေးရဲ့ဘောင်မှာ ထိုင်လိုက်တယ်။

ဒီဘောင်ကလေးမှာပေါ့ သူတို့ခြောက်ယောက်ထိုင်ပြီး မုန့်စားခဲ့ကြတာ။ ပြီးတော့ ကောင်မလေး။ ကျစ်ဆံမြီး နှစ်ဖက် သနပ်ခါး ပါးကွက်ကျားနဲ့ကောင်မလေး။ သူ လွင်ဦးနဲ့တွေ့ချင်တယ်။ လွင်ဦးက အလုပ်သွားတယ်တဲ့။ မိမိနဲ့ မီကျော်အိမ်ဘက်ရောက်ခဲ့တယ်။ မိမိက ဆရာမ ဖြစ်နေပြီ။ မူလတန်းပြတဲ့။ ရှားတောဘက်မှာတဲ့။ ဒီနေ့ ပြန်ရောက်မယ်ပြောတယ်။ မီကျော်ကတော့ ရန်ကုန်မှာတဲ့။ မီကျော်က ရည်မှန်းချက်ကြီးတယ်။

လေ ခပ်ပြင်းပြင်းတိုက်လိုက်ပြန်တယ်။ ချွေးနံ့….။ သူ ဒီချွေးနံ့ကိုရဖူးတယ်။ သူလေးတန်းတုန်းက စွန်လိုက်ရင်း နပမ်းလုံးရင်းရဖူးတယ်။ သူလှည့်ကြည့်လိုက်တော့-

“ဖိုး…ဖိုးကျော့မလား….ဟေ့ကောင် မင်း ဖိုးကျော့မလား”

“မင်းက ဘယ်ဆိုးလို့လဲ မှတ်မိသားပဲ….ငါကျောင်းဆင်းဆင်းချင်းပြေးလာတာ မင်းပြန်ရောက်မယ်ကြားလို့”

ဖိုးကျော့က ငယ်ရုပ်မပျောက်ဘူး။ သူတို့နှစ်ယောက်ပွေ့ဖက်လိုက်ကြတယ်။ မလွှတ်တမ်းဖက်ထားကြတယ်။

“မင်းဘာလုပ်နေလဲ ဖိုးကျော့ ခုမှ ကြည့်မိတယ် အဖြူအစိမ်းနဲ့ မင်းက ကျောင်းဆရာလား”

“ဆိုပါတော့ကွာ ငါတို့ သာစည်ကိုရောက်ပြီး ကျောင်းပြန်တက်ကြတယ် မိဘတွေကို အတင်းပူဆာ ငိုယိုပြီးတော့ပေါ့ကွာ ခုကြည့် မြင်တဲ့အတိုင်းပဲ”

“မေးရဦးမယ် မင်းကျောင်းဆရာဘာလို့လုပ်လဲ “

” ငါလေ ကျောင်းသားတွေကိုချစ်တယ် ၊ နောက်တစ်ခုက ကျောင်းဆရာရှားနေလို့၊ ငါတို့လို ကျောင်းသားတွေ ရှိရင် ဖေးမကူရအောင်လို့ကွာ”

တစ်ယောက်ပခုံးတစ်ယောက်ပုတ်ရင်း စကားတွေပြောနေလိုက်တာမှအကြာကြီး။ ဖိုးလွင်က ဘွဲ့ရပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတယ်လို့ ဖိုးကျော့ကပြောတယ်။ သူလည်း ခု သူတို့မြိုု့ကို မားကတ်တင်းဆင်းရင်းရောက်နေတယ်တဲ့။

“ဟေ့ မိန်းကလေးလဲ ဟုတ်ပဲနဲ့ အဲဒီလောက်ကြီးဖတ်ရလား လွှတ်လိုက် ကောင်ကလေးကိုလွှတ်လိုက်”

“ဟင်”

သူကြည့်လိုက်တော့ ဆံပင်ရှည်ရှည် မျက်လုံးဝန်းကြည်ကြည်နဲ့ မိန်းကလေးတစ်ယောက်။

“ဘာကြည့်နေတာလဲ ချာလီ နင့်ငါ့ကိုမမှတ်မိတော့ဘူးလား နင်ကျောင်းကိုသွားမယ်ပြောသွားတယ်ဆိုလို့လိုက်လာတာ ။ “

သူ ကြောင်ကြည့်နေမိတယ်။ မိန်းကလေးက သူ့ကိုတရင်းတနှီးစကားတွေပြောနေပေမယ့် နာမည်ကို အစဖော်လို့မရဘူးဖြစ်နေတယ်။

“ချာလီ ငါ မိမိလေ……ဘာကြည့်နေတာလဲ”

“ဟာ မိမိ..နင် မိမိ ဟုတ်လား ကြည့်စမ်း ငါမမှတ်မိဘူး…”

“အေး နင်နောက်ထပ်မှတ်မိအောင် ကြိုးစားလိုက်ဦး ဟိုမှာ ဘယ်သူတွေလဲလို့ ကြည့်လိုက်”

သူကြည့်လိုက်တော့ လွင်ဦး။ ပြီးတော့ မီကျော်…။ ပြီးတော့ …

” မြတ်နိုးလေ ချာလီရဲ့ မီကျော်နဲ့ပါလာတာ….မြတ်နိုးက ခု ဆရာဝန်ဟဲ့ ဒေါက်တာ”

“မြတ်နိုး ဟုတ်လား မှတ်တောင်မမှတ်မိဘူး နင် ငါ့ကိုမှတ်မိလား “

“မှတ်မိတာပေါ့ နှမ်းဆုပ်ကို အမှတ်ရဆုံးပဲ..”

ကောင်မလေးက ရယ်ပါတယ်။ ငယ်ငယ်က လှပသလိုပဲ ကောင်မလေးက လှတယ်။ ရယ်လိုက်ရင်ပိုလှတယ်။

သူ ဝမ်းသာနေမိတယ်။ မီကျော်က ကျော့ရှင်းလှပနေတယ်။ လွင်ဦးက ခုမှ ပြန်လာရလားလို့ သူ့ကိုအပြစ်တွေတင်နေတယ်။ လမ်းလျှောက်ရင်း မင်းကျောင်းကန်ဘက်ကိုထွက်ခဲ့တယ်။ မင်းကျောင်းကန်က အရင်လိုရေ သိပ်မရှိတော့။ ကြာပန်းလေးတွေတော့ တစ်ပွင့်စ နှစ်ပွင့်စ ပွင့်လို့နေတယ်။

အဲဒီအချိန်မှာ လွင်ဦးက အလန့်တကြားဆိုတယ်။

“ဟ ကြည့်စမ်း ဟိုရှေ့ကကောင် ဖိုးလွင်မလား “

သူတို့ကြည့်လိုက်တော့ ဖိုးလွင်က ကန်လည်မှာ။

“ဟေ့ကောင် တက်လာခဲ့..ဘာလုပ်နေတာလဲ”

“ကြာပန်းတွေခူးနေတာ မင်းတို့ကိုပေးမလို့ မင်းတို့က ဒီဘက်ရောက်လာတာကိုး”

“မင်းက ကြာပန်းတောင် မားကတ်တင်းဆင်းမလို့လားကွ ဟားဟားဟား”

ဖိုးကျော့က ရယ်နေတယ်။ ကောင်မလေးက –

“ကဲ နင်တို့ကို ငါပေးခဲ့တဲ့ စာအုပ်ကလေးတွေရှိသေးရဲ့လား ငါ သိချင်နေတာ”

“ရှိပါ့”

ဖိုးလွင်ကပါ တက်လာပြီး ရှိတယ်လို့ ဝင်ပြောတယ်..။

“ဒါဆိုရင် ညကျရင် မီကျော်ရဲ့အိမ်ကိုယူလာကြ ဘယ်သူက ငါ့ကို သတိရကြောင်းအရေးနိုင်ဆုံးလည်းလို့ ကြည့်ရအောင်….”

သူတို့လမ်းခွဲခဲ့ပါတယ်။ ညကျရင်သာ ကောင်မလေး ပေးခဲ့တဲ့ စာအုပ်ကလေးထဲမှာ ကောင်မလေးကိုသတိရကြောင်းရေးထားတဲ့ စာတွေအပြင် ကြာပန်းခြောက်ဖက်ကလေး တစ်ဖက်နှစ်ဖက်လောက်ကို စာအုပ်ကလေးရဲ့ကြားမှာ ကောင်မလေးမြင်ခဲ့မယ်ဆိုရင် ဘယ်လိုပြောမလဲ။ ဟိုကောင်တွေကရော ဘယ်လိုရေးလာမလဲ……..။

ကန်ရေပြင်အလည်က ကြာပန်းလေးတွေရယ် ကောင်မလေးကြားအောင် သက်သေတည်ပေးဦး.။ ငါ သူ့ကို သတိရခဲ့တဲ့ နှစ်တွေ ဆယ်နှစ်တောင်ကျော်လာခဲ့ပြီဆိုတာကိုလေ…….။

×××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××××

ပြီးပါပြီး

သော်ဇင်(လွိုင်ကော်)

25th-Sep-2011

 

6 comments

  • Shwe Ei

    September 26, 2011 at 9:44 am

    ဇာတ်သိမ်းက ကြည်နူးစရာလေး။ ကျောင်းသားဘဝရဲ့ အမှတ်တရတွေကို ရသအမျိုးမျိုးနဲ့ ပုံဖော်နိုင်တဲ့အတွက် စာရေးတဲ့သူကိုလေးစားတယ်ဗျာ။

  • weiwei

    September 26, 2011 at 9:54 am

    ဇာတ်သိမ်းလေး တော်တော်ကောင်းတာပဲ …
    ဇာတ်လမ်းလေးဖတ်ရင်း ငယ်ဘဝတွေကို ပြန်သတိရသွားမိတယ် …. အရေးအသား စွဲဆောင်မှုရှိလွန်းလို့ အပိုင်း(၁) ကနေ အခု ဇာတ်သိမ်းအထိ မလွတ်တမ်း အားပေးခဲ့ပါတယ် …

  • hmee

    September 26, 2011 at 1:11 pm

    စာရေးကောင်းပါတယ်။ ကျောင်းသားပွဲတော် လေ့ကျင့်ရေးလုပ်တာကို သရုပ်ဖော်ထားတာ ဖတ်ရတော့ ငယ်ငယ်က အဖြစ်ကို သတိရမိတယ်။ လေ့ကျင့်ချိန်တိုင်း ပျော်ခဲ့မိတာ စာမသင်ရလို့ 🙂 နောက်ဆုံးအခန်းလေး သူငယ်ချင်းတွေ ပြန်ဆုံတာ ပျော်စရာပါပဲ။ ကလေးအတွေး ကလေးစကားတွေ ရေးတာမှာ ကလေးတွေစကားပြောတာကို လေ့လာပြီး ရေးထားတယ် ထင်တယ်။ ပီပြင်လို့ပါ။ လက်လုပ်လက်စား လူတန်းစား ဘဝကို သေချာ သရုပ်ဖော်နိုင်ပါတယ်။ ဆက်လက် အားပေးနေပါမယ်။

  • wathanmin

    September 26, 2011 at 1:23 pm

    အပိုင်း(၁) ကနေ အခု ဇာတ်သိမ်းအထိ အားပေးခဲ့ပါတယ်။…………..
    ဇာတ်သိမ်းလေး က အရမ်းကို ကြည်နူးစရာ ကောင်းလွန်းပါတယ်။……..
    ဇာတ်ကောင်တွေအားလုံးကို စာဖတ်သူ မျက်လုံးထဲမှာ ပေါ်အောင်ကို စာရေးကောင်းလှပါတယ်။
    မဟူရာ ( လွိုင်ကော် ) နဲ့ သော်ဇင်(လွိုင်ကော်) ဆွေမျိုးများတော်လေသလားလို့တောင်
    ထင်မိပါတယ် ။……………..:)

  • နွယ်ပင်

    September 26, 2011 at 1:25 pm

    ဇာတ်လမ်းရော အရေးအသားရောကောင်းပါတယ်
    ဒီပိုစ့်လေးကို ဖတ်ရင်း ငယ်ငယ်က ကျောင်းတက်ခဲံတာလေးတွေတောင် သတိရလာတယ်
    ဇာတ်သိမ်းလေးလှလှတယ် ဆက်ရေးပါဦးနော် စောင့်ဖတ်နေပါမယ် …

  • meelay

    September 26, 2011 at 2:11 pm

    ဇာတ်လမ်းအစကနေဖတ်လာတာ မောနေတာပဲ … တော်ပါသေးရဲ့ ဇာတ်သိမ်းမှာ အမောပြေဆေးလေးနဲ့ သိမ်းထားပေးလို့တာပဲ … ဒီဇာတ်လမ်းလေးကို အရမ်းကြိုက်ပါတယ် … နောက်ဇာတ်လမ်းတွေကိုလဲ စောင့်မျှော်နေပါတယ် ……..

Leave a Reply