“ကောင်းကင်ပြာလေး ဘယ်မှာရပ်နားမလဲ

လမ်းပေါ်မှာတွေး ခဏလေးပဲ…….

……………………………………………..

တွေးရင်း လမ်းလျှောက်ရင်း တွေးရင်း ငေးရင်း ခဏလေးပါပဲ

……………………………………………….

……ခဏလေးတွေးရင်း………………ခဏလေးငေးရင်း……ခဏလေးဆွေးရင်း ခဏလေးပဲ……….ခဏလေးပဲ………

တွေး…..ရင်း ……..ဆွေး…..ရင်း………ခဏလေးပဲ…..ခဏလေးပဲ…..ခဏလေးပဲ။”

စောစောစီးစီး လေးဖြူရဲ့ “ခဏလေးများ” သီချင်းသံက နားထဲ ရိုက်ခတ်လို့ ၀င်လာတယ်။ လှမ်းကြည့်လိုက်တော့ ထီသည်လှည်းမှ ဖွင့်သံဖြစ် နေတယ်။ ထုံးစံအတိုင်း အသံနဲ့ နားစည်နဲ့ တိုက်တဲ့အခိုက်မှာ ဖြစ်လာတဲ့ ကြားစိတ်မှသည် နှလုံးအိမ်ဆီမှ အဖြေတွေထုတ်နေပါပြီ။ စိတ်ကလေးလည်း အလုပ်ရနေပါပြီ။ အတွေးအလုပ်တွေပဲပေါ့။

ခဏလေးများ ဆိုတဲ့ လေးဖြူရဲ့ သီချင်းသံလေးနှင့်အတူ ကျနော့ အတွေးလေးများက အမြန်ဆုံး ချိတ်စရာရှာနေပြီလေ။ သိပြီးသား အကြောင်း အရာလေးတစ်ခုနှင့်ပေါ့။ ဒီနေရာမှာ ကွန်နက်ရှင်းက ကောင်းလိုက်သမှ ကြား တာနဲ့ တန်းချိတ် ပြီးသွားပါပြီ။

အချိတ်ခံရတဲ့အရာကတော့ လောကဓံရှစ်ပါးနဲ့ပဲပေါ့။ လူသားတိုင်း မလွဲမသေ တွေ့ကြုံခံစားနေကြရတဲ့ လောကဓံကတော့ ရှစ်ပါးတောင်ပါပဲနော်။ လာဘ်ရခြင်း၊ လာဘ်မရခြင်း၊ အခြံအရံ ပြည့်စုံခြင်း၊ အခြံအရံမရှိခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ချီးမွမ်းခံရခြင်း၊ သုခ-ချမ်းသာခြင်း၊ ဒုက္ခ-ဆင်းရဲခြင်းဆိုပြီးတော့ ဒီရှစ်ပါးသော လောကဓံတွေရဲ့ အထုအထောင်းကို အချိန်တိုင်း၊ စက္ကန့်တိုင်းမှာ ကို လှည့်ခံနေရပါတယ်။

ဒီရှစ်ပါးကို ထပ်ခွဲလိုက်တော့ အကောင်းလောကဓံက လေးပါးနဲ့ အဆိုးလောကဓံက လေးပါးဆိုပြီးတော့ နှစ်မျိုးထပ်ကွဲသွားပါတယ်။ အဆိုးနဲ့ ကြုံမှသာ လောကဓံခံရတယ်ဆိုတာကို သတိရကြပေမယ့် အကောင်းတွေနဲ့ ကြုံရတဲ့အခါမှာကျတော့ လောကဓံပါလားရယ်လို့ သတိမရနိုင်ကြတာကြောင့် ပျက်စီးခြင်းများစွာဖြစ်ကြရတာပေါ့။

အင်း တကယ်တော့လည်း အဆိုးပဲဖြစ်ဖြစ် ၊ အကောင်းပဲလာလာ ဘာတွေပဲကြုံရကြုံရ အားလုံးဟာ မမြဲခြင်းသဘောမှာသာ အဆုံးသတ်ရတာမို့ “ခဏလေးများ ဘာကြောက်စရာလိုလဲ” လို့ ကိုယ့်ကိုယ်ကို သတိပေးလို့ အဲဒီ အကောင်းအဆိုးတွေရဲ့ ခဏလေးမျှသော တည်ချိန်လေးကို မြင်အောင်ကြည့် ပေးတတ်ရပါမယ်။

အခြံအရံတွေ ၀ိုင်းနေတဲ့အချိန်မှာ ဒီအခြံအရံတွေဟာလည်း တကယ် တော့ မမြဲခြင်းသဘောလေးပဲလို့ သိထားပေးနေမယ်ဆိုရင် အခြံအရံမရှိတော့ တဲ့အခါ ၀မ်းနည်း အားငယ်နေစရာ မလိုသလို တုန်လှုပ်မှုလည်း မဖြစ်လာ တော့ဘူးပေါ့။ နောက်ပြီး အခြံအရံတွေရဲ့ ဂရုစိုက်မှုတွေကို ခံရလို့ စိတ်မှာ ပျော်ရွှင်ချမ်းသာရတယ်ဆိုရင်လည်း အဲဒီ ပျော်ရွှင်မှုတွေဟာလည်း တကယ် တော့ ဒီအပေါ်မှာ သာယာနေတဲ့ ခဏတာ အခိုက်လေးမှာသာ ပိုင်ဆိုင်ရတာ ပါနော်။ ပြီးရင် သူလည်း မမြဲခြင်းသဘောမှာပဲ ကုန်ဆုံးပျောက်ကွယ်သွားရ တာပါပဲလေ။ ဆိုတာလေးကို အမြဲသတိနဲ့ နှလုံးသွင်းပေးနေရပါမယ်။

ကဲ့ရဲ့ခံရတဲ့အခါလည်း ဘာထူးလဲ။ အို…လောကမှာ ကဲ့ရဲ့လွတ်တဲ့လူ ရယ်လို့မှ မရှိတာပဲ။ ခုငါခံရတဲ့ ကဲ့ရဲ့ခြင်းဆိုတာကလည်း ငါနှလုံးသွင်းတဲ့ အခိုက် ကလေးမှာပဲ ငါ့ကို နှိပ်စက်နိုင်တာမို့ သူလည်း ခဏလေးပါပဲလား။ ကောင်းတာပဲ ဖြစ်ဖြစ် ၊ ဆိုးတာပဲဖြစ်ဖြစ် ခဏလေးပဲဆိုတာကို သိပေးနေရပါ မယ်လေ။ ချီးမွမ်းလို့လည်း ထူးပြီး မြှောက်နေစရာမလိုသလို ကဲ့ရဲ့ခံရလို့လည်း စိတ်ပျက်အားငယ်နေစရာ မလိုတော့ပါဘူး။ ခု ကိုယ့်ကို ချီးမွမ်းနေတဲ့လူကပဲ နောင်တစ်ချိန်မှာ ကိုယ့်ကို ကဲ့ရဲ့ခြင်းတွေ ထပ်ပြုချင်ပြုနေဦးမှာမို့ ဘာကိုမှ မတုန်လှုပ်ပဲ ကျောက်စိုင်ကျောက်တုံးကြီးလို စိတ်ကို ထားနိုင်ဖို့ကြိုးစား ရပါမယ်။

ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဆိုတဲ့ လောကဓံတွေကလည်း လူတိုင်း ရှောင်မရတာမို့ ခုအဆင်ပြေလို့လည်း သတိလက်လွတ် ပျော်မြူးခုန်ပေါက် နေစရာမလိုပါဘူးနော်။ ချမ်းသာခြင်းဆိုတဲ့အရာဟာလည်း မမြဲခြင်းသဘောပဲ မို့ ခုချမ်းသာပေမယ့် နောင်တစ်ချိန်မှာ ဆင်းရဲခြင်းနဲ့လည်း ကြုံရပေဦးတော့ မယ်ဆိုတာ သတိပေးနေမှ ဖြစ်မယ်။ ဆင်းရဲနဲ့ ကြုံရင်လည်း ခုဆင်းရဲခြင်းဟာ တစ်ချိန်မှာ ချမ်းသာချင်ချမ်းသာလာနိုင်သေးတာမို့ ခုမချမ်းသာလည်း ကိစ္စမရှိ ဘူး။ နေတတ်အောင်နေမယ်လို့ မမြဲခြင်းကို ဆင်ခြင်လို့ ခံနိုင်ရည်ရှိအောင် နေ ပေးရပါမယ်။

ဘယ်သူက ငါ့ကို ဘယ်လိုတွေ ပြောခဲ့တယ်ဆိုတာဟာလည်း တကယ်တော့ အကြောင်းတိုက်ဆိုင်၍ မနောအကြည်ဓါတ်ပေါ်၌ ကိုယ် အာရုံပြုတုန်း ခဏတဖြုတ်မှာသာ ဖြစ်ပေါ်လာရတာ ဖြစ်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတဲ့အချိန်နဲ့ တခြားကိစ္စတွေအပေါ် အာရုံရောက်နေတဲ့အချိန်မှာ ဒါတွေဟာ ပျောက်နေရတယ်လေ။

ဒါကြောင့်ပဲ ဘယ်လို လောကဓံတွေနဲ့ပဲ ရင်ဆိုင်ရပါစေ ငါမမှုဘူး ရယ်လို့ ကြံ့ကြံ့ခံလို့ ကြုံသမျှ လောကဓံတွေတိုင်းအပေါ် “ခဏလေးပဲ …..ခဏလေးပဲ” လို့သာ လေးဖြူရဲ့ သီချင်းလေးညည်းရင်းနဲ့ လေချွန်မပျက် ကျော်ဖြတ်ကြပါစို့လား။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”