ဟိုမရောက် ဒီမရောက် ဝတ္ထုတို

maung hninkharrSeptember 27, 20111min2348

“ဟိုမရောက် ဒီမရောက်ဝတ္တုတို”

 

ဒီနေ့သည် တနင်္ဂနွေနေ့ ဖြစ်သည်။ ဒါဆိုမနက်ဖြန် တနသာင်္နေ့ပေါ။ ဒီလိုနဲ့ပဲ ကျွန့်တော့်ဝတ္ထုစတင်သည်။ ဝတ္ထုထဲမှာ ဇာတ်လိုက်မပါဘူး။ မင်းသမီးမပါဘူး။ သူတို့အစဉ်ပြေအောင်ပို့ပေးမယ့် ဇာတ်ပို့ မပါဘူး။အိမ်ခန်း ဒါမမဟုတ် အင်းယားကန်ဘောင်စတဲ့ မြန်မာကားလို မစဘူး။ ဟိုမရောက် ဒီမရောက်နဲ့စတင်တယ်။ ဗန္ဓုလ က ကျွဲခတ်ခံရပြီး နတ်ရွာစံတယ်။ ပီမိုးနှင်းက ဆိုက်ကားတိုက်ခံရပြီး ဆုံးတယ်။ ကျွန်တော်ကတော့ ဟိုမရောက် ဒီမရောက်ဝတ္ထုကိုဆက်ရေးနေတုန်းပဲ။ ကျွန်တော့် သူငယ်ချင်းကလာပြီး ဧရာဝတီမြစ် အကြောင်းလာပြောတယ်။ ကျွန်တော်က ကမာ္ဘပျက်တဲ့ကားကြည့်နေတယ်။ အမေကတော့ ထမင်းစားချိန်ရောက်ပြီလို့ လာပြောတယ်။ ဒီလိုနဲ့ လက်ဖက်ရည်ဆိုင် ရောက်သွားတယ်။ ကျွန်တော်က ကဗျာအကြောင်းပြောမယ်လို့ စိတ်ကူးရင်း ကောင်မလေးတွေ အကြောင်းရောက်သွားတယ်။ သတိထားမိတော့ ကျွန်တော် အိပ်ယာထဲရောက်နေပြီ။ ဒီလိုနဲ့ ကျွန်တော် နိုးဖို့အတွက် အိပ်ခဲ့တယ်။ အိပ်မက်ထဲမှာတော့ ဟိုမရောက် ဒီမရောက်ဝတ္ထုကိုဆက်ရေးနေတုန်းပဲ။ ဒီလိုနဲ့ပဲ ကျွန်တော် အိပ်ဖို့အတွက် နိုးခဲ့တယ်။ Postmodern အကြောင်းစာအုပ်ဖတ်ပြီး ဟာသတွေ တွေးနေခဲ့တယ်။ ကောင်မလေးက ကျွန်တော့်လို အူကြောင်ကြောင်ကောင်ကို မကြိုက်နိုင်ဘူး ဆိုပြီး ဘိလ်ဂိတ် လိုရုပ်နဲ့ အူကြောင်ကြောင် ငနဲကို ပြန်ကြိုက်လိုက်တယ်။ စိတ်နာပြီး Computer သင်တန်းတွေလိုက်တက်ရင်း တာရာမင်းဝေ၊ မင်းခိုက်စိုးစံ ၊သစ္စာနီ နဲ့ ကိုတာ စာအုပ်တွေဖတ်တတ်လာတယ်။ စာအုပ်တွေဖတ်ရင်း အိုက်မန်း လိုဆိုးတဲ့ နာဇီစစ်တပ်တွေ ပျက်သုန်းလို့ ပျော်နေတုန်း ဒီထက်ဆိုးတဲ့ လူကို အသက် ၂၁ မှာ တွေ့လိုက်ရတယ်။ ဒီလိုနဲ့ စစ်ရေးပြကွင်းရောက်လို့ ကြည့်လိုက်တော့ ဟစ်တလာ၊ မူဆိုလီနီ စတဲ့ လူမိုက်တွေက အလေးပြုနေတဲ့ လူကို တွေ့လိုက်ရတယ်။ အဲ့ဒီမှာပဲ ဟိုမရောက် ဒီမရောက်ဝတ္ထုကိုဆက်ရေးနေတုန်းပဲ။ ဒီလိုနဲ့ သူက ကျွန်တော့်နားလားပြီး သူ့အကြောင်းရေးပါလားလို့ ပြောတော့ ကျွန်တော်လန့်နိုးသွားတယ်။ စိတ်ညစ်ညစ်နဲ့ သီချင်းဖွင့်ဖို့လုပ်နေတုန်း ကျွန်တော်ကြိုက်တဲ့ Disturbed ရဲ့ Down with the sickness သီချင်းနားထောင်နေတုန်း phone လာလို့ သွားကိုင်တော့ အဲ့ဒီလူက သူ့အကြောင်းရေးတဲ့ဝတ္ထု “နှလုံးမဲ တောသား ငမိုက်သား” (ကျွန်တော်ရေးကို မရေးမသေး) ကောင်းလို့ဆိုပြီး အပြည်ပြည်ဆိုင်ရာ လူမိုက်များ စာပေအဖွဲ့မှ “လက်သရမ်းဆုံးစာပေဆု” ချီးမြင့်ကြောင်းပြောတော့ ကျွန်တော် အံ့ဪပြီး Phone ချလိုက်သည်။ ကျွန်တော်ရေးကို မရေးရသေးတဲ့ စာအုပ်အတွက် ဘယ်လိုလုပ်ဆုရသွားလဲ ကျွန်တော်မသိတော့ စိတ်ညစ်ညစ်နဲ့ပဲ မနိုးတော့မယ့် အိပ်ခြင်းနဲ့ပဲ အိပ်ပစ်လိုက်တော့သည်။ ဒီလိုနဲ့ ကျွန်တော့်ရဲ့ ဟိုမရောက် ဒီမရောက်ဝတ္တု ပြီးဆုံးသွားသည်။

8 comments

  • Dakara

    September 27, 2011 at 4:34 pm

    အနုရုဒ္ဒ္ဒဒေဝ(အနော်ရထာမင်းကြီး)ကျွဲခတ်ခံရပြီး နတ်ရွာစံတယ်လို့ပါးစပ်ရာဇဝင်ကြားဘူးပါတယ်။
    ဗန္ဓုလ ကဓနုဖြူမှာဗုံးဆံမှန်ပြီးကွယ်လွန်ပါတယ်။
    ပီမိုးနှင်းက ဆိုက်ကားမဟုတ်ပဲ “စက်ဘီး” တိုက်ခံရပြီး ဆုံးတယ်လို့ဖတ်ဘူးပါကြောင်း။
    (ဟာသအနေနဲ့တမင်တလွဲရေးတာဆိုရင်ဆောရီးပါ)

  • windtalker

    September 27, 2011 at 5:45 pm

    Dakara ပြောတာ အားလုံးမှန်ပါတယ်
    ကိုနှင်းခါး ကြည့်ရတာ
    ရေးချင်ဇော ဆန္ဒမြန်သွားလို ့ထင်ပါတယ်

  • mgmglusoe

    September 27, 2011 at 7:36 pm

    ဟာသအနေ နဲ့ တမင်တစ်လွဲ ရေးတာဆိုရင် မှ ဟိုမရောက်ဒီမရောက်ဖြစ်ပီ ၊ 😛

  • naywoonni

    September 27, 2011 at 8:46 pm

    အများကြီးပဲ …အများကြီး ကိုယ်လိုလူတွေ …. အများကြီး..။ ကိုယ်လည်း ဟိုမရောက်ဒီမရောက်ဝတ္ထုတစ်ပုဒ်ပါပဲ ..။

  • ကြောင်ကြီး

    September 28, 2011 at 7:31 am

    ဟိုမရောက်
    ဒီမရောက်
    ဖတ်ပြီးဂေါက်
    ဂေဇက်ရွာက
    နောက်တယောက်…။

  • etone

    September 28, 2011 at 11:34 am

    ရေးထားတဲ့ ဟို မရောက် ဒီမရောက ်စာလေး ဖတ်လို့ကောင်းပြီး ကြိုက်မိပါတယ် … ။
    ဟိုကနေ ဒီရောက်သွားပေမဲ့ … သူပြောချင်တဲ့ စကားတွေ တသီချင်း ဖွင့်ပြနိုင်ခဲ့တဲ့ မောင်နှင်းခါးကို ကျေးဇူးတင်ပါရဲ့နော် .. ။

  • chitsu

    September 28, 2011 at 2:25 pm

    ဖတ်ရင်းဖတ်ရင်းနဲ့စာတွေကတောင်
    ဟိုမရောက်ဒီမရောက်တောင်ဖြစ်နေသလိုပဲ

  • Shwe Ei

    September 28, 2011 at 2:52 pm

    ဟိုမရောက် ဒီမရောက်ဆိုပီး ရောက်သွားတော့လည်း Rest In Peace တဲ့။ 😛

Leave a Reply