ဘဝဆိုတာ တိုက်ပွဲတဲ့လား….

manawphyulaySeptember 28, 20111min1339


ဘဝဆိုတာ စကတည်းက တိုက်ပွဲတစ်ခု ဆိုတာ တွေ့ရှိလာခဲ့ရတာပါပဲ။ မွေးလာပြီးနောက်ပိုင်း ကျောင်းစတက်ရရင်ပဲ ကျောင်းစာတွေနဲ့ တိုက်ပွဲစခဲ့တာ မသေခင်အဆုံး တောက်လျှောက်လို့ ဆိုလို့ရတာပေါ့နော်။ ငယ်တုန်းကတော့ ဘဝအကြောင်း ဘယ်သိဦးမလဲ။ စားမယ်။ ဆော့မယ်။ သွားမယ်ဆိုတဲ့အတွေးတွေနဲ့ပဲ ဖြတ်သန်းခဲ့ရတာ ၁ဝ တန်းရောက်လာတဲ့အထိပါပဲ။
ဘဝဆိုတာကို ထဲထဲဝင်ဝင်သိလာခဲ့တဲ့အချိန်ကတော့ ၁ဝ တန်းအောင်တဲ့အချိန်လို့ပဲ ပြောရတော့မှာပေါ့။ ၁ဝ တန်းအောင်တော့ အရင်ဆုံး အလုပ်တစ်ခု စလုပ်ခဲ့တယ်။ ကိုယ့်မိသားစုအခြေအနေကို သဘောပေါက်လာပြီဆိုတော့ ကိုယ်ခြေပေါ် ကိုယ်ရပ်နိုင်ဖို့ အရင်ဆုံးစကြိုးစားခဲ့ပါတယ်။ အရင်ဆုံး စလုပ်ခဲ့တာကတော့ မြန်မာဆေးရောင်းတဲ့ဆိုင်တစ်ဆိုင်မှာ လစာ အဲချိန်တုန်းက ၁၈၀ဝ ကျပ်ဆိုတဲ့လစာလေးနဲ့ စပြီး ဝင်ခဲ့ပါတယ်။ အဲမှာ လုပ်ရင် ဆေးအကြောင်းတွေသိခဲ့ရတယ်။ မြန်မာဆေးဆိုင်ဆိုပေမယ့် အင်္ဂလိပ်ဆေးလည်း အနည်းအကျဉ်းရောင်းချပါတယ်။ အဲဒီလိုနဲ့ နောက် ကုမ္ပဏီတစ်ခုမှာ အလုပ်စဝင်ရပါတော့တယ်။ အဲဒီအချိန်တုန်းက လစာ ၃၈၀ဝ ကျပ်နဲ့ စပြီး အလုပ်ဝင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီမှာလုပ်ရင်း ညနေပိုင်း ဆေးခန်းတစ်ခုမှာ ဆေးပေးအကူအဖြစ် ဝင်ရောက်လုပ်ခဲ့ပါသေးတယ်။ ကုမ္ပဏီမှာ လုပ်တော့လည်း ၁ဝ တန်းအောင်ထားရုံနဲ့ ဘာပညာမှရှိသေးတော့ ဘယ်နေရာကနေ စဝင်ရလည်းဆိုတော့ မိတ္တူကူးတဲ့နေရာပေါ့လေ။ အဲဒါကလည်း ပြောတော့သာ လွယ်တာ ဘာမှမတတ်တော့ ၂ ရက်၊ ၃ ရက်လောက် သင်ရသေးတယ်။ ကုမ္ပဏီက သင်တန်းကျောင်းလည်း ဖွင့်ထားသလို ဆော့ဝဲလ်တွေလည်း ရောင်းချတဲ့ကုမ္ပဏီတစ်ခုဆိုတော့ အလုပ်ကတော့ အမြဲလုပ်နေရတယ်။ ကုမ္ပဏီမှာ မလုပ်ခင် ကျောင်းက နေ့ကျောင်းပေါ့လေ။ နောက်ကျတော့ ရက်အကန့်အသတ်မရှိ ပိတ်လိုက်တော့ မိသားစုစီးပွားရေးအခြေအနေအရ အလုပ်ဝင်လုပ်မယ်ဆိုပြီး အဝေးသင်ပြောင်းယူခဲ့တယ်။ အထက်တန်းတုန်းက သူငယ်ချင်းတွေနဲ့ ဒေးမှာ တူတူဆိုတော့ ပြောင်းလိုက်တာကိုတော့ မပြောတော့ဘူး။ သူတို့က နေ့ကျောင်းမှာ ဆက်တက်ချင် တက်မှာလို့ တွေးမိပြီး ဒါနဲ့ အလုပ်က နှစ်ခုလုပ်ဖြစ်ခဲ့တယ်။

မနက်ပိုင်း ကုမ္ပဏီမှာလုပ်ပြီး ညနေပိုင်း ကလေးဆေးခန်းတစ်ခုမှာ ဆေးပေး ဗာဟီရအလုပ်ကို လုပ်ခဲ့တယ်။ ဆေးခန်းစလုပ်လုပ်ခြင်းဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ တစ်ခါဖူးမှလည်း အတွေ့အကြုံမရှိတာရယ်။ မလုပ်ခဲ့ဖူးတာကြောင့် စလုပ်ခါစက အဖျားတိုင်းတာတောင် မကြည့်တတ်ဘူး။ နောက် ပေါင်ချိန်ရင်လည်း ဘယ်နှပေါင်ဆိုတာရယ် လည်မလည်ဆိုတာရယ်ကို မခွဲခြားတတ်ဘူး။ အစမှာတော့ နည်းနည်းဒုက္ခရောက်တာပေါ့လေ။ ဒါပေမယ့် တစ်လလောက်ကြာတော့ ဒါတွေလည်း သိသွားပြီး လုပ်တတ်လာသလို ဆရာဝန်ဆေးစာလည်း ကောင်းကောင်းနားလည် သဘောပေါက်ဖတ်တတ်လာတယ်။ ပုံမှန် နေ့အလုပ်ကပြန်ရင် ဆေးခန်းက တန်းသွားရသေးတာမဟုတ်ဘူး။ အရင်ဆုံး ဆေးခန်းအတွက် လိုအပ်မယ့် ဆေးပစ္စည်းတွေကို ဗိုလ်ချုပ်ဈေးသစ်မှာ ဝင်ဝယ်ရတယ်။ ဈေးဆိုတဲ့အတိုင်း တစ်ဆိုင်နဲ့တစ်ဆိုင် ဈေးနှုန်းကလည်း မတူဘူး။ ဒီတော့ ဘယ်ဆိုင်က ဘယ်လိုဆေးမျိုးဆို ဘယ်ဈေးယူတယ်ကအစ လေ့လာမှတ်သားပြီး နောက် ဆက်ဆံရေးကောင်းတဲ့ဆိုင်တွေနဲ့ ဆေးကိုလည်း အမှန်တကယ်ဈေး ဟုတ်မဟုတ် ဒါတွေလည်း တဖြည်းဖြည်းနဲ့ ကြည့်ပြီး ကိုယ့်ဘာသာ စီစဉ်ဝယ်ရတယ်။ ဆေးခန်းပိုင်ရှင်က အရင်တုန်းကတော့ ဆရာဝန်ကိုယ်တိုင်ပေါ့လေ။ နောက်မှ ဆရာဝန်က နယ်မှာတာဝန်ထမ်းဆောင်တော့ သူ့ညီမက တာဝန်ယူလွှဲယူတော့ လိုအပ်တာတွေအကုန် ကိုယ်ပဲဝယ်ပြီး ဆေးခန်းကို တက်သုတ်ပြေးရတယ်။ ပြီးတော့မှ ဆေးခန်းရောက်ဖွင့်၊ နောက် လူနာထိုင်ဖို့ ခုံတွေထုတ် သန့်ရှင်းရေးလုပ်၊ ဆရာဝန်လာရင် အဆင်သင့်ဖြစ်အောင် ရေနွေးကြို စတဲ့ အလုပ်တွေလည်း တောက်လျှောက်လုပ်ပေါ့။ အဲ ဆရာဝန်မလာခင်မှာ လူနာလာတော့ လိုအပ်တာတွေ ကြိုလုပ်ရတယ်။ တစ်ခါတလေ အဖျားကြီးတဲ့ ကလေးလာရင်လည်း အဖျားကျအောင် အရင်လုပ်ပေးထားရတယ်။ ဆရာဝန်လာတော့ တုံကင်နံပါတ် အစဉ်လိုက်ကိုလည်းခေါ်ရသေးတယ်။ ဒီကြားထဲ အရေးပေါ်လာတဲ့ ကလေးတွေရှိရင်လည်း ရောက်နေတဲ့တုံကင်နံပါတ်က လူနာရှင်ကို ခဏတောင်းပန်ရတယ်။ အဲဒီအချိန်ထဲက မိဘတွေဟာ သားသမီးတွေအတွက် မွေးပြီးထဲက အမြဲဂရုစိုက် စိုးရိမ်ပူပန်တတ်ပါလားလို့ နားလည်မိတယ်။ ကလေးဆေးခန်းဆိုတော့လည်း စိတ်ရှည်ရတယ်၊ သည်းခံရတယ်ပေါ့လေ။ ဒီကြားထဲ ဆေးခန်းလာပြတာတွေက ချမ်းသာလို့ လာပြကြတာမှမဟုတ်တာ ကိုယ့်ကလေး နေမကောင်းလို့ အရမ်းအသည်းအသန်ဖြစ်လို့ မရှိမဲ့ ရှိမဲ့နဲ့ လာပြတဲ့သူတွေ၊ တချို့ဆိုက်ကားနင်းစားတဲ့သူတွေ၊ တစ်နေ့လုပ်မှတစ်နေ့မိသားစုအတွက် ရှာနိုင် ဖွေနိုင် လက်လုပ်လက်စားတွေများကိုး။ နောက်တစ်ချက်က လူနာရှင်တွေက သားသမီးဇောကြောင့် စိုးရိမ်ပူပန်ပြိး ဖြစ်စဉ်တွေပြောနေတာ မပြီးတော့တဲ့ မိဘတွေကိုလည်း ကြုံရသေးတယ်။ နောက်လူနာတွေကတော့ စောင့်ရရှာတယ်။ ဒီလိုကြရ် ဆရာဝန်က ပြန်ပြောလေ့ရှိတဲ့ စကားရှိသေးတယ်။ ဆရာဝန်(အပျိုကြီး)က ရှင့်တို့မှာ သားသမီးတစ်ယောက်ထဲအတွက်ပဲ ပူပန်ရတယ်။ ကျွန်မက သားသမီး(ဆေးရုံ၊ ဆေးခန်းလူနာများ) အများကြီးအတွက် အမြဲပူပန်ရတယ်ဆိုတာ တွေးကြည့်ပေးပါ။ နောက်လူနာကို အလှည့်ပေးဖို့ အာပေါက်အောင် ပြောရတဲ့ လူနာမိခင်တွေလည်း ကြုံရတယ်။ တစ်ခါတလေ ဆင်းရဲတဲ့မိဘတွေကလည်း သားသမီးလေး နည်းနည်းသက်သာပြီဆိုရင် ဆေးခန်းကို ပြန်မလာချင်ကြတော့ဘူး။ အဲဒီလို ဆင်းရဲတဲ့ လက်လုပ်လက်စားမိဘတွေကို တစ်ခါပြပြီး နောက်ရက်မလာပြမှာစိုးလို့ ကျွန်မက တိတ်တ်မှာရသေးတယ်။ ဆရာဝန်ရှိချိန်လာရင် စမ်းသပ်ခကို သူတို့ မတတ်နိုင်ကြဘူးလေ ဒီတော့ ကျွန်မက သက်သာတယ်ဆိုရင် ဆရာဝန်မလာခင် ဆေးစာအုပ်နဲ့ လာခဲ့ရမယ်လို့ သေသေချာချာ မှာရသေးတယ်။ ဆေးထပ်ယူမှ ကလေး ဆေးပတ်လှည်မှာဆိုတာလည်း ရှင်းပြရသေးတယ်။ ဒွကြောင့်လည်း တစ်ခါတလေ အရေးကြီးလို့ ဆိုက်ကားစီးတဲ့အခါတွေမှာ ဆိုက်ကားခမယူတဲ့သူနဲ့လည်း ကြုံရတယ်။ ကျွန်မက ပေးတော့ ကျွန်တော် ဘယ်ကလေးရဲ့အဖေပါ ဆရာမရယ် မပေးပါနဲ့ သားလေးက ခု ဆရာမတို့ဆေးခန်းမှာ ပြပြီးထဲက ဒေါင်ဒေါင်မြည်ပဲလို့ပြောတဲ့သူလည်း တွေ့လို့ မနည်းစွ်ပေးခဲ့ရတာလည်း ရှိခဲ့တယ်။ နောက်ပိုင်း ဆေးခန်းမလာဖြစ်ရင်လည်း လမ်းတွေ့ရင် ကျွန်တော့်သား/သမီး အသက်ဘယ်လောက် သံချချင်လို့ ဘယ်လိုတိုက်ရမလဲ မေးတဲ့သူကလည်း ရှိရ့။ ဒီလိုနဲ့ ဘဝဆိုတာ ဘယ်လိုလဲလို့ စဉ်းစားစရာမလိုအောင် အလုပ်နှစ်ခုနဲ့ လည်ပတ်လာရင်း အဝေးသင်က ကျောင်းတက်ဖို့ ခေါ်စာ ကျလာခဲ့ပါတော့တယ်။
ဆက်ရန်

9 comments

  • ကြောင်ကြီး

    September 28, 2011 at 10:18 am

    မနေmရယ် အဲလိုငြီးကြေးဆို ကြောင်ကြီးလည်း ဘဝရှင်သန်ရေးအတွက် ကြွက်၊ ငါး၊ ငှက် (မြေ၊ ရေ၊ လေ) ဖမ်းယူစားသောက်တဲ့ အလုပ်မျိုးစုံ လုပ်ဖူးပါတယ်ကွယ်။ ဒါနဲ့ ကြောင်ကြီး အသဲနှလုံး ခြောက်သွေ့နေလို့ (အရက်သောက်လို့ အသည်းခြောက်တာ မဟုတ်ပါ) စိတ်ဖြူဖြူသန့်သန့် ရှိမယ်ဆိုရင် ရောဂါပျောက်မယ်တဲ့၊ မနောသိရင် ဆေးအညွှန်းပေးပါအုံး။ 😳

  • ရွှေဘိုသား

    September 28, 2011 at 11:13 am

    ကိုကြောင်တကယ်မသိလို.လား မမ မနောတော. သိမလားမပြောတတ်ဘူး
    ကျနော်ကတော. မသိဘူးဗျ တစ်ခုတော.ပြောလိုက်မယ် ရေသောက်လိုက်လေ အသည်းပြန်စိုလာလိမ်.မယ်

  • နီလေး

    September 28, 2011 at 11:17 am

    မမ မနော အားပေးနေမယ်နော် ဘဝဆိုတာတိုက်ပွဲ သိပ်မှန်တာပဲနော် အလုပ်ထဲမှာလဲ ဖိုက်နေရတယ် ဖိုက်ဖိုက် နေရာတကာမှာဖိုက်နေရလို့ အမောဖောက်လာလို့ အမောပြေဆေးလေးပေးပါဦး မမ မနောရေ

  • windtalker

    September 28, 2011 at 11:25 am

    အင်း..
    မနောစာဖတ်ပြီးတော့
    တစ်ချိန်တုန်းက
    မနောဟာ
    ဆေးတွေပေး
    ဆေးတွေစပ် ဟပ်တည့်ခဲ့တဲ့
    ကွန်ပေါင်ဒါ တစ်ယောက်
    အဖြစ်
    ဘဝဇါတ်ခုံပေါ်မှာ
    လှုပ်ရှား
    ရုန်းကန်ခဲ့တာပါကလား
    ဆိုတာ သိသွားပါတယ်

    • manawphyulay

      September 28, 2011 at 11:37 am

      အင်း သဘောကတော့ အင်္ဂါနံနဲ့ အကျိုးပေးလာခဲ့တာ ခုမှပဲ သိတော့တယ် မောင်လေးရေ…. အဲဒီအင်္ဂါနံကလည်း နောက်ပိုင်းပြောမယ် ဘဝပိုင်းတွေမှာလည်း အင်္ဂါနံအကျိုးဆက်လေးတွေပါပဲ။
      ခုလည်း အင်္ဂါနံပါတဲ့သူ… အဲလေ ပေါ်ကုန်တော့မယ် ပြောသေးဘူးနော်… 😛

      • windtalker

        September 28, 2011 at 12:01 pm

        လုပ်ပါဂျ
        ဘာလဲ
        ၃ တစ်လုံး
        ပစ်လိုက်ရမှာလား
        ညှင်းညှင်း

      • Dakara

        September 28, 2011 at 2:35 pm

        ဝင်းတော်လကာကမောင်လေး?
        အင်း……………………….. လေး……………..ဆယ် …………………….လား နီးပါးလား?
        စဉ်းစားစရာ

  • chitsu

    September 28, 2011 at 1:06 pm

    သီချင်းတောင်ရှိသေးတယ်လေ……….ဘဝဘဝဘဝဒီလိုပဲဒီလိုအမြဲတဲ့
    ဘဝအကြောင်းကိုသေချာမသိသေးပေမယ့်
    အခုတော့နားလည်သင့်သလောက်နားလည်နေပါပြီ
    တိုက်ပွဲပါ

  • GreeNSheeP

    September 28, 2011 at 2:55 pm

    ဘဝ ဆိုတာ တိုက်ပွဲလားတော့ မသိဘူး
    အိမ်ထောင်ရှင် အမျိုးသားတွေ ရဲ ့ အပြောကတော့
    ခဲမ ဆိုတာ လိုက်ပွဲ ပဲတဲ့
    ခဲအို ရှိတဲ့ အမျိုးမသီး များ မှတ်ကြကုန် ။

Leave a Reply