မှန်ကန်စွာ ရွေးချယ်ခြင်း

manawphyulaySeptember 29, 20111min1439


လူသားတစ်ယောက်သည် မွေးဖွားသည့်အချိန်မှစပြီး ရွေးချယ်၍ ရနိုင်သည့်အရာနှင့် ရွေးချယ်၍ မရနိုင်သည့် အရာတို့က တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာသည်ဟု ဆိုနိုင်ပါသည်။ ရွေးချယ်၍
မရနိုင်သော အရာကတော့ လူတစ်ယောက်ရဲ့ ရုပ်ရည်အဆင်းသဏ္ဌာန်ပင်ဖြစ်ပါသည်။ မည်သူမဆို ရုပ်ရည်ရူပကာ လှပချင်ပါသော်လည်း ထိုမိမိမွေးရာပါ အကောင်း ပကတိရုပ်ရည်ရူပကာအား ရွေးချယ်ပိုင်ခွင့်မရှိချေ။ တချို့က ပြောကြမည် ပလတ်စတစ်ဆာဂျီ လုပ်ရင် ရတာပဲလို့ ဆိုချင်ဆိုကြမည်။ ထိုကြောင့် အကောင်းပကတိလို့ သုံးနှုန်းထားခြင်းဖြစ်ပါသည်။ မိခင် ဖခင်တို့၏ မျိုးရိုးဗီဇအရ အသားအရေ မည်းခြင်း၊ ဖြူခြင်းရှိနိုင်သည်။ သို့သော် ရုပ်ဆင်းရူပကာမှာ လှချင်မှ လှမည်၊ ရုပ်ဆိုးချင်လည်း ဆိုးနိုင်ပေသည်။ မည်သည့်နည်းနှင့်မျှ ရွေးချယ်၍ မရနိုင်ချေ။ ကိုယ်လက်အင်္ဂါ မပြည့်မစုံနှင့် မွေးဖွားလာသည့်ကလေးများပင် အနမတဂ္ဂရှိပေသည်။
တစ်ဖန် ရုပ်ဆင်းရူပကာလှသည့် ကလေးဖြစ်စေ၊ မလှသည့်ဖြစ်စေ ထိုကလေးအဖို့ တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ သူ၏ ဘဝအောင်မြင်မှုအတွက် ရွေးချယ်ပိုင်ခွင့်များက
အလိုအလျောက် ရရှိပြီး ဖြစ်ပေသည်။ ရုပ်ရည်အဆင်းသဏ္ဌာန် လှပတိုင်းလည်း အနုပညာဘက်တွင် သရုပ်ဆောင်ကောင်းဖြစ်ကောင်းမှ ဖြစ်နိုင်သလို ရုပ်ရည်အဆင်း မလှပသော်လည်း အဘက်ဘက်တွင် အောင်မြင်နေသူများ တစ်ပုံတစ်ပင်ရှိနေပါသည်။ ဒါကြောင့် အောင်မြင်မှုရရှိဖို့ရန် ရွေးချယ်မှန်ကန်ဖို့ လွန်စွာ လိုအပ်လှပေသည်။

တချို့ကလေးများ ငယ်ရာက ကြီးလာစဉ်တွင် မိဘများရဲ့ ပုံစံခွက်အတိုင်း ဒါလုပ်ဆိုတဲ့ မိဘများရဲ့ စေခိုင်းချက်ကြောင့်သာ မိမိဆန္ဒမပါဘဲ လုပ်ကိုင်မှုနဲ့သာ ရှေ့ဆက်သွားကြမည်ဆိုလျှင် အောင်မြင်ဖို့ရန် အလွန်ဝေးကွာလှပေသည်။ မိဘစကားနားမထောင်ဖို့ ဆိုလိုခြင်းမဟုတ်ပါ။ ကိုယ့်ရဲ့ စိတ်သဘောသဘာဝမပါပဲ မည်သည့်အလုပ် မည်သည့်လမ်းကြောင်းကို ရွေးချယ်မိလျှင် ကိုယ်ဖြတ်သန်းရမည့် တက်လမ်းအတွက် အောင်မြင်မှုပန်းတိုင်ကို ရောက်ရှိမည်ဟု မထင်မိပါ။ မိဘများက ဖြစ်စေချင်သည့် စေတနာကိုလည်း အပြစ်မတင်သင့်ချေ။ လူတိုင်းလူတိုင်းမှာ
ရွေးချယ်ပိုင်းခွင့်တွေ ကိုယ်စီရှိသည်။ ကျွန်မတို့ရဲ့ ရွေးချယ်ပိုင်ခွင့်တွေသည်လည်း ကျွန်မတို့လက်ထဲတွင်ပင် ရှိသည်။ သူခိုး၊ ဓားပြဖြစ်နိုင်သည့်လမ်းကို ရွေးမလား၊ ရွေးနိုင်သည်။ အဓိကကတော့ လမ်းကြောင်းမှန်ရွေးချယ်နိုင်ဖို့သာ လိုပါသည်။ မြတ်စွာဘုရား လက်ထက်တွင် အဇာတသတ်မင်းသားသည် ရွေးချယ်မှုလွဲ၍ ဒေဝဒတ်နှင့်အပေါင်းမှားပြီး အဖေကိုသတ်သည့် အကျိုးဆက်များ ဖြစ်ပေါ်ခဲ့သည်။ ရွေးချယ်သည့် အယူဝါဒလွဲမှားမှုကြောင့် သည်ဘဝတွင်သာမက နောင်ဘဝ အဆက်ဆက် အပယ်သို့လားခဲ့မည်မှာ တွေးကြည့်ပါက အလွန်ကြောက်စရာကောင်းလှပါသည်။
လူတစ်ယောက်အား လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ပေးသင့်သည်။ အောင်မြင်မှုဆိုသည် ကာယကံရှင်၏ ရွေးချယ်မှုအပေါ် ကြိုးစားအားထုတ်မှုရှိပါက မလွဲမသွေရနိုင်သော အရာဖြစ်သည်ဟု ယုံကြည်လာမည်သာဖြစ်သည်။ ဘဝအောင်မြင်မှုအတွက် ကာယကံရှင်ကသာ အဆုံးအဖြတ်ပေးနိုင်ပေသည်။ ဥပမာ ကျွန်မသည် ကိုယ်သွားချင်သောလမ်း၊ လျှောက်ချင်သောနေရာကို ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ မရောက်ရောက်အောင် သွားနေသော လူသားတစ်ယောက်သာ ဖြစ်ပါသည်။ လမ်းခရီးဘယ်လောက်ပင် ကြမ်းတမ်းပါစေ တစ်နေ့ဖြစ်ရမည်ဆိုသည့် အသိစိတ်ကို နှလုံးမူပြီး
ဘယ်သူတွေဘာတွေပြောပြော ပြုံးမပျက်ပဲ ရှေ့ဆက်လျှောက်လှမ်းနေဆဲဖြစ်သည်။ ဖြစ်ချင်သည့်ဆန္ဒ ဖြစ်လာမည့် အနာဂတ် ရည်ရွယ်မျှော်မှန်းရင်း ကိုယ်တိုင်ရွေးချယ်ခဲ့သည့် လမ်းအတွက်
အရင်ဆုံး ခံစားရသည်ကတော့ စိတ်ချမ်းသာမှုပင် ဖြစ်ပါသည်။ သူများ ဒါလုပ်လို့ လိုက်လုပ်တာထက် ကိုယ်တိုင်စိတ်ဝင်စားမှုနဲ့ ကိုယ်တိုင်ဆုံးဖြတ်ချက် မှန်ကန်ဖို့ အလွန်ပင်အရေးကြီးပါသည်။

တိုတောင်းလှသော ရရှိလာသည့် ဘဝအတွင်း စိတ်ချမ်းသာမှုသည် ဘယ်အရာများနဲ့မှ ကျွန်မအတွက် မလဲလှယ်နိုင်ချေ။ ကိုယ်တိုင်ဖြစ်မြောက်အောင် လုပ်ဆောင်သည့်အရာများသည်
ကျွန်မအတွက်တော့ ကြည်နူးပီတိကို ခံစားရပါသည်။ ကျွန်မအတွက်တော့ အောင်မြင်မှုထိပ်ဆုံးကို မရောက်ရှိသေးပေမယ့် ကိုယ်ရဲ့အောင်မြင်မှု ပန်းတိုင်ကို မြင်ယောင်ရင်း ကိုယ်လျှောက်သည့်လမ်း
ဆူးခင်းလမ်းပင် ဖြစ်နေပါစေ ဆက်လက်လျှောက်လှမ်းနေမည် ဖြစ်ပါသည်။ အများအကျိုးသယ်ပိုး ထမ်းဆောင်ရင်း သွားချင်သည့်လမ်းကို အရောက်သွားမည်လို့ ကျွန်မ၏စိတ်ထဲတွင် စွဲမြဲစွာ မှတ်ကျောက်တင်ထားမိပါသည်။
ကျွန်မ ပြောချင်သည်က လူတစ်ယောက်တွင် ဘဝတစ်ခုလုံးအတွက် လျှောက်လှမ်းနိုင်သည့် လမ်းတွေ အများကြီးရှိသည်။ ယင်းလမ်းတွေ အများကြီးအတွင်းမှာ ကိုယ်နှင့် အလိုက်ဖက် အသင့်လျော်ဆုံး လမ်းကို ရွေးချယ်နိုင်ရပေမည်။

ဘယ်လမ်းကို ရွေးချယ်မလဲ

“သည်လမ်းကို သည်ပန်းနှင့်
သည်ခရီးကို သည်ထီးနှင့်” ဆိုသလို
လိုက်ဖက်ညီသည့် အခြေအနေ ရွေးချယ်တတ်ရန်မှာ ကာယကံရှင်၏အပေါ်တွင်သာ မူတည်ပေသည်။ ကံ၊ ဉာဏ်၊ ဝိရိယ ဆိုတဲ့စကားအတိုင်း ကံကိုပဲယုံပြီး ဘာမှမလုပ်ရင်လည်း ဖြစ်လာမှာမဟုတ်သလို ဉာဏ်ကိုပဲ အားကိုးလို့လည်း မရနိုင်ပါဘူး။ အောင်မြင်မှုကိုလိုချင်ရင် ဒီသုံးချက်နဲ့လည်း ကိုက်ညီအောင် ကျင့်ကြံနေထိုင်သွားဖို့လည်း လိုအပ်လှပါသည်။ ရွေးချယ်မှု မှန်ကန်ပြီး
ကြိုးစားအားထုတ်မှုလည်းရှိပါမှ အောင်မြင်မှုဟူသည် မိမိ၏ လက်အတွင်းဝယ် ဆုပ်ကိုင်မိမည်မှာ အသေအချာပင် ဖြစ်ပါတော့သည်။

မနောဖြူလေး

9 comments

  • blackchaw

    September 29, 2011 at 12:47 pm

    လူတွေဟာ အဖေနဲ့ အမေ ကို ရွေးခြယ်လို့ မရဘူးတဲ့။
    ညီကိုမောင်နှမတွေကို ရွေးခြယ်လို့မရဘူးတဲ့။
    တစ်ကယ်တမ်း သေသေခြာခြာ စဉ်းစားကြည့်တော့
    ကျွန်တော်တို့မှာ ရွေးခြယ်ခွင့် များများစားစား မရှိပါ။
    ကိုယ်ဘာလိုချင်လည်း ဆိုတာ သေသေချာချာ သိရင်တောင် ရွေးခြယ်ခွင့်ရှိပါရဲ့လား။
    လူတစ်ယောက် ဘဝတစ်မျိုး ဖြစ်တဲ့အတွက် အဓိပ္ပါယ်ဖွင့်ဆိုမှု ကလည်း
    အမျိုးမျိုးဖြစ်နေမှာပါ။ ဘဝဆိုတာ ခပ်ညံ့ညံ့ စားဖိုမှူးတစ်ယောက်ချက်တဲ့ ဟင်းလိုပဲ
    တစ်ခါချက် အရသာတစ်မျိုးဖြစ်နေဦးမှာပါ။

    • manawphyulay

      December 6, 2011 at 4:23 pm

      ရွေးချယ်လို့မရတဲ့အရာကိုတော့ မရွေးချယ်နဲ့ပေါ့ရှင်။ ရွေးချယ်ခွင့်ရတဲ့အရာတွေကိုတော့ သေသေချာချာ ပိုပြီး ရွေးချယ်တော့ ကောင်းတာပေါ့နော်။

      • inz@ghi

        December 6, 2011 at 4:54 pm

        မိဘကို ရွေးချယ်လို့ မရဘူး.. ဟုတ်ပီ
        ယောက္ခမ ကိုတော့ ရွေးချယ်လို့ရတယ်…
        ချမ်းသာတဲ့ ယောက္ခမ ပဲ ရွေးမယ် ဒါဗျဲ…..
        😛

        သားမက်တော်ချင်သူရှိပါက ပီအမ် ပို့ကြပါကုန်
        ခစ်ခစ်..

        • manawphyulay

          December 6, 2011 at 5:03 pm

          အဲဒါတော့ တာမီးလည်း တိဝူးနော်…. တာမီးကျောတာ အဲဒါပါဝူးလေ…:P

  • Shwe Tike Soe

    September 29, 2011 at 1:11 pm

    မှန်လိုက်တာ မမနောရယ်
    “တိုတောင်းလှသော ရရှိလာသည့် ဘဝအတွင်း စိတ်ချမ်းသာမှုသည် ဘယ်အရာများနဲ့မှ ကျွန်မအတွက် မလဲလှယ်နိုင်ချေ။ ”
    အဲဒီစာသားလေး ကို ကျွန်တော်လဲ လက်ကိုင်ထားတယ်… ဟုတ်တယ် အစ်မပြောသလိုပဲ ကိုယ်လုပ်ချင်တာလုပ် ကိုယ်ဖြစ်ကိုယ်ခံ ဘယ်သူမှ မကောင်းမကြံနဲ. လုပ်ချင်တာ လုပ်သူများမထိခိုက်မနစ်နာစေနဲ.လေနော့….
    ဘဝမှာ ကိုယ်သာလျှင်ကံ ကိုယ်သာလျှင် အားကိုးရာပါဗျာ….
    မမနောလဲ ကိုယ်ခံယူချက်ကို ဆုပ်ကိုင်ရင် အောင်မြင်တဲ့ဘဝလမ်းကို အဆုံးထိလျှောက်လှမ်းနိုင်ပါစေ…

  • MOEPWINTPHYU

    September 29, 2011 at 1:38 pm

    မိုးပွင်တောလေ
    ဘယ်အလုပ်ပဲဆိုဆို မှန်မှန်မဆုံးဖြတ်နိုင်မှာအရမ်းကြောက်တယ် အဆုံးအဖြတ်မှားရင်တဘဝလုံးပြင်လိုမရတဲအမှားတွေဖြစ်သွားမှာဆိုးလို
    ဘုရားရှိခိုးတိုင်းဆုတောင်တယ် မှန်ကန်စွားဆုံးဖြတ်နိုင်တဲသူဖြစ်ပါစေလို….

  • chitsu

    September 29, 2011 at 2:11 pm

    ဘုရားပေးနဲ့အတိုင်းပေါ့…………..
    (ကံ၊ ဉာဏ်၊ ဝိရိယ ဆိုတဲ့စကားအတိုင်း ကံကိုပဲယုံပြီး ဘာမှမလုပ်ရင်လည်း ဖြစ်လာမှာမဟုတ်သလို ဉာဏ်ကိုပဲ အားကိုးလို့လည်း မရနိုင်ပါဘူး။ အောင်မြင်မှုကိုလိုချင်ရင် ဒီသုံးချက်နဲ့လည်း ကိုက်ညီအောင် ကျင့်ကြံနေထိုင်သွားဖို့လည်း လိုအပ်လှပါသည်။ ရွေးချယ်မှု မှန်ကန်ပြီး
    ကြိုးစားအားထုတ်မှုလည်းရှိပါမှ အောင်မြင်မှုဟူသည် မိမိ၏ လက်အတွင်းဝယ် ဆုပ်ကိုင်မိမည်မှာ အသေအချာပင် ဖြစ်ပါတော့သည်။)TRUTH

  • True Answer

    December 6, 2011 at 4:34 pm

    ပို့စ်လေးအတွက် ကျေးဇူးပါပဲ မနောလေးရေ…

    မှန်ကန်တဲ့ရွေးချယ်မှုအတွက်-
    လွတ်လပ်စွာ ဆုံးဖြတ်တတ်မှု လိုအပ်ပါတယ်….
    လွတ်လပ်စွာ ဆုံးဖြတ်နိုင်ဖို့..အတွက်…..
    မိမိအနှောင်အဖွဲ့ များအပေါ် အဟုတ်ထင် ငြိတွယ်မှု ကင်းဖို့လိုပါတယ်…..
    အဟုတ်ထင်ငြိတွယ်မှု ကင်းဖို့အတွက်….မှန်ကန်တဲ့ နားလည်မှုလိုအပ်ပါတယ်။
    မှန်ကန်တဲ့ နားလည်မှုအတွက်….တော့ ……..??????

  • htet way

    December 6, 2011 at 8:04 pm

    ဘဝမှာ မှန်ကန်အောင် မရွေးချယ်သူဟာကျွှန်တော်ပါပဲ
    လမ်းကြောင်းမှန်မရွေးတတ်သူဆိုကျွှန်တော်ပါ
    အများအကျိုးဆောင်ရွက်ရင်း သွားချင်သည့်လမ်းကိုသွားနေပါသည့်တဲ့
    တော်လိုက်တာ…. ဒီကောင်စိတ်ချမ်းသာမူကို ဆုတခုလို မက်မောခဲ့ရသည်
    မရခဲ့ ခုထိမရခဲ့ ထက်ပြီးဝေးခဲ့ရသည်။လမ်းကြောင်းမှန်ကို ရွေးခဲ့ပါသည်
    ညံ့လွန်းလို့ ကိုယ်မှန်တယ် ထင်တဲ့ လမ်းက အခြားလူအတွက် အမှားဖြစ်နေသည်
    ကိုယ်ဟာ လမ်းရွေးမှားတဲ့ ရထားပါ ။သုံးသပ်မူလွဲချော်တဲ့ လူပါ
    ဆောင်းပါးလေးကခွန်အားဖြစ်လိုက်တာဗျာ။ကြိုးစားမူနှင့်အောင်မြင်မူ ဒွန်တွဲနေသည်တဲ့
    ဆရာမကြီးဒေါ်မနောဖြူခင်ဗျား ဆောင်းပါးကောင်းလေးအတွက်ကျေးဇူးပါ။ကိုယ်နှင့် အသင့်
    တော်ဆုံး အလိုက်ဖက်ဆုံးလမ်းကို ကျွန်ေတော် ရွေးပါတော့မယ်ခင်ဗျား။

Leave a Reply