ငါး

ငွက္ကေလးSeptember 29, 20111min876

လေးထောင့်မှန်ပုံးထဲတွင် ငါးကလေးများကူးခတ်နေကြသည်။ ထို့ကြောင့် ကမာ္ဘကြီးလုံးနေမှန်း သူတို့သိမည် မထင်ပါ။ ခြေလေးချောင်းသတ္တဝါများနှင့် တောင်ပံပါသောငှက်များ အကြောင်းကိုလည်း သူတို့ယောင်လို့တောင် စဉ်းစားမိကြလိမ့်မည် မဟုတ်။ မိုးမျှော်တိုက်ကြီးများနှင့် ကားတဝီဝီအကြား၊ စိမ်းလန်းသော တောင်တန်းကြီးများ နှင့် နေရှိန်ပြင်းသည့် ကနာ္တရတို့ကိုလည်း သူတို့အလည်အပတ်ရောက်ရှိရန် ဖြစ်နိုင်မည်မထင်ပါ။ ဤသည်မှာ ကျွန်တော်၏ အိမ်တွင် မွေးထားသောငါးကလေးများ အကြောင်းဖြစ်ပါသည်။ သူတို့သည် အဓိပ္ပာယ်မဲ့သော လုပ်ရပ်အချို့ကိုလည်း တစ်ခါတစ်ရံလုပ်တက်သေးသည်။ ကန်ရေလဲရန်အကြံ နှင့် သူတို့ကိုပုံးထဲထဲ့ရန် ဖမ်းသောအခါ အမြဲထွက်ပြေးနေတက်သည်။ ငါးဖမ်းဇကာလေးထဲမှလည်း တစ်ခါတစ်လေ ခုန်ခုန်ထွက်တက် သေးသည်။ ခုန်ထွက်လို့ကြမ်းပြင်ပေါ်ကျလျှင် ခေါင်းမူးပြီး အီစလံဝေရုံသာ ရှိမည်ကို ၎င်းတို့တွေးမိကြ ဟန်မတူချေ။ သူတို့သည် အိမ်ဧည့်ခန်းထဲတွင် အလှပြရုံ၊ အဖျော်ဖြေခံ သက်သက်မျှသာဖြစ်သည်။ သူတို့သည် ပညာသင်၍စာကျက်ရန်မလိုသလို၊ တီထွင်ကြံစမှု့ပြုရန်လည်း တာဝန်မရှိပါ။ ကမာ္ဘကြီးကိုကယ်တင်ရန် မလိုသလို၊ ပလတ်စတစ်အိတ် လျှော့ချသုံးစွဲရန်လည်း တာဝန်မရှိပါ။ သူတို့၏အလုပ်မှာ လှပစွာကူးခတ် ၍ လူလာလျှင် ချစ်စဖွယ် အသွင်အပြင်နှင့် အစာတောင်းရန်မျှသာဖြစ်သည်။

……………………………………………

ကျွန်တော်သူတို့ကို ရေသားပြင်ကျယ်ကြီးဆီ ခေါ်သွားပြချင်သည်။ မင်းတို့လို မလှပပေမဲ့ ရေအောက်လောက အကြောင်း အတော်အတန်သိသည့် ငါးခူ၊ ငါရံ့တို့လို ငါးရုပ်ဆိုးများရှိနေကြောင်းသိစေချင်သည်။ အစားအစာ ဆိုသည်မှာလူလုပ်ငါးစာစေ့များသာ မဟုတ်ပဲ ရေညှိ၊ ရေမှော်များလည်းပါဝင်ကြောင်း ပြောပြချင်သည်။ ရေမျက်နှာပြင်ထက်မှ ထွက်ပေါ်လာသော စူးရှလင်းလက်သည့် နေရောင်ခြည်တန်းများအကြား လှလှပပ ကူးခတ်ဖူးကြစေချင်သည်။ တိမ်စိုင်များနှင့် လမင်းကြီး၏အရိပ်အယောင်တို့အကြား ရေယက်များဖြန့်၍ ကူးခတ်ကြစေချင်သည်။ အရောင်အသွေးစုံလင်သော အခြားအလှပဂေးငါးကလေးများနှင့် လည်းမိတ်ဆွေ ဖြစ်ခွင့်ရစေချင်သည်။ ၎င်းငါးလေးများနှင့်အတူ သနာ္တကျောက်တန်းများနှင့် အခြားရေအောက်ကမာ္ဘ၏ ပျော်ပွဲဖွဲ့ရာ နေရာများသို့ လွတ်လွတ်လပ်လပ် သွားရောက်လည်ပတ်စေလိုသည်။ ငါးဖမ်းဇကာထဲမှ ခုန်ထွက်တက်သောသူတို့ ရေမျက်နှာပြင်ထက်တွင် စိတ်ကြိုက် အားပါးတရ ခုန်ပေါက် မြူးထူးစေလိုသည်။ ကျွန်တော်၏အယူအဆက သတ္တဝါတိုင်းလွတ်လပ်စွာ ရှင်သန်ခွင့်ရသင့်သည်ဟုထင်မှတ်သည်။

ဤတွင် ကျွန်တော့်အဖေနှင့် ကျွန်တော်သဘောထားကွဲလွဲသွားသည်။ သူကမွေးကထဲက မှန်ပုံးထဲနေရသော၊ ပုဇွန်တစ်ကောင်လောက်မျှ ဦးနှောက်မရှိသော ငါးကလေးများ၏ ဘေးအန္တရာယ်ကိုစိုးရိမ်သည်။ အခြား ငါးကောင်ကြီးများက သူတို့အားဒုက္ခပေးလိမ့်မည်ဟု တွေးတောသည်။ နေ့စဉ် မပူမပင် တစ်နေ့သုံးလေးကြိမ်မျှ ငါးစာစေ့များကို အသင့်စားနေရာမှ ကိုယ်တိုင်အစာရှာစားကြရမည့် သူတို့၏အဖြစ်ကို ကြောင့်ကြဟန်တူသည်။ လျှပ်စစ်ဖြင့် ထုတ်လွှတ်သော လေပူဖောင်းလေးများအကြား ကူးခတ်နေရာမှ ညစ်စုတ်စုတ် ရေအိုင်ထဲ ရွှံ့နွံများအကြား ကူးခတ်ကြရမည့် အဖြစ်ကိုလည်း သနားပြန်သည်။ သူတို့ကဲ့သို့ ပြင်ပအသိဉာဏ်နည်းပါးသော ငါးငတိလေးများအတွက် ရေအောက်ကမာ္ဘကြီးက စောင့်ကြိုနေသော အန္တရာယ်ပေါင်းသောင်းခြောက်ထောင် အတွက်လည်း ပူပင်သေးသည်။ ကျောက်တုံးများအကြား ပုန်းအောင်း အိပ်စက်ရမည့် မီးရောင်မရှိသည့် အမှောင်ညများ ကိုလည်းသူတို့အားမပိုင်ဆိုင်စေချင်။ သူ၏အယူအဆက အလှမွေးငါးများသည် ဖန်ပုံးထဲ တွင်အလှပြရုံသက်သက်မျှသာ သင့်တော်သည်ဟု သတ်မှတ်ထားသည်။

………………………………………….

သူငယ်ချင်းတစ်ယောက်က ပြောဖူးသည်။ “မင်းဘဝကငါးလိုပဲ” “ကိုယ့်ရဲ့ရေကန်လေးကိုပဲ ကမာ္ဘတစ်ခုလို့ သတ်မှတ်မထားနဲ့။ တစ်နေ့နေ့ ကန်အပြင်ရောင်ရင် တိုင်ပတ်လိမ့်မယ်” ဟုဆိုသည်။ ဖြစ်နိုင်ပါသည်၊ ကျွန်တော်သည်လည်း အများအားဖြင့် နံရံများအကြားတွင်သာ ရှင်သန်ပါသည်။ သို့သော် ငါးတစ်ကောင် လိုတော့ နေရာတိုင်းရေပြင်ကျယ်ကြီးအဖြစ် ထင်မှတ်မနေပါ။ ပြတင်းပေါက်က ကြည့်ရင်းဘဝမျိုးစုံ ကျင်လည်နေတာ ကျွန်တော်သိပါသည်။ လမ်းမထက်တွင် ပရာဒိုစီးနေကြသူများနှင့် ယှဉ်လျှက် ဆိုက်ကား နင်းနေကြသူများရှိတာ ကျွန်တော်တွေ့ပါသည်။ ရွှေဆိုင်များတွင် လူတိုးနေသလို၊ မုန့်ဟင်းခါးဆိုင်လေးများ လည်းရောင်းကောင်းနေကြတာ ကျွန်တော်မြင်သည်။ အလှူအတန်းပြုသူများနှင့် ပရဟိတလုပ်ငန်း များရှိသလို၊ လောင်းကစားဒိုင်များလည်း အစဉ်ချောနေကြပြန်ပါသည်။ သို့သော် နံရံ၏ ဟိုတစ်ဖက်ခြမ်းသို့ ကျွန်တော် မထွက်မိသဖြင့် ဘာလို့ ပရာဒိုစီးတာ၊ ဆိုက်ကားနင်းတာ၊ ရွှေဝယ်တာ၊ မုန့်ဟင်းခါးရောင်းတာ၊ အလှူလုပ်တာ၊ ဘောလုံပွဲလောင်းတာ၊ ဆိုတာတွေတော့ လုံးလုံးမသိပြန်ပါ။ ထို့ပြင် ကျွန်တော်၏ အိမ်ပတ်ဝန်းကျင်တွင် နေကြသူတော်တော်များများ ၏အမည်နာမများကိုလည်း ကျွန်တော်မသိချေ။

ဤကဲ့သို့ ပြင်ပအသိဉာဏ်နည်းပါးသော ငတိလေးတစ်ယောက်အား ကမာ္ဘလောကကြီးက ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် စောင့်မျှော်နေမည်လား မပြောတက်။ ငါးခူကဲ့သို နှုတ်ခမ်းမွေးနှင့် လူကြီးများကို ကြောက်သင့်မကြောက်သင့် မစဉ်းစားတက်ပါ။ ငါးများငါးစာစေ့များကို အဆင်သင့်စားသလို အသင့်ချက်ထားသော ထမင်းအိုးထဲကထမင်းကို အလွယ်တကူ ခူးခပ်စားနေရာမှ၊ ကိုယ်တိုင် ချက်စားရမည့်တစ်နေ့ကို ကြုံတွေ့ရသည့်အခါ ဘယ်လိုဖြေရှင်းရမလဲ မသိသေးပြန်။ ပိုက်ဆံအိတ်ထဲကို ပိုက်ဆံအဆင်သင့် ထည့်ပေးမယ့်သူမရှိတဲ့အခါ၊ ထမင်းအိုးကြီး ပျောက်ဆုံးသွားသောအခါ၊ မီးရောင်များထွန်းလင်း မနေတော့သည့်အခါ၊ အခက်အခဲများကို တစ်ယောက်ထဲရင်ဆိုင် ဖြေရှင်းရသည့်အခါ၊ ညစဉ်ညတိုင်း အိမ်စက်အနားယူစရာ၊ ကျွန်တော်၏ ကုတင်နှင့်မွေ့ယာကြီးပျောက်ဆုံးသွားသောအခါ၊ ပတ်လည်ဝိုင်းနေသော နံရံကြီးများ ပျောက်ဆုံးသွားသောအခါ၊ နောက်ဆုံး ကျွန်တော်ရင်းနှီးကျွမ်းဝင်၍ ခင်တွင်လျှက်ရှိသော ကျွန်တော်၏ပတ်ဝန်းကျင်ကြီး မရှိတော့သည့်အခါ……

ကျွန်တော်အမှန်တကယ်ပင် တိုင်ပတ်ပါလိမ့်မည်………!!!!

…ငှက်ငယ်…

www.blogpieces.blog.com

6 comments

  • Hinata

    September 30, 2011 at 5:21 am

    မှန်ကန်ထဲကငါးလိုပဲခံစားခဲ.ရဖူးပါတယ်။တစ်နေ.နေ.ကန်အပြင်ရောက်ရင်တိုင်ပတ်လိမ်.မယ်ဆိုသလိုပဲ
    ကန်ပြင်ရောက်မှာကိုလဲကြောက်နေခဲ.ဖူးပါတယ်။ဒါပေမယ်.ခုတော.ကန်ပြင်မှာပဲရောက်နေခဲ.ပါပြီ
    ။ကြောက်စရာကောင်းတဲ.ငါးကြီးတွေနဲ.လဲတွေ.ခဲ.ရပါပြီ။ငါးစားချခြင်းရဲ.နောက်ကွယ်က ငါးမျှားချိတ်ကိုမမြင်ခဲ.တာလဲအကြိမ်ကြိမ်ပါပဲ။ဒါပေမယ်.ခုတော.တိုင်မပတ်အောင်ကြိုးစားရင်း
    ရှင်သန်နေပါတယ်ရှင်။
    စာရေးသူရဲ.အတွေးကိုတကယ်ပဲနှစ်ခြိုက်မိပါတယ်။ကျေးဇူးလဲတင်ပါတယ်။

  • ကြောင်ကြီး

    September 30, 2011 at 9:21 am

    သနားစရာ
    အလှမွေးကန်ထဲက
    ငါးလေးရယ်
    မကြောက်ပါနဲ့
    အပြင်ကို
    ခုန်ထွက်ခဲ့ပါ၊
    တိုင်မပတ်စေရ
    အကျမနာ
    ဘဝသာအောင်
    ကျားဆရာကြောင်
    အဝမှာ
    စောင့်နေတယ်။

    ရေထဲက
    ငါးအကြောင်းရေး
    တွေးရင်းတွေးရင်း
    တိုင်ပတ်ပြေး

  • Shwe Ei

    September 30, 2011 at 11:47 am

    တိုင်ပတ်မှာတော့ မစိုးရိမ်ပါနဲ့။ လူဆိုတာ စားစရာမရှိလို့ အငတ်ခံပီးသေမဲ့ သတ်တဝါ မဟုတ်သလို၊ ကိုယ့်ဝမ်းကို မကျောင်းနိုင်လောက်အောင် ဉာဏ်တုံးနေတဲ့ သတ်တဝါလဲ မဟုတ်တဲ့အတွက် သူ့အရပ်နဲ့ သူ့ဇာတ်လိုက်ဖက်ညီအောင် ကတတ်သွားမှာပါဘဲ။ အကောင်းဖြစ်မလား အဆိုးဖြစ်မလားကတော့ ကာယကံရှင်ရဲ့ စဉ်းစားတွေးခေါ်နိုင်မှုပေါ်မှာ မူတည်တာပေါ့လေ။

  • windtalker

    October 3, 2011 at 1:41 pm

    တိုင်မပတ်အောင်
    အပိုင် ကပ်ထား
    မန်းတလေးဂေဇက် ရွာသား

  • ရွာစားကျော်

    May 18, 2012 at 8:23 pm

    တခါတလေတော့လည်း
    လေးထောင့်ကန်လေး အပြင်ဘက်ကို
    မျှော်မှန်းပီး ကြည့်ရတာ ပင်ပန်းတယ်ဗျာ..
    ဒီတော့ ..
    သက်သာသလောက်သက်သာပါစေတော့..
    ကိုယ့်ကမ္ဘာနံရံလေးဘက်ကြားမှာပဲ..
    ဖြစ်သလို ပျော်မွေ့နေချင်တော့တာဘဲ

Leave a Reply