ဒီတပတ် ပိတ်ရက်က ရည်ရွယ်မထားပဲ ဂျန်းရှင်းမော်တင် ကို ရောက်သွားပါတယ် အိမ်နဲ့ဝေးလို့ ရောက်ခဲပါတယ် ဒီတစ်ခါရောက်တာ ( ၃ ) ကြိမ်မြောက်ပါ ပထမနှစ်ကြိမ် က ဂျန်းရှင်းမော်တင် ကို သွားမယ်ဆိုပြီး ရည်ရွယ်သွားကြတာ ရုပ်ရှင်ကြည့်မယ်ဆိုတဲ့ စိတ်ကူးလဲပါတယ်

လူပျိုဘ၀က ခဏခဏ ကြည့်ဖြစ်ပေမဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်း မလှည့်နိုင်တာကြာပြီ အသစ်ဖွင့်တဲ့ ဈေးဝယ်စင်တာ သွားရင်း မီနီသီရေတာ ဆိုတာတွေရဲ့ အရသာလေးစမ်းကြည့်မယ်ပေါ့ ပထမအကြိမ်က “မိုးညအိပ်မက်မြူ” ဒုတိယက သက်မွန်မြင့်ပါတဲ့ “ အာဒမ် ဧ၀ ဒသ ” ကား နှစ်ခါလုံး မကြည့်ဖြစ်လိုက်ဘူး အခုတစ်ခါကျတော့ သွားတာက တစ်နေရာ နီးနေတာနဲ့ တစ်ခါထဲ ဂျန်းရှင်းမော်တင် ကို ၀င်ဖြစ်သွားတယ် ဒီတစ်ခါတော့ ရည်ရွယ်မထားပဲ ရုပ်ရှင် ကြည့်ဖြစ်လိုက်တယ် လောကကြီးက တစ်ခါတစ်ခါတော့ ရီစရာကောင်းရဲ့ လုပ်ချင်ပါတယ် လုပ်ပါမယ် ဆိုပေမဲ့ လုပ်ခွင့်မရဘူး မျှော်လင့်မထားတော့မှ လုပ်ခွင့်ရချင် ရတတ်တာရယ်……

ပြနေတာက ရုံ-၁ မှာ “ Pirates of the Carribian” ရယ် ရုံ-၂ မှာ “ အငိုမျက်လုံး အပြုံးမျက်နှာ” ဆိုတဲ့ နှစ်ကား မြန်မာကားမှာ ဒါရိုက်တာ၊ဇာတ်ညွှန်း၊မင်းသားက မင်းအုပ်စိုး၊ မင်းအုပ်စိုး ကားရယ်လို့ တစ်ခါမှ မကြည့်ဘူးပေမဲ့ ဒီလူက လူစိတ်ဝင်စား အောင် ၊ပွဲဆူအောင် လုပ်တတ်တဲ့ သူ ( အယ်ဒီတာအလုပ်ကို မိန်းကလေး ၁၀ တန်းအောင်ရန် မလို ဆိုပြီး ခေါ်လို့ ဂျာနယ်တွေမှာ ပွဲဆူသွားသေးတယ်) ၊ ထူးထူးဆန်းဆန်း စကားလုံးတွေနဲ့ ကြော်ငြာတတ်တဲ့သူ ဆိုတာတော့ သိတယ်

ဟိုတစ်ကားက ကြည့်ဘူးပြီးသားမို့ မြန်မာကားကြည့်ဘို့ ရွေးဖြစ်လိုက်တယ် ၊ အရင်ဆုံး လက်မှတ်ဝယ်တော့ ကွန်ပျူတာမှာ ထိုင်ခုံတွေပြထားတဲ့ထဲက ကိုယ်ကြိုက်တဲ့ ခုံလက်ညှိုးထိုးပြီး ဒီခုံယူမယ်လို့ ပြောလို့ရတာလေး သဘောကျမိတယ် တခြားရုံတွေမှာတော့ ရုံရှေ့က လက်မှတ်မှောင်ခိုတွေ ဆီကပဲ ၀ယ်ကြည့်ရတာကို လက်မှတ်ခက ၁၅၀၀၊၂၀၀၀၊၂၅၀၀ နဲ့ နောက်ဆုံး နှစ်ယောက်တွဲက ၆၅၀၀ မို့ မိသားစုလိုက် ခဏခဏ ကြည့်ဘို့တော့ မလွယ်ဘူး (ဖွင့်ရက် ဆိုရင်တော့ ဈေးသက်သာတယ်) ၊

အထဲရောက်တော့ အဲယားကွန်းကလဲ အေး ခုံလေးတွေက သပ်သပ်ရပ်ရပ်နဲ့ဆိုတော့ ဒါလဲမဆိုးဘူး ဒီလောက်တော့ ပေးရမှာပေါ့လို့လဲ တွေးမိပါတယ် ကလေးဘ၀က ကြည့်ခဲ့ရတဲ့ ငါးမူး၊တစ်ကျပ်ခုံတွေကတော့ ကြမ်းပိုးလဲထိုး သေးစော်လဲနံ ဆိုတာမျိုးပဲ …. ရုံထဲမှာ

ခုံ ၂၄၀ လောက်ရှိပေမဲ့ အဲဒီပွဲမှာတော့ လူကြီး ၂၇ ယောက်နဲ့ ကလေး ၅ ယောက်လောက်ပဲ ရှိတယ် ကလေးတွေက ငြိမ်လို့ တော်သေးတယ် ကလေးတွေ ငိုကျ ဂျီကျ ကျနဲ့ ဆို အာရုံနောက်ရော ၊ အဲ ကလေးတွေကြောင့် အာရုံမနောက်ရပေမဲ့ ကြော်ငြာတွေကြောင့်တော့ အာရုံနောက်တယ် တီဗီက အလကားလွှင့်ပေးတဲ့ ဇာတ်ကား ကောင်းလေး တွေ ကြည့်မိလို့ ကြော်ငြာကြည့်ရတာ လက်ခံလို့ ရသေးတယ် ရုပ်ရှင်ရုံမှာက ပိုက်ဆံလဲ ပေးရသေး မျက်စေ့ နောက်စရာ တွေကို စာအုပ်လို ကျော်မရ တီဗီလို့ ပိတ်မရနဲ့ သည်းခံပြီးတော့ ၁၅ မိနစ်လောက် ကြည့်လိုက်ရတယ် ကုန်ပစ္စည်း တစ်ခုထဲကို ၂ ခါ ၃ ခါ လာတာတော့ အဆိုးဆုံးပဲ နောက်တစ်ခု ဆိုးတာက ရုံကျဉ်းကျဉ်းလေးကို အသံက တော်တော်ဆူတာပဲ တောက စကားနဲ့ ပြောရရင် လော်ကြီးရှေ့တည့်တည့်ထိုင်နေရသလိုပဲ ငါတို့ရုံရဲ့ အသံစနစ်က ဒေါ်လှဘီကွ လို့ ကြွားချင်တာလားတော့ မသိပါဘူး

ကြော်ငြာပြီးတော့ နောက်ပြမဲ့ ဇာတ်ကား နမူနာလေးတွေပြတယ် ၊ ကျွန်တော်က ရုပ်ရှင်ဝေဖန်ရေးသမား မဟုတ်ပေမဲ့ မြင်ရတာ တွေးမိတာလေးတွေ တော့ ပရိသတ်တစ်ယောက်အနေနဲ့ အားနာနာနဲ့ ပြောချင်ပါတယ် နမူနာပြတာ တစ်ခုက “ဖလန်းဖလန်းဖြစ်တဲ့အချစ် ” ၊ ဟာသကားတွေ ရိုက်နေကြ ဒါရိုက်တာ မင်းသား မင်းသမီးတွေပါပဲ ၊ မြန်မာ မှာ “ ဟော့ရှော့” ဆိုတဲ့ ကားပေါက်ဖူးတယ် မကြည့်လိုက်ရဘူး “ ဟော့ရှော့ -၂ ” ဆိုတာ ထပ်ထွက်တော့ ကြည့်ဖြစ်တယ် လာကြည့်တဲ့ လူတွေက အများကြီးမို့ တော်တော်ကောင်းမှာလို့လဲ မျှော်လင့်ထားတယ် အင်း မျှော်လင့်ထားတဲ့အတိုင်းလဲ ကောင်းပါတယ် စိတ်ပျက်ဘို့ တ၀က်လောက်နဲ့ ပြန်ထွက်လာဖြစ်တယ် ပွင့် လို ထူးခြားတဲ့ သရုပ်ဆောင်မျိုးနဲ့ လိုတာထက်ပိုတဲ့ အမူအယာတွေနဲ့လုပ်ပြ ဘာဇာတ်လမ်းမှ မရှိ ဘာရည်ရွယ်ချက်မှ မရှိ သမိန်ပေါသွတ် ကာတွန်းဖတ်သလောက်တောင် မရီရဘူးလို့ပြောရမယ် အခု ဖလန်းဖလန်း လဲ ဒီပုတ်ထဲက ဒီပဲ ဘဲ ကုလားလိုဝတ် ဟို က ဒီ က လုပ် ပွင့်လို လူကောင်ကြီးကြီးက လူကောင်သေးသေးနဲ့တွဲပြ ပြီး ဟာသလုပ် သူတို့ကြွေးကြော်ကြတာက ပြည်သူတွေရဲ့ ဘ၀အမောတွေ ပြေအောင် ပေါ့ပေါ့ပါးပါး ရီရအောင်ပါတဲ့ ပေါ့တာကတော့ အပေါ့လွန်ပြီး ဘာမှ ကို အရသာ မရှိတော့ဘူး ဂျာနယ်တွေမှာ ပြောတယ် ကလိထိုးပြီး ရီခိုင်းနေကြတယ်တဲ့ ကျွန်တော်မြင်တာကတော့ သာမန်ကလိထိုးရင် ထွက်ပြေးမှာစိုးလို့ ကြိုးတုတ်ပြီးမှ ကလိထိုးသလိုပဲ ကြာတော့ သူတို့ထိုးတာက မယားပဲ နာလာတယ် ၊ နောက်ကြည့်တဲ့သူတွေကို အထင်သေးတာလဲ ပါမယ် လူတွေ က ပညာနိမ့်တယ် အတွေးအခေါ်နိမ့်တယ် မြင့်မြင့်လုပ်လို့မရဘူး လို့ ယူဆထားပုံရတယ် နောက်ဆုံး တကယ်နိမ့်တယ် ဆိုရင်တောင် အနုပညာရှင်ဆိုတာ ပရိသတ်အပေါ် စေတနာထားရမယ် ပရိတ်သတ် အလိုမလိုက်ပဲ ကောင်းတဲ့လမ်းကို စိတ်ဝင်စားပြီး လိုက်လာအောင် ဆွဲခေါ်ရမယ် ….

နိုင်ငံတော်အလံလာတဲ့အချိန်မှာတော့ အီးဒုံ ပို့စ် လေးကို သွားသတိရတယ် သူတို့ကြည့်ခဲ့တဲ့ ရုံနဲ့ ငါတို့ကြည့်တဲ့ ရုံ မတူပေမဲ့ အလံကတော့ အတူတူပါပဲလို့လေ.. အလံကတော့ နောက်ပြောင်းထားတဲ့ အလံ ၊ အလံသေးသေးတစ်ခုကို တိုင်မှာချည် ပန်ကာနဲ့မှုတ် ပြီးတော့မှ နောက်ကကောင်းကင်တစ်ခုမှာ ပြန်ထပ်ထားတယ် အလံပြောင်းတာ မကြာသေးတော့ ရိုက်ထားတာလဲ မကြာလောက်သေးဘူး ဒါပေမဲ့ မှုန်ဝါးဝါး ခန့်ညားထယ်ဝါမှုမရှိ တကယ်ဆို နိုင်ငံတော်အလံ ကို တွေ့လိုက်ရတဲ့အချိန် နိုင်ငံတော် သီချင်းကို ကြားလိုက်ရတဲ့ အချိန်မှာ အားလုံး က စိတ်ဓါတ်တွေ တက်ကြွ၊ မျိုးချစ်စိတ်တွေ တဖွားဖွားပေါ်လာပြီး တပြိုင်နက်တည်း ၀ုန်း ကနဲ နေအောင် ထပြီး အလေးအမြတ်ပြုရမှာ အခုတော့ မတ်တပ်ရပ်တဲ့သူ ၇ ယောက် မပြည့်ဘူး အဲဒီ ၇ ယောက် မပြည့်တာမှာ တ၀က်လောက်က သီချင်းမပြီးခင် ပြန်ထိုင်လိုက်ကြတယ် နိုင်ငံတော်အလံကို အရိုအသေပေးတာ အလေးအမြတ်ပြုရတာကို ရှက်စရာလို့များ မြင်နေသလားမသိ

ကျွန်တော့်ရှေ့က တစ်ယောက်က လုပ်သေးတယ် “ငါက ၈၈ ပြီးကတဲက အလံအလေး မပြုတော့တာတဲ့” ၊ ဘာမှ မဆိုင်ဘူး အုပ်ချုပ်နေတဲ့ အစိုးရကို မကြိုက်ရင် မကြိုက်တဲ့အကြောင်းပြော နည်းလမ်းတကျ ဆန့်ကျင် ရတယ် … အလံအလေးပြုတာ အစိုးရကို အလေးပြုတာမဟုတ်ဘူး ၊ကျွန်တော်တို့ ရဲ့ လွတ်လပ်မှု အချုပ်အခြာပိုင်မှုကို ဂုဏ်ယူတာ နိုင်ငံတော်ကို အလေးအမြတ်ပြုတာ ၊ အစိုးရဆိုတာတော့ တဖွဲ့ပြီး တဖွဲ့ ပြောင်းနေမှာပဲ ကြိုက်ချင်ကြိုက် မကြိုက်ချင်နေ ရတယ် ဘယ်အစိုးရတက်တက် ကိုယ့်နိုင်ငံရဲ့ ဖြစ်တည်မှုအတွက် ဂုဏ်ယူတတ်ရမယ် ချစ်မြတ်နိုးတတ်ရမယ် ဒီလို ကိုယ့်နိုင်ငံအလံကို တလူလူလွှင့်နိုင်အောင် အလေးအမြတ်ပြုနိုင်အောင် ကျွန်တော်တို့ရဲ့ ဘိုးဘွားဘီဘင် တွေ ဘယ်လောက်ပေးဆပ်ခဲ့ရလဲ ဒါတွေကို မေ့ပစ်လိုက်လို့မရဘူး

အခုဆို ပါလက်စတိုင်း ဒီအခွင့်အရေးမျိုးရဘို့ ကြိုးစားရတဲ့ နှစ်တွေမနဲဘူး ပေးဆပ်ရတာတွေအများကြီး အခုထိ အလှမ်းဝေးတုန်းပဲ ရှိသေးတယ် ၊ ဒါက ပြည်သူအပိုင်း အုပ်ချုပ်တဲ့ အစိုးရမင်းများ အပိုင်းကလည်း ဒီလောက် အရုပ်ထွက်တွေ အသံတွေကောင်းအောင် ရိုက်လို့ရတဲ့ခေတ်ကြီးမှာ ဆိုဒ်ပြည့်ဂိုက်ပြည့် အလံနဲ့ အရုပ်တွေ အသံတွေကောင်းအောင် သေသေချာချာရိုက် နိုင်ငံတော် တီးဝိုင်းကြီးနဲ့ ကြားရတဲ့သူ ကြက်သီးမွေးညှင်း ထသွားရလောက်အောင် တီးလိုက်စမ်းပါ ၊ နိုင်ငံတော်ကို ချစ်ဘို့ အလံအလေးပြုဘို့ဆိုတာတွေက ဥပေဒေ ပြဌာန်းရုံနဲ့ ရတာမဟုတ်ဘူး ရင်ထဲအသဲထဲ ကကို ချစ်လာအောင် လုပ်မှ ရမှာ The Voice မှာ အခန်းဆက်ဖော်ပြဘူးတဲ့ စင်ကာပူ အကြောင်းရေးထားတဲ့ ဆောင်းပါးတပုဒ်ထဲ စင်ကာပူ အမျိုးသားနေ့ အခမ်းအနားမှာ စင်ကာပူအလံကိုလဲတွေ့ရော ကျောင်းသားလေးတွေက ဟေး လို့ တပြိုင်တည်းအော်ပြီး မတ်တတ်ရပ် အရိုအသေးပေးကြတယ်တဲ့ ၊ ဒါမျိုးလုပ်ရမယ်လို့လဲ သင်မထားဘူး လုပ်ပါလို့လဲ မခိုင်းဘူး သူတို့လေးတွေရဲ့ ရင်ထဲက အလိုအလျှောက်ဖြစ်လာတဲ့ ဆန္ဒ ၊ အဲဒါမျိုး ဖြစ်နေအောင် အစိုးရက လုပ်ရမှာ ကိုယ့်ပြည်သူတွေကို အမှန်တကယ် တိုင်းပြည်ချစ်အောင်မှ မလုပ်တတ်ရင် မလုပ်နိုင်ရင် ဘယ်လိုလုပ်ရမလဲ မသိရင် အစိုးရလုပ် မအုပ်ချုပ်သင့်ဘူး ၊ရုပ်ရှင်ရုံထဲမှာ ထိုင်စဉ်းစားနေတာတွေ များသွားပြီးလာတောင် မသိ ဒီကိစ္စကတော့ ပြောချင်နေတာ ကြာပါပြီ အခုမှာ စုပြောဖြစ်သွားလို့ပါ ….

ရုပ်ရှင် မပြခင်( မြန်မာလို) ကြေငြာပေးတာ တစ်ခုရှိတယ် လက်ကိုင်ဖုံးတွေပါရင် ဖုံးသံပိတ်ထားပေးပါ ဆိုတာ ၊ တကယ် ဆို ဒီကိစ္စမျိုးက ပြောစရာတောင် မလိုပါဘူး အလိုလိုသိနေရမှာ အများပြည်သူနဲ့ဆိုင်တဲ့ နေရာမှာ ကိုယ့်ကြောင့် ပတ်ဝန်းကျင် အနှောက်အယှက် မဖြစ်သင့်ဘူးဆိုတာ လူ့အခြေခံကျင့်ဝတ်ပါ ဒါပေမဲ့ဗျာ ဖုံးသံတွေက ၃၊၄ ခါလောက် ထွက်လာသေးတယ် အော်ကြီးဟစ်ကျယ် မပြောလို့တော့ တော်သေးရဲ့ Silent လုပ်နည်း မသိလို့လဲ ဖြစ်မယ်ထင်ပါတယ် ၊ တချို့ကတော့ လူထူထူ ဆို ဖုံးကြီးထုတ်ပြီး ပတ်ဝန်းကျင်ကြားအောင် အော်အော်ပြောသေးရဲ့ ဒီလိုလုပ်တာ သူတို့ရဲ့ အဆင့်အတန်းကို ဖော်ပြနေတယ်ဆိုတာကိုရော သိမှ သိပါလေစ..

တွေးမိတာလေးတွေနဲ့ အတူ ဇာတ်ကားလေးအကြောင်း နဲနဲပြောကြည့်ရအောင် အနုပညာချစ်တဲ့ ယဉ်ကျေးမှုကို မြတ်နိုးတဲ့ မိဘမဲ့မောင်နှမ (မင်းအုပ်စိုးနဲ့ လင်းဇာနည်ဇော်) ရယ် ဇတ်အဖွဲ့ တစ်ခုအကြောင်းပေါ့ ကားထဲမှာတော့ ပါဝင်သူတွေ အားလုံးရဲ့ ကြိုးစားအားထုတ်မှုကို မြင်ရပါတယ် လင်းဇာနည်ဇော် ကတော့ အကောင်းဆုံးပဲ သူလဲ မြင်ကွင်းကနေ ပျောက်နေတာ ကြာလှပြီ ပြန်ပေါ်လာတဲ့ အချိန်မှာ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ် လူရွှင်တော်အဖွဲ့ကတော့ သမ္ဘာရင့် ၀ါရင့်တွေဆိုတော့ ပြောစရာကို မလိုပါဘူး မင်းအုပ်စိုးက ရွာစားကျော်နေရာမှာ သရုပ်ဆောင်တာ သိပ်အံမ၀င်သလိုပုံမျိုး တောင့်တောင့်ကြီးဖြစ်နေတာ၊ ဇာတ်ဆရာဘေးက ဘာအလုပ်မှ မရှိတဲ့ ဇာတ်မန်နေဂျာရဲ့ ပြူးပြူးပြာပြာ လုပ်ပြတာ ၊ ပြသနာတက်တော့ ရဲတွေ ချက်ချင်းရောက်လာတာ (ကားဝယ်ပြီးရင် ရော်ဘာခြံကို သွားကြည့်မဲ့သူက ပြသနာတက်တော့ ရောက်လာတဲ့ ရဲ ရဲ့ တံဆိပ်က စစ်ကိုင်း မုံရွာဘက်က ဖြစ်နေတာ လဲ နဲနဲတော့ ..)၊ ရန်ဖြစ်ခါနီး သဘာဝထက် ပိုနေတဲ့ သရုပ်ဆောင်မှုလေးတွေ ရယ်ကလွဲပြီး တကားလုံးခြုံကြည့်ရင် လက်ခံလို့ရတယ် ကြည့်လို့ကောင်းတယ် ပြောရမယ်ထင်ပါတယ် အဲ ပျော်ချင် ရီချင်သူတွေအတွက်တော့ မကိုက်ဘူးပြောရမယ်  ပြန်ထွက်လာတော့ တော်တော်များများ မျက်လုံးလေးတွေ နီနေကြတာကို …..

ဇာက်ကားက အသံပိုင်းကောင်းပေမဲ့ ရုပ်ကတော့ တုန်လိုက် ကောင်းလိုက်ပဲ ကလေးဘ၀က မောင်နှမ နှစ်ယောက် ဆိုင်းတီးလိုက် ကလိုက် အခန်းဆို နောက်ခံသီချင်းလေးရော သရုပ်ဆောင်တာရော သဘောကျမိပေမဲ့ အဲဒီအချိန် တုန်တာက အဆိုးဆုံးပဲ အခုဆို မြန်မာပြည်မှာလဲ ကင်မရာကောင်းကောင်းတွေ ရှိနေပြီပဲဟာ ကောင်းကောင်းလေးတော့ ရိုက်စေချင်ပါတယ်… ရုပ်ရှင်ကြည့်နေရင်းနဲ့ ကြာလာတော့ တော်တော်အေးလာတယ် နွေရာသီ၊ ရုံလူပြည့်ဆိုရင်တော့ အတော်ပဲနေမှာ အခုဟာ လူကလဲနဲ ၊အပြင်မှာ ရာသီဥတုကလဲ မိုးဖွားဖွားဆိုတော့ အေးရုံတောင်မဟုတ်ပဲ ချမ်းတောင် ချမ်းလာတယ် ကိစ္စတစ်ခုကို တရားသေ မလုပ်ပဲ အခြေအနေ အချိန်အခါကြည့်ပြီး တာဝန်ရှိသူတွေက အမြဲကြည့် လိုက်လျောညီထွေ ဖြစ်အောင် လုပ်ပေးသင့်တယ် အသံကျယ်တာမျိုးရောပေါ့

ဒါပေမဲ့ အဆင်မပြေတာ နဲနဲက လွဲလို့ ရုပ်ရှင်ရုံအနေနဲ့ရော ရုပ်ရှင်ကား အနေနဲ့ရော လာကြည့်ရတာ ပိုက်ဆံကုန်ရတာ တန်တယ်လို့တော့ ပြောလို့ရပါတယ်..

ဒါက ရုပ်ရှင်ရုံထဲမှာ တွေးမိတာလေးတွေ ကို ရွာသားအချင်းချင်း ပြောပြမိတာ ၊ပြောပြပြီးတော့မှ ရွာသားတွေရော ဒါလေးဖတ်ပြီး ဘာတွေးမိလဲ သိချင်လာပြန်ရော….

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ