ခွေးကြီးရမ်ဘို်ကို ကယ်တင်ခြင်း

moonpoemSeptember 29, 20111min1237

ကျွန်မ ငယ်ငယ်ကလေးကတည်းက ခွေးဆိုရင် မကြောက်တတ်ပါဘူး သိပ်ချစ်တာပါ။ အခုချိန်ထိလည်း မြင်မြင်သမျှ ခွေးဝဲစားကနေ
ခွေးလေး ခွေးလတ် ခွေးကြီးတွေကို ပါလာတဲ့ မုန် ့ချကျွေးတုန်းပါပဲ။ မုန် ့ကျွေးတော့ကျွန်မတို ့လမ်းထဲက ခွေးတွေက ကျွန်မကိုမြင်ရင်
တရုန်းရုန်းပါပဲ။ ဒါပေမယ့်လည်းပဲ ကျွန်မ ခွေးချစ်တတ်တဲ့အတွက်ကြောင့် ခွေးတွေဘဝ သာယာလှပ ခဲ့ရသလို ကျွန်မကြောင့်လည်း
ခွေးကြီးတစ်ကောင်ဘဝ နစ်မွန်းလုနီးပါး ဖြစ်ခဲ့ရပါတယ်။
(စကားမစပ် သူငယ်ချင်း ဒီစာကို ဆက်ဖတ်မယ်ဆိုရင် ထမင်းစားပြီးမှ အေးအေးဆေးဆေးဖတ်နော် ကြိုတင်သတိပေးထားတာပါ)
အဲဒီလိုဘဝပျက်မတတ် နစ်မွန်းလုနီးပါး ခွေးကြီး ရဲ ့နာမည်က ရမ်ဘိုဖြစ်ပါတယ်။ခွေးက အညိုရောင်ဖြစ်ပြီး အကောင်ကကြီးလို ့
ကျွန်မက ရမ်ဘို လို ့နာမည်ပေးထားတာပါ။ ကျွန်မ အထက်တန်းကျောင်းသူဘဝက တီဗွီကနေ အခန်းဆက်လာတဲ့ ဇာတ်လမ်းတွဲ
ကားတစ်ကားရှိပါတယ်။ အဲဒီကားထဲမှာ မင်းသမီးက မျက်လုံးမမြင်ရလို ့သွားလေရာ ဟက်ပီဆိုတဲ့ထရိန်နင်ပေးထားတဲ့ ခွေးလေးကို ဆွဲပြီး သွားရတာတဲ့ကားလေ။ အဲဒီဇာတ်ကားကို ကြည့်ပြီး ကျွန်မက မျက်လုံးကောင်းပေမယ့် ခွေးကို ဆွဲပြီး သွားချင်တဲ့စိတ်တွေ
ဖြစ်လာပါတယ်။ ကျွန်မရဲ ့အစမ်းသပ်ခံကတော့ ရမ်ဘိုပါပဲ။ ကျွန်မတို ့အိမ်က ကားလမ်းမဘေးမှာဆိုတော့ ခွေးနဲ ့လမ်းလျှောက်
ထွက်ဖို ့လည်း မလွယ်ဘူး မဟုတ်လား။
ဒါကြောင့် သူငယ်ချင်းတစ်ယောက် ဦးလေး ခြံစိုက်စားတဲ့ နေရာထိ ခွေးကိုခေါ်သွားပြီး
အဲဒီမှာကျမှ လည်ပတ်ကြိုးတပ်ပြီး လမ်းလျှောက်ကြည့်ပါတယ်။ ရမ်ဘိုက တစ်ခါမှလည်း လည်ပတ်အတပ်မခံရဘူးတော့
ရုတ်တရတ်လန် ့ပြီး ထွက်ပြေးပါတယ်။ အရှိန်နဲ ့ပြေးတာလည်းဖြစ်ပြန် ကံကလည်းဆိုးချင်တော့ ခြံရေလောင်းတဲ့သူတွေ၊ ခြံရှင်းတွေသူတွေတက်ဖို ့ထားတဲ့ ကျင်းအိမ်သာကြီးထဲကို ပြုတ်ကျသွားပါတယ်။
ကျင်းအိမ်သာဆိုတာ အားလုံးလည်း သိမှာပါ။အိမ်သာတက်ရင်း အောက်ကို ငုံ ့ကြည့်ရင် ရှေး ပဝေသဏီက အစာဟောင်းတွေရော လက်ရှိစွန် ့တဲ့အစာသစ်တွေကိုရောလောက်တွေ ယင်တွေ တလောင်းလောင်းနဲ ့အိမ်သာမျိုးလေ။ ရမ်ဘိုကြီး တိုက်ပွဲကျသွားတဲ့ အချိန် ကျွန်မလည်း ဘာလုပ်ရမှန်းမသိတော့ အော်ငိုပါတယ်။ ကျွန်မအသံပြဲကြီးနဲ ့အော်ငိုတာကို သူငယ်ချင်း ဦးလေးကြားတော့ လာမေးပါတယ်။ဖြစ်ကြောင်းရယ်ကုန်စင်ရှင်းလင်းပြီးချိန်မှာတော့ ရမ်ဘိုကို ကယ်တင်ဖို ့လုပ်ကြပါတယ်။
ရမ်ဘိုကြီးက ကံကောင်းတာပဲ ပြောရမလားမသိဘူး။ အစာဟောင်းတွေက ကြာတော့ နည်းနည်းမာသွားပုံရတယ်ထင်တယ်။
တစ်ကိုယ်လုံးတော့ ချီးမမွန်းသေးဘူး တစ်ဝက်လောက်မွန်းပြီး ဟောင်နေတယ်။ ခေါင်းကိုပဲ မြင်နေရတော့ ကြိုးကွင်းစွပ်ပြီး
ဆွဲတင်ဖို ့လုပ်ကြပါတယ်။
တော်တော်နဲ ့မမိပေမယ့် ၃ခါလောက်စွပ်တော့ ကြိုးကွင်းနဲ့ ရမ်ဘိုခေါင်းစွပ်မိသွားပါတယ်။ သူငယ်ချင်းဦးလေးတွေနဲ ့
ခြံအလုပ်သမားတွေ ဝိုင်းပြီး ဆွဲကြတော့ ရမ်ဘိုကို ချေးအလူးလူးနဲ ့မိသွားပါတယ်။ မျိုးစုံအရောင်စုံသော ချေးဖတ်တွေ
ကပ်ပြီး နံစော်ပုပ်ဟောင်နေတဲ့ ရမ်ဘိုကို ကျွန်မခွေးချစ်ပေမယ့် ရေတော့ မချိုးပေးချင်တာ အမှန်ပါ။ ဒါပေမယ့်လည်း
ကိုယ်ခေါ်လာတဲ့ခွေးဆိုတော့ မတတ်နိုင်ပါဘူး။ ဦးလေးကြီးကလည်း တွင်းကနေသာ ဆယ်ပေးသွားတာ ရေတော့
သူလည်း လောင်းပေးချင်ပုံ မပေါ်ဘူး။

နောက်ဆုံးတော ့ ကျွန်မပဲ နီးစပ်ရာ ရေတွင်းတစ်ခုကို အို့အို ့ အို ့အို ့နဲ ့ခေါ်သွားပြီး ရေလောင်းပေးပါတယ်။ ခွေးဆိုတာမျိုးက
ရေလောင်းရင် ရေချိုးပေးရင် ခါတတ်တဲ့ အမျိုးမဟုတ်လား။ ဒီတော့ ရမ်ဘိုကြီးလည်း ခါတာပေါ့။ သူ ့ကို တစ်ခါလောင်းပေးလိုက်
သူက ခါလိုက် ဖတ်ခနဲ ့ဆို ဟိုဝါတွေက ကျွန်မကို ကပ်လိုက်နဲ့ ကျွန်မ အန်မတတ်ပါပဲ။
နောက်ဆုံးသန် ့ရှင်းသွားပြီး ကျွန်မ အိမ်ကို ပြန်လာပါတယ်။ ရမ်ဘိုကိုတော့ ခေါ်မလာတော့ပါဘူး။ အိမ်ဝင်တယ်ဆိုရင်ပဲ
တစ်အိမ်လုံးက နင့်နားက နံစော်နေတာပဲ ရမ်ဘိုကြီးရော ဘယ်မလဲတဲ့။ ကျွန်မလေ ရေမြန်မြန်ချိုး ပြီးတော့ ဖြစ်ပျက်သမျှ
အကြောင်း နတ်သံနှောပြီးငိုငိုပြီး ပြောပြတာ ကျွန်မက ငိုပြောလေ အိမ်က မိသားစုတွေက တဟားဟားနဲ ့ရယ်လေပါပဲ။
မမေ ့နိုင်တဲ့ ငယ်ငယ်က အကြောင်းလေးတွေပါပဲ။

7 comments

  • Tony

    September 29, 2011 at 2:05 pm

    “ချီးတွင်းထဲကျတဲ့ ခွေးလေးအား ကယ်တင်ခြင်း” ဆိုပြီးခေါင်းစဉ်းတက်ရမယ်ဗျ။ စိတ်မဆိုးပါနဲ့ စတာပါ။ ခွေးတစ်ကောင်ရဲ့ အသက်ကို ခုလို ကယ်တင်ပေးတာ မွန်မြတ်ပါတယ်ဗျာ။ ဒါနဲ့ ရပ်ကွက်ထဲကလူတွေ ၊ အမရဲ့ခွေးကို ချီးပေးခွေးလို့ ခေါ်ကျသေးလား?

    • moonpoem

      September 29, 2011 at 2:14 pm

      တိုနီရေ ချီးပေခွေးလို ့တော့ မခေါ်ကြပါဘူး ဒါပေမယ့် ရမ်ဘိုက လမ်းထဲမှာတော့ စူပါစတားဖြစ်သွားပါတယ်။ သေကံမရောက် ချီးမကြောက်ဆိုတဲ့ ဘွဲ ့နဲ ့ပါ။

  • zaymdy

    September 29, 2011 at 2:22 pm

    ရမ်ဘိုကြီးကို ဘာလို.ထားခဲ.တာလည်းဗျာ. သနားပါတယ်.. 😛

  • chitsu

    September 29, 2011 at 2:49 pm

    နောက်တော့ရမ်ဘိုဘယ်ရောက်သွားလည်း…………….
    အခုကောခွေးချစ်သေးလားဟင်

  • moonpoem

    September 29, 2011 at 2:58 pm

    အဲဒီတုန်းက အဖြစ်အပျက်က ကျွန်မရဲ ့မွေးရပ်မြေ မန္တလေးမှာဖြစ်ခဲ့တာပါ။ ရမ်ဘိုကို ကြိုးနဲ ့ဆွဲတင်တုန်းက လည်ပင်းအစ်တဲ့ဒဏ်တွေကြောင့်ထင်ပါရဲ ့ နေတော့ သိပ်ကောင်းပုံမရတော့ဘူး။ အခုချိန်ထိတော့ ခွေးအိုကြီးဘဝနဲ ့အသက်ရှိနေဆဲလို့ကျွန်မအိမ်ပြန်ရင် မိသားစုကပြောပြပါတယ်။ အခုရန်ကုန်မှာလည်း ခွေးချစ်တုန်းပါပဲ။ဒါပေမယ့် မစမ်းသပ်တော့ပါဘူး။

  • etone

    September 29, 2011 at 3:40 pm

    အဟီး … မျက်စိထဲ မြင်ယောင်ကြည့်တာ .. အတော် ရယ်ရတယ်နော် … 😛
    ကိုယ်ချင်းစာပါတယ် …. သူတို့ကို ရေချိုးပေးလျှင် ခါတဲ့ အခါ ပြန်စင်ခံရတဲ့ ဒုက္ခကို … 😛 😛
    ခွေးကြီးကို အိမ်ပြန်မခေါ်တော့ပဲ ဘယ်နား သွားထားခဲ့လဲဟင် … ရက်စက်လိုက်တဲ့ သခင် :mrgreen:

  • ကြောင်ကြီး

    September 30, 2011 at 8:23 am

    ခွေးကြီးရမ်ဘို
    အံတိုနေတာ
    မဒမ်ပျိုနဲ့
    မတွေ့ခင်အထိ..
    ကံညိုချိန်တန်
    Poemခေါ်ရာလိုက်ခဲ့
    အပြေးမတော်တလှမ်း
    ဗွမ်း..ဆိုအထိမှာ
    ဘယ်စီမှန်းမသိ
    ငန်ကျိကျိ…။ 🙁

Leave a Reply