ဝှက်ဖဲလေးနှစ်ချပ်

maung hninkharrSeptember 29, 20111min964

“ဝှက်ဖဲလေးနှစ်ချပ်”

အဲ့ဒီနေ့ပါဘဲ။ အဲ့ဒီနေ့မှာပေါ့ ကောင်မလေးတစ်ယောက်ကို တွေ့တာ။ ရိုးရိုးလေးပါ။ကောင်မလေးတစ်ယောက်  ပန်းရောင်အကျႋလေးနဲ့ ကပိုကယို အလှဆင်လို့လေ။ ကျွန်တော့်ရှေ့ကို လျှောက်လှမ်းလာတယ်လေ။ ‘ထိုင်ခုံလွတ်မရှိလို့ ထိုင်မယ်နော်’တဲ့။ အဲ့ဒီအချိန်ကတည်းက ကျွန်တော်သိလိုက်ရမှာ သူဟာ ကျွန်တော့်ရဲ့ အော်ရိုရာ (အာရုဏ်ဦး နတ်သမီး) လေးဖြစ်မယ်ဆိုတာကို။ ဘာကိုမှ လေးလေးနက်နက်မရှိတဲ့ ကျွန်တော်ခဏလေးအတွင်းမှာ မေ့ပျောက်သွားတယ်လေ။  သူငယ်ချင်း တွေရဲ့ကောင်းမှုကြောင့်ဘဲ သူတို့နှင့် ကျွန်တော်တို့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်လေ။ ခံစားချက်ခြင်း ခံယူပုံခြင်းတူတဲ့ ကျွန်တော်တို့ ခဏလေးအတွင်းမှာလဲ တော်တော်ရင်းနှီးသွားတယ်လေ။  နောက် သူလည်းကျွန်တော့်လိုဘဲ လက်ဘက်ရည် ဆိုင်ထိုင်ရတာကို နှစ်သက်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့။ ကျွန်တော်နဲ့သူ  လက်ဘက်ရည်ဆိုင်ရင်း ကျွန်တော်တစ်ကိုယ်တည်း ခံစားမိတဲ့ လမ်းဘေးလက်ဖက်ရည် ဆိုင်ထိုင်ခြင်းရဲ့ Feel ကို ပြောပြဖြစ်တယ်။

“လမ်းဘေး လက်ဖက်ရည်ဆိုင်က လွတ်လပ်ခြင်းကိုပေးတယ်လေ။ စီတ်အညှစ်အကြေးတွေကို ခဏမေ့ထားပေးတယ်။ လမ်းဘေး လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး ဘီလီလျံနာ ဖြစ်နေတယ်ဆိုပြီး ကိုယ့်ကိုကိုယ် စိတ်ကူးယဉ်နိုင်တာပေါ့။ မင်းသောက်တဲ့ ကော်ဖီက ကမာ္ဘကျော် Brand ဖြစ်နေတယ်ဆိုပြီး မင်းကိုမင်း ယူဆနိုင်တယ်။ ဘယ်သူမှ မင်းကို အပြစ်မပြောဘူးလေ။ လမ်းဘေး လက်ဖက်ရည်ဆိုင်က ဖွင့်ထားတဲ့သီချင်းကို  ညည်းညူရင်းထိုင်နေရင်လည်း မင်းကိုဘယ်သူမှ အပြစ်လာမပြောဘူး။ မင်းအနာဂတ်အကြောင်းကို သီးချင်းနဲ့  အတူစီးမျောပြီး သူငယ်ချင်းတစ်ယောက်ကို ပြောပြနိုင်တယ်လေ။ ပြီးတော့ ဂုဏ်ပကာသန မလိုဘူး။ လူမျိုးမရွေး ဘာသာမရွေး လွတ်လပ်စွာထိုင်နေနိုင်တယ်။ ရေနွေးလည်း ကြိုက်သလောက်ရတယ်။ ရေနွေးဖိုး ထပ်ပေးရန်မလိုဘူး။”

လို့ပြောတော့ သူက ကန့်ကွက်မဲ မရှိထောက်ခံတယ်လေ။ ဒီလိုနဲ့ပဲ ကောင်မလေးအပေါ်မှာ ကျွန်တော့်စိတ်တွေ ယိုင်နဲ့လာတယ်လေ။ ကိုယ့်ဟာကိုယ် လီမ်လည်လှည့်ဖျားရင်းနဲ့ပဲ သူ မသိအောင် ကျွန်တော်နေလာခဲ့တယ်။ ကျောင်းဝင်းထဲမှာ ကျွန်တော့်လိုဘဲ အကြောင်းတစ်ခုခုကြောင့် ကိုယ့်ချစ်ရသူကို ဖွင့်မပြောဘဲ သူငယ်ချင်းအဖြစ်နေရသူတွေ ဒါမှမဟုတ် အဝေးကနေပဲချစ်ရသူတွေ အများကြီးရှိလိမ့်မယ်လို့ ကျွန်တော်ထင်တယ်လေ။ အတိတ်မှာရော၊ ပစ္စုပန် မှာရော၊ အတိတ် မှာပါ ရှိလိမ့်ဦးမည်။ အဲ့ဒီလို လီမ်လည်နေလာရင်းနဲ့ ကျွန်တော်တို့ကျောင်းပြီးခဲ့တယ်။ နောက်ပိုင်းမှာ သူနဲ့ကျွန်တော်ပြန်မတွေ့ ဖြစ်ကြ တော့ဘူး။ သူလည်း သူ့ကမာ္ဘလေးထဲမှာ ပျော်ရွှင်မှုရအောင်နေထိုင်ရင်း ၊ ကျွန်တော်လည်း ကျွန်တော့် ဘဝ ထဲ မှာ ပျော်ရွှင်အောင် နေထိုင်ရင်းနဲ့ပဲ ၅ နှစ်လောက် ကြာခဲ့တယ်။ ကျွန်တော် မြန်မာပြည် ပြန်ရောက်လာတဲ့အ ချိန်မှာ သူက လက်ထပ်ပြီးနေပြီတဲ့။ ကျွန်တော့်အလုပ်နဲ့ ကျွန်တော်ရှုပ်နေခဲ့တယ်။ ရင်ထဲကခံစားချက်ကို သူငယ်ချင်း တွေ မသိအောင် ဖုံးဖိရင်းနဲ့ပေါ့။လက်ဖက်ရည်ဆိုင် ထိုင်တဲ့အလေ့အကျင့်ကတော့ အခုထက်ထိ ပျောက်မ သွားခဲ့ဘူး။ ဒီနေ့တော့ ဘယ်လိုမှ ခံစားမရနိုင်တဲ့အဆုံး သူနဲ့ကျွန်တော် ထိုင်နေကြ လက်ဖက်ရည် ဆိုင်လေးမှာ သွားထိုင်ဖြစ်တယ်။ ဟိုကြည့် ဒီကြည့်နဲ့ပဲ ဆိုင်ထဲကို မိန်းကလေးတစ်ယောက်ဝင်လာတယ်။ ကျွန်တော် တော်တော့်ကို အံ့ဪသွားမိတယ်။ ကျွန်တော့်ရဲ့ အော်ရိုရာ လေးပေါ့။ တစ်ကယ်ပါ နည်းနည်း လေးဝလာ ရုံကလွဲလို့ ပိုလှလာတယ်လေ။ ကျွန်တော့်ကို မြင်သွားတော့ သူ ကျွန်တော့်ဝိုင်းမှာ လာထိုင်တယ်။ ကျွန်တော့်ကို

“သူ မြန်မာပြည် ပြန်ရောက်တုန်းက တို့ ကြားတယ်။ သူ နဲ့တာမတွေ့ဖြစ်တာ ကျန်တဲ့သူငယ်ချင်းတွေနဲ့က တွေ့ဖြစ်တယ်။ သူကတော့ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ အကျင့်ကပျောက်မသွားဘူးနော်။”

စကား အခေါ်အပြောတောင် ပြောင်းသွားပြီလေ၊ အေးလေ သူက အိမ်ထောင်ရှင်မဖြစ်နေပြီကိုး။

“ကိုယ့်ဘဝမှာ အမြတ်နိုးဆုံး နှစ်ခုရှိတာ တစ်ခုကပြောခွင့်မရခဲ့လို့ တစ်ခုပျောက်သွားပြီလေ၊ နောက်တစ်ခုပါ ထပ်မပျောက်ချင်တော့ဘူး။ အော် ဒါနဲ့ အိမ်ထောင်ရေးရော အဆင်ပြေရဲ့လား။”

“တို့အမျိုးသားက တို့စာဖတ်တာ၊ လက်ဖက်ရည်ဆိုင်ထိုင်တတ်တာကို သဘောမကြဘူးလေ။ ဒို့ဘဝက သာ မန်အားဖြင့် အားလုံးအမြင်မှာတော့ တော်တော်ပြည့်စုံပါတယ်။ စီးပွားရေး အသိုင်းအဝိုင်းကြား မှာ တို့နဲ့က ကတောက်ကဆ ဖြစ်နေဆဲလေ။”

 

ကျွန်တော့် အော်ရိုရာလေးနဲ့ ကျွန်တော် စကားတွေအများကြီးပြောဖြစ်ခဲ့ပါသည်။ ပြီးတော့ သူ ထပြန်သွားသည်။ ကျွန်တော်တစ်ယောက်တည်း ကျန်နေခဲ့ပါသည်။ အခုအချိန်ရောက်မှတော့ ကျွန်တော်လည်း ကျွန်တော့် ဝှက်ဖဲလေးကို ထုတ်ဖော်မပြခဲ့သလို၊ သူလည်းသူ့ဝှက်ဖဲလေးကို ရင်ခွင်ထဲမှာပဲ သီမ်းထားခဲ့ပါသည်။ ကံကြမ္မာ ကိုသာ ကျွန်တော် ကစားခွင့်ရခဲ့လျှင် ကျွန်တော် ကျောင်းကင်တန်းက နေ့ခင်းလေးတစ်ခုကို ပြန်သွားချင်ပါ သည်။ သတ္တိရှိစွာနှင့် ရင်ထဲကစကားလုံးလေးတွေ ပြန်ပြောခွင့်ရဖို့။ အခုတော့ ဘယ်တော့မှ ပုပ်မသိုးတော့မယ့် ဝှက်ဖဲလေးနှစ်ချပ်ကတော့ ရှင်လျက်နှင့်ပင် မြေမြှပ်သဂြိုလ်ခံလိုက်ရသည်။ အခုတော့လည်း လက်ဖက်ရည် ဆိုင်လေးကတော့ လူသူ ကင်းမဲ့လို့။ လက်ဖက်ရည် ဆိုင်လေးကလည်း သူပြောချင်တဲ့စကားလေးတွေ ရှိမယ်ဆိုတာ ကျွန်တော်အလိုလို သိနေခဲ့တယ်လေ။ ကျွန်တော် လက်ဖက်ရည်ဆိုင်လေးကနေ ထွက်လာလိုက်တယ်။ အပြင်မှာတော့ မိုးတွေ အုံ့မှိုင်းလိုှုပေါ့။

ကျွန်တော်ရေးတတ်သလို ရေးဖွဲ့ခြင်းဖြစ်ပါတယ်။ ဖတ်လို့မကောင်းဘူးဆိုလျှင် တောင်းပန်ပါတယ်။

 

4 comments

  • Vincent Valentine

    September 30, 2011 at 4:46 am

    ကောင်းပါတယ်ဗျာ 🙂

  • kai

    September 30, 2011 at 6:12 am

    အတွေးလေးကလှပါတယ်..။ ရေးတာလေးလည်း ကောင်းတယ်..
    =
    နိုင်ငံခြားသွားပြီး. ပြန်လာတဲ့သူတွေက..
    ၁) သူများချစ်ချင်းကို ခွဲတဲ့..( မင်းသားနဲ့ကြိုက်နေတဲ့.. မင်းသမီးကို.. အတင်းငွေနဲ့သိမ်းလက်ထပ်ယူတတ်တဲ့..) လူဆိုးကြီးတွေဖြစ်နေတတ်တာရယ်..
    ၂) မြန်မာပြည်. .ပြန်ရောက်လာတော့ .. နကိုချစ်ခဲ့ဖူးသူက..လက်ထပ်ရက်သားဖြစ်ပြီး.. နိုင်ငံခြားပြန်ကြီးခမျာ… အရှုံးသမားဖြစ်နေတတ်တာရယ်..တွေကို..(အဲဒီအသားကျနေတဲ့ရေးဟန်) ပြောင်းပြန်လှန်ပြီး ရေးကြည့်ပါလား..။ 🙂

  • ကြောင်ကြီး

    September 30, 2011 at 8:39 am

    ဝှက်ဖဲလေးနှစ်ချပ်
    ကင်းနဲ့ကွင်း
    ရင်ဘတ်တခုစီရဲ့
    အိပ်ကပ်ထဲမှာ..
    အမည်သွားရာ
    ဓာတ်သက်ပါသလား
    ကင်းသူကင်း
    ကွင်းသူကွင်း..
    အဆုံးမတော့
    နှစ်ဦးစလုံး
    အနင်းခံလိုက်ရတယ်
    အီး..ရွှတ်ဖတ် (ကြောင်းကြီးငိုသံ)..။ 😥

  • windtalker

    September 30, 2011 at 8:55 pm

    ကိုနှင်းခါး
    မကစားဖြစ်ခဲ့တဲ့
    ကစားပွဲလေး
    ငါးနှစ်ကျော်မှာ
    ကစားဖို ့စီစဉ်ခဲ့တဲ့
    ပြိုင်ဘက် နဲ ့
    ပြန်တွေ ့ဆုံခန်းပေါ့ဗျာ

Leave a Reply