မဆင်မခြင် ကျောင်းသားဘဝ

ကြောင်လေးSeptember 30, 20114min993

9.25.2011

ဒီညနေ ရေမိုးချိုး၊ထမင်းစားပြီးထမင်းလုံးစီရင်း တီဗွီကြည့်ဖို့ ပက်လက်ကုုလားထိုင်ပေါ်ထိုင်လိုက်ပါတယ်။ UBC စလောင်းထဲက လိုင်ေးတွ

လိုက်ကြည့်တော့  AXN  လိုင်းမှာလာနေတဲ့ဇာတ်လမ်းက တဝက်တပျက်ဖြစ်နေတော့ MAX လိုင်းကိုပြောင်းလိုက်တယ်၊ သွေးသံရဲရဲနဲ့သရဲကား

ဖြစ်နေပြန်ရော၊ Discovery  နဲ့  Animal planet လိုင်ေးတွကလည်းစိတ်ဝင်စားစရာမရှိ။

အရေးထဲသားတော်မောင်ဘေဘီကြောင်လေးက  Carton network  လိုင်းမှာ Ben ten ကားလာနေတော့ ကြည့်မယ်လုပ်လို့

မနဲချော့လွှတ်လိုက်ရတယ်။

ဒါနဲ့ ပဲ  DVB  လိုင်းဖက်ပြောင်းလိုက်ပါတယ်။နောက်ဖေးက စလောင်းမောင်းတံရဲ့  အသံဟာ  ဆီငတ်နေတဲ့လှည်းပတောင်းက ထွက်တဲ့အသံလို

တကွီကွီ မြည်နေပါတော့တယ်။ကျွန်တော့အိမ်မှာ  UBC   စက်   Model T-999   ကို ှsplitter  ခံပြီး  ရှစ်ပေစလောင်းပါတတ်ထားတာပါ။

သတင်းလေးတပုဒ် နှစ်ပုဒ်လောက်ပဲ ကြည့်ရသေးတယ်  မဒမ်ကြောင်လေးရဲ့အသံက ရွဲ့တဲ့တဲ့  ထွက်လာပါတယ်။

“ကဲကဲ  ရှင့်ရဲ့ အရေမရ အဖတ်မရ  သတင်းတွေကြည့်မနေနဲ့တော့  တော်တော်ကြာ  ကိုရီးယားက လာတော့မယ်”

”  ဘာအရေမရ အဖတ်မရသတင်း ဖြစ်ရမှာလည်း၊  နိုင်ငံအခြေအနေလေးသိရအောင်သတင်းလေးဘာလေးကြည့်ရတယ်ကွ၊မင်း အရေနဲ့အဖတ်

လိုချင်ရင် ဈေးထဲသွား ခေါက်ဆွဲ မုန့်ဟင်းခါးသွားစား၊ဒါမှမဟုတ်ကော်ရည်ခေါက်ဆွဲ သွားသောက်”  လို့ခပ်ငေါက်ငေါက်လေး ပြန်ဟောက်လိုက်ပါတယ်။

ပါးစပ်ကသာ ဟောက်တာ  လူကငေါက် ကနဲ ခုံပေါ်ကထပြီးသားဖြစ်နေပြီ။

ဒါနဲ့ တိုင်မှာချိတ်ပြီးအားသွင်းထားတဲ့ မိုဘိုင်းဖုန်းလေးဖြုတ် ၊အိတ်ထဲ ထည့် ခါးချိတ်ပြီး  ဘုရားရှေ့က  လဘက်ရည်ဆိုင်ထွက်ခဲ့ပါတော့တယ်။

အရင်ကတော့ ဘားဆိုင် ကိုသွားတာပါ။ အခုတော့ထမင်းလည်းစားပြီးသွား၊ ဝါတွင်းလည်းရှောင်ထားတော့ လဘက်ရည်ဆိုင်မှာတင် ခြေထောက်ကို

ဘရိတ်အုပ်လိုက် ရပါတယ်။

လဘက်ရည်ဆိုင်မှာ အပေါင်းအသင်းတွေနဲ့ ဟိုဟိုဒီဒီ  ထွေရာလေးပါးပြောပြီး  ခုနစ်နာရီခွဲလောက် အိမ်ပြန်လာခဲ့ပါတယ်။

အိမ်ရောက်တော့ မဒမ်ကြောင်လေး က  ကိုရီး.ယားကားထဲ ဈာန်ဝင်နေပါပြီ။  ကျွန်တော်လည်းကွန်ပျူတာခန်းထဲတန်းဝင်လိုက်ပါတယ်။

အထဲရောက်တော့ စက်ကိုဖွင့်ပြီး ဝင်းဒိုးတက်တာ ထိုင်စောင့်နေရပါတယါ။  ကျွန်တော့စက်အိုကြီး ဝင်းဒိုးတက်တာက  ရုံးပိတ်ရက်

ဘတ်စ် ကားအကြီးတွေစောင့်ရသလို အတော်ကြာပါတယ်။ စကရင် ပေါ်က အပြာတန်းလေးပြေးနေတာကြည့်ရတာလည်း ဟိုတုန်းက

ရန်ကုန်မြို့ပတ်ရထားကြီးသွားသလို တအိအိနဲ့  အင်မတန်ပျင်းစရာပါ။   အချိန်ရတုန်းလေးဘာရေးရင်ကောင်းမလဲ စဉ်းစားနေတုန်း —

အချစ်အတွက် အသက်ပင်သေ

အရိုးကြေ အရေခန်းစေတော့

မောင်မပန်းပါဘူး

မလွတ်တန်းလိုက်မယ်၊

မင်းမျက်နှာမောင်မြင်ရရင်ဖြင့်

ဘယ်သူမဆို ယှဉ်ပြိုင်တိုက်လိုက်မယ်

မိုက်တဲ့ ကောင်   ထွက်။        ။

ဆိုတဲ့ ရဲစိတ်ရဲမာန်တွေအပြည့်နဲ့ အချစ်သူရဲကောင်းတွေရဲ့ တိုက်ပွဲခေါ်သံ၊ယှဉ်ပြိုင် တိုက်ခိုက်သံတွေဟာ ကွန်ပျူတာခန်းနဲ့ ကပ်ရက်

ခေါင်းရင်းလမ်းကြားထဲက စီစီညံညံထွက်ပေါ်လာပါတယ်၊ကျွန်တော်လည်း ပြူတင်ပေါက်တံခါးလေးအသာလှပ် ၊အပြင်ကိုလှမ်းကြည့်လိုက်မှ

အချိန် ကာ ခါသမယကို ခန့်မှန်းမိလိုက်ပါတယ်။

ဝါလကင်းလွတ်သီတင်းကျွတ် မရောက်မီ  ပူရင်လည်းပုစွန်သေ ၊စွေရင်လည်းကန်သင်းကျိုး တဲ့ တော်သလင်းလနောက်ဆုံးပတ်ထဲရောက်နေတာကိုး။

(တော်သလင်းနေပုစွန်သေ၊တော်သလင်းမိုးကန်သင်းကျိုးဆိုတဲ့ရှေးစကားကိုအတင်းကြီးတုထားလိုက်တာ)

အော် …   သူတို့ သဘာဝပေပဲလို့စိတ်ထဲမထားနိုင်ပါဘူ၊ဆူညံလွန်းတဲ့အသံတွေ နားမခံနိုင်လို့  အတင်းခြောက်လှန့်လွှတ်

လိုက်တော့မှ နေရာရွှေ့သွားကြလေရဲ့။

ချစ်လူမိုက်  အဲလေ  ချစ်ခွေးမိုက်တစ်သိုက်  ရဲ့အသံတွေငြိမ်သွားလို့ စာရေးမယ်ဆိုပြီး ကီးဘုတ်ပေါ်လက်တင်ကာရှိသေး

အမေရိကန် ပုလဲဆိပ်ကမ်းကို ဂျပန်လေယာဉ်တွေ ဗုံးဝင်ကြဲသလို

”  ရွှီး…….  ထိန်း … ဒိုင်း…..  ဖုန်း … အုန်း … ဖောင်း … ဖွတ်”

ဆိုတဲ့အသံတွေဟာ အိမ်ရှေ့လမ်းပေါ်ကထွက်လာပြန်ပါတယ်။

ထွက်ကြည့်လိုက်တော့ သားတော်မောင် ဘေဘီကြောင်လေးနဲ့ အပေါင်းပါ လေးဦးတို့ဟာ တစ်ယောက် က ဒုံးကျည်လိုလေထဲတက်သွားပြီး

အပေါ်ရောက်မှလေးငါးချက်ဆက်ပေါက်တဲ့ ဗျောက်အိုးကိုဖောက်၊ ကျန်တဲ့သုံးယောက်က ငါးချက်ပေါက် ၊ဆယ်ချက်ပေါက်စနက်တန်တွေကို

ဒီတိုင်းပစ်တဲ့သူပစ်၊နို့ဆီခွက်နဲ့ အုပ်တဲ့ကောင်အုပ်၊ လေးလက်မ ပီဗွီစီ ပိုက်  ၃ ပေလောက်အပိုင်းထဲထည့်သူထည့်ပြီးတပြိုင်တည်း လက်စွမ်း

ပြလိုက်ကြတာပါ။  ၊သီတင်းကျွတ်ရင် ရပ်ကွက်ထဲမှာ ဗျောက်အိုးမဖောက်ရ၊တွေ့ရှိက အရေးယူမည်လို့ လိုက်မကြေညာခင် အရင်ဖောက်ကြတာပါ၊

တမြို့လုံးဟိုနေရာက ဖောင်းကနဲ  ဒီနေရာက ဒိုင်းကနဲကြားနေရတာပါ။   ဒီအသံတွေ သတိထားနားထောင်နေမိ ရင်းနဲ့

ဟိုး……….ငယ်စဉ် အတိတ်က အကြောင်းတွေဟာ ရုပ်ရှင်ပြသလို မျက်စေ့ထဲတကွက်ခြင်းပြန်မြင်ယောင်လာပါတော့တယ်။

                                                               —————————————————–

နယ်ကလူတစ်ယောက်ဟာမြို့ကိုအလယ်ရောက်လာပါတယ်၊ညနေစောင်းထမင်းစားပြီးတော့  မြို့သားနဲ့အတူ မြို့ထဲလမ်းလျှောက်ထွက်

လာကြပါတယ်။  အိမ်ကထွက်လို့   တစ်အောင့်    အကြာ  ခွေးတဟောင်စာသာသာ အကွာအဝေး     လောက်ရောက်တော့မှ

“ဟာ   ငါ့ကွမ်းထုပ် အိမ်မှာမေ့ကျန်ခဲ့ပြီ ၊ ဒုက္ခပါပဲ”

” ဘာ ဒုက္ခ ရမလဲကွာ၊ မြို့ထဲမှာကွမ်းယာဆိုင်တွေပေါပါတယ်၊ ဝယ်စားလိုက်ကြတာပေါ့”

“မင်းတို့  မြို့ပေါ်က ကွမ်းယာတွေ မစားတတ်ပါဘူးကွာ၊ ဒါပေမဲ့ ဂဒွင်း(ခံတွင်း) ကချဉ်လာတော့ တစ်ယာလာက်တော့ဝယ် စားလိုက်ဦးမယ်…

“မင်းကွမ်းယာ ဆိုင်ကဘယ်နားမလဲ   ၊တော်တော်ဝေးသေးသလား”

“မဝေးတော့ပါဘူးကွာ၊  ဟိုရှေ့လမ်းကွေ့ပြီးနောက်  ကွမ်းတစ်ယာညက်လောက်  လျှောက်လိုက်ရင်ရောက်ပါပြီကွ”

ဒီလိုနဲ့ကွမ်းယာဆိုင်ရောကတော့ နယ်သားက

“မင်းဒီမှာခဏစောင့်  ငါကွမ်းဝင်ဝယ်လိုက်ဦးမယ်”     ဆိုပြီးဆိုင်ထဲဝင်သွားပါတယ်။

သူတို့နယ်မှာတော့ကွမ်းယာဆိုင်ဆိုတာမရှိပါဘူး။ စားချင်ရင် ကိုယ့်ဖာသာ  ကွမ်းရွက်ကြီးကြီးနှစ်ရွက်ထပ်၊ထုံးကိုလက်နဲ့ကော်ပြီးကွမ်းရွက်ပေါ်သုတ်၊

ကွမ်းသီးစိတ်ခပ်ကြီးကြီး သုံးလေး စိပ်လောက်နဲ့ဆေးရွက်ကြီးနဲနဲဖဲ့ထည့်လိုက်ပြီး အားရပါးရ ဝါးကြတာပါ။  မြို့က ကွမ်းရောင်းတဲ့အမျိုးသမီကတော့

ကွမ်းရွက်သေးသေး တစ်ရွက်ခွဲပေါ် ထုံးကို တုတ်တံလေးနဲ့တို့ပြီးသုတ် ကွမ်းသီးစိပ်သေးသေး သုံးစိပ်လောက်ထည့် ၊ဟိုဗူးလေးနှိုက်လိုက်၊ဒီဗူးလေး

နှိုက်လိုက်လုပ်၊နနွင်းမှုန့်လို ဝါဝါမှုန့်လေးပါတဲ့ဗူးနဲ့ မဲမဲ အမှုန့်လေးတွေပါတဲ့ဗူးတွေကို တလှည့်စီခေါက်ချတာပါ။ (ဘာတွေလဲတော့မသိပါ၊ကျွန်တော်က

ကွမ်းမစားဆေးမသောက်ဆိုလေ၊အရက်ကလေးပဲတခွက်၊တဖလားသောက်တာပါ၊ သံစည်ပိုင်းကိုင်းတတ်ပြီးတော့)။

နယ်သားလည်းသေချာကြည့်နေတာပေါ့၊နောက်ပြီးအမျိုးသမီးကမ်းပေးတဲ့ ကွမ်းထုပ်ကိုယူ ၊ပိုက်ဆံပေးပြီးထွက်လာခဲ့ပါတယ်။

ခပ်လှမ်းလှမ်း ခဲတပစ်   လောက်ရောက်တော့ နယ်သားကကွမ်းကိုမစားပဲ လမ်းဘေးကို လွှင့်ပစ်လိုက်ပါတယ်၊

“ဟ  ဟေ့ကောင်  ၊မင်းဂဒွင်းချဉ်တယ်ဆို၊ ကွမ်းယာကို ဝယ်ပြီးမှဘာလို့မစားပဲလွှင့်ပစ်လိုက်ရတာလဲကွ”

“ဟာ…   ဒီအမျိုးသမီး ငါ့ကိုတောသားဆိုပြီးနှပ်ချတယ်။   ငါစားမဲ့ကွမ်းယာတဲကို ဆနွင်းမှုန့်တွေနဲ့ စပါးလုံတွေထည့်လိုက်တာငါမြင်တယ်….

“ဘယ်ရမလဲ ငါကလည်းတောသား လူလည်ပဲ ၊အမြင်ကတ်ကတ်နဲ့  ဆိုင်နောက်မှာ သူ့ရဲ့ အုန်းဆံကြီးခွေမီးလောင်နေတာ ငါမပြောခဲ့လိုက်ဘူး၊

ဟင်း  ဟင်း    ဟင်း”

“ဟားခါး    ဟားခါး     ပူတာအို   မချမ်းဘော  (အဲလေ) ဟားဟား    ဟားဟား …..   ဟားဟား    ဟားဟား…….ဟီးဟီးဟီး”

မြို့သားလည်း မပြုံးပဲ ဝါးလုံးကွဲ  ရယ်လိုက်ပါတယ်။

“မင်းက  ဘာလို့ဒီလောက် အသည်းအသန် ရီနေရတာလဲ၊ ရှီးတဲ့မှပဲ “

” ဟ  -ကောင်- ရ  (တစ်လုံးခြင်းလေးလေးပင်ပင်ခေါ်ပါ) မရီပဲနေနိုင်မလားကွ ၊  အဲဒါ ဆနွင်းမှုန့်နဲ့ စပါးလုံး မှုတ်ဘူးကွ၊  မင်းတို့ထည့်စားတဲဆေးရွက်ကြီး

အစားထည့်တဲ့ဆေးမှုန့်နဲ့ အနံ့မွှေးအောင်ထည့်တဲ့စမုန်စပါးလို့ခေါ်တယ်…..

“နောက်ပြီး  အုန်းဆံကြိုးခွေကလည်း မီးလောင်နေတာမဟုတ်ဘူး၊  ဆေးလိပ်လာဝယ်တဲ့သူတွေ အဆင်သင့်မီးညှိလို့ရအောင် မီးရှို့ပေးထားတာ ဟ

ဝန်ဆောင်မှုပေးထားတာ”    လို့ရှင်းပြတော့မှ နယ်သားလည်းသဘောပေါက်သွားပါတယ်။

“သိပါဘူးကွာ မင်းတို့မြို့ ကလည်းအဆန်းတကြယ်တွေ ပါပဲကွာ”

(ကျွန်တော်တို့ငယ်ငယ်က  ကွမ်းယာဆေးလိပ် ဆိုင်မှာ အုန်းဆံကြိုး မီးရှို့တာတော်တော် ခေတ်စားပါတယ်။တနေ့စာမီးခြစ် ခြစ်လို့ ကုန်မဲ့

မီးခတ်ကျောက်နဲ့   ဓါတ်ဆီဖိုးဟာ  မီးလောင်သွားတဲ့ အုန်းဆံကြိုးတန်ဖိုးနဲ့  ဘယ်လိုကွာသလဲတော့မသိပါ။

မီးလောင်နေတဲ့အုန်းဆံကြိုးခွေဟာ ဒီအကြောင်းအရာဖြစ်ပေါ်လာတာရဲ့ အဓိကမို့ထည့်ရေးထားတာပါ၊ဆက်ဖတ်ကြည့်ရင်

ဇာတ်ရေလည်လာပါလိမ့်မယ်။စကားချပ်)

                                       ———————————————————————

“ဂလောင်  ဂလင်…………..ဂလောင် ဂလင်…………….ဂလောင်  ဂလင်……………ဂလောင်    ဂလင်………….”

တိုင်းမြို့ ကြီး   တစ်မြို့ရဲ့ အထက်တန်းကျောင်းတစ်ကျောင်း ကနေ့လယ် မုန့်စားကျောင်းဆင်းချိန် ခေါင်းလောင်းထိုးသံဟာ

 တစ်မိနစ်လောက်  သာယာစွာထွက်ပေါ်လာပါတယ်။ ခေါင်းလောင်းသံ ဆုံးအပြီး  နှပ်တညှစ်လောက်    အကြာမှာ

” မင်္ဂလာပါ ဆရာမ၊  ကျေးဇူးတင်ပါတယ်ဆရာမ ……..

“မင်္ဂလာပါ ဆရာဂျီး ၊  ကျေးဇူးတင်ပါတယ်ဆရာဂျီး………”

ဆိုတဲ့သာယာနာပျော်ဖွယ်  နှုတ်ခွန်းဆက်သံတွေဟာ  တခန်းပြီး တခန်းကနေ ဆက်တိုက်ထွက်ပေါ်လာပါတယ်။  တစ်အောင့်  အကြာမှာတော့

တူညီဝတ်စုံတွေနဲ့ကျောင်းသူ၊ကျောင်းသားတွေဟာ ဇောင်းထဲက လွှတ်လိုက်တဲ့ မြင်းတွေလို အခန်းအသီးသီးထဲကနေ ဝေါ ကနဲပြေးထွက်လာပါတော့တယ်။

ဆက်လက်ဖော်ပြပါမည်။

3 comments

  • ပေါက်ဖော်

    September 30, 2011 at 2:24 pm

    အုန်းဆံကြိုးမီးရှို ့တာဆိုလို ့…ငယ်ငယ်က အဲလိုမီးရှို ့လို ့ရအောင်..ကျစ်ခဲ့ဖူးသေးတယ်ဗျ
    ကျစ်လို ့ရတာတွေကို ကွမ်းယာဆိုင်..လက်ဘက်ရည်ဆိုင် သွားပို ့ရတယ်….
    အဲတုန်းက..ရေနံဆီမီးဖြစ်လား..ဘာလား..အဲလောက်ပဲ ရှိဦးမယ်ထင်တယ်ဗျ..
    ဒါကြောင့် အုန်းဆံကြိုးနဲ ့ညှိကြတာလား မပြောတတ်
    ခုမှ ပြန်သတိရတော့တယ်.ငယ်ဘဝလေး..
    ညှင်း.ညှင်း..ညှင်း

    ဆက်ပါဦး..ကျောင်းသားဘဝလေး..
    ငယ်မူပြန်ရအောင်လို ့

  • windtalker

    October 1, 2011 at 1:48 pm

    ကြောင်လေး ရဲ ့အရေး
    မီးလောင်နေတဲ့
    ကြိုးခွေလေး
    ဘာတွေ ဖြစ်လာမလဲ
    သိဖို ့အရေး
    ဆက်ဖတ်နေမယ်
    လေး

  • TTNU

    October 1, 2011 at 7:48 pm

    ကိုစမောကက်
    အရေးအသားကောင်းတယ်တော့။
    ရှင့် စာခေါင်းစဉ်အရ ဆိုရင် ကျောင်းသားတုန်းက အကြောင်းတွေ
    နေမှာပဲဆိုပြီး စိတ်ဝင်စားစွာနဲ့ ဖတ်ဖို့ မျှော်နေမယ်။
    ကျောင်းသားတွေ ဇောင်းထဲက ထွက်အလာကို
    မိဘတွေက တစ်ခေါ်လောက်သာဝေးတဲ့ နေရာက စောင့်နေကြတာ
    ထမင်းအိုးတစ်လုံးချက်လောက်ကြာပြီတဲ့။

Leave a Reply