အောင်ဆန်းစုကြည် တို့ အဖေ

မြစပဲရိုးSeptember 30, 20111min31539

“ဖေဖေါ်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ ….” အစချီပြီး  “မျက်ရည်သွန်လို့ ဘဝင်ညှိုး၊ ဇူလိုင် တစ်ဆယ့်ကိုး .. ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင်”

လို့ စာသားပါ “အောင်ဆန်းဇာနည်” ဆိုတဲ့ ကဗျာကို ငယ်ကထဲ ရွတ်၊ အာဇာနည်နေ့ ဆို အထိမ်းအမှတ် ပွဲတွေ လုပ်ခဲ့လေ့ ရှိတာကြောင့် “ဗိုလ်ချုပ်အောင်ဆန်း” ဆိုတာ သူရဲကောင်း ဆိုတာ သတိထားခဲ့ မိပါတယ်။ ဒါပေမဲ့ ငယ်သေးတာမို့ လေးစားထိုက်သူ လေးစားရမယ် ဆိုတာကလွဲလို့ စိတ်ထဲမှာ အလေးအနက် မရှိခဲ့ပါဘူး။ အသက်ကြီး လာတော့ စာအုပ်အစုံဖတ်နိုင်လာချိန်မှာ သူ့အကြောင်းတွေ၊ သူ့မိန့်ခွန်း တွေ ကိုဖတ်ရင်း ရင်ထဲကကို လှိုက်လှိုက်လှဲလှဲ နဲ့ လေးစားကြည်ညိုလို့ မဆုံးခဲ့ပါဘူး။

ဲသူ့မိန့်ခွန်း တစ်ခုထဲကလို ရာဇဝင်က ကျွန်မတို့ ကို သူ့အကြောင်း အသိပေး ခဲ့တာပါဘဲ။

“ ကိုယ့်ကိုယ်ကိုမယုံတဲ့သူဟာ ဘယ်အခါမှ တခြားလူကို မယုံဘူး။

ကိုယ့်တိုင်းသူပြည်သားကိုလဲ မယုံဘူး။

ကျွန်တော့အဖို့ ကျွန်တော့ကို ကျွန်တော်ယုံတယ်။

ခင်ဗျားတို့ကိုလဲ ယုံကြည်တယ်။

ဗမာ့လွတ်လပ်ရေးလဲ ယုံကြည်တယ်။

ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄ရ ခု၊ ဖေဖဝါရီလ ၂၈ရက်၊ မြို့မိမြို့ဖ များမှဂုဏ်ပြုသည့် ဧည့်ခံပွဲ၌ ပြောကြားခဲ့သော မိန့်ခွန်းမှ”

 

ဘယ်လောက် ကောင်းတဲ့စကားပါလဲ။ သူပြောခဲ့တာ ရိုးရိုးရှင်းရှင်းလေးပေမဲ ့ကြက်သီးမွေး ညှင်းထ တဲ့အထိခံစားရကာ ဒီလို ခေါင်းဆောင်မျိုးနဲ့ ဆို ဘာမဆိုလုပ်ဖို့ အသင့်ရှိသွား နိုင် ခဲ့ကြမှာပါ။

“အမျိုးသား ညီညွတ်ရေး ဆိုသည်မှာ ခေါင်းဆောင်များသာ ညီညွတ်ခြင်း ကို မဆိုလို။

လူမျိုး၊ ဘာသာ၊ ယောကျာင်္း၊ မိန်းမ၊ ဂိုဏ်းဂဏမရွေး တနိုင်ငံလုံး ပြည်သူပြည်သား၊ လူထုတခုလုံး အပြောသာမဟုတ်၊ အလုပ်နှင့်တကွ အမျိုးသားတို့၏ အလိုဆန္ဒများကို ပြည့်ဝနိုင်ရန် အမျိုးသားတို့၏ လုပ်ငန်းများတွင် သောင်းသောင်းဖြဖြ စိတ်ရော ကိုယ်ပါ ညီညွတ် ကြသည်ကို ဆိုလိုသည်။

မိမိ၏အမျိုးသားကိစ္စကိုသာမက လူတမျိုးနှင့်တမျိုး၊ တနိုင်ငံနှင့်တနိုင်ငံ နည်းလမ်းတကျ ပူးပေါင်းဆက်ဆံကြခြင်းကိုလည်း ကျွန်ုပ်တို့ သတိမူရပေလိမ့်မည်။

ထိုသို့ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့ အသီးသီးတို့၏ အကျိုး ယုတ်ဖို့ဝေးစွ၊ အမျိုးမျိုးသော အကျိုးထူးများ ခံစားရန်ပင် ရှိသည်ဟုဆိုလိုပေသည်။

ဤကဲ့သို့ ဆောင်ရွက်နိုင်ပါလျှင် အလွန်မြင့်မြတ်သော ဝံသာနု ရက္ခိတ မိမိ၏အမျိုးကို မိမိစောင့်သည့်တရားနှင့် ကမ္ဘာသူ၊ ကမ္ဘာသား တို့နှင့် အကျိုးရှိအောင် နည်းလမ်းတကျ ဆက်သွယ်ပေါင်းသင်း ရာလဲ ရောက်ပေသည်။ သို့မှသာလျှင် ကမ္ဘာတဝှမ်းလုံးတွင် ငြိမ်းချမ်းမှု၊ လွတ်လပ်မှု၊ ကြီးပွါးမှု ရှိနိုင်ပေ လိမ့်မည်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ ခု၊ ဇန်နဝါရီလ ၂ဝရက် အလယ်ပစ္စ္စယံ ညီလာခံ မိန့်ခွန်းမှ”

 

ဒီမိန့်ခွန်း ကိုကြည့်ခြင်းဖြင့် သူဟာ ငါမှငါ၊ ငါ့လူမှ၊ ငါ့ အဖွဲ့ မှ ဆိုတဲ့ ငါစွဲကင်း သူ ဖြစ်မှာ သေချာပါတယ်။ ဒီလို အစွဲကင်း တဲ့ စိတ်ကြောင့် လဲ ကောင်းသည်ထက်ကောင်းတဲ့ နည်းလမ်းများ ရှာတွေ့ တာ နေမှာပါ။

သူလိုလူ ကို ဆုံးရှုံးရခြင်းဟာ ကျွန်မတို့ နိုင်ငံအတွက်သာ ကြီးမားတဲ့ ဆုံးရှုံးခြင်း မဟုတ်ပါ။ ကမ္ဘာ မှာလဲ ကမ္ဘာကို ငြိမ်းချမ်းရေးပေးမဲ့ ခေါင်းဆောင်ကောင်းတယောက် ဆုံးရှုံးခဲ့ရတာပါ။ သူ့ရဲ့ ရိုးသားမှု၊ တကိုယ်ကောင်း မဆန် တဲ့ ကိုယ်တကိုယ်၊ အဖွဲ့တဖွဲ့၊ နိုင်ငံတနိုင်ငံ ကိုသာ ကွက်ကွက် လေး မကြည့်ဘဲ၊ ကမ္ဘာ့ လူသားအားလုံး အတွက်ပါ စဉ်းစားနေတဲ့ သူ့စိတ်ဓာတ်ဟာ ဘယ်လောက် မြင့်မြတ် ကာ လေးစားကြည်ညိုဖွယ် ကောင်းလှပါသလဲ။

ဒါတင်မကသေးပါဘူး ……

“လူထုကိုယ်စားလှယ် အစစ်ဖြစ်တဲ့သူတွေ နေရာတကာ ပေါ်ပေါက်လာပြီး ကမ္ဘာတခုလုံးမှာ ရှိရင် စစ်ဆိုတာလဲ ရှိမှာမဟုတ်ဘူး။

တယောက်နဲ့တယောက်၊ တဦးနဲ့တဦး၊ တနိုင်ငံနဲ့တနိုင်ငံ ပူးပေါင်းပြီး ကိုယ့်နိုင်ငံ မရှိတာ သူ့နိုင်ငံကဝယ်၊ သူ့နိုင်ငံမရှိတာ ကိုယ့်နိုင်ငံကဝယ်၊ စသဖြင့် ပေါင်းသင်းဆက်ဆံ ရေး ဖြစ်လာနိုင်တယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ခု၊ ဧပြီလ ၂၆ရက်၊ မေဒေးရှေ့ပြေး မိန့်ခွန်းမှ”

ဒါကို ကြည့်ခြင်းဖြင့် သူဟာ စစ်မလိုလားသူ၊ ကမ္ဘာအဝှမ်း ငြိမ်းချမ်းသာယာ မှုကို လိုလား သူ ဖြစ်ကြောင်း အလွန်ထင်ရှားလှပါတယ်။

“လူတို့၏စိတ်ထားသည် လောကဓာတ်ပညာ တိုးတက်သလောက် မမြင့်မြတ်သေးသောကြောင့် အဆင်ပြေအောင် မဆောင်ရွက်နိုင်သေးရကား အထင်မှား အမြင်မှား စစ်ပွဲကြီးများပင် ဖြစ်ပွါးလျှက် ရှိသေး၏။

တနေ့သောအခါ အဇ္ဈတ္တသဏ္ဌာန် မြင့်မြတ်မှု နှင့် ဗဟိဒ္ဓသဏ္ဌာန် တိုးတက်မှုတို့ ကိုက်ညီသောအခါ ကျွန်ုပ်တို့ မျှော်မှန်းရာ ဖြစ်သော ကမ္ဘာ့ အိမ်ထောင်စု ဖြစ်လာမည်မှာ မလွဲဧကန်ဟု ဆိုရပေမည်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ ခု၊ ဇန်နဝါရီလ ၂ဝရက် အလယ်ပစ္စ္စယံ ညီလာခံ မိန့်ခွန်းမှ”

ဤမိန့်ခွန်း စကားကို ပြောကြား ရင်း သူသည် သူကိုယ်တိုင် စိတ်ကို မြင့်မြတ်အောင် ကြိုးစား နေမှာ မလွဲဟု ကျွန်မ ယုံကြည်ပါသည်။

“လူမျိုးရေးတရားဟာလဲ ငါ့လူမျိုးမှ ငါ့လူမျိုး၊ တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်၊ ငါ့လူမျိုးသာ ကမ္ဘာကြီးကို ကြီးစိုးရမယ် ဆိုတဲ့ ကျဉ်းမြောင်း သေးသိမ်တဲ့ လူမျိုးရေး တရား မဟုတ်ဘဲ ကိုယ့်လူမျိုး ကိုချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တဦးအကျိုးတဦး ဖြစ်ပွါးအောင် ဆောင်ရွက်တဲ့ လူမျိုးရေးတရားလဲ ဖြစ်ရမယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၅ခု၊ ဩဂုတ်လ စတုတ္ထအကြိမ်မြောက် နိုင်ငံရေးခေါင်းဆောင်များ အစည်းအဝေး မိန့်ခွန်းမှ”

 

ငါစွဲကင်းပြီး စိတ်ဓာတ်မြင့်မြတ်ရင့်ကျက်တဲ့ ခေါင်းဆောင် တစ်ယောက် မှာ တခြားသူကို အထင်သေး နှိမ့်စိတ်မရှိ၊ မလိုမုန်းထားမရှိ ပူးပေါင်းလုပ်ဆောင် ဖို့ကိုသာ ရှေ့တန်းတင် တတ်တာ ကို ဒီမိန့်ခွန်းမှ တွေ့ရပါတယ်။

“လူထုကြီးကပေးတဲ့ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ကို ဝန်ကြီးဆိုတဲ့ ဂုဏ်ထက် ကျုပ်ပိုမက်ဆိုတာ ခင်ဗျားတို့ မှတ်ထားလိုက်ကြပါ။

ကျုပ်စိတ်ထဲမှာဆိုရင် ဝန်ကြီးဆိုတဲ့ ဂုဏ်ဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ရဲ့ ခြေဖျားမှာ ကပ်နေတဲ့ ခြေမှုန်လောက်ဘဲလို့ ကျုပ်မှတ်ထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း

၁၉၄၆ ခု၊ အောက်တိုဘာလ ၂ဝရက် ရွှေတိဂုံ အနောက်မုဓ် တွင် ပြောကြားခဲ့သော မိန့်ခွန်းမှ”

သူဟာ အပြောနဲ့ အလုပ် ညီအောင် နေခဲ့သူဖြစ်ကြောင်းကို တက္ကသိုလ်နေဝင်း ရေးတဲ့ ထဲမှာ ဖတ်ဘူးခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဖြစ်လာတော့ တက္ကသိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပီအေ (အပါးတော်မြဲ အတွင်းဝန်) ဖြစ်လာပါတယ်။

အဲဒီစာအုပ်ထဲမှာဘဲ

(၁) ဝန်ကြီးဖြစ်တဲ့နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း က သူ့ကို တိကျပြတ်သားစွာ အမိန့်ပေးပါတယ်။ “အမျိုးအဆွေ၊ အပေါင်းအသင်း အားလုံး ဘယ်သူမှ အထူးအခွင့်အရေး မယူရ။ ဘယ်သူ့ဆီကမှလည်း အကူအညီ မယူရဘူး။ အဲဒါ အိမ်မှာ အားလုံးကို ပြောလိုက်” တဲ့။

(၂) ဗိုလ်ချုပ်အောင်ဆန်း ဟာ အားတဲ့ တစ်ညနေလေးမှာ ပပဝင်း (ပလေဒီယံ) ရုံ မှာပြနေတဲ့ အင်္ဂလိပ်ဟာသကား ကို သူ(တက္ကသိုလ်နေဝင်း) နဲ့ သွားကြည့်ခဲ့တယ်။ ရုပ်ရှင်ရုံကို ကြိုတင်ပြီး အပြောမခံ ဘဲ ပိုက်ဆံလဲ အကုန်မများအောင် ငါးမူးတန်း ကကြည့်တော့ ကြည့်နေရင်း လူများရိပ်မိကုန် လို့ မန်နေဂျာ ကိုယ်တိုင်ဆင်းလာပြီး တောင်းတောင်းပန်ပန် လုံခြုံရေးအတွက် တင်မက အထူးတန်းမှာ လဲ လူမပြည့်ပါဘူး ဆိုတာ နဲ့ ဒီလို လုပ်လို့ ဘာအခွင့်အရေး ကိုမှ မတောင်းပါဘူးလို့ အာမခံချက်ပေးမှ အားနာပြီး အပေါ်ထပ်ကို တက်ကြည့် ခဲ့တယ်။

(၃) ဗိုလ်ချုပ်အောင်ဆန်း ပြောလေ့ရှိတဲ့ စကားကတော့ “Remember that I practise what I preach! “။ ” ငါဟာ ငါ့တပည့်တွေ နဲ့ ရဲဘော်တွေကို သွန်တင်သလို ငါကိုယ်တိုင်လည်း လိုက်နာတယ် ဆိုတာ မှတ်ထားပါ” တဲ့။

(၄) ဗိုလ်ချုပ်အောင်ဆန်း ဟာ သူ့ကို ရင်ဖွင့်ဘူးပါတယ်။ “လွတ်လပ်ရေး ရပြီးရင် ငါတော့ နိုင်ငံရေးက အနားယူမယ် စိတ်ကူးတယ်။ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် တွေရှိတာ မင်းလဲသိသားဘဲ မဟုတ်လား၊ ဒါကြောင့် ငါက နိုင်ငံရေးက အနားယူပြီး စာရေးဆရာ လုပ်ချင်တယ်။ ဒါမှလဲ ငါ့အနေနဲ့ ငါ့အိမ်ထောင် မိသားစု အတွက်အချိန်ပေးနိုင်မယ်။ ကလေးတွေကိုလဲ ကောင်းကောင်း ကြည့်ရှု နိုင်မယ်။ ငါတို့ ဆရာတပည့်နှစ်ယောက် စာရေးစားကြမယ်ကွာ။ မြန်မာလိုရော၊ အင်္ဂလိပ်လိုပါ ရေးကြမယ်။ ဒါမှ ငါတို့မိသားစုအတွက် ဝင်ငွေ လုံလောက်မှာကွ။ ငါ့စိတ်ထဲ စာရေးဆရာလုပ်ချင် တဲ့ ဆန္ဒဟာ စစ်မဖြစ်ခင်ကတည်းက ရှိခဲ့တယ်။ ဒါပေမဲ့ တိုင်းပြည် လွတ်လပ်ရေး ရရေးအတွက် ဦးစားပေးခဲ့ရတာမို့ စာရေးဖို့ အချိန်မရခဲ့ဘူး။ အခု လွတ်လပ်ရေး ရဖို့ သေချာနေပြီမို့ ဒီစကားကို ငါပြောတာပါ” တဲ့။

 

အဲဒီ တက္ကသိုလ်နေဝင်း ရဲ့ “အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်း” စာအုပ် ကို အပြန်ပြန် အထပ်ထပ်ဖတ်ရင်း ဖတ်တိုင်း ဗိုလ်ချုပ်အောင်ဆန်းကို ပိုပို လေးစားကြည်ညို ခဲ့ရပါတယ်။

ဒီမှာ ကပ်ပြောရင်လဲ ပြောလို့ရပါသေးတယ်။ တက္ကသိုလ်နေဝင်းက ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ပီအေ မို့ အကောင်းဘဲ ကြည့်ပြောမှာပေါ့လို့။

တကယ်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ တွေ့ခဲ့တဲ့ နိုင်ငံခြားသားတိုင်းဟာလဲ သူ့ရဲ့ ရိုးသားပွင့်လင်းမှု၊ ဉာဏ်ပညာမြင့်မားမှု၊ စဉ်းစားဆင်ခြင် နိုင်စွမ်းရှိမှု တို့ကို အသိအမှတ်ပြု ချီးမွမ်းခဲ့ကြရပါတယ်။

(၁) စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ပါမောက္ခ မစ္စတာ ရို့ဒ်စ် က “သူ့အသက်အရွယ် နဲ့ မလိုက်အောင် ထူးချွန်ထက်မြက်ပြီး အမြော်အမြင် ရှိတယ်။ အခုလို အချိန်မှာ အောင်ဆန်းလို ခေါင်းဆောင် တစ်ဦး ရှိနေတဲ့ အတွက် မင်းတို့ မြန်မာပြည် အဖို့ အထူးကံကောင်းတယ်။ သူ့ရဲ့ ရိုးသားတည်ကြည်မှု၊ ပွင့်လင်းမှုတို့က သူ့ရဲ့ကြိုးပမ်းမှုတွေ အောင်မြင်ဖို့ရာ အထောက်အကူဖြစ်မှာ သေချာတယ်။ အင်္ဂလိပ်စာလဲ အံ့ဩစရာကောင်း လောက်အောင် တော်တယ်။ အောင်ဆန်းကတော့ တကယ်ထူးချွန်တဲ့ လူတစ်ယောက်ဘဲကွဲ့။

(၂) အင်္ဂလိပ်စစ်တပ် မှ တပ်မဟာ ထောက်လှမ်းရေးအရာရှိ ကပ္ပတိန်ဘားနက် က “မြန်မာနိုင်ငံမှာ ဂျင်နရယ် အောင်ဆန်းလို ခေါင်းဆောင်မျိုး ရှိနေတာ အလွန်ကံကောင်း တယ် လို့ ဆိုရမယ်။ သူဟာ တကယ်ရိုးသား တည်ကြည် ဖြောင့်မတ် သူ တစ်ယောက် ဖြစ်ကြောင်း သိသာထင်ရှားတယ်။ ဒါကြောင့် လူငယ်တွေ သူ့ကို ကိုးကွယ်လုမတတ် ကြည်ညိုလေးစားကြတာ အံ့ဩစရာမရှိဘူး။ – No wonder you chaps worship him!

(၃) အင်္ဂလိပ်စစ်သေနာပတိ ဗိုလ်ချုပ်ကြီး ဝီလီယံစလင်း ကိုယ်တိုင် စစ်ပြီးခေတ်ကျမှ ရေးသားခဲ့သော ” Defeat into Victory: Battling Japan in Burma and India, 1942-1945″ စာအုပ်ထဲတွင် “အောင်ဆန်း သည် ကျွန်ုပ်တို့ အစောပိုင်းထင်မိခဲ့သလို မူဝါဒ မရှိသော ပြောက်ကျား ခေါင်းဆောင် တစ်ဦး မဟုတ်ဘဲ အမှန်တကယ် သူ့တိုင်းပြည်ကို ချစ်သော မျိုးချစ်ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည့်အပြင် အမှား အမှန်ကို ကောင်းစွာ ချိန်ဆ နိုင်သူ တစ်ဦး အဖြစ်လည်း တွေ့ရပေသည်။ ယင်းသို့သော ပုဂ္ဂိုလ် မျိုး တွေ့ရခဲပေ သည်။ အောင်ဆန်းနှင့် ပါတ်သက်၍ အထူးအထင်ကြီးမိသော အရည်အချင်းကား သူ၏ရိုးသား ဖြောင့်မတ်မှုပင်ဖြစ်သည်။”

(၄) အိနိ္ဒယခေါင်းဆောင်ကြီး ဂျဝါဟလာနေရူး ဟာ ဗိုလ်ချုပ်အောင်ဆန်း ကို မြန်မာပြည် အတွက်သာမက အာရှခေါင်းဆောင်ကြီး အဖြစ်ပါ မျှော်လင့်ချက်ထား ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန် “Not Burma, but Asia has lost a great leader” ဟု ဝမ်းနည်းပက်လက် နှမြောတသ ကြေကွဲစွာ ပြောခဲ့သည်။

ဘာဘဲဖြစ်ဖြစ် ကျွန်မတို့ မြန်မာပြည်ဟာ ဒီလို ရှားပါးလှတဲ့ ခေါင်းဆောင်ကောင်း ကို ဆုံးရှုံးခဲ့ပါတယ်။

တစ်ချို့က ပြောတယ်။ အောင်ဆန်းမရှိလဲ မြန်မာပြည်ဟာ လွတ်လပ်ရေးတော့ ရခဲ့တာ ဘဲတဲ့။ ဟုတ်ပါတယ်။ လွတ်လပ်ရေး ရပြီး နိုင်ငံက ရေစုံမျော၊ ပြည်တွင်းစစ်တွေ နဲ့ စည်းလုံးခြင်းတွေ ပျက်၊ အစိုးရက အာဏာမြဲဖို့သာ တိုင်းပြည်အတွက် တိုးတက်ရေး မစဉ်းစား။ နောက်ဆုံး လူထုမှာ ဆင်းရဲ မွဲတေ ခြင်း နဲ့ ရင်ဆိုင်နေရတဲ့ အခြေဆိုက် နေရတာ လူတိုင်းအသိပါဘဲ။

အခုလဲ ကျွန်မတို့ မြန်မာပြည်ဟာ ခေါင်းဆောင်ကောင်း လိုပါတယ်။ အခုတလော အင်တာနက် ဆောင်းပါးတွေ ထဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို အပုတ်ချဆောင်းပါးတွေ ဖတ်လာရပါတယ်၊ တစ်ချို့ဆိုရင် နင့်နင့်သီးသီး နဲ့ ကို အဆင်အခြင်မဲ့ ဆဲဆိုသလိုကို ရေးနေကြပါတယ်။

တကယ်တော့ ကျွန်မ နိုင်ငံရေးအကြောင်း မသိပါ။ စစ်အစိုးရ နဲ့လဲ အဆက်အစပ်မရှိပါ။ အများလူထုထဲက သာမာန်ပြည်သူ တစ်ယောက်ပါဘဲ။ စစ်အစိုးရရဲ့ တစ်ကိုယ်ကောင်း ဆန်ဆန် ကိုယ်ကျိုးအတွက်သာ လုပ်နေခဲ့တာ ကြောင့် ဆင်းရဲတွင်းနက်သထက်နက်၊ အသိပညာ နဲသည်ထက်နဲ လာရတဲ့ ပြည်သူလူထု အများစု လူ့ငရဲကလွတ်စေချင်ပေမဲ့လဲ လွတ်အောင် ဘာမှမလုပ်တတ်၊ မလုပ်ရဲသူလည်း ဖြစ်ပါတယ်။ ၁၉၈၈ အရေးအခင်းအပြီး ဒေါ်အောင်ဆန်းစုကြည် စထွက်လာတော့ လဲ အားကိုးစရာ လို့ သိပ်မထင် ခဲ့ပါဘူး။

နောက်ပိုင်း ပါတီဖွဲ့ လှုပ်ရှားနေ လဲ ကျွန်မ ဟာ ပွဲကြည့်ပရိတ်သတ်ပါဘဲ။ ဒါပေမဲ့ တဖြေးဖြေး နဲ့ သူ့ရဲ့ တိုင်းပြည်အတွက်၊ ပြည်သူလူထု တွေအတွက် ဘဝ ကို နှစ် အနစ်နာခံ ပေးနေတာကို ကြည့်ရင်း ကျွန်မ သူ့ကို လေးစား ပါတယ်။ တော်ရုံ လူ မလုပ်နိုင်တဲ့ သူ့ရဲ့ ဇွဲ နဲ့သတ္တိ ကို မြင်လာတယ်။ ဆင်းရဲတွင်းနက်နေတဲ့ လူထုအတွက် ရှေ့က ရပ်ပေးနေတာကို ကြည်ညိုလာပါတယ်။ တစ်ခြားလူတွေ လဲ တိုင်းပြည်အတွက် ချစ်စိတ် နဲ့ လုပ်နေတာ ကို သိကြပါတယ်။ ဒါပေမဲ့ အရှိန်အဝါခြင်းက မတူဘူး ဆိုတာကို လက်ခံကြရပါမယ်။ အဲဒါကို လက်မခံနိုင်ရင်တော့ အမှန်တရားကို မသိတာ၊ မသိချင် ယောင်ဆောင်နေတာပါဘဲ။

သူမဟာ သူမရဲ့ အဖေ ဗိုလ်ချုပ်အောင်ဆန်း ကို မမှီနိုင်ဘူး ဆိုဦးတော့။ သူမ အဖေလို အင်္ဂလိပ်စာကောင်းတယ်၊ နိုင်ငံရေးပညာတတ်တယ်၊ လက်ရှိ ကမ္ဘာ့ ခေါင်းဆောင်တွေ နဲ့ ရင်ဘောင်တန်း ပြောဆိုနိုင်တယ်၊ သူမဟာ စာဖတ်တယ်၊ စာရေးတယ်။ သူမအကြောင်း အများကြီးမသိသေး ပေမဲ့ သူမဟာလဲ သူမ အဖေလို စိတ်ဓာတ် မြင့်မြတ် တည်ကြည် မယ်လို့ ကျွန်မ ယုံပါတယ်။ သူမဟာ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ချွတ်စွတ်တူ တဲ့ Clone တော့ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမဲ့ ဗိုလ်ချုပ်အောင်ဆန်း လို ပြည်သူလူထုရဲ့ ချစ်ခင်မှု နဲ့ လူထုရဲ့ ခေါင်းဆောင် ဖြစ်ချင်သူ၊ လူထုကို ချစ်သူ ဖြစ်တာတော့ သေချာပါတယ်။ အဓိက ကတော့ သူမ ဟာ သူမ အဖေလို စိတ်ဓာတ်ရှိအောင် ဘဝ တစ်လျှောက် ကျင့်လာမှာပါ။

ကျွန်မတို့ အားလုံး ရဲ့ ရည်ရွယ်ချက် က တိုင်းပြည်တိုးတက်ရေး၊ ပြည်သူလူထု ဆင်းရဲ တွင်းက ထွက်ရေး လို့သာ ဖြစ်မယ်ဆိုရင် သူခေါင်းဆောင်တာကို ကျွန်မတို့ ဘာလို့ မလိုက်နိုင်ရမှာလဲ။ ပြည်သူလူထု ငရဲကထွက်ဖို့ အတွက် ဂိုဏ်းဂနစွဲတွေ ဖြုတ်သင့်ပါ တယ်။ ကျွန်မတို့ နိုင်ငံက စာသင်ချင်ရက်နဲ့ စာမသင်ရတဲ့ ခလေးတွေ၊ နေဝင်ချိန်ရောက်မှ ဆေးဖိုးမပြောနဲ့ ထမင်းနပ်မှန်တောင် မစားရတဲ့ လူအိုတွေ၊ ဆင်းရဲခြင်းသားကောင် အဖြစ် ဘဝပျက်နေရတဲ့ ညီမငယ်လေးတွေ၊ ဘဝတိုးတက်ရေး ကြိုးစားချင်ပေမဲ့ ကြိုးစား ဖို့ အခွင့်အလမ်းတောင် မှ မရရှာတဲ့ လူငယ်လေးတွေ အတွက် “ကျွန်မတို့ရဲ့ ခေါင်းဆောင်” ကို ယုံကြည်ကြပြီး အားလုံးစည်းလုံးကြမယ် ဆိုရင် မဖြစ်နိုင်စရာ ဘာမှမရှိပါဘူး။

တကယ်တော့ လက်နက်စွဲတိုက်မှ တော်လှန်ရေးမဟုတ်ပါဘူး။ နှလုံးရည် နဲ့လဲ အောင်မြင် နိုင်ပါတယ်။

ဒီလို တိုင်းပြည်အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဖို့အခွင့်အရေး ဆိုတာ နှစ်ခါ မရနိုင် ပါဘူး။ ကျွန်မတို့ ငရဲကလွတ်ဖို့ ဒီနည်းကလွဲလို့ မရှိပါဘူး။ မဟုတ်ရင် ကျွန်မတို့ ထူးမခြားနား ပါတ်ပျိုး နဲ့ဘဲနေနေ ရပါလိမ့်မယ်။

I believe that she can do it.

“ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။

ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။

ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။

ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။

ဒါမျိုးတွေလုပ်ချင်လို့တော့ ဘယ်တော့မှ အကျိုးမရှိဘူး။

 ဗိုလ်ချုပ်အောင်ဆန်း

ဇူလိုင်လ ၁၃ရက်၊ မြို့တော်ခန်းမကြီး၌ ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်းမှ”

တကယ်လို့ တစ်စုံတစ်ယောက်မှ တိုင်းပြည်ခေါင်းဆောင် လုပ်ချင်ရင် အောင်ဆန်းစုကြည် အဖေလို နေနိုင်လား စမ်းစစ်ကြည့်ပါ။
နေနိုင်ရင် ကျွန်မတို့မြန်မာလူထု အားလုံး ရဲ့ လူထုခေါင်းဆောင် ဖြစ်မှာ မလွဲ ပါဘူး။

39 comments

  • myanpyithar

    October 1, 2011 at 8:38 am

    တစ်စစီဖတ်ဖူးပေမဲ့ အခုလို စုစည်းကောက်နှုတ်တင်ပြပုံလေးတော်တော် ကောင်းတယ်ဗျာ…
    ဆက်လုပ်ပါလို့ အားပေးပါတယ်…
    ဒီနေရာမှာ ကျွန်တော်ဖတ်ဘူးတာလေး လဲမျှဝေချင်ပါတယ်..ဒီခေတ်ခေါင်းဆောင်တွေနဲ့ ချိန်ထိုးနိုင်အောင်ပါ..
    တို့ဗိုလ်ချုပ်ရဲ့ ထမင်းဝိုင်းလေး
    • May 4, 2011 ရက် ၊ 5:29pm တွင် မျိုးချစ်သူ ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
    မိုးတွေရွာနေတဲ့ တစ်နေ့မှာပေါ့ ကားပေါ်မှဆင်းကာ ထီးအစုတ်ကလေးတစ်ခုကို ရဲဘော်လေး ကိုထွေးက ဗိုလ်ချုပ်အားမိုးပေး၍ ဝန်ကြီးများရုံးထဲသို့ဝင်လာခဲ့ပါသည်။
    ရုံးသို့ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင်ပုံနေသောအလုပ်ပုံကြီးနှင့် အရေးကြီး နိုင်ငံ့တာဝန်များကို ထမ်းဆောင်နေရသည်ဖြစ်၍ နေ့လည်စာကိုပင် မွန်းလွဲနှစ်နာရီထိ စားဖို့ပင် သတိမရနိုင်ပဲ ဖြစ်နေပါသည်။ မနက်ပိုင်းကလဲ စားနေကျပဲပြုတ်နဲ့နံပြားလေးကိုစားပြီး ရုံးတက်ခဲ့ရပါသည်။
    “ဗိုလ်ချုပ်နေ့လည်ထမင်းစားဖို့တော်တော်လေးအချိန်လွန်နေပါပြီစားပြီးမှပဲဆက်လက်လုပ်ဆောင်ပါလားဗိုလ်ချုပ်ရယ်” ဟု မောင်နေဝင်းက စိုးရိမ်တကြီးပြောနေရှာသည်။ ထိုကဲ့သို့ သတိပေးလိုက်မှပင် ထမင်းစားဖို့သတိရပြီး
    “ဟေ ဟုတ်လား ဒါဆိုလဲ အိမ်ပြန်စားတာပေါ့”
    “အပြင်မှာ မိုးတွေအရမ်းရွာနေပါတယ် ဗိုလ်ချုပ် ကျွန်တော်ဆိုင်တစ်ဆိုင်ကို တယ်လီဖုန်းဆက်ပြီး မှာပေးပါ့မယ် ဧည့်ခန်းထဲမှာပဲ သုံးဆောင်လိုက်ပါလား”
    “ဆိုင်ကို မှာစားရင် ငါပိုက်ဆံကုန်မှာပေါ့ ဒီလအတွက် ငါပြတ်တော့မယ်၊ မဖြစ်ပါဘူး အကြည် လက်ရာလေးပဲ အိမ်ပြန်လွေးလိုက်ပါတော့မယ်ကွာ” ဟုပြောပြောဆိုဆိုနဲ့ ထထွက်လာခဲ့ပါသည်။
    ဒီလိုနဲ့ပဲ မိုးရွာကြီးထဲ မောမောပန်းပန်းနဲ့အိမ်ပြန်လာခဲ့ပါသည်။ အိမ်ပြန်ရောက်တော့ သားသမီးသုံးယောက်ရဲမျက်နှာလေးတွေမြင်တော့လဲ နွမ်းခဲ့သမျှ လန်းလာပါတော့သည်။
    “အကြည်ရေ ထမင်းစားဖို့ ပြင်ပါဦးကွာ ”
    “အဆင်သင့်ပါပဲရှင်၊ကိုအောင်သန်းလဲ ရောက်နေတယ် ”
    ကိုအောင်သန်းအနေနှင့် ဗိုလ်ချုပ်ထမင်းစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်နေတော့ ဗိုလ်ချုပ်စားမည့်ထမင်းဝိုင်းကို ကြည့်လိုက်မိပါသည်။
    ဗိုလ်ချုပ်အနေနှင့် ဤထမင်းဝိုင်းပြင်ဆင်ထားပုံမှာ မထူးဆန်းလှပါ။ သို့သော်လဲ ကိုအောင်သန်းအတွက်မူ တော်တော်လေးကို မှင်သက်အံ့ဩမိသွားပြီး ရင်ထဲမှာ စို့ခနဲဖြစ်သွားကာ ဗိုလ်ချုပ်အားတော်တော်လေး သနားသွားမိကာ ပိုပြီးတော့လဲ လေးစားသွားပါတော့သည်။
    ဗိုလ်ချုပ်စားမယ့်ထမင်းဝိုင်းမှာ ထမင်းတစ်ပန်းကန်နှင့် ဟင်းတစ်ခွက်သာပါ ပါသည်။ထိုဟင်းမှာလဲ ဖွယ်ဖွယ်ရာရာမဟုတ် လက်တစ်ဆစ်မရှိတရှိ ဝက်အူချောင်းကြော်ကလေးငါးဖတ်သာဖြစ်ပါသည်။
    အချိန်ရှိသရွေ့ နိုင်ငံတာဝန်ထမ်းဆောင်နေရသည်မို့ မိသားစုနှင့်အတူနေရသည်ဆိုသည်မှာ တော်တော်လေးကို ရှားပါသည်။
    ဤကဲ့သို့ထမင်းစားချိန်တွင်သာဖခင်အနားကပ်ရရှာသော သားနှစ်ယောက်နှင့်သမီးလေးခမျာ တီတီတာတာနှင့်ထမင်းဝိုင်းနားတွင်ရှိနေပါသည်။
    ဒီလိုနဲ့ စ စားတော့မည် ဟန်ပြင်လိုက်သည်တွင် သမီးလေး အောင်ဆန်းဆုကြည်က “သမီးကိုတစ်ခုလောက်”ဒီင်္လိုနဲ့တစ်ဖက်ရော့သွားပြန်ပါကော
    ကဲသမီးလေးကိုကျွေးလိုက်တော့ အောင်ဆန်းလင်းကလဲ “သားကိုလဲ ကျွေးပါဦး” ကဲ ဝက်အူချောင်းလေး သုံးဖတ်သာကျန်ပါတော့သည်။
    “သားကိုကော မကျွေးတော့ဘူးလားဖေဖေ” ကဲ ဒီလိုဆိုတော့ နှစ်ဖတ်ပဲကျန်တော့တာပေါ့။
    ဒီဝက်အူချောင်းလေးနှစ်ချောင်းထဲကျန်တော့တာတောင် “အစ်ကိုကျွန်တော်နဲ့အတူလက်ဆုံ နွဲသွားပါဦးလား” တဲ့ဗျာ။
    ကဲဒါကတော့ ဗိုလ်ချုပ်ရဲ့ထမင်းတစ်နပ်ပါပဲ။
    ကိုအောင်သန်းခမျာသူ့အိမ်ပြန်ရောက်တော့သူ့ဇနီးသည်ကို “တို့တွေပိုက်ဆံပိုရင် ငါ့ညီအောင်ဆန်းတို့အိမ်ကိုမျှပေးလိုက်ပါဦးကွာ ငါ့ညီကဒီနိုင်ငံမှာဘုရင်ခံပြီးရင် သူကအာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ယောက်ပါကွာ သူ့ထမင်းဝိုင်းကိုကြည့်ပြီး ငါစိတ်တွေမကောင်းလွန်း လို့ပါ”ဟုဆို၍
    ဗိုလ်ချုပ်ထမင်းဝိုင်းကလေးကို ပြန်မြင်ယောင်ကာပြောပြနေရင်း မျက်ရည်ပင်ဝဲမိပါသည်။
    ဗိုလ်ချုပ်ပြောဖူးတဲ့စကားလေးတစ်ခွန်းကိုပြန်မျှဝေပေးလိုက်ပါဦးမယ်
    “နိုင်ငံအကျိုးကိုဆောင်ရွက်နေတဲ့သူတစ်ယောက်ဟာမွဲသထက်မွဲဖို့ပဲရှိတယ်၊ချမ်းသာသထက်ချမ်းသာလာရင်တော့ အဲ့ဒါ နိုင်ငံနဲ့ပြည်သူကိုခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာနေတဲ့အောက်တန်းကျစိတ်ဓာတ်ပိုင်ရှင် လူလိမ် အတ္တသမားတွေပဲ”

    ဆက်လက်ကြိုးစားပါဦးမည်။

    • က်ိုကိုအိုဗာ

      June 9, 2012 at 10:08 pm

      ရွာအတွင်းရှိ အစွမ်းစ ရှိသူများသို့ ……
      ကျွန်တော် က ရခိုင်အမျိုးသား တယောက်မဟုတ်ပေမယ့်
      မြန်မာတိုင်းရင်းသား တယောက်အနေနဲ့ သူကြီးဦးစီး၍
      ရွာမှ့ ဩဇာတိက္ကမရှိသူများ ဦးစီးပြီးသကာလ
      အမျိုးသားရေးတာဝန်တရပ် အားလျှော်စွာ
      မြန်မာနိုင်ငံသားအားလုံးအရေကိစ္စ ကို
      (သောင်းကျန်းသူအဖျက်သမားဘင်္ဂလီများ)
      သမ်မတ ကြီးထံသို့ တင်ပြပေးပါရန် အလေးအနက်
      တောာင်ဆို ပါသည်။

      • အရီး Khin Latt

        June 9, 2012 at 10:29 pm

        ကျွန်မ ကတော့ သမ္မတကြီး အထိ သတင်းပို့နိုင်အောင် မပေါက်ရောက်ပါဘူး။

        ဒါပေမဲ့ ဘီဘီစီ က ရေးနေတာ သတင်းမှား တွေဖြစ်ခဲ့တာ သေချာရင် လှမ်းပြီး စာပို့ ကာ အသေအချာ သတင်းမှန် ပေးဖို့ ကို တာဝန်ယူပါတယ်။
        ကိုယ့်ပါတ်ဝန်းကျင်မှာလဲ အကြမ်းဖက်တာ ဘယ်သူ ဆိုတာ အသေအချာ ရှင်းပြပါ့မယ်။

        ဒါပေမဲ့ သမ္မတကြီးလဲ သိပြီးနေလောက်ပါပြီ။

  • MaMa

    October 1, 2011 at 9:01 am

    (ဘယ်ကိစ္စမဆို လုပ်ရင်မှားတယ် မှန်တယ် ဆိုတာ ရာဇဝင်က ဆုံးဖြတ်လိမ့်မယ်။)
    မှန်တာပြော မှန်တာလုပ်ခဲ့လို့ သူ့လုပ်ရပ်ကို သူယုံကြည်ပြီး ရဲရဲတောက် ပြောသွားခဲ့တာပဲ။ လေးစားဂုဏ်ယူစရာပေ့ါ။

  • မှော်ဆရာ

    October 1, 2011 at 11:48 am

    ပထမဆုံးပိုစ့်ပေမယ့် တယ်ကောင်းပါ့လား
    အားပေးပါတယ် ဆက်ရေးပါ
    စောင့်ဖတ်နေပါမယ်….

  • Khin Latt

    January 24, 2012 at 5:31 am

    ကျွန်မ ဂေဇက်ရွာထဲ ကို ဒီ Post လေးရေးပြီး စဝင်လာခဲ့ပါတယ်။
    အဲဒီတုန်းက အပြင်မှာ ကြားရတဲ့ အသံတွေကို မခံနိုင်လွန်းလို့ ရင်ဖွင့်ခဲ့တာပါ။
    အခုပြန်လည် ဆန်းသစ်ချင်လို့ ကျွန်မ အစ ပြန်ထုတ် လိုက်ပါတယ်။
    ပန်းသီး ရဲ့ အဖေ ကိုတင် မဟုတ်ပါဘူး။
    အောင်ဆန်းစုကြည် ရဲ့ အဖေ ကိုလဲ ကျွန်မ အရမ်းချစ်ပါတယ်။ ကြည်ညိုပါတယ်။
    ကျွန်မ ရဲ့ Role Model ပါဘဲ။

    လေးစားစွာဖြင့်

  • aye.kk

    January 24, 2012 at 6:48 am

    မလတ်,အစအဆုံးသေချာဖတ်သွားပါတယ်…
    သိသင့်သိထိုက်တာတွေပြန်လည်ကာကောက်နှုတ်…
    စုစည်းတင်ပြပေးသွားတဲ့အချက်တွေအတွက်ကျေးဇူးတင်မိပါတယ်..
    မလတ်,ဆက်ရေးပါနော်…ခင်တဲ့….အမအေး။

  • MaMa

    June 8, 2012 at 9:37 pm

    မလတ်ရေ-
    ပိုစ့်တွေ မတင်ခင် ဆရာသစ် ပိုစ့်တွေမှာ ကွန်မန့်တွေ ပေးနေကတည်းက သဘောကျလွန်းလို့
    ဒို့ရွာထဲမှာတော့ ရဲရဲတောက် အမျိုးသမီးအာဇာနည် ပေါ်လာပြီဆိုပြီး (ထုတ်ဖော်မပြောပဲ) ဝမ်းသာနေတာ။
    ပဒုမ္မာကိုတောင် (သူက ကိုယ့်လောက် ရွာလည်ဖို့ အချိန်မရှိတော့) လက်တို့ပြောပြီး ဖတ်ခိုင်းမိတာ။
    အမှတ်တရ ရေးပေးလို့ ဝမ်းသာပါတယ်။ 🙂

  • MaMa

    June 8, 2012 at 9:39 pm

    မလတ်ရေ-
    ပိုစ့်တွေ မတင်ခင် ဆရာသစ် ပိုစ့်တွေမှာ ကွန်မန့်တွေ ပေးနေကတည်းက သဘောကျလွန်းလို့
    ဒို့ရွာထဲမှာတော့ ရဲရဲတောက် အမျိုးသမီးအာဇာနည် ပေါ်လာပြီဆိုပြီး (ထုတ်ဖော်မပြောပဲ) ဝမ်းသာနေတာ။
    ပဒုမ္မာကိုတောင် (သူက ကိုယ့်လောက် ရွာလည်ဖို့ အချိန်မရှိတော့) လက်တို့ပြောပြီး ဖတ်ခိုင်းမိတာ။
    ဗိုလ်ချုပ်အောင်ဆန်းက ကျမလေးစားကြည်ညိုရတဲ့သူမို့ သူ့အကြောင်းတွေကို ခုလို ရေးပြပြောပြတာကို သဘောကျတယ်။
    BC ပေးတဲ့အတွက်ရော၊ အမှတ်တရ ရေးပေးလို့ရော ဝမ်းသာပါတယ်။ 🙂

  • မိုးတိမ်

    June 9, 2012 at 2:34 am

    အရီးရေ လေးစားပြီးရင်းလေးစားပါတယ် ခင်ဗျာ။
    အားလုံးသော အယူအဆများ(တစ်ချို ့မပါ) ဟာအတူတူပါဘဲ။
    တစ်ခါတစ်လေတော့လဲ စစော်ကားလွန်းလာရင်တော့ အရမ်းသဘောထားမကြီးနှိုင်ပါကြောင်းးးး

    • အရီး Khin Latt

      June 9, 2012 at 2:48 am

      ကျေးဇူးပါဘဲ မောင်မိုးတိမ်ရယ်။
      လူလူချင်း မတရားတာ၊ ဖိနှိပ်အနိုင်ကျင့်တာ ကို ငုံ့မခံသင့်ပါဘူး။
      ဒါပေမဲ့ တရားဥပဒေဘောင်ထဲ က ပြန်တိုက်ရပါမယ်။
      ဝမ်းနည်းစရာက အရီးတို့ပြည်မှာ မျှတကောင်းမွန်ခိုင်ခန့် တဲ့ ၊ အမှန်တရား အတွက် အကာအကွယ်ပေးမဲ့ ဥပဒေ တည်မနေတာပါဘဲ။
      တကယ်တော့ မရှိတာ မဟုတ်ပါဘူး။
      ဖြစ်လာအောင် တို့တစ်တွေ ကြိုးစားကြတာပေါ့။
      အားလုံးမှာ တာဝန်ရှိပါတယ်။

  • အရီး Khin Latt

    June 9, 2012 at 3:36 am

    တကယ်တော့ ဒါကို ဖော်ချင်လို့ စင်းဒရဲလား ဇာတ်ကပြ ခဲ့တာ မဟုတ်ပါဘူး သူကြီးရယ်။
    ကဘချော ရဲ့ အမည်ဝှက် လုပ်တာကို သဘောကျလိုက်လို့ ပါ။
    နောက် ကိုကြီးမိုက် ကိုလဲ နောက်ချင် လိုက်လို့ပါ။
    နောက် ရွာမှာ အပြောင်းအလဲ Post လေး ရအောင်လို့ပါ။
    ဒါပေမဲ့ ဒီလိုလေး ရှေ့ကို ပြန်ထုတ်ပြလိုက် လို့ အရမ်းကြီး၊ တကယ်ကြီး ကျေးဇူးပါဘဲရှင်။ 🙂

  • ဇောက် ထိုး

    June 9, 2012 at 5:32 am

    ကိုယ်ကြိုက်တာ ကိုယ်ပြောကြစတမ်းဆိုရင်..
    တနေ့သောအခါ အဇ္ဈတ္တသဏ္ဌာန်အဇ္ဈတ္တသဏ္ဌာန် မြင့်မြတ်မှု နှင့် ဗဟိဒ္ဓသဏ္ဌာန် တိုးတက်မှုတို့ ကိုက်ညီသောအခါ ကျွန်ုပ်တို့ မျှော်မှန်းရာ ဖြစ်သော ကမ္ဘာ့ အိမ်ထောင်စု ဖြစ်လာမည်မှာ မလွဲဧကန်ဟု ဆိုရပေမည်။
    အဲဒါသိပ်ကြိုက်တယ် အရီးရယ်။
    ဒီနေ့ ဘယ်လောက်ပဲ ရေသန့်တွေပေါ်ပေါ်.. ရေတွေ ဘယ်လောက်သန့်သန့်.. ရေကိုထည့်တဲ့ ဗူးနဲ့ ခွက်က ညစ်ပတ်နေရင်.. ရေသန့်လဲ သန့်မှာ မဟုတ်ပါဘူး။ အသိညာဏ်က မတိုးတက်ပဲ သိပ်ပံက တိုးတက်နေရင် လူမို်က်လက်ထဲ ဓားရောက်သွားသလိုနေမှာပဲ။ သိပ်ဆိုးဝါးသွားတယ်။
    လူကောင်းလက်ထဲ ဓားရောက်မှ လောကအကျိုးများမှာ အရီးရယ်။

  • YE YINT HLAING

    June 9, 2012 at 6:51 am

    13-2-1915 ( 1+3+2+1+9+1+5 =2+2=4* )
    19-7-1947 ( 1+9+7+1+9+4+7=3+8=1+1=2*)
    4*+2*=6 #

    4-1-1948 ( 4:20 ) ( 4+1+1+9+4+8+4+2+0 =3+3=6 # )
    8-8-1988 ( 8+8+1+9+8+8 = 4+2= 6 # )
    ( Thanks! D-Lay Khin Latt ! I think…I was too much thinking. Too much something no good? )

  • Victory

    June 9, 2012 at 7:16 am

    မန်းဂေဇက်မှာ ဒီလိုအဖိုးတန် ပို့စ်တွေမှာ ကော်မန့်နည်းတတ်ပါတယ်။
    ဘာလို့လဲဆိုတော့ ဝင်ပြောဘို့ရာ နဲနဲခက်တတ်လို့ပါ။
    ဝင်ပြောဘို့လွယ်တဲ့ ပို့စ်တွေမှာ တော့ တခဏအတွင်းမှာကိုကော်မန့်တွေ
    အများကြီးလာတတ်တာမို့၊ ကော်မန့်နည်းလို့များစိတ်မထိခိုက်ပါနဲ့လို့ဦးစွာပြောချင်ပါတယ်။
    နောက်တဆင့်အနေနဲ့ကတော့အဖေအကြောင်းတော်တော်လေးစုံစုံလင်လင်ဖတ်ရပါပြီ
    အားလဲရပါတယ်။
    ကျနော်တို့အားလုံးခေါင်းဆောင်ကောင်းမဖြစ်နိုင်ရင်(သေး)ရင်တောင် နောက်လိုက်ကောင်း
    တော့ဖြစ်ရတော့မဲ့အချိန်ပါဘဲလို့ ပြောလိုက်သလိုလဲခံစားမိပါတယ်။
    ဘာဘဲဖြစ်ဖြစ်ကိုယ်ရဲ့မိသားစုမှာတော့ ခေါင်းဆောင်ကောင်း(သို့)နောက်လိုက်ကောင်းဖြစ်
    နေရမှာပါ။
    အဲဒီလိုဖြစ်ဖို့ဆိုရင်
    အစ်မမခင်လတ်ရဲ့ဆောင်းပါးအရ လိုအပ်ချက်က တခုထဲပါဘဲ။
    ———————————–
    ဟုတ်ကဲ့ “ရိုးသားဖြောင့်မတ်ခြင်း” ပါဘဲ။
    လူတွေဟာလူရှေ့သူရှေ့မှာတော့ ဟန်ဆောင်ရိုးသားတတ်ကြပေမဲ့ လူမမြင်ရာမှာ/လူမသိရင်
    မရိုးသားတာမျိုး။
    လူရှေ့သူရှေ့မှာဘဲ “ဟန်ဆောင်တတ်ကြတာကလဲ =မရိုးသား” ဆိုတော့မရိုးသားတာမျိုးပါဘဲ။
    ————————————
    ကိုယ့်အားနဲချက်ကိုဖုံးကွယ်ရင်းနဲ့လူတွေဟာမရိုးသားမှုကို အမြစ်တွယ် ကျင့်သုံးနေမိကြရပါတယ်။
    ————————————
    ကျနော်တို့”အမြဲ” ရိုးသား”ရန်” ကြိုးစားကြရပါမယ် ……………………….
    ဆိုတဲ့ မက်ဆေ့ချ်လေးကို ပေးထားတဲ့ဒီဆောင်းပါး
    လေးကို ရေးတဲ့အတွက်ကျေးဇူးပါလို့ ရိုးသားစွာပြောပါစေ..

  • MaMa

    June 9, 2012 at 8:30 am

    တိုက်တိုက်ဆိုင်ဆိုင် မှော်ဆရာဆိုဒ်ထဲမှာ တွေ့မိလို့ မျှဝေလို်က်ပါတယ်။

    ဦးနု ပြောတဲ့ ဦးအောင်ဆန်း
    To: lubo…@gmail.com

    (၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော်
    ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့
    တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။ ခုလန်ဒန်မှာ AFPEL
    ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့
    ကျွန်တော့်ကို တိုက်တွန်းတယ်။ ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ
    ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။ အဲဒီ သုံးယောက်ထဲမှာ
    ကိုအောင်ဆန်းက တစ်ယောက် အပါအဝင်။
    ကျန်တဲ့ နှစ်ယောက်ကတော့ ပြည်ထဲရေး ဝန်ကြီး ကိုကျော်ငြိမ်းနဲ့ တက်ဘုန်းကြီး
    စာအုပ်ရေးလို့ တက်ဘုန်းကြီး လို့ နာမည် ကျော်လာတဲ့ ကိုသိန်းဖေ။ ကိုအောင်ဆန်း
    ရဲ့ ကိုယ်ရည် ကိုယ်သွေး ကတော့ ပြိုင်ဘက်ကင်းပါပဲ။သူက စကား နည်းတယ်။
    ကျွန်တော်နဲ့ စတွေ့တွေ့ ချင်းတောင် လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာ
    ပြောဆိုတာမျိုး မရှိဘူး။ သူ့ကို ကျွန်တော်က လူ့ခွစာ လို့ပဲ ထင်လိုက်တယ်။
    ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုအုန်းနဲ့ ကျွန်တော်တို့ ကတော့ ရင်းနှီး
    ကျွမ်းဝင်တဲ့ မိတ်ဆွေတွေ ဖြစ်လာ ကြတယ်။ လမ်းတွေ့ရင် သဲလှိုက်၊ အူလှိုက်
    နှုတ်ဆက်ကြတယ်။ ကိုအောင်ဆန်း ကတော့ အဲသလိုမျိုး မဟုတ်ဘူး။ လမ်းတွေ့လည်း
    နှုတ်ဆက်ချင် မှ နှုတ်ဆက်တာ။ တစ်ခါတလေ ကျွန်တော်တို့ဆီ ရောက်လာ တတ်ပြီး သူ့ကို
    ပြောစရာရှိရင် ပြောဖို့ ဖိတ်တယ်။သူနဲ့ တော်တော် ရင်းနှီး လာတော့မှ
    သူ့အကြောင်းကို နားလည် သဘောပေါက်လာတယ်။ သူက အလဟဿ အလာပသလ္လာပတေ ပြောတာမျိုးတွေ၊
    လူမှုရေးအရ အပေါ်ယံ နှုတ်ဆက် ပြောတာမျိုးတွေနဲ့ အချိန်ဖြုန်း နေတာတွေကို
    မယုံကြည်ဘူး။ တကယ့်ကို ရင်ဘတ်နဲ့ ပေါင်းသင်း ဆက်ဆံတာမှ လိုအပ်တာကို ကူညီ
    လုပ်ကိုင်ပေးနိုင်တယ် လို့ ယုံကြည်ထားတာ။ မိတ်ဆွေဆိုတာအချင်းချင်း
    ရင်ဘတ်ချင်းအပ်ပြီး လိုအပ်တာကို ပွင့်ပွင့်လင်းလင်းရှင်းပြနိုင်ရမယ်လို့
    ယုံကြည်ထားတယ်။ သူက အပေါင်းအသင်း လုပ်လို့ မရတဲ့ လူမျိုး မဟုတ်ဘူး။ ကဖျက်ကယက်
    လုပ်တဲ့လူမျိုး မဟုတ်ဘူး။ သူက တိကျတယ်။ ပြတ်သားတယ်။ မှန်တယ်။အဖွဲ့ အနေနဲ့
    ကတော့ (၁၉၃၅-၃၆) ပညာသင်နှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင်
    ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့တွေ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် ကြရတယ်။
    ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ တို့က အကြံပေးလို့ ကျွန်တော်က ဥက္ကဋ္ဌ
    နေရာ ကနေ အရွေးခံတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနဲ့ မစ္စတာ
    ရာရှစ် တို့ကတော့ အဖွဲ့ဝင်တွေပေ့ါ။ ကျွန်တော်တို့ အနိုင်ရတယ်။ ကျွန်တော်တို့
    တွေ သမဂ္ဂမှာ စလုပ်တာနဲ့ သမဂ္ဂ အလုပ် တွေကို တက်တက်ကြွကြွ သူ့ထက် အရင်
    အောင်အောင်မြင်မြင် ဆောင်ရွက် ကြတယ်။ အဲဒီနှစ်မှာပဲ ကျောင်းသား သပိတ်ကြီး
    ပေါ်ပေါက် လာတယ်။ အဲဒီတုန်းက ယေဘုယျ အားနဲ့ ကျွန်တော် ယုံကြည်ထားတာ ကတော့
    ကျွန်တော့်ကို ကျောင်းထုတ်လို့ သပိတ်ကြီး ဖြစ်ပေါ်လာတယ် ဆိုတာပါပဲ။ဦးနု

    ဒါနဲ့ ပတ်သက်ပြီး အမြင်ချင်း ကတော့ မတူကြဘူး။ ကျွန်တော့်ကို
    ကျောင်းထုတ်လိုက်တဲ့ အကြောင်း တက္ကသိုလ် အာဏာပိုင် အဖွဲ့ဆီက အသိပေးစာ ကျွန်တော်
    လက်ခံရရှိတော့ စာမေးပွဲနီးနေပြီမို့ ခပ်မဆိတ် နေမယ် လို့ ကျွန်တော် ကတော့
    ဆုံးဖြတ်ထားတယ်။ ကျွန်တော့် အတွက် နဲ့ ကျောင်းသားတွေ စိတ် အနှောင့်အယှက်
    မဖြစ်စေချင်ဘူး။ ဒါပေမယ့် လို့ သတင်းက ပျံ့သွားပြီ။ သမဂ္ဂ အဖွဲ့ဝင် ကျွန်တော့်
    သူငယ်ချင်းတွေ ကျွန်တော့်ဆီေ ရာက်လာကြပြီး တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်လို့
    ပြောကြတယ်။ ကျွန်တော့် ကိုယ်ပိုင်ကိစ္စ ဖြစ်လို့ ကျွန်တော်ကတော့ ဘာမှ ပြောစရာ
    မလိုဘူး။ ကော်မတီက ပြောမယ်။ ကျောင်း ထုတ်တယ် ဆိုတာ နာမည်လောက် ပါပဲ။
    ပညာသင်နှစ် ပြီးသွားပြီ။ ငါ့ကို ဥပဒေ စာမေးပွဲ မဖြေနိုင်အောင်လည်း
    မတားနိုင်ပါဘူး လို့ ပြောပြီး ကျွန်တော့် သူငယ်ချင်းတွေကို နှစ်သိမ့်ဖို့
    ကြိုးစား ပါသေးတယ်။

    ကျွန်တော်တို့ အစည်းအဝေး လုပ်နေတုန်း မှာပဲ ကိုအောင်ဆန်း လည်း ကျောင်း
    ထုတ်ခံလိုက်ရပြီ ဆိုတဲ့ သတင်းကို ကျောင်းသား တစ်ယောက်က သယ်လာတယ်။
    ဒီသတင်းမှန်လား ဆိုတာ စုံစမ်းဖို့ တက္ကသိုလ် ကော်မတီ ဝင်လူကြီး ဦးဘလွင် ဆီ
    သူငယ်ချင်း တစ်ယောက် ကို လွှတ်လိုက်တယ်။ မှန်တယ် တဲ့။ ကျွန်တော်တို့ သခင်လူငယ်
    နိုင်ငံရေး သမားတွေ အနေနဲ့ ချောက်ချီးချောက်ချက် လောက်ပဲ ဖြစ်နေကြတာ။
    ဒါပေမယ့်လို့ တကယ်တမ်း ကြတော့ ကျွန်တော်တို့က တကယ်ကို ပင်ပင်ပန်းပန်း
    လုပ်နေကြရတာ။ ကျွန်တော်တို့တွေ သိပ်ဆင်းရဲတယ်။ သိပ်ပင်ပန်းတယ်။ တချို့နေ့တွေ
    မှာဆို ထမင်းစားစရာ မရှိလို့ လက်ဖက်ရည် တစ်ခွက်၊ နှစ်ခွက် သောက်သောက်ပြီး
    အသက်ဆက် ကြရတယ်။ ပါတီ အစည်းအရုံး ကိစ္စကို ကျွန်တော် စိတ်မဝင်စားဘူး။ သခင်
    အောင်ဆန်းနဲ့ သခင် သန်းထွန်းတို့က နယ်လှည့် ဟောပြောနေတုန်း ကျွန်တော်က
    ရန်ပုံငွေရှာ ထွက်ရတာကို ပျော်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်ဆီ ခဏခဏ
    ရောက်လာကြတယ်။ ကျွန်တော်က ဘဏ္ဍာငွေ ရှာသူ ဆိုတော့ ဒီငွေနဲ့ ထမင်းစားကြရမှာ
    မဟုတ်လား။ အဲကိုအောင်ဆန်း ကတော့ ထမင်းဆာ နေတာတောင် ငွေလာတောင်းတာ၊ ထမင်း
    ဝယ်ကျွေးခိုင်းတာမျိုး မလုပ်ဘူး။ သူက တစ်ထောင့်ထောင့်မှာ ထိုင်ပြီး စာအုပ်ထဲ
    အာရုံ နစ်ဝင်နေတာ။ ဘာမှ မငြီးငြူဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။ သူက ပုံစံ
    တစ်မျိုးနဲ့ လေ့ကျင့် ထားပြီး သူ့စွမ်းရည်ကို တည်ဆောက်တယ်။ ပါတီ ဌာနချုပ်မှာ
    ရှိတဲ့ သခင်အောင်ဆန်း အခန်းက ရှုပ်ပွ နေတာ ကတော့ နာမည်ကြီးပဲ။ ဘာမှ မပြုပြင်
    ထားတဲ့ အိပ်ယာ ပေါ်မှာပဲ ဖြစ်သလို အိပ်တာ။ သူ့အခန်းထဲ ရောက်လာသူ တွေကို ဂျပိုး
    တွေက တိုက်ထုတ်လို့ ထွက်ပြေး ကြရတယ်။ သခင်အောင်ဆန်း တစ်ယောက်ပဲ အဲဒီ ဂျပိုးတွေ
    နဲ့ နေနိုင်၊ အိပ်နိုင်တာ။ တစ်ခါတော့ နယ်က ရောက်နေတဲ့ သခင်တွေ၊ သခင်မတွေ
    ရှိနေတယ်။ ဌာနချုပ်က ကောင်လေးတွေက အဲဒီ နယ်ကိုယ်စားလှယ် တွေကို သခင်အောင်ဆန်း
    အခန်းမှာ နေရာပေးကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က စင်္ကြန်လမ်းမှာ
    မအိပ်ချင်ကြဘူး။ အဲဒီတုန်းက သခင်အောင်ဆန်း က အထွေထွေအတွင်းရေးမှူး ဖြစ်နေတာ။
    ဧည့်သည်တွေက အထွေထွေ အတွင်းရေးမှူး အခန်းထဲ အိပ်ရလို့ ပျော်နေကြတယ်။ ဂျပိုးတွေ
    စစ်ပွဲ မခင်းခင်တော့ နေနိုင်သေးတာပေါ့။ သန်းခေါင်လည်း ရောက်ရော ဂျပိုးတွေရဲ့
    ထိုးစစ်ကို ခံစစ် မလုပ်နိုင်ကြတော့ဘူး။ ဘာပြော ကောင်းမလဲ။ ကျွန်တော်တို့
    ဧည့်သည်တော်ကြီး တွေဟာ အိပ်ရာခင်းတွေ၊ စောင်တွေကို ကမန်းကတန်း သယ်ပြီး
    စင်္ကြန်လေးမှာပဲ အိပ်ကြရရှာတယ်။ နိုင်ငံရေး ဆိုတာ သခင်အောင်ဆန်းရဲ့ ဘဝပဲလေ။
    ထမင်းဆာ တာတို့၊ ဆင်းရဲတာတို့ ဆိုတာ သူ့အတွက် ဘာမှ အရေးမကြီးဘူး။ အသေးအမွှား
    ကိစ္စပဲ။ အခု ဗိုလ်လကျ်ာ ဖြစ်လာတဲ့ သခင်လှဖေက တခါတလေ ထမင်းဟင်း ကောင်းကောင်းတွေ
    တမ်းတတယ်။ သီချင်း ကောင်းကောင်းလေး တွေကို နားဆာတယ်။ သခင်အောင်ဆန်း ကတော့
    အဲဒါတွေကို လုံးဝ မတမ်းတဘူး။. သူက လူပျော့ မဟုတ်ဘူး။ သံမဏိလို မာကျောသူ၊
    သူ့စွမ်းရည်နဲ့ သူတော်လှန် ရေး လုပ်နေတာ။

    သာယာဝတီ ညီလာခံမှာ သခင်အောင်ဆန်းက ကျွန်တော်တို့ ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး
    ကို ကြေညာတဲ့ ဆုံးဖြတ်ချက် တစ်ခုကို အောင်အောင်မြင်မြင် ချမှတ်လိုက်တယ်၊၊
    ကျွန်တော်တို့ ခေါင်းဆောင် တွေဟာ တစ်နိုင်ငံလုံး သွားကြပြီး ပြည်သူတွေရဲ့
    အဆုံးအဖြတ် ခံယူကြတယ်။ ဒီလှုပ်ရှားမှု ကြောင့်မို့လို့ ကိုလိုနီ နယ်ချဲ့ အစိုးရ
    ရဲ့ ဒေါသတကြီး တုံ့ပြန်မှု ကို ခံကြရတယ်။ သခင် အောင်ဆန်းက ဇလွန်မှာ နိုင်ငံရေး
    တရားဟောတယ်။ ဟင်္သာတ ရဲမှူးကြီး က နိုင်ငံတော်ကို အကြည်အညို ပျက်အောင် လုပ်တဲ့
    ဥပဒေနဲ့ သခင် အောင်ဆန်းကို ချက်ချင်း ဖမ်းဝရမ်း ထုတ်လိုက်တယ်။ ကျွန်တော်
    ကိုလည်း မကြာခင်မှာ အဲသည်လိုမျိုး ဖမ်းဝရမ်း ထုတ်မယ့် သဘော ရှိတယ်။
    ကျွန်တော်တို့တွေ ကိုကျော်ငြိမ်း အိမ်မှာ ဆွေးနွေး ကြပြီးတော့ တစ်ခုခုတော့
    လုပ်မှ ဖြစ်တော့မယ် ဆိုတာကို ဆုံးဖြတ် လိုက်ကြတယ်။ သခင် အောင်ဆန်း က အညံ့ခံတာ
    မျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။ ထောင်ကျ သွားရင်တော့ အချိန်ဖြုန်း
    နေသလို ဖြစ်သွားမှာပဲ ဆိုတဲ့ အမြင် ရှိတယ်။ ကျွန်တော်တို့ တွေက
    စည်းစည်းလုံးလုံး စုစုစည်းစည်း ရှိကြပြီး တိုက်ပွဲ အရောက် ချီတက်သင့်တယ်။

    သူက နိုင်ငံတွင်းက ထွက်ပြီး မြေအောက် သွားချင်တယ်။ ကျွန်တော်တို့ အလုပ်ကို
    အကူအညီ ပေးဖု့ိ နိုင်ငံခြားမှာ မိတ်ဆွေ ရှာချင်တယ်။ ကျွန်တော်ကတော့
    အဲဒီလောက်ကြီး ရှည်ရှည်ဝေးဝေး မမြင်တတ်ဘူး။ ကျွန်တော် ဥပဒေကို ချိုးဖောက်ရင်
    ထောင်ကျမှာပဲ ဆိုတဲ့ အတွေးပဲ ရှိတာ။ အဲဒီ နေ့တုန်းက ကျွန်တော်တို့တွေ အကြာကြီး
    ဆွေးနွေးကြတယ်။ ကျွန်တော့် အမြင်ကို သခင်အောင်ဆန်း လက်ခံလာအောင် ကျွန်တော်
    မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ သူ မြေအောက် သွားတာကို ကူညီဖို့ ကျွန်တော်
    သဘောတူ လိုက်တယ်။ သူနဲ့ ကျွန်တော် ရဲစခန်း ရှေ့က ပြည်လမ်း ပေါ်မှာ ရပ်နေတာကို
    သတိရ နေပါသေးတယ်။ သူ့ကို ဖမ်းမှာနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောဆို နေခဲ့ကြတာ
    လို့ ထင်တယ်။ အဲဒီနောက်တော့ ကျွန်တော်တို့ ခွဲခွာ လိုက်ကြတယ်။ ကျွန်တော်က
    အိမ်ပြန် ၊ မောင်ဆန်းကြယ် အဖမ်းခံပြီး နောက်နေ့မှာပဲ ထောင်ထဲ အသွင်းခံ
    လိုက်ရတယ်။ ထောင်ကျတဲ့ နှစ်နှစ် ကတော့ အချိန်တွေ ဖြုန်းပစ် လိုက်တာပါပဲ။
    ထောင်ကျစ လတွေ ကတော့ သိပ် မဆိုးလှသေးဘူး။ ငါ ထောင်ကျရဲတဲ့ သတ္တိရှိတဲ့ ကောင်ပဲ
    ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အချိန်တွေ
    ကြာလာတာ နဲ့အမျှ ခံပြင်းစရာတွေ ပေါ်လာတယ်။ စိတ်ပျက်စရာ တွေ ဖြစ်လာတယ်။
    ကိုအောင်ဆန်းရဲ့ ပညာဉာဏ်၊ ရင့်ကျက်မှုနဲ့ အမြော်အမြင် ကြီးမှု တွေကို ကျွန်တော်
    သဘောပေါက် လာပါတယ်။ နှစ်ခြိုက်လာတယ်။ အောင်နိုင်ရေး အတွက် သူ အပါအဝင်
    ကျွန်တော်တို့ သူငယ်ချင်းတွေ နဲ့အတူ လက်တွဲပြီး အလုပ်လုပ် ဖို့ပဲ တမ်းတ နေရတယ်။

    မော်နီတာ – မှာ ဆရာ မောင်ဆန်းကြယ် ဘာသာပြန် ထားတာ ဖြစ်ပါတယ်။
    ဘာသာပြန်သူ – မောင်ဆန်းကြယ်
    မူရင်း – Aung San’s Stering Qualities by U Nu

  • ahnyartamar

    June 9, 2012 at 9:13 am

    အောင်ဆန်းစုကြည် တို့ အဖေ ကျတော်တို့ရဲ့ထာဝရ သူရဲကောင်းကြီးဟာ သူ့ဘဝသက်တမ်းတိုတိုလေးအတွင်းမှာ၊ သူ့ယုံကြည်ချက်တွေကို သူချစ်တဲ့၊ သူမြတ်နိုးတဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက်ပြောရင်း၊ ဟောရင်း၊ သူမတူတဲ့ဇွဲလုံ့လနဲ့ အသက်ကိုယ်တောင်ပဓာနမထားပဲ လုပ်သွားခဲ့တာပါ။ ဒီနေ့ဒီအချိန်ထိ သူစကားတွေ နားထောင်ဖြစ်တိုင်း၊ ပြန်ဖတ်ဖြစ်တိုင်း၊ အစားထိုးလို့မရနိုင်တော့တဲ့၊ ခေါင်းဆောင်တစ်ယောက်ဆိုတာ၊ ကမ္ဘာတည်သ၍၊ တည်နေမှာပါ။

  • SkyHeart WinKo

    June 9, 2012 at 9:13 am

    ဗမာပြည်တိုးတက်ဖို့အတွက် ဒီလိုလက်တွေ့အသေခံမည့်သူ့တွေကို ကျွန်တော်စောင့်နေပါတယ်၊
    စာရေးတဲ့သူတွေအနေဖြင့် အသက်အရွယ်အားဖြင့်သော်၎င်း၊ ယဉ်ကျေးမူအရသော်၎င်း၊ အမေစုကို ဒေါ်တပ်ခေါ်ပေးကြပါ။ အာချောင်မယ်ဆိုရင် ဝေးဝေးနေပေးပါ။
    တာမွေလူမိုက်ကြီး ဝင်းကိုလှိုင်
    ဖုန်း(၀၉၅ဝ ၈၂၈၀၈)

    • padonmar

      June 9, 2012 at 9:22 pm

      SkyHeart WinKo
      ကိုဝင်းကိုလှိုင်ရှင့်
      မလတ်က ဒေါ်စုကို မချစ်လို့ မလေးစားလို့ ဒေါ်မတပ်တာမဟုတ်ပါဘူး။
      အထဲကစာတွေကိုသေချာဖတ်ကြည့်စေချင်ပါတယ်။
      တစ်ခါတစ်လေ ဦးဒေါ်တွေတပ်တာဟာ လေးနက်မှုကိုလျော့စေပါတယ်။
      ကျမတို့ထက်အသက်ကြီးတဲ့ ရုပ်ရှင်မင်းသားကြီး ဝင်းဦးကို ဦးဝင်းဦးလို့ခေါ်ရင်မထိသလိုပေါ့။
      စာရဲ့ခေါင်းစဉ်က ဗိုလ်ချုပ်ကို အလေးပေးချင်တာဖြစ်တဲ့အတွက် ဒေါ်ထည့်ပြီး ဖတ်ကြည့်ပါ။
      ခွန်အားရှိသောစာ မဖြစ်လာပါဘူး။
      အဲဒါလေးခွင့်လွှတ်ပေးစေချင်ပါတယ်။
      ဖတ်မိသူများလည်း အထင်မလွဲအောင်ပါ။ရေးသူမလတ်က မဖြေရှင်းဘဲ မယ်ဘော်က ကဲနေတယ်လို့တော့ မထင်ပါနဲ့နော။

    • အရီး Khin Latt

      June 9, 2012 at 9:34 pm

      ဟုတ်ပါတယ် ကောင်းကင် နှလုံးသား နဲ့ ကိုဝင်းကို ရယ်။
      အစ်မပဒုမ္မ္မာပြောသလိုပါဘဲ။
      နာမည် မှာ “ဒေါ်အောင်ဆန်းစုကြည် တို့ အဖေ” ဆိုရင် သိပ် ဟန်မကျသလို တွေးလို့ပါ။
      အနောက်တိုင်း မှာ နေခဲမို့ ဒေါ်အောင်ဆန်းစုကြည်က လဲ သူ့ကို ဒေါ် မပါဘဲ ခေါ်တာ သဘောပေါက်မှာပါ။
      မရိုမသေလုပ်တာ လုံးဝ (လုံးဝ) မဟုတ်ရပါ တာမွေလူမိုက်ကြီးရယ်။
      ဖြစ်နိုင်ရင် ကျွန်မ တောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အနီးကပ် သက်တော်စောင့် လုပ်ပေးချင်တာ သူထိုင်းကို သွား ကထဲ ကပါဘဲ။
      သဘောပေါက်ပြီထင်ပါရဲ့။ 😉

      အစ်မပဒုမ္မ္မာ ရေ – ကျေးဇူး အကြီးကြီးပါနော။ 🙂

  • blackchaw

    June 9, 2012 at 9:33 am

    အစ်မရေ။
    အစ်မရဲ့ ပထမဆုံး ပို့စ် ကို ကွန်းမန့်မပေးခဲ့မိတာ
    ခွင့်လွှတ်ပါဗျာ။

    တိုင်းပြည်ခေါင်းဆောင် လုပ်ချင်ရင် အောင်ဆန်းစုကြည် အဖေလို နေနိုင်လား စမ်းစစ်ကြည့်ပါ။ နေနိုင်ရင် ကျွန်မတို့မြန်မာလူထု အားလုံး ရဲ့ လူထုခေါင်းဆောင် ဖြစ်မှာ မလွဲပါဘူး။

    အခုမှ ပြန်ဖတ်ပြီး ပြန်မန့်ခဲ့ပါတယ်။
    မနေ့က အစ်မရဲ့ ပဟေဌိကို အဖြေညှိဖို့ ပို့စ်အဟောင်းတွေဆီ
    စိတ်ရှည်လက်ရှည်ပြန်လှန်ခဲ့ပေမယ့် ဘယ်လိုမှ မတွေ့ခဲ့ပါဘူး။
    နောက်ဆုံးတော့
    အဖြေက ကျွန်ုပ်တို့၏ ကိုကြီးမိုက် ဖြစ်နေတော့
    အံ့ဩဝမ်းသာ ဂုဏ်ယူ သွားပါတယ် အစ်မရေ။

  • kyaw kyiko

    June 9, 2012 at 9:55 am

    ဗိုလ်ချုပ်လို လူ…သူရဲကောင်းနောက်တစ်ယောက်လောက် တမ်းတ မိပါရဲ့ဗျာ….

  • intro

    June 9, 2012 at 10:42 am

    ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။
    ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။
    ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။
    ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။
    ဒါမျိုးတွေလုပ်ချင်လို့တော့ ဘယ်တော့မှ အကျိုးမရှိဘူး။

    ဗိုလ်ချုပ်အောင်ဆန်း
    ဇူလိုင်လ ၁၃ရက်၊ မြို့တော်ခန်းမကြီး၌ ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်းမှ”

    အရမ်းကို ကောင်းတဲ့ မိန့်ခွန်းပဲဗျာ….

  • Khaing Khaing

    June 9, 2012 at 10:49 am

    အရီးလတ်ရဲ့ပို့စ်တစ်ခုကို သူကြီးကစတစ်ကီပြန်ပေးတာ ကျေးဇူးပါ …….. အရီးရေ သမီးကနိုင်ငံရေးတွေကို မဖတ်ဖြစ်တာများပါတယ် ……. ဗိုလ်ချုပ်နဲ့ပတ်သက်တာဆိုတော့စိတ်ဝင်စားလို့ဝင်ဖတ်ပါတယ် ……. နိုင်ငံ ရေးကိုစိတ်မဝင်စားဘူးဆိုတာထက် မသိကျော်ချဆိုပါမှန်ပါတယ် သမီးလည်းမြန်မာနိုင်ငံသားတစ်ယောက် ဖြစ်တဲ့အတွက် မျိုးချစ်စိတ် မဟုတ်မခံစိတ်ရှိပါတယ် သွေးလည်းဆူတတ်လို့ သွေးအေးအောင်မသိကျိုးကျွန် ပြုနေရတာပါ…….

    အရီးရေ ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့နေ့ ဇူလိုင် (19) ရောက်တိုင်း သမီးတို့ငယ်ငယ်က ဥဩတွေဆွဲတယ် ရေဒီယိုကနေ ဝမ်းနည်းတဲ့အထိန်းမှတ်တွေလုပ်ပေးတာတွေကို ဗိုလ်ချုပ်ကိုလွမ်းဆွတ်မိတယ် ကျောင်းမှာစာသင်ကတည်းက ဆရာမတွေက ဗိုလ်ချုပ်ရဲ့လေးစားထိုက်ပုံကို စာထဲပါအကြောင်းအရာတင် မကပဲ ပြောပြခဲ့လို ငယ်စဉ်ကတည်းကလေးစားခဲ့ရပါတယ် ……..ယနေ့အချိန်ထိပေ့ါ ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေက အခုချိန်ထိကို အသက်ဝင်နေတုန်းပါပဲလို့ ယုံကြည်မိပါတယ် ………

  • ကျနော်တို့ငယ်ငယ်က ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကို အာဇာနည်နေ့ ညတိုင်းမှာ မြန်မာ့အသံကလွှင့်ပေးတတ်ပါတယ်။
    လူကြီးတွေက မုန့်ကြွေးပြီးကျနော်တို့ကိုနားထောင်ခို်င်းခဲ့ပါတယ်။
    စိတ်ထဲမှာစွဲနေတဲ့စကားလေးကတော့

    ပန်းတိုင်မရောက်ခင် တက်မ မထောင်ချင်ပါနဲ့ ဆိုတဲ့ အမှာစကားလေးပါဘဲ၊

    တောင်းပန်စာ
    ကိုလတ် အခုမှတွေ့လို့အခုမှဖတ် အခုမှမန်းတာကို စိတ်မတိုစေကြောင်း………………………

  • မောင်ပေ

    June 9, 2012 at 11:04 am

    အန်တီလတ်ရေ ၊ ဗိုလ်ချုပ် နဲ ့အမေစု တို ့ကို အရမ်း လေးစားအားကျပါတယ် ။ သူတို ့လမ်းစဉ် လုပ်ရပ် စိတ်ဓါတ်များအတိုင်း လိုက်လံနေထိုင်နိုင်ဖို ့ဆိုတာ… တော်ရုံတန်ရုံတော်တော့်ကို မလွယ်ကူပါ ။ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ်နဲ ့နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို ့အမြဲကျင့်ကြံနေထိုင်နေပါတယ်ဗျာ ။

  • ကြောင်ကြီး

    June 9, 2012 at 11:16 am

    ဟုတ်ဖူး သူက.. ဗိုလ်လရောင်မြေး ဦးဖာဒေါ်စုတို့သား ကင်မ်အဲရစ်ရဲ့အဘိုး..ကဲဘာပြောချင်လဲ…။

  • သားဦး၊မြေးဦး

    June 9, 2012 at 11:17 am

    “ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။
    ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။
    ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။
    ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။
    ဒါမျိုးတွေလုပ်ချင်လို့တော့ ဘယ်တော့မှ အကျိုးမရှိဘူး။
     ဗိုလ်ချုပ်အောင်ဆန်း
    ဇူလိုင်လ ၁၃ရက်၊ မြို့တော်ခန်းမကြီး၌ ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်းမှ”

  • kyeemite

    June 9, 2012 at 11:18 am

    ကိုခင်လတ်ခင်ဗျား…ဒီစကားလေးကလည်း ခုထက်ထိ
    သွေးထွက်အောင်မှန်တုံးဗျို့……

    “ဗမာတွေ စိတ်ထက်သလေးဘာလေးနဲ့ တလွဲဆံပင်ကောင်းနေကြတယ်။
    ဗမာပြည်လွတ်လပ်ရေးရအောင် လုပ်ရတဲ့တိုက်ပွဲမျိုးမှာ အသုံးမချဘူး။
    ဗမာပြည် ပြန်လည်ထူထောင်ရေးမှာ အသုံးမချဘူး။
    ဗမာဗမာချင်း ချဖို့မှာ လုပ်ချင်တယ်။
    ဒါမျိုးတွေလုပ်ချင်လို့တော့ ဘယ်တော့မှ အကျိုးမရှိဘူး။
    ဗိုလ်ချုပ်အောင်ဆန်း
    ဇူလိုင်လ ၁၃ရက်၊ မြို့တော်ခန်းမကြီး၌ ပြောကြားခဲ့သော နောက်ဆုံးမိန့်ခွန်းမှ”

    ခုချိန်တိုင်းပြည်မှာဖြစ်ပျက်နေတာလေးတွေ နဲ့နှိုင်းကြည့်မိလို့ပါ…
    လေးစားခင်မင်လျှက်..
    ကြိုက်မီး။

  • kyeemite

    June 9, 2012 at 11:50 am

    အော် မေ့လို့..ဒေါ်မမရေ..ကွန်မန့်ထဲက
    ဦးနု ပြောတဲ့ ဦးအောင်ဆန်း စာပုဒ်လေးကူးသွားတယ်ဗျို့..
    တဆက်တည်း..ကိုခင်လတ်အတွက်လည်း လက်မထောင်ခဲ့တယ်ဗျို့
    မီးကိုချစ်တဲ့..
    ကြိုက်မီး။

    • ရဲစည်

      June 9, 2012 at 8:57 pm

      ဟိုက် အဲနာမည်ကြီး ဒဂယ်တွင်သွားဘီနော် ဦးမိုက်…… 🙂
      စကားမစပ်
      @အရီးလတ်ရေ
      ကိုကိုညွန့်ကို အန်တီကြီးက စကားတခွန်းမှားခဲ့ဖူးတယ် ၉ဝမတိုင်ခင်မှာ….
      အကုန်လုံးကို ခုံ….ပြန်တင်မယ်ဒဲ့ ဒါကြောင့်မို့ ဒါလောက်ပြန်ကြာသွားသလားမသိ……
      သေချာတာတော့ သူက အန်တီချာလို မဟုတ်ဘူးဆိုတာဘဲ…………………………….
      ဖြစ်စေခြင်တာက အမေထရီလိုပဲ ကောင်းပါတယ်……………………………………….

  • htoosan

    June 9, 2012 at 12:46 pm

    အခုအချိန်မှာ ပိုလိုအပ်နေတဲ့ ပိုစ်ပါ အရီးလတ်ရေ ..
    အရီးလတ်ကော ပြန်ဖော်ပေးတဲ့ သူကြီးကော ကျေးကျေးပါ ။

  • SkyHeart WinKo

    June 9, 2012 at 5:59 pm

    ရန်ကုန်တိုင်းမှူးဦးဝင်းနိုင် ပြည်သူများကိုအသက်စွန့်ကာကွယ်ရန် မောင်တောသို့ ယနေ့မနက်ထွက်ခွာ…

  • SkyHeart WinKo

    June 9, 2012 at 6:46 pm

    ဥပဒေမဲ့ကျူးလွန်သူအားလုံး အစိုးရက နံရံကပ် မျက်လုံးမှိတ် ပစ်သတ်ရမှာ။ ယခုတော့………..
    ဗမာပြည်လွတ်လပ်ရေးအတွက် အသေခံခဲ့သော ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင်များထဲမှ ဆရာကြီးဦးရာဇာတ်နှင့်ရဲဘော်ကိုထွေးအား အသိပညာအားနည်းသော အရူးများကြောင့် အားနာမိပါသည်။

  • အလင်းဆက်

    June 9, 2012 at 7:37 pm

    ဗိုလ်ချုပ်လို နေနိုင်သူတွေ..များများပေါ်ပေါက်လာပါစေ..။
    ဒါမှ…..တိုင်းပြည်ရဲ ့ရှေ ့ရေး..ရင်အေးရမှာ.။

    အရီးရေ….ပို ့စ်လေးက တကယ့်ကို အကျိုးရှိစေတဲ ့စာသားတွေပါ လား။
    တင်ပြပေးလို ့ကျေးဇူး အထူးအထူးတင်ပါတယ်ခင်ဗျ ။

    ခင်မင်လေးစားစွာ

  • pooch

    June 10, 2012 at 1:05 am

    အရီးရေ နောက်တခေါက် ပြန်ဖတ်သွားပါတယ်။ ဒီတခါတော့ မန့်ဖြစ်အောင် မန့်သွားပါတယ်။
    ခုတခါတော့ ကွန်းမန့်တွေ ဝေဝေဆာဆာနဲ့မို့ ပိုပြီးတော့တောင် မြိုင်သွားပါသေးတယ်။

    ဖခင်ကြီး အကြောင်းကတော့ သိလေလေ ပိုပြီး လေးစားလေလေပါ။
    ဖခင်ကြီးရဲ့ သတိပေးစကားတွေ မိန့်ခွန်းတွေက ဘယ်ခေတ်ပဲ ရောက်နေနေ လတ်ဆတ်နေဆဲ မှန်ကန်နေဆဲပါ။

    ဒီလို အချိန်မှာ ပြန်ဖတ်ရတဲ့ အခါမှာ စကားလုံးတွေက ပိုလိုတောင် အသက်ဝင် မှန်ကန်လာပါသေးတယ်။
    ဒီလိုအချိန်မှာ တကယ် ဖတ်သင့်တဲ့ အချိန်ကိုက် စာတပုဒ်ပါ။

    ဖခင်ကြီးရဲ့ အထ္ထုပတ္တိ ဇာတ်ကားအတွက်လည်း ရင်ခုန်ရပါတယ်။

  • a me

    June 10, 2012 at 2:58 pm

    ဗိုလ်ချုပ် အကြောင်းကို ငယ်ငယ် ထကြတော့ သိပေမယ် 10ပုံ ပုံမျ 1.5 တောင် မရှိပါဘူး အဲ့ဒါကြောင့်
    ဒီစာဖတ်ုပြိးတော့ 1လောက်သိသွားတဲ့ အတွက် ပျော်မိပါတယ် ကျေးဇူးလည်း တင်ပါတယ်
    ငယ်ငယ် ကတည်းက စံပြပုဂ္ဂိုလ် ဗိုလ်ချူပ် တို့ဖခင်က

  • SkyHeart WinKo

    June 11, 2012 at 3:15 pm

    အများအတွက် ကိုယ့်ငွေ၊ကိုယ့်ချွှေး၊ကိုယ့်သွှေးနှင့် လက်တွေ့မင်းကိုယ်တိုင်လုပ်ခဲ့လျှင် အားလုံးကိုစိက်ဆိုးမိမှာပါ။
    မိုက်တစ်လုံးနိုင်ငံရေးသမားနှင့် YCDC သိစေရန်ကို ဖွင့်ကြည့်ကြပါ။

  • Wai Phyoe

    June 11, 2012 at 3:45 pm

    သိပ်ဝမ်းနည်းစရာကောင်းတာတစ်ခုက ဗိုလ်ချုပ်ခြေဖျားမှီတဲ့ခေါင်းဆောင်ရှိတော့ဘူး ပာုတ်တာတစ်ခုကိုထုတ်
    ကာပြောမယ် ဘယ်ခေါင်းဆောင်မှလည်း မှီပါဘူး ။ ကြည့်….နားထောင် သူတို့တွေ စင်ပေါ်တွေတက်ပာစ်ကြတယ် ဘေးချအတင်းစကားတွေနဲ့တစ်ယောက်နဲ့တစ်ယောက်ခွပ်ကြတယ်

Leave a Reply