ဝံပုလွေကိုရင် နှင့် သိုးခေါင်းဆောင်း မာရ်နတ်

koyin sithuSeptember 30, 20111min1826
ကျွန်တော်ဟာ ဝံပုလွေတစ်ကောင်ပါ။ ဝံပုလွေဖြစ်ခဲ့တဲ့အတွက်ကျွန်တော့်ကို ကျွန်တော်ဘယ်တုန်းကမှ မရှက်ခဲ့ဖူးပါဘူး။ ဝမ်းလည်းမနည်းခဲ့ပါဘူး။ ဒါပေမဲ့ဒေါသထွက်စရာ တစ်ခုတော့ရှိတယ်။ ဘယ်နှယ့်ဗျာ … လူတွေများ မကောင်းလိုက်ပုံ၊ မတရားလိုက်ပုံများ၊နေရင်းထိုင်ရင်းနဲ့ ကျွန်တော်တို့ ဝံပုလွေတွေက ယုတ်မာသတဲ့။ ကောက်ကျစ်သတဲ့၊ ကျွန်တော်တို့ဘယ်မှာများ ကောက်ကျစ်ယုတ်မာသတုန်း။ အစာဖြစ်တဲ့ သားကောင်တွေကို တတ်စွမ်းသလို နည်းလမ်းနဲ့ရှာဖွေစားသောက်တယ်။ ဒါကို ယုတ်မာတယ်ခေါ်သလား။ ။
            တခြားအကောင်တွေကရော၊သူလိုကိုယ်လိုပဲ သားကောင်တွေကို ဖမ်းပြီး စားကြတာပဲ။ သူတို့ကျတော့ ယုတ်မာတယ်လို့မပြောကြဘူးဗျာ။ ဥပမာ – ဇီးကွက်လို အကောင်းမျိုး၊ မျက်လုံးပြူးပြူးနဲ့ ညမှသာ ထွက်ရဲ၊အစာရှာတဲ့ ကောင်ကိုကျတော့ ပညာရှိ ဇီးကွက်တဲ့။ လာဘ်ကောင်တဲ့။ ဧည့်ခန်းတွေ၊စင်မြင့်တွေ ဘာတွေပေါ်မှာ တယုတယ ထားကြတယ်။ ((တွေးကြည့်မိတယ်… တချို့သူတွေများဆိုကိုယ့်ကို မွေးဖွားပေးခဲ့တဲ့၊ ကျွေးမွေးပြုစုခဲ့တဲ့ ကျေးဇူးရှင်မိဘနှစ်ပါးကိုအမှတ်တရ ဓါတ်ပုံ ခံခံညားညားနဲ့ ဧည့်ခန်းမှာ ချိတ်ဆွဲပေးဖို့ မစဉ်းစားကြဘူး။အကောင်ဘလောင်တွေ အိုးတွေ ခွက်တွေ အပင်တွေ အလှပြထားကြတယ်။… ကျွန်တော်ပြောပြောနေတဲ့အတုတွေဆိုတာလေ…)) တကယ်တော့ ဝံပုလွေဆိုတာ တစ်နေ့စာတစ်နေ့ ပင်ပန်းကြီးစွာရှာကြံစားသောက်နေရတဲ့အတွက် ဥစ္စာစီးပွားတွေ ဘယ်လိုများ တိုးတက်အောင်လုပ်နိုင်မှာလဲ။ တိရစာ္ဆန်ခြင်း အတူတူတောင် အဆင့်အတန်း အခွဲခံရတာလောက်အသည်းနာတာမရှိဘူးဗျာ။
            အံမယ်။ဒါတင်မကသေးဘူးဗျ…။ ဇာတ်သိမ်းလည်း ဘယ်တော့မှ မကောင်းဘူးဗျို့။ ပုံပြင်တိုင်းလိုလို ကျွန်တော်တို့ဟာအသေဆိုးနဲ့ သေရတာချည်းပဲ။ နောက်ဆုံး အရှက်ကွဲပြီး ထွက်ပြေးမိတာမျိုးချည်းပဲ။ ကျွန်တော်တို့မှာဗျာ။ကောက်လည်းကောက်ကျစ်လိုက်ရသေးတယ်။ ဘယ်တော့မှလည်း အနိုင်ရလိုက်တယ်ကို မရှိဘူး။
            အထူးသဖြင့်တော့ပုံပြင်တစ်ပုဒ်မှာပေ့ါ။ ထိုပုံပြင်ထဲမှာ ကျွန်တော်က ဘာမှမဟုတ်ပဲနေရင်းထိုင်ရင်းကြီး အသက်ထွက်သွားတယ်။ ကျွန်တော် မကောင်းကြံပါတယ်ဆိုတဲ့သားကောင်ကိုလဲ ဘာမှ ဒုက္ခမပေးလိုက်ရပါဘူး။ အဲ့ဒီကောင်တောင် သိတောင်သိလိုက်ရဲ့လားမသိဘူး။ ပုံပြင်ထဲမှာ ဒီလိုဗျ…။ ဝံပုလွေတစ်ကောင် (ကျွန်တော်) က သိုးတွေကိုစားချင်တဲ့ စိတ်နဲ့ မကောင်းကြံစည်ပါသတဲ့။ ကျွန်တော့်လုပ်ပုံကတော့ သိုးအုပ်တစ်အုပ်ထဲကိုသိုးရေခြုံပြီး ဝင်မယ်ပေါ့ဗျာ။ ပြီးမှ သိုးယောင်ဆောင်ပြီး သိုးတွေကို ဖမ်းစားမယ်ပေါ့ဗျာ..။ပုံပြင်အရသာ ပြောနေရတာ တကယ်တော့ ပံပုလွေတော်တော်သိက္ခာကျတဲ့ အလုပ်ဗျ။ကျွန်တော့်စိတ်ရင်းအတိုင်းဆိုရင်တော့ ပြောင်ပြောင်တင်းတင်းပဲ ဖမ်းယူးစားသောက်ပြီးဝံပုလွေတွေ သတ္တိပြမှာဖြစ်တယ်။ ထားပါဦးတော့…
            သိုးတစ်ကောင်အဖြစ်ပိပိရိရိ သရုပ်ဆောင်ဖို့ ကျွန်တော် သေသေချာချာလေ့ကျင့်ခဲ့တယ်။ ရက်ကလေးအနည်းငယ်လောက် ကြိုးစားလိုက်တာနဲ့ပဲ ကျွန်တော်ဟာ သိုးတစ်ကောင် ဖြစ်ဖို့ ခိုင်ခိုင်လုံလုံပြီးပြည့်စုံသွားတယ်။ သိုးအုပ်ထဲကို ဝင်ဖို့အတွက် ကျွန်တော်ဟာ ခိုင်ခိုင်လုံလုံပြီးပြည့်စုံခဲ့ပါတော့တယ်။
            ကျွန်တော်(ဝံပုလွေ) တစ်ကောင် သိုးအုပ်ထဲဝင်တဲ့နေ့မှာ ပတ်ဝန်းကျင်ဟာ လင်းချင်း လှပနေတော့တယ်။ပတ်ဝန်းကျင်ကို ကျွန်တော် တစ်ချက်ဝေ့ဝိုက်ကြည့်ပြီး လေကို တစ်ဝကြီးရှူသွင်းပစ်လိုက်တယ်။ လေထဲမှာတောင် ကျွန်တော် အောင်မြင်မှုရဲ့ ရနံ့တွေရလိုက်သလိုပဲ။ သိုးယောင်ဆောင်ပြီး သိုးဖမ်းစားဖို့ဆိုတာ အရမ်းလွယ်လွန်းနေတော့ ကျွန်တော်(ဝံပုလွေ) ဟာ သိပ်တောင် စိတ်မပါချင်တော့ဘူး။
            ထိုသိုးအုပ်ကို ကျွန်တော် တစ်ချက်လေ့လာအကဲခတ်လိုက်တယ်။ ဝိုင်းဖွဲစုရပ်နေကြတဲ့ သိုးတွေဟာတကုန်းကုန်နဲ့ နေနေလိုက်ကြတာများ သိပ်နုံအတဲ့ကောင်တွေဖြစ်မှန်း သိသာလွန်းလှပါတယ်။ စိတ်ထဲမှာတော့ဒီကောင်တွေလောက်များ ငါ့မှာ မိန်းမလို မိန်းမရ ဟန်ဆောင်နေစရာမလိုပါဘူး။ ဂုတ်ကနေကိုက်ချီပြီးလှလှပပလေး ဖမ်းစားလို့ရတယ်။ ဒါပေမဲ့ ပုံပြင်ထဲကအတိုင်းဆိုတော့ ပြောထားတဲ့အတိုင်း  ဆက်လုပ်ရတာပေါ့လေ..။
            သိပ်မကြာခင်မှာပဲခပ်လွယ်လွယ်နဲ့ ကျွန်တော်စားဖို့ ရည်ရွယ်တဲ့ ဆူဆူဖြိုးဖြိုး သိုးတစ်ကောင်ကိုရှာတွေ့တယ်။ အဲ့ဒီကောင်ဟာ ကျွန်တော့်ကို ကျောပေးထားပုံရတယ်။ အ ပုံလည်းရတယ်။ဒီလောက်နီးနီးလေး ကပ်နေတာတောင် ကျွန်တော်အနံ့ကိုသူမရတဲ့အတွက် အလွယ်တကူဖမ်းမိမယ်ထင်တာပါပဲ။ အဲ့ဒီမှာတင် အနီးကပ် ကြည့်လိုက်တော့မှ ဆူဖြိုးဖြိုးမဟုတ်ပဲပွယောင်းယောင်းဖြစ်နေတာကို သတိထားမိတယ်။ ကြည့်ရတာလည်း တစ်မျိုးပဲ။ စိတ်ထဲမသိုးမသန့်ဖြစ်နေတာနဲ့ စိတ်ရှင်းအောင် သေချာဆန်းစစ်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ကျွန်တော်ဟာ ငြိမ်သက်နေတဲ့ သိုးရဲ့ အရှေ့ဘက်တည့်တည့်ကို သိုးနဲ့မျက်နှာချင်းဆိုင်ဖို့ ပြင်လိုက်တယ်….။ ပြီးတော့.. ပြီးတော့ မျက်နှာချင်ဆိုင်မိလိုက်တယ်ဆိုရင်ပဲကျွန်တော့် တစ်ကိုယ်လုံး ဆတ်ဆတ် တုန်သွားတယ်။
            ဘာကြောင့်လဲဆိုတော့ကျွန်တော့ ဖမ်းဖို့ ရည်ရွယ်မိတဲ့ မယုံနိုင်စရာကောင်းလောက်အောင် ဝံပုလွေတစ်ကောင် ဖြစ်နေတာရယ်ကြောင့်ပါ။ကျွန်တော်လို သိုးရေခြုံထားတဲ့ ဝံပုလွေကို မြင်တဲ့အခါ အရမ်းစိတ်ချောက်ချားပြီး ဘယ်လိုမှအိန္ဒြေဆောင်လို့ မရတော့ပါဘူး။ ဒါဘယ်လိုများဖြစ်တာလဲ။ ကျွန်တော်ကိုကျွန်တော်မေးမိတယ်။ အဖြေကမရှိပါဘူး။ အချိန်တွေက တဖြည်းဖြည်းနဲ့ တလင့်လင့်ကုန်ဆုံးလာတယ်။ ဒီလိုနဲ့ မထူးတော့မည်မို့ စိတ်ကို ပြန်ထိန်းပြီး တခြားသိုးတွေရှိတဲ့နေရာကို လှည့်လာမိပါတယ်။ လွယ်လွယ်ပဲ ဆူဆူဖြိုးဖြိုးနဲ့သိုးတစ်ကောင်ကို ထပ်တွေ့တယ်။ တစ်ပြိုင်နက်တည်း ထူးခြားနေမှုကို သတိပြုမိတယ်။ စိုးရိမ်ထိတ်လှန့်စိတ်နဲ့အဲ့ဒီသိုးတွေကြည့်တော့လည်း ဝံပုလွေတစ်ကောင်သာ ဖြစ်နေပြန်တယ်။ မထူးပါဘူးကွာဆိုပြီးတစ်ကောင်ပြီး တစ်ကောင် မဆူဖြိုးရင်လဲနေတော့ ပုံပြင်ထဲကအတိုင်း ရရာသိုးအစစ်ဖြစ်တဲ့အကောင်ကိုဖမ်းစားမယ်ဆိုတော့လဲ သိုးဆိုလို့ တစ်ကောင်တမြီးမှ မတွေ့မိဘဲ အကုန်လုံးက ဝံပုလွေကိုသာတွေ့ရတယ်။ သိုးတစ်အုပ်လုံးဟာ ဝံပုလွေတွေ ဖြစ်နေခဲ့ပါတယ်။
            ငါဘာလုပ်ရမလဲ။ကိုယ့်ကိုယ်ကို မေးမိတယ်။ ဟီးချပြီးတော့ပဲ ငိုလိုက်ရတော့မလား၊ နောက်ဆုံး သေချာသွားတာတော့ကျွန်တော် ရှုံးပြီးဆိုတာပါပဲ။ ကျွန်တော်ဟာ ဟန်ဆောင်ကောင်းခဲ့တာတောင်သိုးလေးတစ်ကောင်တောင်မှ ပုံပြင်ထဲမှာ အောင်အောင်မြင်မြင် မဖမ်းပြနိုင်ခဲ့ပါဘူး။ချက်ချင်းပဲ ကျွန်တော့် အနာဂတ်ပျောက်သွားတယ်။ ပင်ပင်ပန်းပန်းကြီးကြိုးစားလာခဲ့ပြီးမှ ပုံပြင်ထဲမှာ ဘာမှ အရာမထင်ဖြစ်တော့မယ်။
            သို့သော်လည်းပုံပြင်ထဲကအတိုင်းတော့ မုဆိုးတစ်ယောက်ဟာ သိုးတစ်ကောင်ပစ်ဖို့ လှံထမ်းပြီးရောက်လာပါတော့တယ်။ သူလှံမပစ်ခင်ကာလ ကျွန်တော် အကြာကြီး တွေဝေစေခဲ့တဲ့ အတွေးတွေကိုဝမ်းနည်စွာ အတည်ပြုလိုက်ပါတယ်။ မုဆိုးဟာ တကယ်ပဲ ကျွန်တော့်ကို လှံနဲ့ပစ်ဖို့လာနေပါပြီ။ ထိုအချိန်… ကျွန်တော်ကိုယ် ကျွန်တော် သိုးတစ်ကောင် အဖြစ်လုံးဝခံယူလိုက်တာပါပဲ။ သိုးယောင်ယောင်နေသော ကျွန်တော့်ကို လှံနဲ့ ပစ်လိုက်တဲ့အခါမှာ အပစ်ခံရတဲ့ကျွန်တော်ဟာလည်းသေ၊ ပြေးတဲ့ကောင်တွေက ပြေး၊ အနားမှာ ညွှတ်ကွင်းထောင်ထားတဲ့ ကောင်တွေကလဲမိနဲ့….။ တကယ်တမ်းကျတော့ သိုးတွေအကုန်ဟာ ဝံပုလွေတွေသာ ဖြစ်နေခဲ့ပါတယ်။
        နောက်ဆုံး…
        နောက်ဆုံး..
            ကျွန်တော်(ဝံပုလွေတစ်ကောင်) သိုးယောင်ဆောင်ရင်းနဲ့ပဲ လှံချက်လှလှထိပြီး သေဆုံးသွားခဲ့ပါပြီ။
            သေချာတာကတော့ဒီလောကမှာ သိုးအုပ်ဆိုလို့ လုံးဝမရှိပါ။ တကယ်တမ်းတော့ သိုးအုပ်ဆိုတာလဲ ဝံပုလွေတွေကို သိုးရေခြုံ ပေးထားကြတာချည်းပါပဲ။
            တကယ်တော့ဘဝဆိုတာ တိုလွန်းလှပါတယ်။ စိတ်ထင်ရာလုပ်ကြပါ။ အမှားတွေ ဘေးဖယ်ထားပြီးအပြစ်တွေအားလုံးကို ဝန်ခံလိုက်စမ်းပါ။ တည်ငြိမ်မှုဆိုတာနဲ့နေသားတကျရင့်ကျက်ဖို့ ကြိုးစားသင့်ပါလျက်နဲ့ အပြောင်းအလဲတွေ ဟန်ဆောင်တာတွေလုပ်ဖို့လူတွေက စိတ်ဝင်စားနေကြတာလဲ….။

6 comments

  • ကြောင်ကြီး

    October 1, 2011 at 8:44 pm

    သဂျီးကတော့ပြောတယ်၊ အပြစ်ရှိလူသားဆိုတာ လက်မခံနိုင်ပါတဲ့။ သူနဲ့ဆက်ရှင်း… 🙄

  • small cat

    October 1, 2011 at 10:17 pm

    ပြောချင်တဲ့အကြောင်းအရာကို ပေါ်လွင်အောင်
    တင်ပြပုံလေးကိုအရမ်းကြိုက်ပါတယ်။
    ရေးနည်းလေးမှတ်သားသွားပါတယ်။

  • mandalarthu

    October 1, 2011 at 10:19 pm

    အိုး ……..သိပ်ကောင်းတဲ ့ idea နဲ ့ခြယ်မှ ုန်းထား တဲ ့ဝတ္ထု ု တိုလေးဘဲ။
    ရေးဟန်ကို သဘောကျမိပါတယ်။
    ဒါပေမယ် ့နောက်ဆုံး idea လေး တခု
    ””’စိတ်ထင်ရာလုပ်ကြပါ။ အမှားတွေ ဘေးဖယ်ထားပြီးအပြစ်တွေအားလုံးကို ဝန်ခံလိုက်စမ်းပါ။ တည်ငြိမ်မှုဆိုတာနဲ့နေသားတကျရင့်ကျက်ဖို့ ကြိုးစားသင့်ပါလျက်နဲ့ အပြောင်းအလဲတွေ ဟန်ဆောင်တာတွေလုပ်ဖို့လူတွေက စိတ်ဝင်စားနေကြတာလဲ….။”””ကို တော ့
    I don’t agree that ပါ။ Think different ပေါ ့နော်။
    စိတ်ထင်ရာလုပ်ကြ
    အပြစ်တွေအားလုံးကို ဝန်ခံလိုက်စမ်းပါ။???
    ဟန်ဆောင်တာတွေလုပ်ဖို့လူတွေက စိတ်ဝင်စားနေကြတာလဲ။
    ဟုတ်ပါတယ်။ ဟန်ဆောင်နေ ကြဦးမှာပါဘဲ။ လူတွေ ဖြစ်နေကြလို ့ပါ။

    • Koyin Sithu

      October 2, 2011 at 10:45 am

      mandalarthu >> ကျွန်တော်ရဲ့ ဒီပို့စ်က သရော်စာပုံစံမျိုး ရေးထားတာပါ။ လူတွေရဲ့ အပြုံးတု၊ အချစ်တု၊ အတု…တွေ… ဟန်ဆောင်မှုတွေချည်းပဲ ပြည့်နှက်နေပါလားဆိုတဲ့ အတွေးမျိုးနဲ့ အိုက်ဒီယာထုတ်ရေးထားတာပါဗျာ…
      ””’စိတ်ထင်ရာလုပ်ကြပါ။ အမှားတွေ ဘေးဖယ်ထားပြီးအပြစ်တွေအားလုံးကို ဝန်ခံလိုက်စမ်းပါ။ တည်ငြိမ်မှုဆိုတာနဲ့နေသားတကျရင့်ကျက်ဖို့ ကြိုးစားသင့်ပါလျက်နဲ့ အပြောင်းအလဲတွေ ဟန်ဆောင်တာတွေလုပ်ဖို့လူတွေက စိတ်ဝင်စားနေကြတာလဲ….။”””
      ဒီစာကြောင်းကတော့ ဟန်ဆောင်မှုမကင်းတဲ့ ကျွန်တော်ကိုယ် ကျွန်တော်လည်း သတိပေးတဲ့ အနေနဲ့ ရေသားထားတာပါ။ ကိုယ်ကိုယ် ပြန်သတိပေးတဲ့အနေနဲ့ကော လူတွေကို အဲ့လို မျိုးဖြစ်စေချင်တာပါ ပါပါတယ်ဗျာ…. ဝေဖန်ပေးသွားတဲ့အတွက် ကျေးဇူးပါ….

  • windtalker

    October 2, 2011 at 10:53 am

    ကိုရင့် ပို ့စ် ဖတ်ပြီးမှာ
    ၁ = စိတ်ထင်ရာလုပ်ကြ
    ၂ = အမှားတွေ ဘေးဖယ်ပြီး အပြစ်တွေကို ဝန်ခံ
    ၃ = ????

  • bluerose

    October 5, 2011 at 1:37 pm

    ခုလက်ရှိအပြင်လောကမှာလည်းကိုရင့်ရဲ့ပို့စ်လေးလိုပဲသိုးအုပ်ဆိုတာထက်ဝံပုလွေတွေကပိုများနေမယ်ဆိုတာ
    သေချာပါတယ်တကယ်ကြောက်ဖို့ကောင်းပါတယ်ကိုယ်ကိုယ်တိုင်ဆင်ခြင်တတ်ပါမှပဲသိုးအုပ်နဲ့တွေ့လိမ့်မယ်ထင်ပါတယ်

Leave a Reply