ဒီနေ့တော့ တို့တွေ သချာင်္တွက်ပြီး ကံကောင်းဖို့ ကြိုးစားကြရအောင်နော်။
အားလုံး သိပြီးသားဖြစ်တဲ့ သုံးနဲ့လေးပေါင်းသော် ဘာရပါသလဲ။ ၃+၄= ? ၃ နဲ့ ၄ ပေါင်းရင် ဘာရလဲ ? “၇” ရတယ်နော် ။ ဒါဘယ်လိုရလာသလဲရှင်းကြည့်ကြရအောင်ပါ။
တို့တွေဟာ ဘ၀တစ်ခု ရလာကြပြီ ဆိုတာနဲ့ ဘ၀ဝေစု လေးတွေကို ကောင်းတာလေးတွေရွေးပြီး စုတတ်ဖို့တော့လိုတာပေါ့နော်။ ဒါပေမယ့် လူတိုင်းကောင်းတဲ့ ဝေစုတွေ စုနိုင်သလားဆိုတော့ မစုနိုင်ကြပါဘူး။ ဘာကြောင့်လဲ သိလား။ စိတ်ကို အမြဲတမ်းပူလောင်စေတတ်၊ ပျက်စီးစေ တတ်တဲ့ ကိလေသာတွေကြောင့်ပေါ့။
ဒါဆို ဒီကိလေသာတွေကို အတတ်နိုင်ဆုံး နည်းနိုင်သမျှ နည်းအောင်ကြိုးစားနိုင်တဲ့သူသာ “ဘ၀ဝေစု ကောင်းတာစု” ဆိုတာလေးလို ကောင်းတဲ့ ဝေစုတွေများများစုနိုင်မှာပေါ့နော်။ အင်း ဒီလို ကိလေသာကို ဖယ်ရှားနိုင်ဖို့ကျတော့ (၃)နဲ့ ပြည့်စုံအောင် ကြိုးစားရပါမယ်။ “၃” ဆိုတာ ဘာတွေ လည်း ဆိုတော့ “ သီလ၊ သမာဓိ၊ ပညာ” ဒီ (၃) မျိုး ကိုပြောတာပါ။

၁။ သီလ = ၀စီကံ နဲ့ ကာယကံကို သီလနဲ့ ထိန်းရပါမယ် ။ သီလ ဆောက်တည်ထားတဲ့လူ တစ်ယောက်ဟာ မကောင်းမူ့ ဒုစရိုက် တရားတွေကို နုတ်နဲ့လည်း မကျူးလွန်သလို ကာယကံ နဲ့လည်း မပြုလုပ် တော့တဲ့ အတွက် ဒါသည် ၀စီနဲ့ ကာယကံ ထိန်းပြီးသား ဖြစ်သွားပါပြီ။

၂။ သမာဓိ = ဒါကတော့ စိတ်ကို ထိန်းထားတာပေါ့။ သွားချင်ရာ သွားနေ၊ ရောက်ချင်ရာ ရောက်နေတဲ့ နွားနဲ့တူတဲ့ စိတ်ကလေးကို တစ်နေရာ ထဲမှာ ချည်တုပ်ထားသလို စိတ်ကို တစ်နေရာထဲမှာပဲ စူးစိုက်ခိုင်း ထားတော့ ဒီမနောလေးက ကံတွေမထိုက်တော့လို့ မနောကို သမာဓိ နဲ့ ထိန်းရပါမယ်။ တစ်နည်းတော့ အာရုံတွေ အပေါ် မလိုက် နိုင်အောင် စိတ်ကို နှာသီးဖျားတိုင်မှာ တုပ်ချည် ထားလိုက်တဲ့ သဘောမို့ ဒါသည်ပင် အာရုံတွေ အားလုံးကို စွန့်လွတ်နေခြင်း ပဲလို့ သိထားနော်။

၃။ပညာ= ဒီပညာ ကတော့ ဥာဏ်မျက်လုံး တပ်ပေးလိုက်တဲ့သဘောပါပဲ။ တကယ့်အရှိအမှန် တရား ကို ဥာဏ်မျက်လုံးနဲ့ ထိုးထွင်းပြီး မြင်နိုင်တဲ့ ပညာကိုပြောပါတယ်။ အရာရာဟာ အနိစ္စပဲ၊ ဒုက္ခပဲ၊ အနတ္တပဲ၊ အသုဘပဲလို့ အရှိကို အရှိအတိုင်း ထင်ထင်ရှားရှား သိမြင်နိုင်စွမ်းတဲ့ ပညာပါပဲ။ ဒီပညာ လေးရှိတဲ့ လူဟာ ဒီခန္ဓာအပေါ်မှာ စွဲထားတဲ့ အဟုတ် ထင်ထားတဲ့ တကယ်မရှိတာကို အရှိလို့ ထင်ထားတာတွေအားလုံးကိုစွန့်နိုင်သွားပြီပေါ့။
ကဲ ဒါသည် “၃” လေးအကြောင်း ရှင်းပြထားတာနော်။
နောက်ထပ် “၄” အကြောင်းပြောဦးမယ်။
ရှေ့က ပြောခဲ့တဲ့ အကြောင်း“၃” ချက်လုံးနဲ့ ပြည့်စုံတဲ့ လူဟာ “၄”ပါး ကို သိမြင်နိုင်လာ ပါလိမ့်မယ်။ အဲဒီ“၄”ပါးကတော့ ဒုက္ခသစ္စာ၊ သမုဒယ သစ္စာ၊ မဂ္ဂ သစ္စာ နဲ့ နိရောဓ သစ္စာ ပါပဲနော်။
ရှေ့က “၃” ခုလုံး ကျင့်ကြံနိုင်တဲ့ လူတစ်ယောက်ဟာ ဥာဏ်လမ်းပေါ်လျှောက် နေတာမို့ သူဟာ သစ္စာ “၄” ပါး ဆိုတာကို လက်တွေ့ သိမြင်ခွင့်ရပါလိမ့်မယ်။
ဒီတော့ “၄” သိနိုင်ဖို့ “၃” က အရေးကြီးတာပေါ့နော်။
“၃” နဲ့ ကိုက်ညီအောင် ကြိုးစားနိုင်တဲ့လူတိုင်းလည်း “၄” ကို မဖြစ်မနေ သိခွင့်ရလာ မှာပေါ့ ။ ဒါက စာတွေ့ ဆိုတာထက် လက်တွေ့ကရတဲ့ အသိကိုပြောတာနော်။
ဒုက္ခကို ဒုက္ခပါလားလို့ ကိုယ်တိုင်သိမြင်နိုင်လို့ မဂ္ဂတွေပွားပါ များလာရင်တော့ သမုဒယတွေ သေလို့ နိရောဓကို သေချာပေါက် ဆိုက်ရောက်ကြရမှာပါပဲ။
ဒါဆို “၄” အကြောင်းလေး သိသွားပြီနော်။
နောက်ထပ်“၇”ပဲကျန်တော့တယ်။
ဒီ “၃” နဲ့ “၄” ပေါင်းလိုက်ရင် ရလာတာက “၇” နော်။
ဒါဘာကို ပြောတာလဲဆိုတော့ သူတော်ကောင်းဥစ္စာ (၇) ပါးကို ပြောတာပေါ့။
“၃” ကြောင့် “၄” ကို သိမြင်နိုင်လို့ သစ္စဥာဏ် ဆိုက်သွားပြီဆိုရင် အရိယာ စခန်းမြန်းနိုင်ပြီမို့ “၇” လို့ သတ်မှတ်ထားတဲ့ သူတော်ကောင်း ဥစ္စာ(၇)ပါး လက်ဝယ်ရသွားပြီပေါ့။
အဲဒီ (၇) ပါးကတော့ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတ္တပ္ပ တို့ဖြစ်တယ်။
သဒ္ဓါ = အမှန်တရားကို သိမြင်နိုင်ပြီး အဲဒီအပေါ်မှာ သက်ဝင်ယုံကြည်ခြင်း။
သီလ = ကိုယ်၊ နုတ်၊ စိတ်တို့ကို အစဉ်စောင့်ထိန်းနိုင်ခြင်း (သတိမလွတ်စေပဲ)။
သုတ = ကိုယ်သိထားတဲ့ အမှန်တရားအပေါ် ထပ်မံ အသိတိုးအောင်ဆည်းပူး လေ့လာခြင်း
စာဂ = ကိုယ်သိထားတာတွေကို သူတစ်ပါးအား ဖြန့်ဝေပေးခြင်း ၊ ကိုယ့်မှာရှိ တဲ့ ၀တ္တုပစ္စည်းကို စွန့်နိုင်ခြင်း … … စသဖြင့်ပေါ့ တစ်ခုမဟုတ်တစ်ခုအသိ၊ ဥစ္စာ၊ လုပ်အား၊ ပစ္စည်း တစ်ခုခုကို စွန့်ကြဲခြင်း။
ပညာ = မိမိရဲ့ စိတ်ကလေးကို သတိဦးစီးတဲ့ ဥာဏ်ပညာနဲ့ ထိုးဖောက် ပဲ့ပြင်ဆုံးမလို့ အချိန်တိုင်း စောင့်ရှောက်နေနိုင်ခြင်း။
ဟီရိ = မကောင်းမူလုပ်ရမှာကို ရှက်ခြင်း ၊ မြင်ရမှာ ၊ ကြားရမှာ ၊ ကြည့်ရမှာ ၊ သိရမှာ ကို ရှက်တတ်နေတာပေါ့။
သြတ္တပ = မကောင်းမူ့ ပြုရမှာကို ကြောက်ရွံထိတ်လန့်ခြင်းဖြင့် အစဉ် ရှောင်ရှား နေနိုင်မယ်လေ။

ကဲ ဒါဆို “၇” သည် သူတော်ကောင်း ဥစ္စာ (၇) ပါးကို ရည်ညွန်းတာသိသွားပြီပေါ့နော ။ နောက်တစ်ခုက ဒီ “၇” လေးရဲ့ ပုံသဏ္ဍာန် လေးကိုဖော်ကြည့်လိုက်ရင် ဒီ “၇” လေးသည် ခေါင်းလေးလျှိုးနေတာ တွေ့ရမယ်နော်။
ဒါကြောင့် တစ်ခု ထပ်မှတ်ကြရအောင်။ သူတော်ကောင်း ဥစ္စာ (၇) ပါးနဲ့ ပြည့်စုံတဲ့ လူသည် အမြဲတထောင်ထောင် မနေတော့ဘူး၊ သူ့အလိုလို ခေါင်းလေး လျှိုးထားတာတွေ့လိမ့်မယ်နော်။ ဘာလို့လည်း အရာရာ အပေါ်အနတ္တသဘောတွေ မြင်နေတော့ အတ္တ ဆိုတဲ့ ‘ငါကွ’ ဆိုတာမျိုးတွေ နည်းသွားလို့ပဲ။
ကဲ ဒီ ‘၇’ လေးကိုပဲ အင်္ဂလိပ်လို ပြောင်းကြည့်လိုက်ရင် ‘7’ ဆိုတာ တွေ့ရမယ်နော်။
‘7’ ရဲ့ အဓိပ္ပါယ်ကိုက ‘lucky 7’ လို့သဘောပေါက်လိုက်ပါ။
ဒါဆိုရင် ဒီသူတော်ကောင်း ဥစ္စာ (၇) ဖြာနဲ့ ပြည့်စုံသွားတဲ့ လူပုဂ္ဂိုလ်၊ ရဟန်း၊ သီလရှင်၊ ယောက်ျား၊ မိန်းမ၊ ကလေး ဘယ်လိုလူပဲဖြစ်ဖြစ် ဒီလူဟာ အမြဲ ကံကောင်းသွားပြီလို့သာ မှတ်ပေ တော့။
ကဲ ဒါဆိုရင် တို့အားလုံးဟာ ‘lucky’ ဆိုတဲ့ ကံကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့အတွက် ‘7’ ကိုရအောင်ကြိုးစားရမယ်နော်။
‘7’ ရဖို့ ကျတော့ ‘၃’ ကအရင်စတည်ရမယ်နော်။
‘၃’ ကို အရင်းခံ ကြိုးစားရင်းက ‘၄’ ကို ကိုယ်တိုင် သိမြင်ခွင့်ရလို့ ‘၃+၄’ ပေါင်းမိသွားရင်တော့ ဒီ‘၇’ သည် အလိုလို ရလာတော့မှာမို့ ‘၇’ ရဖို့ အတွက် ‘၃’ က စကြပါစို့လို့သာပြောချင်ပါတော့တယ်။
ဒီစာလေးကို ဖတ်မိကြတဲ့ လူတိုင်း ‘၃’ ကစလို့ ‘၄’ ပါ ပေါင်းနိုင်ပြီး ‘၇’ ကို ပိုင်ဆိုင်နိုင်တဲ့ ‘lucky 7’ ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ ဆုတောင်းရင်းနဲ့ပဲ ဒီနေ့တော့ သချာင်္တွက်ရင်း ကံကောင်းတဲ့ လူတစ်ယောက်ဖြစ်ဖို့ နည်းလမ်းတွေ သိမြင်ရပြီမို့ အမြန်ဆုံးအကောင်အထည်ဖော် ကြိုးစားသွား ကြပါစို့လို့တိုက်တွန်းလိုက်ပါရစေနော်။

About who who

who who has written 97 post in this Website..

“အများအကျိုး ရွက်သယ်ပိုးက ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မရွဲ့မစောင်း ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့”