http://myanmargazette.net/70683/uncategorized-other/copypaste မှာ သူကြီးမန့်ထားတာ သဘောမကျလို့ ဒီ Post ကို ရေးလိုက်တာလဲဖြစ်သလို ကျန်တဲ့သူတွေရဲ့ အမြင်ကိုလည်း မြင်ချင်လို့ ရေးလိုက်တာပါ။

ဒီတစ်ခါတော့ သူကြီးတွေးတာကို မူမမှန်ဘူးထင်တဲ့အတွက် ကန့်ကွက်တယ်ဗျာ
ပြောရမယ်ဆိုရင် အရှည်ကြီးပဲ.. သူကြီးက မြန်မာတစ်မျိုးသားလုံး( ကျွန်တော်ပါ အပါအ၀င် )ကန့်ကွက်နေကြတဲ့ မြစ်ဆုံဆည်စီမံကိန်းကိစ္စကို ဖျက်သိမ်းလိုက်တာ သိပ်ကျေနပ်ပုံမရဘူးထင်တယ်။ သူပြောထားတာ ဒီလိုပါ

=
ဆိုတော့..
ကိုယ့်စွမ်းအားအရည်အချင်းနဲ့.အရင်းအမြစ်နဲ့.. လျှပ်စစ်ဓါတ်အားလည်း ပြည်တွင်းလိုအပ်မှု.. လုံလုံလောက်လောက်မထုတ်နိုင်..
သူများနိုင်ငံက ရင်းနှီးမြုတ်နှံမှုလည်း.. သဘာဝဂေဟအပျက်မခံ. လက်မခံရင်တော့…
အမှောင်ထဲ. .နေနိုင်စွမ်းကို.. လေ့ကျင့်ထားကြဖို့တော့ လိုလိမ့်မယ်…။

လျှပ်စစ်စွမ်းအင်ဆိုတာ.. သိကြားမင်းက.. မိုးပေါ်ကနေ.. မိုးကြိုးပစ်ချပြိးပေးနေတာမဟုတ်…။
ဒီကမရရင်.. ဘယ်ကထုတ်ယူမလည်း ဆိုတာလည်း.. စဉ်းစားကြရလိမ့်မယ်..။

ကဲ..
ဆက်လုပ်ကြစို့…။

ဆိုတော့ကာ ပြောချင်တာတွေ တစ်ခုချင်းစီ ပြောပြမယ်ဗျာ.. ပညာတတ်ကြီးတော့မဟုတ်ပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ရော၊ မြန်မာနိုင်ငံမှာ နေခဲ့တာ သူကြီးထက်ပိုကြာခဲ့ပြီး လတ်လတ်ဆတ်ဆတ်ပဲရှိသေးတဲ့အတွက် လက်ရှိမြန်မာပြည်အခြေအနေတွေနဲ့ပဲပြောမယ်။

ကျွန်တော်ဟာ မွေးကတည်းက ၀န်ထမ်းသားသမီးဘ၀နဲ့ကြီးပြင်းလာရတဲ့အတွက် လျှပ်စစ်မီးပျက်တယ်ဆိုတာ အတော်လေးကို ကြုံခဲတဲ့ကိစ္စလို့ပြောရမယ်.. ပြီးတော့ လစဉ်မီတာခလဲ မကုန်ခဲ့ဘဲ ညအိပ်ရင်တောင် မီးပျက်နေရင် မအိပ်တတ်တော့သလိုတောင်ဖြစ်ခဲ့တယ်.. မိဘတွေ ပင်စင်ယူပြီးတဲ့နောက်ပိုင်းမှာတော့ ကျွန်တော်ကိုယ်တိုင်လဲ အရပ်သားဘ၀ကို ပြန်ရောက်လာပေမယ့် အလုပ်ကလဲ အစိုးရအလုပ် ဖြစ်နေပြန်သေးတော့ မီးပျက်တာ မကြုံဖူးဘူး.. နောက်ဆုံး ကျွန်တော်ကိုယ်တိုင်ပါ ၀န်ထမ်းအလုပ်က ထွက်လိုက်ပြီး ရန်ကုန်မြို့ရဲ့ အစွန်အဖျားက မြို့နယ်လေးတစ်ခုမှာနေတော့မှ မီးက ပျက်လိုက်၊ မလာလိုက်နဲ့ဘ၀မှာနေရတော့ တော်တော်လေးကို ကိုးလိုးကန့်လန့်နိုင်တယ်လို့ပဲ ဆိုရမှာပေါ့။ နောက်တော့လဲ ငွေလေးစုပြီး မီးအားမြှင့်စက်လေးဝယ်၊ အင်ဗာတာလေးဝယ်၊ ၅၀ မီး (ခုတော့ ၁၅၀ ဖြစ်နေပြီ)လေးနဲ့ ညဆို အိမ်လေး လင်းလင်းထိန်ထိန်နဲ့ နေနိုင်ခဲ့တယ်။

ဆိုတော့ကာ… ပြောချင်တာကတော့ မြန်မာလူမျိုးတွေ အမှောင်ထဲမှာ နေဖို့ ကျင့်သားရအောင် လေ့ကျင့်ခိုင်းစရာ မလိုတော့ပါဘူး.. ညဘက် ၈နာရီကျော်၊ ၉ နာရီလောက်မှာ ဆင်ခြေဖုံးမြို့နယ်တွေမှာ လမ်းမီးရောင်မရှိတဲ့ အမှောင်ထဲမှာ ပြန်လာလို့ အဓမ္မပြုကျင့်တာတွေလဲ မကြားမိတော့ပါဘူး.. အရင်တုန်းက များပြားခဲ့ပေမယ့် ခုတော့ မြန်မာနိုင်ငံသားတွေလဲ ကိုယ့်နှမ၊ သားချင်း စာနာတတ်နေပါပြီ.. သိပ်ဆိုးတဲ့နေရာတွေမှာဆိုရင်လဲ မိဘတွေ၊ မောင်နှမတွေ သူတို့အစ်မ၊ ညီမ၊ သမီးတွေပြန်လာမှာကို လည်ပင်းတမျှော်မျှော်နဲ့စောင့်စားနေကြရင်း စကားဖောင်ဖွဲ့နေကြတာလဲ မှတ်တိုင်တွေမှာဆို ပြည့်နှက်နေတာ ည၉း၀၀ ကျော်ရင် သွားကြည့်ပါ၊ တွေ့ပါလိမ့်မယ်။

သူကြီးကတော့ မီးမပျက်တဲ့ မြို့တော်ကြီးမှာနေနေရတော့ မီးပျက်ရင် နေဖို့တော်တော်လေးခက်တော့ ကိုယ်နဲ့နှိုင်းပြောတယ်ပဲထင်ပါတယ်.. ဒီ ဆိုက်ဟာလဲ ကိုယ်ပိုင်ခံစားချက်၊ အတွေးအမြင်တွေကို လွတ်လပ်စွာချရေးပြနိုင်တဲ့နေရာတစ်ခုဖြစ်သလို သတင်းအချက်အလက်တွေ ပံ့ပိုးပေးနေတဲ့ မီဒီယာတစ်ခုလို့လဲ ကျွန်တော်မြင်မိတယ်.. အဲဒီထဲမှာ ဒီဆိုက်ကို ထိန်းကြောင်းပဲ့ကိုင်ပေးနေတဲ့ သူကြီးမှာ အများကြီးတာဝန်ရှိတယ်၊ လက်ရှိမြန်မာနိုင်ငံမှာနေထိုင်တဲ့ မြန်မာလူမျိုးတွေမှာ ကမ္ဘာသိ မသိမြင်နိုင်ကြသေးဘူး၊ လမ်းရိုးကြီးက ဖောက်မထွက်နိုင်ကြသေးဘူးဆိုတာ ကျွန်တော်လက်ခံတယ်။ ဒါတွေဟာ ဘယ်သူတွေမှာ တာဝန်ရှိလဲဆိုတော့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဖန်တီးနိုင်စွမ်းရှိတဲ့ အစိုးရမှာ တာဝန်အရှိဆုံးပဲ။ ကိုယ်ပိုင်စဉ်းစားဥာဏ်တွေ၊ အသိပညာ၊ အတတ်ပညာတွေကို ဖြည့်စွမ်းပေးနိုင်တဲ့ ပညာရေးကောင်းကောင်းလဲ မလုပ်၊ ကျန်းမာသန်စွမ်းတဲ့ နိုင်ငံသားတွေ များပြားလာအောင်လဲ စောင့်ရှောက်ပေးမယ့် ကျန်းမာရေးစောင့်ရှောက်မှုလဲမပေး၊ လူတစ်ဦးချင်းစီရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ၊ တစ်ဦးချင်းဝင်ငွေတွေ မြင့်တက်လာစေမယ့် စီးပွားရေး ပွင့်လင်းမြင်သာမှုလဲမရှိနဲ့ ပြောရရင်တော့ အများကြီးပဲ.. သူကြီးကတော့ အဲဒါတွေအားလုံးရနေတော့ မြန်မာပြည်မှာ ကျန်ခဲ့တဲ့၊ နေထိုင်နေတဲ့သူတွေဘ၀ကို စာနာစေလိုတယ်.. သူတို့မှာ ဘာမှ လုပ်ပိုင်ခွင့်လဲမရှိကြဘူး၊ ဘာမှလဲ ကျိုးစားခွင့်မရကြဘူး၊ အပျော်အပါး မီဒီယာတွေလောက်သာ သူတို့ပါတ်ဝန်းကျင်မှာ လက်လှမ်းမှီနေတာရယ်၊ အစိုးရရဲ့ ဘာသာရေးကို နိုင်ငံရေးအတွက် ထဲထဲဝင်ဝင် အသုံးချထားတာတွေရယ်ကြောင့် အတွေးတိမ်တိမ်၊ ဘ၀ပေါ့ပေါ့လေးတွေကို ဖြတ်သန်းနေကြပြီး အနာဂါတ်မဲ့နေကြတယ်လို့ မြင်မိတယ်။

လျှပ်စစ်စွမ်းအားဆိုတာ မိုးပေါ်က မိုးနတ်မင်းကြီးက မိုးကြိုးတွေပြစ်ချပြီးပေးနေတာမဟုတ်ဘူးဆိုတာ လူတိုင်းနားလည်ကြပါတယ်.. သို့သော်လည်းပေါ့လေ.. ကိုယ့်ဒေသတွင်းနိုင်ငံတွေကိုပဲကြည့်ပါ.. ပြစရာကလဲ အကောင်းစားကြီးပဲရှိတော့ စင်္ကာပူကိုပဲ ညွှန်းဆိုပြရတော့မှာပေါ့.. သူတို့တွေနိုင်ငံမှာ လျှပ်စစ်ဓါတ်အားပေးစက်ရုံရှိသလား? မရှိဘူးလို့တော့သိထားတယ်။ ဒီတော့ သူတို့နိုင်ငံကြီးကို မီးတွေလင်းထိန်နေအောင် ဘယ်လိုလုပ်သလဲ? မလေးရှားကနေ အစိုးရက ၀ယ်ပြီးတော့ဖြန့်ဝေပေးတယ်။ ဒီတော့ သူကြီးကပြောဦးမယ်.. ၀ယ်နိုင်မှာပေါ့ သူတို့နိုင်ငံက ချမ်းသာတာကိုးလို့၊ ကျွန်တော်တို့နိုင်ငံဟာလဲ သိပ်ချမ်းသာကြောင်း ဒီနိုင်ငံကိုရောက်နေတဲ့ အိန္ဒိယနိုင်ငံသားတွေက သူတို့ အဘိုး၊ အဘွားတွေက ပြောပြကြောင်းကြားရလို့ သိပ်ဝမ်းသာတာပဲ၊ ကျွန်တော့်ကိုလဲ မေးကြတယ်၊ မင်းတို့နိုင်ငံက ချမ်းသာရဲ့သားနဲ့ ဘာလို့ဒီမှာ အလုပ်လာလုပ်နေလဲလို့ မေးလာကြရင်တော့ ခပ်ယဲ့ယဲ့လေးပဲ ပြုံးပြနိုင်တော့တယ်.. ကျွန်တော်တို့နိုင်ငံဟာ မဆင်းရဲကြောင်း သူကြီးလဲ အသိဆုံးဖြစ်မှာပါ.. ဒေသတွင်းနိုင်ငံတွေထဲမှာတော့ သယံဇာတတွေ ရှိသမျှ အကုန်ထုတ်ရောင်းစားနေနိုင်သေးတာ ကျွန်တော်တို့နိုင်ငံပဲဖြစ်ကြောင်းသိမှာပေါ့.. ခက်တာက ကုန်ကြမ်းအနေနဲ့ပဲ ထုတ်နိုင်သေးတယ်.. ကုန်ချောထုတ်နိုင်မယ်ဆိုရင်၊ ကမ္ဘာ့ဈေးကွက်ကို စင်္ကာပူလို ပွဲစားနိုင်ငံတွေကနေတစ်ဆင့် မတင်ပို့ရရင်၊ ဒေသတွင်း ဈေးခပ်နှိမ်နှိမ်ပဲပေးတဲ့နိုင်ငံတွေကို မရောင်းစားနေရရင် ခုလို ကမ္ဘာနဲ့ချီပြီး သယံဇာတ အရင်းအမြစ်တွေရှားပါးနေချိန်၊ ဈေးကောင်းတွေရနေချိန်မှာ ရောင်းစားပြီးငွေရှာထား၊ အနာဂါတ်မှာ နိုင်ငံရဲ့ စီးပွားရေးကို ဘယ်လိုပဲ့ကိုင် မောင်းနှင်သွားမလဲဆိုတဲ့ အစီအစဉ်တွေချသွားရင် အဲဒီလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကိုဖြည့်ဆည်းပေးဖို့ အရင်းရှင်နိုင်ငံကြီးတွေက ရက်ရက်ရောရာ ကူညီကြမယ်ထင်ပါတယ်။ ပေါက်ဖော်ကြီးတွေလိုမဟုတ်တဲ့ မျက်နှာနီနိုင်ငံများကို ဆိုလိုပါတယ်။

ခုဆို ဒူဘိုင်းအကြောင်းကြားရတာ ဟုတ်မဟုတ်တော့မသိဘူးပေါ့လေ၊ ဒီနိုင်ငံက အခုအချိန်မှာ ရေနံနဲ့ကြီးပွားချမ်းသာနေသလို Tourism တွေ ပျော်စရာကောင်းတဲ့နေရာဖြစ်အောင်လဲ စည်းမျဉ်းစည်းကမ်းတွေ လျှော့ချ၊ ဆွဲဆောင်မှုတွေ အများကြီးလုပ်နေတယ်။ ဒါ ဘာလို့လဲဆိုတော့ နောင်လာမယ့် အနှစ်ငါးဆယ်လောက်အတွင်းမှာ ဒီနိုင်ငံမှာ ရေနံထွက်ရှိမှု လျော့ကျသွားမှာဖြစ်သလို မထုတ်လုပ်နိုင်တော့တဲ့ထိဖြစ်သွားမယ်လို့ ကြားထားပါတယ်။ ဒါကြောင့် သူတို့နိုင်ငံကို အနာဂါတ်မှာ ဘယ်စီးပွားရေးနဲ့ ရပ်တည်သွားရမလဲတွေးပြီး ခုကတည်းက ကြိုကြိုတင်တင် အစီအစဉ်တွေဆွဲနေကြတာပဲဖြစ်ပါတယ်။

ဆိုတော့ကာ လိုရင်းကို ဆက်ရမယ်ဆိုရင် အရာရာချုပ်ကိုင်ထားတဲ့ အစိုးရအဆက်ဆက်လက်အောက်မှာ အနှစ် ၆၀ကျော်လောက် နေထိုင်ခဲ့ပြီးတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ ခုမျိုးဆက်သစ်တစ်ခုမှာ စုပေါင်းညီညာ အောင်ကြောင်းဖြာခဲ့တဲ့ အောင်ပွဲတစ်ခုကို အားပေးသင့်ပါတယ်၊ ဖေးမလက်တွဲခေါ်သွားသင့်ပါတယ်။ လမ်းညွှန်ပြသပေးသင့်ပါတယ်။ ပြောရရင်တော့ အမှောင်ထဲမှာ အချိန်အကြာကြီးနေလာရတော့ ခုလို အလင်းရောင်လေး သဲ့သဲ့မြင်လာရတဲ့အချိန်မှာ သူတို့တွေ မျက်စိကြိမ်းနေမှာပေါ့။

ခဏလောက်ပြန်မှိတ်ပြီးမှ တစ်ဖြည်းဖြည်းချင်း ပြန်ဖွင့်ခိုင်းကြည့်ကြတာပေါ့
သူ့အလိုလို အဆင်ပြေသွားမှာပါဗျာ…

(မြန်မာပြည်သူ/ပြည်သားတို့၏ အောင်ပွဲတစ်ခုကို တစ်ထောင့်တစ်နေရာမှ ကြိုဆိုအားပေးလျက်..)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..