သင်ယူမှုအတတ်ပညာ (မှတ်ဉာဏ်ပိုကောင်းစေရန်နည်းလမ်းများ)

blazeOctober 2, 20112min772

စာသင်သားဘဝမှာ အချိန်ရဲ့အများစုကို စာကျက်မှတ်ခြင်းဖြင့် ကုန်ဆုံးကြရပါသည်။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ စာကျက်မှ စာမေးပွဲအောင်မည့်အတွက် မဖြစ်မနေကျုံးရုန်းကြရပါသည်။ တစ်ခါတစ်လေ စာမေးပွဲကျသည့်အခါ၊ ဒါမှမဟုတ် အမှတ်နည်းသည့်အခါမျိုးတွင် လူကြီးမိဘတွေက “ကျမှာပေါ့ စာ မှ မကျက်ဘဲကိုး။´´ ဟုကြိမ်းမောင်းခံရသည်။ တစ်ချို့တွေက လည်းပြောကြသည်။ “ကျွန်မကတော့ ကျက်တာပဲ။ ဉာဏ်က သိပ်မကောင်းတော့ ကျက်သမျှ မမှတ်မိဘူး။ ´´ “စာမေးပွဲခန်းထဲရောက် သွားတော့ ကျက်ထားတာတွေမေ့ကုန်ရော။ ´´
မှတ်ဉာဏ်ဆိုသည့်အရာကို ကျွန်တော်တို့က သဘာဝတရားကြီးနှင့်ရောထွေးထားတတ်သည်။ မွေးကတည်းက ပါလာသည့်အရာတစ်ခု၊ မိမိပြုပြင်ဖန်တီးဖို့ တတ်စွမ်းနိုင်သည့်အရာမဟုတ်ဟု တွေးထင်တတ်ကြသည်။ ဒါကြောင့်လည်း“သူကတော့ ဉာဏ်ကောင်းတယ်။ ကျက်သမျှ အကုန်မှတ်မိတယ်။ ဒီကလေးကတော့ ခပ်ထုံထုံထဲကပါ။ ဘယ်လောက်ကျက်ကျက် စာမေးလိုက်ရင်မရဘူး´´ဟူသည့် မှတ်ချက်တွေ မကြာခဏကြားနေရတာပေါ့။

ကျွန်တော်ကိုယ်တိုင်လည်း ကလေးတွေကိုစာသင်သည့်အခါ မကြာခဏ ထိုကလေးမျိုးကိုတွေ့ရတတ်သည်။ တစ်ခါတစ်ခါ ကိုယ်က နည်းစနစ်မျိုးစုံသုံးပြီး ဘယ်လောက်သင်သင်၊ မေးလိုက်သည့်အခါ ပြန်မဖြေနိုင်သည့်အခါမျိုးမှာ စိတ်ဓါတ်အင်မတန်မှ ကျမိတတ်သည်။ ကိုယ်သင်တာကပဲ ညံ့နေလို့လားဟု မကြာခဏ ပြန်သုံးသပ်ကြည့်မိသည်။ အမှန်ကတော့ စာမရသည့်ကလေး အများစုသည် စာသာမရတာ ကျန်သည့် သူတို့ စိတ်ဝင်စားသည့်အကြောင်းအရာများတော့ ကျွမ်းကျင်ကြသည်။ ကျွန်တော် လုံးဝ နားမလည်သည့် ဖဲကတ်လို ကတ်ကလေးများပေါ်မှာ အရုပ်လေးတွေနှင့် အရောင်တွေကိုကြည့်ပြီး ကတ်ရဲ့ တန်ဖိုး ဘယ်လောက် စသည်ဖြင့် သူတို့မှတ်မိနေသဖြင့် အံ့ဩမိသည်။ ကာတွန်းဇာတ်ကောင်ကလေးများကို သူတို့ အလွတ်ရနေသည်။ ပုံတွေကိုလည်း တော်တော်တူအောင် ဆွဲနိုင်ကြသည်။ သည်တော့ စာကျက်သော်လည်း စာမရသည့်ကလေးများသည် ဉာဏ်မကောင်းသည့်အဖြစ်ထက် စာကို စိတ်မဝင်စားသဖြင့်ခေါင်းထဲမရောက် ဟုသာ ကောက်ချက်ချမိတော့သည်။ နောက်တစ်ချက်ကတော့ စာမကျက်တတ်သဖြင့်စာမရခြင်းပင်။
(ဤနေရာ၌ ဉာဏ် ဟုဆိုရာတွင် မှတ်ဉာဏ် (Memory) ကိုသာဆိုလိုပါသည်။ ဉာဏ်ရည်ဉာဏ်သွေး (Intelligence)ကို မရည်ညွှန်းပါ။)

မှတ်ဉာဏ်ကောင်းအောင် လုပ်နိုင်သလား
ပညာရေးလောကသားတွေ၊ စိတ်ပညာရှင်တွေ သိပ္ပံပညာရှင်တွေ စိတ်ဝင်တစားလေ့လာနေရတဲ့မေးခွန်းဖြစ်ပါသည်။ ဒီမေးခွန်းရဲ့အဖြေကို ကျွန်တော် သေသေချာချာ မလေ့လာရသေးပေမယ့် အကြောင်းအရာတွေကို ပို၍မှတ်မိစေရန် အသုံးပြုနိုင်သည့် နည်းလမ်းများရှိကြောင်းကိုတော့သေချာပေါက်ပြောနိုင်ပါသည်။ အခါများစွာမှာ ကျွန်တော်တို့က မိမိတို့၏ အောင်မြင်မှု/ကျရှုံးမှု တွေကို မွေးရာပါစွမ်းရည်တွေကြောင့်ဟု လက်ညှိုးထိုးပုံချတတ်ကြသည်။ (ဒါကလည်း ခေါင်းရှောင်ရတာလွယ်သည်လေ။) ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကို မေ့ချင်ယောင်ဆောင်ထားတတ်ကြသည်။ အနောက်တိုင်းစကားပုံလေးတစ်ခုရှိပါသည်။
Genius is ten percent inspiration and ninety percent perspiration.
ထူးချွန်သူ၊ ပါရမီရှင် ဆိုသည်မှာကား ၁ဝ ရာခိုင်နှုန်း ဈာန်ဝင်စားမှုအပေါ်မှာ ၉ဝ ရာခိုင်နှုန်း လုံ့လ အားထုတ်ခြင်းပင်ဖြစ်သည်။

ဒီတော့ လုံ့လ၊ ဝီရိယ တို့ကို မေ့ထားချင်သူတို့ကို မရည်ရွယ်ဘဲ ဉာဏ်ပညာတို့ဖြင့် အနာဂါတ်ကို တူးဆွချင်သူ၊ ကျိုးစားအားထုတ်ချင်သူ လူငယ်အပေါင်းတို့အတွက် မှတ်ဉာဏ်အထောက်အကူပြုနည်းလမ်းများ (Memory aids techniques) ) များကို ရှာဖွေတင်ပြလိုက်ရပါတယ်။ မိတ်ဆွေတို့ သိပြီးသားတွေလည်း ပါနေမှာပါ။

စာကျက်ရာမှာ ပုံမှန်အားဖြင့် အကြောင်းအရာတစ်ခုကို နားလည်အောင်အားထုတ်ပြီးမှ ဆက်စပ်လေ့လာ ကျက်မှတ်ရပါတယ်။ ကိုယ် နားလည်တဲ့အကြောင်းအရာတွေဟာ မှတ်မိလည်း လွယ်ပါတယ်။  ဒါပေမယ့်လည်း တစ်ခါတစ်လေမှာ နားမလည်တဲ့စာတွေ၊ အဓိပ္ပါယ် အဆက်အစပ်မရှိတဲ့ အချက်အလက်တွေ၊ ကိန်းဂဏန်းတွေ၊ ခုနှစ်သက္ကရာဇ်တွေကို မှတ်သားရာမှာတော့ အလွတ်ကျက်မှတ်ခြင်း (rote learning)ကိုမလွဲမရှောင်သာ လုပ်ကြရပါတယ်။ အဲဒီလိုအခါမျိုးမှာ အလွယ်မှတ်နည်း (memory devices) တွေကိုသုံးလေ့ရှိပါတယ်။

အုပ်စုဖွဲ့ခြင်း (Chunking)
ဂျော့မစ်လာ ဆိုတဲ့ပုဂ္ဂိုလ်က ၁၉၅၆ ခုနှစ်မှာလုပ်ခဲ့တဲ့ လေ့လာမှုအရ  လူတစ်ယောက် တစ်ခါမြင်ရင် အချက်အလက် ၅ ခုကနေ ၉ ခုအတွင်းသာ မှတ်သားနိုင်တယ်လို့ဆိုပါတယ်။  ဒီတော့ ကိန်းဂဏန်းတွေ၊ တယ်လီဖုံးနံပတ်တွေ၊ ကုတ်နံပါတ်တွေမှတ်ရာမှာ  သုံးလုံးတစ်တွဲ (သို့) နှစ်လုံး-လေးလုံးတွဲ စသည်ဖြင့် အုပ်စုအသေးလေးတွေ ခွဲပြီးမှတ်တဲ့အခါမှာ တစ်တန်းတည်းမှတ်တာထက် ပိုမှတ်မိလွယ်တာ အများသိပြီးသားပါ။  ဥပမာအားဖြင့် 135789456213 ဆိုတဲ့ ဂဏန်းတွဲကို 135  789  456  213 ဆိုတဲ့အတွဲလေးတွေတွဲလိုက်တဲ့အခါမှာ ကျွန်တော်တို့ တကယ်မှတ်လိုက်တာက ဂဏန်းသုံးခုကိုပဲမှတ်လိုက်တာပါ။ ပြီးမှ အဲဒီ သုံးလုံးတွဲ လေးတွဲကို ဆက်စပ်လိုက်တဲ့အခါ အလွယ်တကူမှတ်မိနိုင်ပါတယ်။
ဒီကုတ်နံပါတ်ဆိုရင်ကော မိတ်ဆွေ ဘယ်လိုမှတ်မလဲ  TBCOPWTCHJMPQRXZ
ကျွန်တော်ဆိုရင်တော့ အောက်မှာပေးထားသလိုအုပ်စုဖွဲ့မှတ်မှာပဲ။ ကိုယ်ရလွယ်သလိုသာမှတ်ပါ။ ပုံသေအဖြေမှန်မရှိပါဘူး။
TB COP WTCH JM PQR XZ

ကာရန်စီခြင်း Rhyming
အထက်တန်းကျောင်းသားဘဝတုန်းက မြန်မာစာမေးခွန်းမှာ ကဗျာမေးခွန်းကိုအင်မတန်သဘောကျခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကဗျာကိုရရင် မေးခွန်းကို မိမိစိတ်ကူးနှင့်ပြန်၍စီကာပတ်ကုံး ရေးနိုင်လို့ပါပဲ။ စကားပြေရေးထားတာကို ကျက်စရာမလိုဘူးလေ။ ကဗျာဆိုတာက အသံသာယာတော့ နှစ်သက်တတ်သူဆိုလျှင် သုံးလေးခေါက် အသံထွက်ဖတ်လိုက်တာနဲ့ အလွတ်ရသလောက်နီးပါးဖြစ်နေပြီ။  ဒါကြောင့်လဲ ကျက်ရခက်တဲ့ ဓါတုဗေဒက periodic table က ဒြပ်စင်နံမည်တွေကို ကဗျာပုံစံမျိုးအရလွယ်အောင် ကျူရှင်တွေမှာ သင်ကြတာပေါ့။ အသိများကြတဲ့ rhyming ဥပမာကတော့

ရက်သုံးဆယ်မှာ စက်တင်ဘာ
ဧပြီ ဂျွန် နဲ့ နိုဝင်ဘာ
ကျန်လများမှာ သုံးဆယ့်တစ်
ဖေဖော်ဝါရီနှစ်ဆယ့်ရှစ်
ရက်ထပ်နှစ်မှာ တစ်ရက်တိုး
ဖေဖော်ဝါရီ နှစ်ဆယ့်ကိုး

ဆိုတဲ့ကဗျာလေးပါပဲ။ ဒီလို ကဗျာပုံစံရေးဖွဲ့လိုက်ခြင်းဖြင့် မှတ်မိလွယ်ယုံသာမက မိမိရဲ့ ဖန်တီးနိုင်စွမ်းရည်ပါတိုးတက်လာစေနိုင်ပါတယ်။ ကိုယ်တိုင် ရေးဖို့တော့လိုပေလိမ့်မည်။ အခါခပ်သိမ်း ဆရာရေးထားပေးတာကို လက်တင် ကျက်မှတ်တဲ့အကျင့်များ လျှော့နိုင်သမျှ လျှော့သင့်ပါသည်။

အတိုကောက်မှတ်သားခြင်း (Acronym)
Acronym ဆိုတာက ဝါကျ(သို့မဟုတ်) ပုဒ်တစ်ခုရဲ့ အစ စကားလုံးတွေကို ပေါင်းပြီးအသံထွက်လိုက်တဲ့အခါ ရလာတဲ့စကားလုံးကို မှတ်သားခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် အမေရိကန်မှာရှိတဲ့ ကန်ကြီးများ (Great Lakes) တွေရဲ့နာမည်ကို Huron, Ontario, Michigan, Erie, Superior စသည်ဖြင့် ကျက်မည့်အစား acronym လုပ်၍ HOMES လို့မှတ်ထားရင် လွယ်လွယ်မှတ်မိနိုင်တာပေါ့။ ဒီလိုနည်းမှာက နှစ်ဆင့် မှတ်ရတဲ့သဘောရှိပါတယ်။ ပထမ အားဖြင့် HOMES ကို မှတ်ရပြီးတော့ ဒုတိယအဆင့်မှာ စာလုံးတစ်လုံးခြင်းကိုယ်စားပြုတဲ့ အကြောင်းအရာကိုလည်း မှတ်ရပါတယ်။ ကွန်ပျူတာသမားတွေအတွက် အထင်ရှားဆုံးဥပမာတစ်ခုကတော့ WYSIWIG (ဝီးဇီးဝဂ်) What You See Is What You Get. ဆိုတာလေးပါပဲ။ အမှန်အားဖြင့်တော့ ယခုဖော်ပြနေတဲ့နည်းလမ်းများဟာ မှတ်ဉာဏ်ကို ပြန်အစဖော်ပေးတဲ့ memory aids တွေပါပဲ။ ကျက်ထားတာတွေကို စာမေးပွဲခန်းထဲမှာ အစီအစဉ်တကျနဲ့ ပြန်ဖော်နိုင်စေတဲ့အရာတွေပဲပေါ့။

ဝါကျ/SENTENCES/ACROSTICS
သူလည်းအတိုကောက်မှတ်နည်းလိုပါပဲ။ ပထမဦးဆုံးစကားလုံးတွေယူပြီး စာလုံးအသစ်လုပ်တဲ့အစား ဝါကျတစ်ခုဖွဲ့လိုက်တာပါ။
ဥပမာ
My Dear Aunt Sally (Multiply and Divide before you Add and Subtract)
သချင်္ာမှာ စရှင်းရတဲ့အစီအစဉ် ကိုအတိုမှတ်ထားတာပါ။

ဒီဥပမာတွေကတော့ ဆေးကျောင်းသားတွေအတွက်အသုံးဝင်မယ်ထင်ပါတယ်။
Blood’s functions:
Old Charlie Foster Hates Women Having Dull Clothes
Oxygen (transport), carbon dioxide (transport), food, heat, waste, hormones, disease, clotting

Bones of the skull:
Old People From Texas Eat Spiders
Occipital, parietal, frontal, temporal, ethmoid, sphenoid

presentation တွေလုပ်ရာမှာ လိုက်နာရမယ့် အချက်တွေကို ဒီလိုမှတ်သားနိုင်ပါတယ်။
” P-P-P-P-P ! ”
(Proper Planning Prevents Poor Performance)”

” A-B-C ! ”
(be Accurate, Brief and Clear)

“Have P.R.I.D.E. in your work”
(ie. Personal Responsibility In Daily Efforts)

“KISS”
(Keep It Simple, Stupid!)

ကျွန်တော်တို့ မြန်မာ့ရိုးရာ သုံးလာခဲ့တဲ့ နည်းစနစ်ဖြစ်တဲ့ ကဗျာတိုလေးတွေနဲ့မှတ်ထားတဲ့ နည်းဟာ အထက်ပါနည်းလမ်းတွေကို ပေါင်းသုံးစွဲထားလို့ထင်မိပါတယ်။
မိတ်ဖက်ရွေးနည်း
အောင်-ပ
ကု-လား-
ဆွေ-သား
တော်-ရင်း
မိတ်ဖက်ခြင်း။

မန္တလေးနန်းတည်နှစ်
အုတ်-ကျစ်-ကျော်-အေး မန္တလေး

စိတ်ပညာရှင်တွေက လူသားရဲ့မှတ်ဉာဏ်ဟာ တွဲစပ်ခြင်း (association) ရှိတဲ့အခါပိုပြီးမှတ်မိတဲ့သဘောရှိတယ်လို့ ဆိုပါတယ်။ ပန်းသီးဆိုတဲ့စကားလုံးကို အနီရောင် ပန်းသီးပုံရိပ်လေးနဲ့တွဲမှတ်ထားလေ့ရှိပါတယ်။ မူရင်းမှတ်တဲ့အရာနဲ့ တွဲတဲ့အရာ နီးစပ်မှုရှိလေလေ မှတ်သားနိုင်စွမ်း ပိုကောင်းလေလေ ဖြစ်ပါတယ်။
ဒါကြောင့် တစ်ခုခုကို မှတ်မိအောင်ကြိုးစားတော့မယ်ဆိုရင်

Law of Recency(နီးကပ်မှုဥပဒေသ)
အနီးဆုံးဖြစ်ခဲ့တဲ့အရာကို အရင်ဆုံးမှတ်မိပါတယ်။

Law of Vividness (ထင်ရှားမှု ဥပဒေသ)
ထူးခြားတဲ့အခြင်းအရာ၊ မျက်စိထဲ ကွက်ကွက်ကွင်းကွင်း ဖြစ်တဲ့အကြောင်းအရာကို ပိုမှတ်မိ တတ်ပါတယ်။

Law of Frequency (ထပ်ကြိမ် ဥပဒေသ)
မကြာခဏမြင်ကြား တဲ့အရာ၊ ပိုအသုံးပြုနေရတဲ့အရာကို ပိုမှတ်မိတတ်ပါတယ်။

ဆိုတဲ့ ဥပဒေသတွေကို စိတ်ထဲသဘောပေါက်နားလည်ထားပြီး အထက်ပါနည်းလမ်းတွေကို မိမိဉာဏ်စွမ်းရှိသလို အသုံးပြုလျှင် စာသင်သားအပေါင်း စာမေးပွဲခန်းထဲရောက်မှ ကျက်ထားတဲ့ စာများမေ့လျော့ခြင်းမှ ကင်းဝေးပါစေကြောင်း နိဂုံးချုပ်ရေးသားလိုက်ပါတယ်။

 

ဇာနည်(MyWay!)

2 comments

  • weiwei

    October 2, 2011 at 3:29 pm

    O I C U R N S

    just kidding … 😛

  • windtalker

    October 2, 2011 at 8:09 pm

    စာသင်သားအရွယ် ညီငယ်ညီမငယ်တို ့အတွက်နဲ ့
    ရာထူးပိုင်းဆိုင်ရာ စာမေးပွဲများ အတွက် ပြင်ဆင်ကြမယ့် အကိုအမ တွေ အတွက်
    အထူး အသုံးဝင်မယ့် ပို ့စ်ပါ

Leave a Reply