ခပ်စိမ်းစိမ်း ဒဿနများ

kokoeaimmdyOctober 2, 20111min1364

ကျွန်တော်မွေးကင်းစမှာ ကျွန်တော့်ကိုထုပ်သော အနှီးဟာ ချည်ဖြင့်ရက်လုပ် ထားသော ချည်သားစစ်စစ် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သော ပုခက်မှာ ကြိမ်ဖြင့်ပြုလုပ် ထားသော ကြိမ်ပုခက် ဖြစ်ပါသည်။ ကျွန်တော့်ကို သိပ်သောအိပ်ယာမှာ ဝါဂွမ်းဖြင့်ပြုလုပ် ထားသော ဂွမ်းကပ်စောင်နှစ်ထည် ဖြစ်ပါသည်။ ကျွန်တော့်အတွက် ခေါင်းအုံးကိုတော့ ဝါဂွမ်းစစ်စစ်ဖြင့် ပြုလုပ်ထားသော နူးညံ့သည့် ခေါင်းအုံးငယ်ကလေး ဖြစ်ပါသည်။ ငယ်စဉ်က ကျွန်တော် ချောင်းအလွန် ဆိုးတတ်ပါသည်။ ထိုသို့ ချောင်းဆိုးလျှင် ကွမ်းရွက်နှင့်ပြုလုပ်ထားသော ကွမ်းရွက်ပုံလျက်ဆားကို အမေကကျွေးတတ်သည်။ ကလေးသဘာဝ အစားစုံစားမိ၍ အစာမကြေဖြစ်လျှင်လည်း ထန်းပင်မှဖြစ်သော ထန်းလျက်ကို ဆေးသဖွယ် ကျွေးတတ်ပါသည်။

ငါးနှစ်ပြည့်၍ သူငယ်တန်းတက် သောအခါ ကျောင်းစိမ်းပုဆိုးနှင့် အိကျီင်္အဖြူကလေးကို ဝတ်ရပါသည်။ ချည်သားအထည်လေးများ ဆိုရင်ဖြင့် ဝတ်ရတာအလွန် သဘောကျမိသည်။ ကျောင်းကို ထည့်သွားသော ထမင်းဗူးနှင့်ရေဗူးကတော့ ကော်စေ့ဖြင့် လုပ်ထားသော ကော်ဗူးလှလှကလေးများ ဖြစ်သည်။ ကျောင်းတက်လျှင် လွယ်ရသော လွယ်အိတ်ကလေးကတော့ ချည်သားအပြည့် ကချင်လွယ်အိတ် အနီကလေး ဖြစ်ပါသည်။ ကျွန်တော်တို့ ငယ်စဉ်က ကျောက်သင်ပုန်း ကျောက်တံဖြင့်စာသင်ရသည်။ ဆရာမကတော့ သဘောင်္ဆေး အစိမ်းရောင် သုတ်ထားသော အစိမ်းရောင်အသားပြား ပေါ်တွင် မြေဖြူဖြင့် ရေး၍စာသင်သည်။ ကျောင်းတက်ရတာအလွန်ပျော်သည်။ ကျွန်တော်တို့ ထိုင်ရသော ခုံများသည် ကျွန်းသား၊ ပိတောက်သား များဖြင့်ပြုလုပ်ထားသော သစ်သားခုံအနိမ့်ကလေးများ ဖြစ်သည်။ ပထမဆုံး ကျောင်းတက်ရသည့်နေ့က မေမေအသစ်ဝယ်ပေးသော ရာဘာပင်မှ ဖြစ်သည့် ရာဘာဖိနပ်အသစ် ကလေးဖြင့်ကျောင်းတက်ရသဖြင့် ဂုဏ်တောင်ယူမိသေးသည်။ ကျောင်းရောက်တော့ ဆရာမက တောင်ဇလပ်ပန်းကလေးတွေ ပန်လာတာကို မှတ်မိနေသေးသည်။ သူငယ်တန်းတုန်းက ဆုရတော့ ဆရာမက သစ်သားခဲတံလေး လက်ဆောင်ပေးတာ အမှတ်တရသိမ်းထားမိသည်။

နေ့လည်ကျောင်းဆင်းတော့ အိမ်ပြန်ရေချိုး ထမင်းစားသည်။ ရေချိုးတော့ အိမ်မှာအလွယ်တကူရသည့် တလျော်ကင်ပွန်း ဖြင့်ခေါင်းလျှော်ဖြစ်သည်။ မှတ်မှတ်ရရ ထိုနေ့က မေမေသုံးသည့် သံလွင်ဆီမွှေးကို ခိုးလိမ်းခဲ့သေးသည်။ ထမင်းစားတော့ ရွာကအမျိုးတွေလာတုန်းက လက်ဆောင်ပါလာသည့် ကောက်ကြီးဆန်နှင့်ချက်သည့် ထမင်းကို မေမေက နှမ်းဆီမွှေးမွှေးလေး ဆမ်းပေးသည်။ စားလို့ ကောင်းပါဘိခြင်း။ ဟင်းအဖြစ် အခါမကုန်ခင် လှမ်းထားသော ဗူးသီးခြောက်ကို ရေစပ်စပ်လေးဖြင့် ချက်ထားပြီး ဆားငံပြာရည်ဖျော်ကာ ခရမ်းသီး အတို့အမြုပ်တို့နှင့် ဖြစ်သည်။ သုံးတန်း၊ လေးတန်းရောက်သောအခါ သူငယ်ချင်းတွေ ပေါလာပြီး ကစားနည်း မျိုးစုံကစားဖြစ်လာသည်။ မန်ကျည်းစေ့ တောက်တမ်း၊ ကြက်ပေါင်ကွင်း ခုန်တမ်း၊ အစရှိသဖြင့် ပေါ့။ ငါးတန်းရောက်တော့ စာရေးလျှင် ဘောပင်နှင့်ရေးရမည် ဆိုသဖြင့် ဖေဖေက ရောင်စုံကော်ဘောပင် ကလေးတွေတစ်ဒါဇင် ဝယ်ပေးခဲ့သည်။

ကိုးတန်းစာမေးပွဲဖြေပြီး ကျွန်တော်တို့ အိမ်ပြောင်းကြသည်။ အိမ်ကလေးမှာ ဝန်ထမ်းအိမ်ယာ ကလေးဖြစ်သည့်အတိုင်း တစ်ဖြောင့်တည်းဝါးလုံး ကလေးများကို ညီညီညာညာစီခင်းထားပြီး ပတ်ပတ်လည်မှာလည်း ဝါလုံးလေးတွေကို စိပ်စိပ်လေးတွေ ကာထားပါသည်။ အမိုးကိုတော့ ကပ်အထူစားတစ်မျိုးဖြင့် မိုးထားသဖြင့် မိုးရွာပြီများဆိုရင်ဖြင့် ကပ်နံ့လေးတွေ ဝါးနံ့လေးတွေ တသင်းသင်းရနေတတ်ပါသည်။ သဘာဝ ဝါးရောင်စိမ်းစိမ်းလေးတွေကို သဘောကျသဖြင့် ဆေးတောင်မသုတ်ခဲ့ကြပါ။ ဒီအိမ်ကလေးကိုရောက်တော့ ကျွန်တော့်အကြိုက်လည်း ပြောင်းသွားခဲ့ပါသည်။ အိမ်ခြံဝင်းနံရံနားမှာ အလေ့ကျပေါက်သလား စိုက်ထားသလားပဲ မသိနိုင်တဲ့ ဆူးပုပ်ကြီးပင်ကနေ မိုးလေးတဖြိုင်နှစ်ဖြိုင်ကျလိုက်လို့ အနုလေးတွေ ထွက်လာပြီဆိုရင် ဆူးပုပ်ညွှန့်လေးတွေခူး၊ စကောလေးပေါ် ကင်ပွန်းရွက်နုတွေ တင်ပြီး လာလာရောင်းတတ်တဲ့ ခေါင်းရွက်ဗျပ်ထိုးသည် ဆီက ကင်ပွန်းရွက်နုတွေ ဝယ်ပြီး ကင်ပွန်းရွက်စပ်ချဉ်ချက်၊ ဆူးပုပ်ရွက်ကြော်ပြီး ကောက်သစ်ဆန်နဲ့ချက်တဲ့ ထမင်းအိအိ ထွေထွေးလေးကို ပဲဆီမွှေးမွှေးလေး ဆမ်းပြီး လွေးကြပါသည်။ ဒီလိုနှင့် ဆယ်တန်းအောင် တော့ ဂုဏ်ထားသုံးဘာသာပါတဲ့ ကျွန်တော့်ကို ဖေဖေက အဘိုးဆီက အမွေရခဲ့တဲ့ ၂×၈ဝ ပလေကပ် ကွက်ရိုက်အကောင်းစား တစ်ထည်နဲ့ ချည်သားအစစ် ပင်နီတိုက်ပုံတစ်ထည် ဆုချ ပါသည်။

တက္ကသိုလ်တက်တော့ အမိတက္ကသိုလ်အနီး တမာတန်းစိမ်းစိမ်းအောက်မှာ လမ်းလျှောက်ရင်း တက္ကသိုလ် လေးနှစ်တာအချိန်ကုန်ဆုံးခဲ့ပါသည်။

ကျောင်းတွေပြီးလို့ အလုပ်လုပ်တဲ့အချိန် ပြည်ပခရီးတွေ ကြုံလာရတဲ့အချိန် ချည်သားအစစ်နဲ့လုပ်ထားတဲ့ ပြည်တွင်းဖြစ် လက်ဂေ့ရှ် လှလှလေးတွေ ဆွဲပြီး နိုင်ငံတကာ အင်မီဂရေးရှင်းကို ဖြတ်ရတိုင်း ကျေနပ်ခြင်းတစ်ရပ်ကို ခံစားမိမြဲပါ။ အင်္ဂလန်မြက်ခင်းစိမ်းစိမ်း တွေကိုမြင်ရတိုင်း တောအုပ်၊တောင်အုပ်တွေနဲ့ စိမ်းလန်းတဲ့ မြန်မာ့မြေကို သတိရမိတတ်သည်။ ဆင်းဒဝစ်ချ်နဲ့ ဘာဂါတွေချည်း စားရတိုင်း အမေချက်တဲ့ ခြံတွင်းဖြစ် အစိမ်းရောင်ဟင်းလျှာများကို တမ်းတမိတတ်သည်။ ဖရီဇာထဲက ပန်းသီးတွေကို မြင်ရတိုင်း အပင်ပေါ်တက်ခူးစားရတဲ့ အိမ်နောက်ဘေးက မာလကာပင်ကို မြင်ယောင်မိသည်။ အေးစက်နေတဲ့ အဲရ်ကွန်းနံ့ကို ခံစားမိတိုင်း ဝါးလုံးနံရံတွေကြားက ဖြတ်တိုက်လာတဲ့ ဝါးနံ့သင်းတဲ့ လေနုအေးတွေကို သတိရမိတတ်သည်။ ငွေကြေးစီးဆင်းမှူ့ အကြောင်းကို အငမ်းမရပြောနေကြတဲ့ သူတို့တွေရဲ့ အနောက်သံဝဲဝဲတွေကို ကြားရတိုင်း မြန်မာပီသသော အသံဖြင့် အစိမ်းရောင်လွှမ်းတဲ့ မြန်မာ့သယံဇာတတွေ အကြောင်း ဂုဏ်ယူစွာဖြင့် အားပါးတရ ပြောပြချင်မိသည်။ တို့နိုင်ငံရဲ့ အစိမ်းရောင် ဝါးမျိုသံကို သဲ့သဲ့ကြားရတိုင်း တို့နှလုံးသားမှ သွေးစိမ်းရှင်ရှင် ထွက်သကဲ့သို့ ခံစားမိသည်။ ကျွန်တော်တို့ နှလုံးသားတွေသည်လည်း စိမ်းသက်အေးစက်ခဲ့ပြီကော……॥။ စိမ်းသက်ခြင်းနှင့်အတူ ကျွန်တော်တစ်ခါက ရေးခဲ့ဖူးသော ကဗျာတစ်ပုဒ် ကိုသာ တဖွဖွရေရွတ် နေမိတော့သည်။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ အဂတိ လိုက်စား ၊ မသမာမှုတွေ ရှိနေပေမယ့်
ငါတို့ လူမျိုးတွေက ရိုးသားဖော်ရွေတက်ပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ရေမီးစုံအောင် ၂၄ နာရီ မလာပေမယ့်
လမ်းဘေးက ရေအိုးစင်တွေမှာ
ရေအပြည့်ရှိနေတက်ပါတယ် ။

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ မော်ကြွား စော်ကားမှုတွေ ရှိနေပေမယ့်
ငါ့တို့ လူမျိုးတွေက ရိုကျိုးနှိမ်ချ ဆက်ဆံတက်ကြပါတယ်

ပြန်လာခဲ့ပါ အချစ်ရယ်
ငါ့တိုင်းပြည်လေးမှာ ငတ်ပြတ်လို့ စုတ်ပြတ်နေပေမယ့်
ငါတို့လူမျိုးတွေက အလှူရေစက် လက်နဲ့ မကွာ ရှိတက်ကြပါတယ်

မင်းပြောပြတက်တဲ့ နိင်ငံကြီး အကြောင်းကို
ငါ မက်မောပါတယ်
ရေမီးထိန်လင်းစွာနဲ့ လှပနေတက်တဲ့ ဥယျာဉ်ကြီးတွေ
မိုးပြာရောင် နောက်ခံအောက်က အဆောက်အဦးကြီးတွေ
ကလေးက အစ ” ဟလို ” ဆိုတဲ့ အကြောင်းတွေ
မင်းပြောပြတိုင်း ငါမက်မောပါတယ်

ဒါပေမယ့်…..အချစ်ရယ်
ငါ့ကို ချစ်ရင် ငါ့တိုင်းပြည်လေးကို ပြန်လာခဲ့ပါနော်

ဝင်းလက်ပြိုးပြက်နေတဲ့ မှန်ခန်းထဲက
ကာပူချီနိ ထက်
အမိုးအကာမဲ့ သစ်ပင်အောက်လက်ဖက်ရည်ဆိုင်က
အကြမ်းရေ ကို ငါပိုမက်မောတယ်

မက်ဒေါနယ်နဲ့ ကိုကာကိုလာကို
မင်းသောက်နေချိန်မှာ
ဘူးသီးကြော်နဲ့ ဆလက်ရွက်ကို ငါသဘောကျတယ်

အသားညှပ်ပေါင်မုန့်ထက်
ငါးပိရည်နဲ့ ထမင်း လူးစားရတာကို
ငါကျေနပ်တယ်

ချဉ်ပေါင်နဲ့ ဝက်သား မလဲနိင်သလို
ဘာဘီကျူးကိုလည်း ပုန်းရည်ကြီးနဲ့
ငါမလဲ နိင်ခဲ့ပါဘူး

ဒါပါပဲ……ချစ်ရယ်
နောက်ဆုံး
ပတ်ဗလိုနီရူဒါ ပြောသလို ငါကလည်း
” ငါ့တိုင်းပြည်က သစ်မြစ်လေးတွေကိုတောင် ငါချစ်တယ်

လာရောက်ဖတ်ရှူ့ကြကုန်သော ဘလော့ဂါများနှင့် စာရေးသူအပေါင်း ဤစာကြောင်းသို့ရောက်သည်နှင့် အတဂ်ခံလိုက်ရသည်ဟုတ်မှတ်ကြပါကုန်॥ ကိုကိုးအိမ် အားချစ်ခင်သောအားဖြင့် မြန်မာ့ အစိမ်းရောင် ခံစားချက်များအား ရေးသားပေးကြပါကုန်…။

ခံစားရေးသားသူ – ကိုကိုးအိမ်(မန္တလေး)
(၂-၁၀-၂၀၁၁ နံက် ငါးနာရီ)
www.kokoeaimmdy.info

4 comments

  • kai

    October 3, 2011 at 5:01 am

    Comment ရေးလို့မရ..ပိတ်နေလို့ ပြန်ဖွင့်ပေးလိုက်ပါတယ်..။
    ဆိုတော့…
    အစိမ်းရင့်ရင့်အရောင်တွေရယ်.. သဘာဝအတိုင်းပစ်ထားပြီး.. လူ့စွမ်းအားမထည့်.. ဘာမှမလုပ်. .ရောင့်ရဲနေတာရယ်ကို.. မရောထွေးစေလိုတာပါပဲ..။

    ရောင့်ရဲတယ်.. သဘာဝမေမေကိုချစ်ပါတယ်ဆိုပြီ.. လူတွေ… ပျင်းပျင်းသွားတတ်လို့ပါ…။ 🙂

  • windtalker

    October 3, 2011 at 1:38 pm

    အချစ်ရယ်
    အခုဆိုရင်
    တို ့တိုင်းပြည်ကြီးဟာ
    ကောင်းသော သမ္မတကြီး ရဲ ့
    ကောင်းမွန်တဲ ့လမ်းစဉ်များကြောင့်
    လူတိုင်း ဖလန်းဖလန်းထတော့မယ် ကွယ်
    ဒီတော့
    ရောက်ရာ အရပ်ကနေ
    အချစ် အမြန်ဆုံး
    ပြန်ခဲ့ပါတော့ကွယ်

  • TTNU

    October 3, 2011 at 2:03 pm

    ခေတ်မီတိုးတက်နေပြီး သဘာဝ အစိမ်းရောင်တွေလည်းရှိတဲ့အရပ်မှာ၊
    ဘာဂါစားချင်တဲ့နေ့မှာ ဘာဂါစားပြီး ပုန်းရည်ကြီးသုတ်စားချင်တဲ့နေ့မှာပုန်းရည်ကြီးသုတ်စားလို့ရတဲ့ အရပ်မှာ၊
    ချစ်သူက တစာစာ ပြန်လာပါတော့ လို့ ခေါ်မနေရတဲ့ အရပ်မှာနေချင်တယ်။

  • Koyin Sithu

    October 3, 2011 at 3:24 pm

    ချစ်သူရေ…
    ဘယ်နိုင်ငံမှ ဘီယာပရိုမိုးရှင်းမရှိပေမဲ့
    ဒို့ ရွှေပြည်တော်မှာ လေးခွက်ကို တခွက်အပိုပေးလို့…
    လေးခွက်သောက်ရင်း… အပြီးမှောက်ရအောင်
    ကုတ်ကုတ်ဆီ… အပြေးလာပါတော့လို့…
    အာခေါင်ခြစ်ပြီး အော်ခေါ်မိတယ်… 😀

    ကိုကို ကုတ်ပျောက်လှပါတယ် ကြည့်နေတာ.. ဂေဇက်မှာ ခပ်စိမ်းစိမ်းဒသနတွေ
    လာဖွင့်နေတာကိုး… သင်၏ မိတ်ဆွေကြီး… ကိုရင်စည်…

Leave a Reply