နိုင်ငံခြားငွေ တရားဝင်တဦးလျှင် ဒေါ်လာ ၂၀၀ဝ အထိဖွင့်ခွင့်ပြုမည်။

ac051126October 2, 20111min832

နိုင်ငံခြားငွေ တရားဝင် လဲလှယ်ရေးကောင်တာ စတင်ဖွင့်လှစ်

By သင်းသီရိ စနေ, 01 အောက်တိုဘာ 2011(ပေးပို ့သူ-ဗမာ့သွေး)
မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်တွေပါဝင်တဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတွေကို ရန်ကုန်မြို့ သိမ်ဖြူလမ်းမှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။ ဒီလို နိုင်ငံခြားငွေလဲကောင်တာတွေ ဖွင့်လိုက်တဲ့ အတွက် မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေကြေးကို လူတိုင်း တရားဝင်ကိုင်ဆောင်နိုင်ပြီ ဆိုတဲ့သဘောပါလား။ ဒီလို တရားဝင်ငွေလွှဲနိုင်မယ့် နေရာတွေရှိလာပြီဆိုတော့ ဒေါ်လာမှောင်ခိုဈေးကွက်တွေကရော ပပျောက်သွားမှာလား ဆိုတာကို စုံစမ်းထားတဲ့ မသင်းသီရိက အပြည့်စုံ တင်ပြထားပါတယ်။

နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ချခွင့် လိုင်စင်တွေရထားတဲ့ မြဝတီဘဏ်၊ အင်းဝဘဏ်နဲ့ ကမ္ဘောဇဘဏ် အပါအဝင် သမဝါယမဘဏ်၊ မြန်မာ့စက်မှုလက်မှု ဖွံ့ဖြိုးရေးဘဏ်နဲ့အတူ မြန်မာ့အရှေ့တိုင်းဘဏ်တွေက ဒီကနေ့မှာ နိုင်ငံခြားငွေလဲလှယ်တဲ့ ကောင်တာတွေ စဖွင့်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေလဲ ကောင်တာတွေ စဖွင့်တာဖြစ်ပါတယ်။ ဘဏ်လုပ်ငန်း အနည်းဆုံး သက်တမ်း ၃ နှစ်ကျော်ရှိတဲ့ ဘဏ်ကြီးတွေကို ဒီလိုင်စင် ထုတ်ပေးတာဖြစ်ပြီး အမေရိကန်ဒေါ်လာငွေ၊ ယူရိုငွေအပြင် စင်ကာပူဒေါ်လာနဲ့ FEC တွေကို ကမ္ဘာ့ငွေကြေးပေါက်ဈေးနဲ့ ရောင်းဝယ်သွားမှာ ဖြစ်ပါတယ်။

ဒီကောင်တာတွေကနေ ငွေပေါက်ဈေးကို တစ်နေ့ ၂ ကြိမ် ထုတ်ပြန်ပြီး အရောင်းအဝယ် လုပ်သွားမယ်လို့ ကြော်ငြာထားသလို ဒီကနေ့မှာတော့ တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၈၃ဝ နဲ့ အရောင်းအဝယ် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ ငွေအရောင်းအဝယ်လုပ်သူတစ်ဦးကို ဒေါ်လာ ၂,၀၀ဝ အောက်သာ မှတ်ပုံတင်ပြပြီး ရောင်းခွင့်ရှိပေမဲ့ ဒေါ်လာ ၂,၀၀ဝ အထက် ရောင်းချချင်သူတွေကိုတော့ သက်သေအထောက်အထားနဲ့အတူ စစ်ဆေးတာတွေ ဒီ နိုင်ငံခြားငွေလဲတဲ့ ကောင်တာဖွင့်ပွဲသတင်းကို ကိုယ်တိုင်သတင်းသွားယူခဲ့တဲ့ ပြည်တွင်းသတင်းထောက် တစ်ဦးက ပြောပြပါတယ်။

“ကျနော်တို့ တွေ့ရတာကတော့ FEC အများဆုံး လာရောင်းကြတယ်။ FEC ကို လူတွေက သိပ်အကြာကြီး ကိုင်မထားချင်ကြဘူးပေါ့နော်။ နောက်တခါ ကျနော်တို့ အဲဒီမှာ လူတွေကို အင်တာဗျူး လုပ်ကြည့်တဲ့အခါမှာ လောလောဆယ် အကြွေ လက်မခံသေးဘူး။ ဒေါ်လာအကြွေတွေ ဘာတွေဆိုရင် လက်မခံသေးဘူး။ ဒေါ်လာ ၂,၀၀ဝ နဲ့ ၂,၀၀ဝ အောက်ကို သူတို့ လွတ်လွတ်လပ်လပ် အရောင်းအဝယ် ပေးလုပ်တယ်။ ဒါပေမဲ့ ၂,၀၀ဝ ထက်ကျော်သွားရင်တော့ အဲဒီလူက နိုင်ငံခြားငွေ အများအပြား ကိုင်ဆောင်သုံးစွဲခွင့် ရှိတဲ့သူ၊ ကုမ္ပဏီတွေ၊ အဲန်ဂျီအိုတွေပေါ့နော်။ အဲဒီလိုဟာမျိုးတွေကိုပဲ သူတို့က ခွင့်ပြုတယ်။”

မြန်မာနိုင်ငံမှာ အခုလို နိုင်ငံခြားငွေလဲကောင်တာတွေ တရားဝင် ရှိလာတာဟာ လူတိုင်းဒေါ်လာကို တရားဝင်ကိုင်ဆောင်ခွင့် ရှိလာအောင်နဲ့ တည်ငြိမ်မှုမရှိတဲ့ ဒေါ်လာဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့အတွက် အစပြုတဲ့ခြေလှမ်းတွေ ဖြစ်ပေမဲ့ ငွေလဲမယ့် အရေအတွက်ကို သတ်မှတ်ထားတာကြောင့် အပြည့်အဝ လွတ်လပ်မှု မရှိသေးဘူးလို့လည်း သုံးသပ်ကြပါတယ်။

“မြန်မာပြည်မှာ ဒေါ်လာကို လူတိုင်းကိုင်ဖို့ အခြေအနေကို ရောက်လာတော့မှာပေါ့နော်။ ဒီအတွက်ကို လူတိုင်း ကိုင်မယ်ဆိုရင် ကျနော်တို့က တကယ် တရားဝင်ဈေးကွက်ပေါ့ ရှိလာဖို့လိုအပ်တယ်။ လာမယ့် စီးပွားရေး အခင်းအကျင်းတွေမှာလည်း ပုဂ္ဂလိကဘဏ်တွေကအစ ဒေါ်လာငွေကြေးကို ကိုင်ပြီးတော့ သုံးစွဲခွင့်က မပြုလို့မရတော့ဘူးဆိုတော့ ဒါဟာ ကျနော်ထင်တယ်၊ အဲဒီလိုသွားဖို့အတွက်ကို အစပြုတဲ့၊ အစပြုဖို့ကြိုးစားတယ်လို့ ကျနော် မြင်ပါတယ်။ ပြဿနာတွေကတော့ အများကြီး ရှိနိုင်ပါတယ်။ black market မှောင်ခိုဈေးကွက် ဆိုတာလဲ ပျောက်သွားဖို့ လောလောဆယ် သိပ်မသေချာဘူးပေါ့နော်။ ဒီဈေးကွက်က ဖွင့်ပေးတဲ့ဈေးကွက်က ခိုင်လာမယ်၊ အားလုံးက ဒီဟာကို အားကိုးပြီးတော့ ဒီမှာပဲ လှုပ်ရှားမယ်ဆိုရင်တော့ မှောင်ခိုဈေးကွက်က တဖြည်းဖြည်း ပျောက်ကွယ်သွားမယ်။ ဒါပေမဲ့ လက်ရှိဟာကလည်း အများယုံကြည်ဖို့အတွက်ကို အခက်အခဲတွေ၊ အတားအဆီးတွေ၊ ရတယ်မရဘူး၊ ၂,၀၀ဝ ပဲ ရတယ်ဆိုတဲ့နေရာမှာ ဘယ်လောက်ပဲဖြစ်ဖြစ် ရတယ်ဆိုတာမျိုး လူတိုင်းကို ဖွင့်ပေးတာမျိုး တဖြည်းဖြည်းချင်း ဖြစ်လာနိုင်ရင်တော့ ဒါ ပိုကောင်းတာပေါ့နော်။”

တရားဝင် ငွေလဲလှယ်တဲ့ကောင်တာတွေ ရှိပေမဲ့ ငွေလဲအရေအတွက်ကို သတ်မှတ်ထားတာကြောင့် တခြား ဒေါ်လာကိုင်တဲ့ လက်ကြီးသမားတွေဟာ ဒီရောင်းအဝယ်ဈေးကွက်ထဲကို ဝင်လာမှာမဟုတ်သလို အပြင်မှောင်ခိုဈေးကွက် အရောင်းအဝယ် လုပ်သူတွေကလည်း သူတို့ အရောင်းအဝယ် မပျက်ဘူးလို့ ဒေါ်လာအရောင်းအဝယ်လုပ်သူ တစ်ဦးကပြောပါတယ်။

“လောလောဆယ် ငြိမ်နေတယ်။ ဒီဟာအခြေအနေကို စောင့်ကြည့်နေတယ်။ တစ်ယောက်ကို ဘယ်လိုပဲ လဲရမယ်ဆိုပြီး သတ်မှတ်နေရင် အပြင်ကလူတွေ၊ ပုံမှန်လုပ်နေတဲ့လူတွေကတော့ ရပ်ဆိုင်းသွားမှာမဟုတ်ဘူး။ သူတို့အလုပ် သူတို့ ပြန်ဆက်လုပ်နေမှာပဲ။ ဥပမာပေးရရင်ဗျာ၊ ကျနော်တို့ ဓါတ်ဆီပေးသလိုပေါ့။ ပမာဏ သတ်မှတ်ချက်နဲ့ လုပ်လိုက်လို့ရှိရင် မှောင်ခိုဈေးကွက်ကတော့ ထပ် ပေါ်လာတာပဲလေ။ IMF အတွက် ကြို ကာတာလို့တော့ မြင်ပါတယ်။ တကယ် ဖွင့်ပေးမယ်ဆိုရင် ကြိုက်သလောက်ရောင်း၊ ကြိုက်သလောက်ဝယ် free market လို ပုံစံမျိုး လုပ်ပေးနိုင်မှပဲ အမှန်တကယ် ဈေးကွက်ကို ထိန်းညှိပြီးသားဖြစ်မှာပါ။ အခုဟာကတော့ ထိန်းညှိနိုင်အောင် ကြိုးစားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။”

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့လပိုင်းတွေက တစ်ဒေါ်လာကို ကျပ် ၇၀ဝ နီးပါးဝန်းကျင်အထိ ဖြစ်ခဲ့ဖူးတာကြောင့် နိုင်ငံခြားငွေ ဒေါ်လာနဲ့ဆက်နွယ်တဲ့ လုပ်ငန်းအားလုံးနီးပါး အခက်အခဲတွေ ဖြစ်ခဲ့ရပါတယ်။ ဒီလိုပြဿနာတွေဟာ မကြာခဏဖြစ်နေတာကြောင့် ဒေါ်လာငွေလဲနှုန်းကိစ္စအတွက် ကမ္ဘာ့ငွေကြေး ရန်ပုံငွေအဖွဲ့ IMF က အခု အောက်တိုဘာလထဲမှာ မြန်မာနိုင်ငံကိုလာဖို့ ရှိတာကြောင့် အခုလို နိုင်ငံခြားငွေလဲတဲ့ကောင်တာတွေ စပြီးဖွင့်တာဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။

2 comments

  • etone

    October 3, 2011 at 10:11 am

    ကြားရတဲ့ သတင်းကလည်း သတင်းကောင်းပါပဲ … ။ မှောင်ခိုဈေးကွက်မှာ သွားရောင်းလို့ … ပိုက်ဆံ မပြည့်တာ … လျှော့်တာ … လိမ်တာ … ထက်စာလျှင် တရားဝင် လဲလှယ်ခွင့်ရတဲ့အတွက် အတော်ကောင်းတယ်လို့ ဆိုရမယ် … ။

    ဒေါ်လာ လက်ကြီးသမားတွေအတွက်ကတော့ နောက်ပိုင်း .. အဆင့်ဆင့်တိုးချဲ့ ပြီးလျှင် ငွေပမာဏ သတ်မှတ်မှု ဖွင့်ပေးလိုက်မယ်လို့ ထင်တယ် … ။ ဒါမှ … လည်ပတ်စီးဆင်းနှုန်းညီမျှမှလေ … မဟုတ်လျှင် မှောင်ခိုဈေးကွက်က ရှိနေဦးမှာပါပဲ … ။

    အသေးစား လဲလှယ်သူတွေအတွက်ကတော့ .. ဒေါ်လာ နှစ်ထောင်အောက်ဆိုတာ … အေးအေးဆေးဆေး လဲလှယ်လို့ရတယ် 😀

  • photwenty

    October 3, 2011 at 11:38 am

    လဲလှယ်ခွင်.က နှစ်ထောင်ဆိုရင် ကိုင်ဆောင်ခွင်.ကကော ဘယ်လောက်လဲ တကယ်လို. စိတ်ကြိုက်ကိုင်ဆောင်ခွင်.ရတယ်ဆိုရင် တစ်နေ.တစ်ခါသွားလဲမယ်ဗျာ အဲ.ဒီလိုဆိုရင်ဘယ်လိုဖြစ်လာမလဲ နှစ်ထောင်ပဲကိုင်ခွင်.ရမယ်ဆိုရင်ကော ဥပဒေအရဘာတွေဖြစ်လာမလဲ အဲ.ဒါလေးများသိရင်ဖြေပေးကြပါလို.

Leave a Reply