ပန်းလှိုင်မြစ်တိမ်ကောမှု ဆင်မလိုက်ထိရောက်နိုင်

klnMay 17, 20101min820

ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ပန်းလှိုင်မြစ်တိမ်ကောမှုသည် ယခုလက်ရှိအချိန်တွင် လှိုင်သာယာနည်းပညာတက္ကသိုလ်သို့တိုင်အောင် ရောက်ရှိနေပြီး နောက်ပိုင်းတွင် ဆင်မလိုက်သင်္ဘောကျင်းထိတိုင်အောင် တိမ်ကောမှုများရှိလာနိုင်သည်ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ “ မဲဇလီဘက်မှာ စိုက်ပျိုးရေးတွေတိုးချဲ့တယ်။ တံငါသည်တွေကျားပိုက်တွေထောင်တယ်။ နောက်ပန်းလှိုင်မြစ်က ဒိုက်အဆင်းများတယ်။ အဲလိုဖြစ်ရပ်တွေက ရေစီးရေလာကို အနှောင့်အယှက်ဖြစ်ပြီးအနည်ကျစေတယ်။ မဲဇလီပိုင်းကနေစပြီး ခန်းခြောက်တာ ပန်းလှိုင်အောက်ကို ရေမရောက်တော့ဘဲ ပန်းလှိုင်မြစ်ထဲ ရေမဝင်တော့ ကုက္ကိုဝမြစ်ထဲဝင်တဲ့ မြစ်ကြောင်းပျောက်ကွယ်သွားတယ်။ အပေါ်ရေစီးမရှိတဲ့အတွက် အောက်ကအနည်ထိုင်ပြီး အောက်ကပါ ကောကောလာတာနည်းပညာကောလိပ်မှာ ရေစစ်ချိန်ဆို မြောင်းသာသာပဲရှိတော့တယ်။ နောက်ပိုင်းဆင်မလိုက်ထိ ရေတွေခန်းခြောက်နိုင်တယ်” ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယခုလက်ရှိအချိန်တွင် ကမ်းပြိုကာကွယ်ရေး၊ လှိုင်မြစ်တစ်လျှောက် ရေလမ်းပြအမှတ်အသားပြခြင်း၊ တွံတေးတူးမြောင်ဖြတ်မယ့်သင်္ဘောတွေကို ရေကြောင်းလမ်းပြုလုပ်ခြင်းနှင့် ရေဘက်ဆိုင်ရာအကြံဉာဏ်များပေးခြင်းတို့ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြုလုပ်လျက်ရှိကြောင်း သိရသည်။