ကျွန်မအနှစ်သက်ဆုံးသင်တန်းတစ်ခု

weiweiOctober 3, 20111min23319

ရေးချင်ခဲ့တာကြာပါပြီ။ ရေးဖို့စဉ်းစားရင်းစဉ်းစားရင်းနဲ့ မရေးဖြစ်ခဲ့ဘူး။ တော်ကြာ အထင်လွဲပြီး နိုင်ငံတော်အကြီးအကဲတွေနဲ့ ဆွေမျိုးတော်ပေးလိုက်မှာလဲစိုးရိမ်ခဲ့လို့ … 😛

ကျွန်မတစ်သက်တာမှာ သင်တန်းတွေအများကြီးတက်ခဲ့ရဖူးပါတယ်။ သင်တန်းတွေကို အလွန်မုန်းပါတယ်။ ကျွန်မက ဆရာတစ်ယောက်ကသင်နေတာ ထိုင်နားထောင်ရတာကို အလွန်ပျင်းပါတယ်။ အတတ်ပညာတော်တော်များများကို ကိုယ့်ဟာကိုယ် လေ့လာရတာကို နှစ်သက်ပါတယ်။ သင်တန်းတွေကို မုန်းပေမယ့်လည်း ဘဝအကျိုးပေးကိုက တပည့်လုပ်ဖို့ဖြစ်လာတာဆိုတော့ စာသင်ခန်းတွေကြားထဲမှာပဲ ဘဝအတွေ့အကြုံတွေတိုးရင်း ကျောင်းသားတို့၏ လူလည်ကျနည်းမျိုးစုံကိုလဲ တတ်မြောက်ခဲ့ပါတယ်။

အခုပြောချင်တဲ့ သင်တန်းကတော့ အားလုံးထဲမှာ အထူးခြားဆုံးသင်တန်းလေးတစ်ခုဖြစ်ပါတယ်။ ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) ဖြစ်ပါတယ်။ တက်ဖူးတဲ့သူတွေရှိသလို မတက်ဖူးတဲ့လူတွေလဲရှိမှာပါ။ တက်ဖူးရင်တော့ အလွမ်းပြေဖြစ်နိုင်ပြီး မတက်ဖူးသူများအတွက်တော့ ဗဟုသုတပေါ့။ လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဖောင်ကြီးသင်တန်းကို တက်ရောက်ဖို့အကြောင်းဖန်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မက ဘွဲ့ရပြီး ကွန်ပျူတာတွေနဲ့အလုပ်ရှုပ်နေချိန်၊ ကျန်းမာရေးသိပ်မကောင်းဖြစ်နေတဲ့အချိန်၊ ဖောင်ကြီးသင်တန်းဆိုတာ အတော်ပင်ပန်းပြီး စိတ်ညစ်စရာကောင်းတဲ့သင်တန်းလို့ပဲ သိထားခဲ့တဲ့အချိန်ပေါ့။ ကျွန်မက အစိုးရဝန်းထမ်းလဲမဟုတ်သေးတော့ တကယ့်ကိုအူကြောင်ကြောင်နဲ့ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တက်ရတဲ့သင်တန်းတစ်ခုပါ။

မဖြစ်မနေတက်ရမယ်ဆိုတော့လဲ အထုတ်အပိုးပြင်ဆင်လို့ မျက်စိသူငယ် နားသူငယ်နဲ့ပဲ ဖောင်ကြီးဆိုတဲ့နေရာကို ရောက်သွားခဲ့ပါတယ်။ သင်တန်းဖွင့်ရက်ထက် ၂ ရက်စောသွားရပြီး လိုအပ်တဲ့စည်းကမ်းတွေသင်ကြားရပါတယ်။ စစချင်းမှာတော့ အလွန်ညံ့တဲ့ထမင်းနဲ့ဟင်းကို စားလို့မရပါဘူး။ တစ်ရက်လောက် အငတ်ခံလိုက်ပြီးတော့ အဆင်ပြေသွားတယ်။ အရောင်မွဲခြောက်ပြီး ပုံမကျပန်းမကျဖြစ်နေတဲ့ ဝတ်စုံတွေကို မကြိုက်ဘူး။ အိမ်မှာနေတုန်းက အိပ်ယာကိုလုံးထွေးထားနေကျဆိုတော့ အိပ်ယာခေါက်နည်းလဲသင်ရော ငိုချင်စိတ်တောင်ပေါက်မိတယ်။ အလှည့်နဲ့ တံမျက်စည်းလှဲရမယ့်ကိစ္စကလဲ ဒုက္ခတစ်မျိုးပဲ။ မနက် ၄ နာရီခွဲထရမယ်တဲ့။ တကယ် သေချင်တော့တာပဲ။ အဲဒီ ၂ ရက်အတွင်းမှာ ကျွန်မအပြင်းအထန်စိတ်ညစ်ခဲ့ရပြီး အဲဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ အသဲအသန်စဉ်းစားရပါတော့တယ်။

အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲဒီနည်းကတော့ အမိန့်နာခံခြင်းပါပဲ။ ဘာကိုမဆို စည်းကမ်းအတိုင်း လိုက်နာလိုက်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်လို့ တွေးလိုက်မိတယ်။ ထဆိုရင်ထလိုက်မယ်။ စားဆိုရင်စားလိုက်မယ်။ ဝတ်ဆိုရင်ဝတ်လိုက်မယ်။ လုပ်ဆိုရင် လုပ်လိုက်မယ်။ ဒီလောက်လွယ်တဲ့ကိစ္စကို ငါ့မှာဘာ့ကြောင့်ဒီလောက်ခက်နေရတာလဲလို့။ တစ်သက်လုံး ဦးနှောက်သုံးပြီးနေလာရတာ အရမ်းပင်ပန်းတယ်။ တစ်ခါတစ်လေ အခုလိုနေရတာလဲမဆိုးဘူးလို့ စိတ်ကိုပိုင်းဖြတ်လိုက်တော့ အလွန်ပေါ့ပါးလန်းဆန်းသွားပါတော့တယ်။

သင်တန်းစတင်ပါပြီ။ အမျိုးသမီးများစိတ်အညစ်ရဆုံး စစ်ရေးပြသင်ရပါတယ်။ ကျွန်မက လူကောင်သေးလို့ အရှေ့တန်းမှာ တန်းစီရတယ်။ အမျိုးသမီးအဖွဲ့က အယောက် ၄ဝ ရှိလို့ တပ်စု ၂ စု ခွဲထားပေးပါတယ်။ တပ်ကြပ်အဆင့်ရဲသားတစ်ယောက်က ကျွန်မတို့ရဲ့ စစ်ရေးပြဆရာ။ ကိုယ်ဟန်အနေအထားနဲ့အသံက စမတ်ကျပါတယ်။ ကျွန်မအတွက် လေ့ကျင့်ခန်းလုပ်ရတာ အလွန်ပျော်စရာကောင်းနေပါတယ်။ ပင်ပန်းပြီး ချွေးတွေထွက်ပေမယ့် သွေးလည်ပတ်မှုကောင်းပြီး ကျန်းမာလာပါတယ်။ နေ့စဉ်နေ့တိုင်း တက်တက်ကြွကြွနဲ့ သေသေချာချာလေ့ကျင့်ခဲ့ပါတယ်။ အဲဒီမှာ ပြသနာက အမျိုးသမီးများ အမိန့်မနာခံခြင်းပါပဲ။ တပ်ကြပ်လိုကောင်က သင်တဲ့အတိုင်းဘာလို့လိုက်လုပ်ရမှာလဲလို့ တွေးတဲ့သူများရှိနေပါတယ်။ အဲဒီလိုစိတ်ဓါတ်မျိုးပါတဲ့ စုန်းပြူးတွေကြောင့် ကျွန်မတို့အဖွဲ့စစ်ရေးပြလေ့ကျင့်မှုက သူများတွေထက် ပိုလုပ်ရပါတော့တယ်။ ဘယ်လှည့်ဆို တမင် ညာလှည့်ချင်နေသူများကို ပထမဆုံးအကြိမ် ကျွန်မမြင်တွေ့ခဲ့ဖူးပါတယ်။ စူပုတ်နေသောမျက်နှာများဖြင့် မလုပ်လို့လဲမရ လုပ်လဲမလုပ်ချင်နဲ့ စိတ်မပါလက်မပါဖြစ်နေကြသူများကြောင့် ကျွန်မလိုစိတ်ပါလက်ပါလုပ်တဲ့လူတွေအတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

မနက်စောစောစစ်ရေးပြလေ့ကျင့်ပြီးမှ စာသင်ခန်းထဲသွားရတော့ ပင်ပန်းပြီး အိပ်ငိုက်ပါတယ်။ ကျွန်မကထိုင်ခုံနဲ့စာသင်ရတာကို မကြိုက်တဲ့သူဆိုတော့ ပျော်စရာနည်းလမ်းကို စဉ်းစားရပါတယ်။ ရှေ့ဆုံးတန်းတည့်တည့်မှာထိုင်ရလို့ အိပ်ငိုက်ဖို့လဲ တော်တော်ခက်နေခဲ့တယ်။ စာရွက်အပိုင်းလေးတွေကို စာအုပ်ကြားထဲမှာထည့်ထားပြီး စာလိုက်မှတ်သလိုလိုနဲ့ ကဗျာလေးတွေစပ်ပါတယ်။ ဟာသကဗျာတွေပေါ့။ stage ပေါ်က ဆရာ ဆရာမတွေကို နောက်ပြောင်ကျီစယ်တဲ့ ကဗျာလေးတွေရေးပြီး ဘေးကသူငယ်ချင်းတွေကို လက်ဆင့်ကမ်းပါတယ်။ သူတို့ရေးထားတာကိုလဲ အပြန်အလှန်လက်ဆင့်ကမ်းပြီး ကြိတ်ရယ်ကြရင်း စာသင်ချိန်တွေကို ကျော်ဖြတ်ရပါတယ်။ သင်တန်းသားတွေက သင်တန်းသူတွေကို ဇာတ်လမ်းလုပ်ချင်တဲ့ ကဗျာတွေကလဲ အပျင်းပြေစေခဲ့ပါတယ်။ ညဘက်မှာ တစ်နာရီစာကြည့်ချိန်သတ်မှတ်ပါတယ်။ အားလုံးအတူတူ ထမင်းစားခန်းမှာစာကြည့်ရတယ်။ ကျွန်မကတော့ စာအုပ်ကြားထဲမှာ ဝတ္ထုစာအုပ်ထည့်ပြီး ခပ်တည်တည်နဲ့ဖတ်ပါတယ်။ သူငယ်ချင်းတွေဆီကို အတွေ့အကြုံတွေ စာရေးတဲ့အခါလဲ ရေးနေရင်း အချိန်ဖြုန်းပါတယ်။ အဲဒီက စာတွေကိုတော့ လုံးဝ (လုံးဝ) စိတ်မဝင်စားပါဘူး။ ဒါပေမယ့်လဲ မဖြစ်မနေဖတ်ခဲ့ရတဲ့ ဘာသာရပ်တွေက အခုအချိန်အထိ အသုံးဝင်နေတာတွေ့ရပါတယ်။ ခုံချင်းကပ်လျက်က သူငယ်ချင်းနဲ့တစ်ခါတစ်လေ စာပြိုင်ကျက်ပါတယ်။ တခြားတစ်ယောက်ကို ဒိုင်လူကြီးလုပ်ခိုင်းပြီး အမြန်ဆုံးအလွတ်ရတဲ့သူအနိုင်ဆိုပြီး စာကျက်ပြိုင်ပွဲလုပ်ပြီးတောင် အပျင်းပြေကစားခဲ့သေးတယ်။

ထမင်းစားချိန်မှာ စတီးပုံစံခွက်တွေနဲ့ ဟင်း ၂ မျိုးနဲ့ကျွေးပါတယ်။ တခြားအပြင်စာဝယ်စားခွင့်မရှိတဲ့အချိန်က သင်တန်းတက်ခဲ့မိတာမို့ စိတ်ကို အပြတ်ဖြတ်ရပါတယ်။ ဒါကိုမဖြစ်မနေစားရမယ်လို့ စိတ်ပိုင်းဖြတ်ပြီး အရသာလုံးဝမခံပဲ စားပစ်လိုက်တာပါပဲ။ ပဲဟင်းရည်မကြိုက်တဲ့ တစ်စားပွဲထဲစားတဲ့သူငယ်ချင်းတွေကြောင့် တစ်ခါစားရင် ပဲဟင်း ၃ ပန်းကန်အမြဲတမ်းစားရလေ့ရှိပါတယ်။ ထမင်းစားပြီး ခဏနားချိန်မှာ ကုတင်ပေါ်အိပ်ရင် အိပ်ယာကြေကုန်မှာစိုးလို့ သေတ္တာပေါ်မှာ ဖိနပ်ကိုမချွတ်ပဲ ခွေခေါက်ပြီးအိပ်ခဲ့တာကလဲ အမှတ်တရပါပဲ။ တံမျက်စည်းလှည်းတဲ့အလုပ်ကို တာဝန်လို့သဘောမထားပဲ တစ်ဆောင်လုံးကိုလှည်းပေးလိုက်တော့ ကုသိုလ်တွေတောင်ရခဲ့သေးတယ်။ မည်သူမှမလုပ်ချင်တဲ့ သောက်ရေထည့်တဲ့အလုပ်ကိုလဲ အားရဝမ်းသာ ကုသိုလ်ယူဖြစ်ခဲ့ပါသေးတယ်။

၂ ပတ်လောက်ကြာတော့ အမျိုးသမီးတွေ စစ်ရေးပြကို မလုပ်ချင်ကြတော့ဘူး။ ပင်ပန်းလွန်းတယ်။ နေပူလွန်းတယ်။ မျက်နှာအသားအရေပျက်စီးတယ်။ အမျိုးမျိုး ဂဂျီဂဂျောင်လုပ်ကြတယ်။ ကျွန်မကတော့ တက်ကြွလန်းဆန်းနေတုန်းပဲ။ ကျန်းမာရေး သိသိသာသာကောင်းလာပါတယ်။ လတ်ဆတ်တဲ့လေကောင်းလေသန့်နဲ့ စိမ်းစိုနေတဲ့ ပတ်ဝန်းကျင်က တကယ့်ကို သာသာယာယာရှိပါတယ်။ စိတ်ထဲမှာလဲ ကျန်းမာရေးအတွက် လေ့ကျင့်နေတယ်လို့ပဲ သဘောထားပါတယ်။ ကျွန်မရဲ့ဦးနှောက်ကို မသုံးပဲ ခဏအနားပေးထားလိုက်ရတာ အရမ်းဇိမ်ရှိတာပဲလို့ တွေးမိလာပါတယ်။ အမိန့်ကို ဆန့်ကျင်တာနဲ့လိုက်နာတာမှာ ဆန့်ကျင်တာက ပိုပင်ပန်းကြောင်းနဲ့ အမိန့်လိုက်နာလိုက်ရင် အားလုံးအဆင်ပြေသွားမှာကို ဒါလေးတောင် နားမလည်ကြဘူးလားလို့ တစ်ဆောင်ထဲနေသင်တန်းသူတွေကို ပြောချင်ပေမယ့် ကျွန်မက အဲဒီအဆောင်မှာ ဒုတိယမြောက်အငယ်ဆုံးဖြစ်နေလို့ တိတ်တိတ်ပဲနေခဲ့လိုက်ပါတယ်။

G-hall ဆောင်မှာ သူငယ်ချင်းတွေနဲ့ ၄ ယောက်တစ်ခန်းနေခဲ့ဖူးပေမယ့် အခုလို အယောက် ၂ဝ အတူတူနေရတဲ့အဆောင်ကတော့ ပထမဆုံးနဲ့နောက်ဆုံးအတွေ့အကြုံဖြစ်ခဲ့တယ်။ မိန်းမတွေဆိုတာ ဒီလိုမျိုးပါလားလို့ (ကိုယ်တိုင်မိန်းမဖြစ်ပေမယ့်) အံ့ဩခဲ့တာတော့အမှန်ပါပဲ။ သူတို့တွေက ကျွန်မအတွက်တော့ အမကြီးတွေဆိုတော့ ကျွန်မအလွန်တက်ကြွနေတာကိုလဲ သူတို့ကဆုံးမကြပါတယ်။ အဲဒီလောက်အပင်ပန်းခံစရာမလိုဘူးလို့ သူတို့ကသင်ပေးကြပါတယ်။ တစ်ပတ်တစ်ခါ မြက်နှုတ်ချိန်မှာ သူတို့က နှုတ်ချင်ယောင်ဆောင်ပြီး အတင်းထိုင်ပြောနေကြပါတယ်။ ဒီမြက်တွေက နှုတ်စရာမလိုကြောင်း၊ နှုတ်လို့ပြန်ပေါက်လာလဲ ပြန်နှုတ်ခိုင်းမှာဖြစ်ကြောင်း၊ တမင်အလုပ်မရှိ အလုပ်ရှာပြီးလုပ်ခိုင်းနေတာမို့ အချောင်ခိုကြပါတယ်။ ကျွန်မကတော့ နှုတ်လို့ပြောထားတဲ့အတွက် နှုတ်မှာပဲဆိုပြီး တကယ်နှုတ်နေလို့ ကျွန်မကို သနားစရာကလေးမတစ်ယောက်ပါလားဆိုတဲ့ မျက်လုံးတွေနဲ့လဲ အကြည့်ခံခဲ့ရဖူးပါတယ်။ ပေါက်တူးကိုင်ပြီး တကယ်မြက်ပေါက်ခဲ့လို့ လက်ဖဝါးတွေတောင် ပေါက်ပြဲခဲ့ဖူးသည်အထိ ကျွန်မကလဲ မိုက်လုံးကြီးပါတယ်။

ထူးခြားတာနောက်တစ်ခုကတော့ သူတို့တွေ ဆုလိုချင်ကြတာဖြစ်ပါတယ်။ ဆုရမှ သူတို့အလုပ်ထဲမှာ နေရာနဲ့ရာထူးအတွက် အဆင်ပြေမှာမို့လို့ ဆုကိုကျတော့လဲ အသဲအသန်လိုချင်ကြပါတယ်။ အမှတ်ပေးစည်းမျဉ်းမှာ ဘက်စုံကနေအမှတ်ပေးတာမို့ နည်းမျိုးစုံနဲ့ အမှတ်ရအောင်လုပ်ကြပါတယ်။ ဟန်ဆောင်ခြင်းအနုပညာပေါ့။ အလွန်တော်ကြပါပေတယ်။ သင်တန်းမှူးမြင်သာတဲ့နေရာမှာ တကယ်မြက်နှုတ်ပြပါတယ်။ စည်းကမ်းလိုက်နာချင်ယောင်ဆောင်ကြပါတယ်။ စစ်ရေးပြကွင်းကနေ စာသင်ခန်းကို အဖွဲ့လိုက်လမ်းလျှောက်တဲ့အခါ စည်းကမ်းအရ ဘယ်ညာနင်းပြီးလျှောက်ရမှာကို သင်တန်းမှူးအဆောင်ရှေ့ရောက်ရင် လုပ်ပေမယ့် အဲဒီနေရာကျော်သွားတာနဲ့ လျှောက်ချင်သလိုလျှောက်ပါတယ်။ ကျွန်မက ဘယ်ညာအော်ပေးရတဲ့အလှည့်မှာ ဆက်အော်နေရင် အားလုံးကဝိုင်းပြောကြတယ်။ ပင်ပန်းပါတယ် … အော်မနေနဲ့တဲ့ … ဘယ်သူမှ မမြင်နိုင်တော့ဘူးတဲ့ …

ကျွန်မကိုတော့ အမကြီးတွေက ချစ်ကြပါတယ်။ ကျွန်မက ဆုတစ်ခုမှ မလိုချင်သလို တကယ်လဲ မလိုအပ်သူဖြစ်နေတော့ စိတ်ရင်းနဲ့ တကယ်ပျော်လို့လုပ်နေတာဆိုတာကို သူတို့တကယ်သိခဲ့ပါတယ်။ ကျန်းမာရေးက သိသိသာသာကောင်းလာပြီး ဝလာလို့ ဘောင်းဘီမတော်ဖြစ်ခဲ့ပါသေးတယ်။ ရှူနာရှိုက်ကုန်းလေးလိုဖြစ်နေခဲ့ရာကနေ မတ်လာလို့ အိမ်က မိသားစုတွေ ဝမ်းသာကြတယ်။

သင်တန်းထဲမှာပါတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဘာသာရပ်က အလွန်စိတ်ဝင်စားစရာကောင်းပါတယ်။ တိရိစ္ဆာန်နဲ့သက်ဆိုင်တဲ့ အံ့ဩစရာ ဗဟုသုတလေးတွေကို ယနေ့အထိ မှတ်မိနေပါသေးတယ်။ မြိုင်ထတယ် ဆိုတဲ့ စကားလုံးတစ်ခု ကျွန်မတို့သင်တန်းသူတွေကြားမှာ ရေပန်းစားခဲ့ပါတယ်။ ဝက်ခြံကိုသွားလေ့လာပြီး ဝက်ပေါက်စကလေးတွေကို ချစ်စရာကောင်းလိုက်တာလို့ တွေးမိလို့ အချိန်တော်တော်ကြာအောင် ဝက်သားမစားပဲ နေခဲ့ဖူးသေးတယ် … 😛

သင်တန်းရဲ့သဘောအရ သင်တန်းသားတိုင်းကို ခေါင်းဆောင်နေရာမှာနေတတ်အောင် လေ့ကျင့်ပေးပါတယ်။ သင်တန်းခွဲမှူး၊ သင်တန်းစိတ်မှူး၊ အဆောင်မှူး စသဖြင့် အလှည့်ကျတာဝန်ယူရပြီး အမိန့်ပေးတတ်အောင် အမိန့်နာခံတတ်အောင်လေ့ကျင့်ပေးပါတယ်။ သင်တန်းပြီးခါနီး တစ်ရက်တာ တောလမ်းခရီးတိုထွက်ကြရသေးတယ်။ သေနတ်တွေထမ်းပြီး ထမင်းဗူးချိတ်လို့ပေါ့။ မိုးဖွဲဖွဲမှာ လမ်းလျှောက်သွားရတာ ပျော်စရာကောင်းပါတယ်။ တောထဲမှာ စစ်တိုက်တမ်းကစားသလိုမျိုးလဲ ကစားရသေးတယ်။ ငယ်ငယ်တုန်းက သေနတ်ပစ်တမ်းကစားရတာကို အလွန်ကြိုက်ခဲ့ဖူးလို့ လူကြီးလိုကစားရချိန်မှာ တကယ်ကစားပစ်လိုက်ပါတယ်။ စစ်သားတွေအတွက် လေ့ကျင့်ပေးသလိုမျိုး မိချောင်းတွားသွားနည်းကိုလဲ လေ့ကျင့်ကြရတယ်။ တကယ့်သေနတ်အစစ်နဲ့ သေနတ်ပစ်ပြိုင်ပွဲလဲလုပ်ပေးပါတယ်။ ကျွန်မကတော့ လှလေးစိန် ပဲ ရခဲ့တယ် …. 😛 ခန္ဓာကိုယ် တော်တော်လေး ပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်ပျော်စရာကောင်းပါတယ်။ ဒီလိုအတွေ့အကြုံမျိုး ဘယ်မှာမှ မရနိုင်ခဲ့ပါဘူး။

မိတ်ဆွေတွေလဲ တိုးလာခဲ့တယ်။ မတည့်တဲ့သူလဲရှိပေမယ့် တည့်တဲ့သူကျတော့လဲ တကယ့်ညီအမအရင်းတွေလို နားလည်မှုကို အခြေခံခဲ့တဲ့ ချစ်ခင်မှုတစ်ခုကို တစ်သက်တာအတွက် ရခဲ့ပါတယ်။ သင်တန်းဆင်းပွဲမှာ ကျွန်မ ဘာဆုမှ မရခဲ့ပါဘူး။ အဲဒီအတွက်လည်း ဝမ်းမနည်းခဲ့ပါဘူး။ တဆောင်ထဲနေတဲ့ အမကြီးတွေက ကျွန်မရဲ့ မှတ်တမ်းစာအုပ်ထဲမှာ သူတို့သဘောထားနဲ့ စစ်ရေးပြပထမဆုကို ပေးခဲ့တာနဲ့တင် ဝမ်းသာလှပါပြီ။ ကျွန်မရဲ့ walking show ကို သူတို့ဘယ်တော့မှ မေ့မှာမဟုတ်ဘူးလို့ ရေးပေးခဲ့ကြပါတယ်။

တကယ်တော့ အဲဒီသင်တန်းတက်ပြီးမှ ကျွန်မစိတ်ဓါတ် အနည်းငယ်ရင့်ကျက်သွားခဲ့ပါတယ်။ သင်တန်းရဲ့ရည်ရွယ်ချက်က တော်တော်လေးကောင်းပါတယ်။ လာတက်တဲ့ သင်တန်းသား သင်တန်းသူတွေထဲမှာ အများစုကတော့ မတက်ချင်ပဲလာရသူများနဲ့ အချောင်ခိုနည်းများစွာကို တတ်မြောက်ထားပြီးသူများဖြစ်နေတာကိုတော့ ဝမ်းနည်းဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။ အတွေ့အကြုံတစ်ခုကနေ ယူတတ်ရင် သင်ခန်းစာရနိုင်ပါတယ်။ စစ်ရေးပြမှာပါတဲ့ “ရည်ရွယ်ချက်ကတစ်မျိုး၊ လုပ်ဆောင်ချက်ကတစ်မျိုး” ဆိုတာကို နားလည်သွားခဲ့ပါတယ်။ မတူညီတဲ့စရိုက်နဲ့ လူတွေအကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ ၁၄ ပတ်ထဲနဲ့ ကျွန်မရဲ့လူကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးကို ထိထိရောက်ရောက်ကုသနိုင်ခဲ့တဲ့ အဲဒီသင်တန်းလေးကို မကြာခဏသတိရမိနေပါတော့တယ် ….

19 comments

  • ကြောင်ကြီး

    October 3, 2011 at 11:24 am

    ဖောင်ကြီးလို သင်တန်းမျိုးက လူတိုင်းတက်သင့်တယ် ထင်တယ်။ စည်းကမ်းလေးစားမှု၊ အမိန့်နာခံမှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှုတို့ဆိုတာ နိုင်ငံတခုတည်ဆောက်ရာမှာ အရေးပါတယ်လေ။ လူတိုင်း ခေါင်းဆောင်လုပ်ချင်လို့ ဘယ်ရပါ့မလဲ။ အနောက်နိုင်ငံတွေမှာကတော့ ပြည်သူ့နီတိ၊ လူ့ကျင့်ဝတ်ဆိုတာတွေကို ငယ်စဉ်ကထဲက စာသင်ကျောင်းတွေမှာ သင်ပေး၊ အပျော်ထမ်း ဗော်လံတီယာ ကင်းထောက်အဖွဲ့၊ စေတနာ့ဝန်ထမ်းအဖွဲ့တွေနဲ့ ပျိုးထောင်ပေးထားတော့ မရှိလည်းဖြစ်တယ်။ မြန်မာပြည်လို ပြန်လည်ထူထောင်နေတဲ့ နိုင်ငံမျိုးမှာ ငွေကြေးအကုန်အကျ သက်သာပြီးထိရောက်တဲ့ နည်းလမ်းတွေစဉ်းစားသင့်တယ်။ ခက်တာက အုပ်ချုပ်သူနဲ့ပြည်သူ၊ အစိုးရနဲ့ ဝန်ထမ်းတွေကြားထဲမှာ ယုံကြည်မှု ပျက်ဆီးသွားပြီ။ ဒီတော့ ကိုယ့်ထမင်းကိုယ်စားပြီး ကိုယ့်အပူကိုယ်မရှာတာပဲ ကောင်းမယ်ထင်ပါတယ်။ 😛
    ဖောင်ကြီးမှာ
    ကြောင်ကြီး
    ထောင်ပြီး (ပုလင်း)
    လဲစဉ်
    တောင်ကြီးက
    မောင်ကြီး
    လှောင်ပြီး
    ဆဲလို့
    ယောင်ပြီး
    အောင်ကြီးကို
    ဗျောင်တီးခဲ့တာ
    မေ့မရ..။ 😀

    • thit min

      October 3, 2011 at 12:05 pm

      ကိုကြောင်ရေးတဲ့ကဗျာတွေခဏခဏဖတ်ရတဲ့အထဲမှာ
      ဒီကဗျာကတထိတ်ထိတ်တယ်ရှိသကိုးဗျ။ပွပ်ပွတ်ပြီး
      မောင်းသွားတာများ”တော် “ချက်။

    • weiwei

      October 3, 2011 at 1:19 pm

      အသင်းအဖွဲ့စိတ်ဓါတ်နဲ့ပက်သတ်လို့ တရုတ်ပြည်က တက္ကသိုလ်တွေကို သဘောကျတယ် … သူတို့တွေက တစ်ဦးတည်းသော သားသမီးတွေမို့လို့ အပေါင်းအသင်းနဲ့ နေတတ်အောင် တက္ကသိုလ်ရောက်တာနဲ့ ကျောင်းအိပ် ကျောင်းစား မဖြစ်မနေ နေရပါတယ် … ပထမနှစ်ကျောင်းသားတွေကို တစ်လတိတိ စစ်ရေးပြသင်တန်းပေးတယ် …

  • windtalker

    October 3, 2011 at 11:36 am

    အန်တီဝေ ရေးပြခဲ့တဲ့
    ဖောင်ကြီး သင်တန်းနားမှ ခဏခဏ ဖြတ်သွားဘူးသော်လည်း
    ယခု အန်တီဝေ ရေးပြမှ
    ဘယ်လို ဆိုတာ သိရလို ့
    တော်တော် စိတ်ဝင်စားမိပါတယ်
    ကိုကြောင်ကြီး ပြောသလို ပဲ
    လူတိုင်းတက်ခွင့်ရရင် ပိုကောင်းမှာ အမှန်ပါပဲ
    စိတ်ဓါတ် ခိုင်မာလာမယ်
    ကျန်းမာရေး အတွက် အလေ့အကျင့် ဖြစ်မယ်
    ဘက်စုံ ကောင်းမွန်မှု တွေ ရနိုင်မယ် လို ့
    မြင်မိပါကြောင်း

  • နွယ်ပင်

    October 3, 2011 at 12:22 pm

    မဝေရေ နွယ်ပင်တို့ကတော့ ဖောင်ကြီး သင်တန်းဆိုတာ ကြားဖူးယုံကြားဖူးတာပါ
    ဘာမှန်းသေချာတောင် သိတာတောင်မဟုတ်ဘူး
    အခုလိုရေးပြလိုက်တော့လဲ ဗဟုသုတလေးတွေရတော့ပေါ့
    ဒါနဲ့ စကားမစပ် ဖောက်ကြီးသင်တန်းက ပြန်လာတော့ မဝေတစ်ယောက် ဝဝဖီးဖီး
    ထောင်ထောင်မောင်းမောင်းကြီး ဖြစ်သွားရောလားဟင် ……… 😀

    • weiwei

      October 3, 2011 at 1:00 pm

      မှတ်မှတ်ရရ ၈ ပေါင်တက်သွားလို့ ဝဝဖီးဖီးဖြစ်သွားတယ်လို့ ပြောလို့ရပေမယ့် အရပ်ရှည်မထွက်လာလို့ ထောင်ထောင်မောင်းမောင်းတော့ မဖြစ်သွားဘူးပေါ့ … 😛

  • TTNU

    October 3, 2011 at 1:11 pm

    ဝေဝေရေ
    ဇေယျ သင်တန်းလား ။ အထူးမွမ်းမံ လား။
    ကျမ ဇေယျ(၁၅) ဆင်းတာလေ။ ကျမတို့ ရှေးတုန်းက အိမ်သာကျင်းတောင်တူးရတယ်။
    ဝေဝေက ဂျီဟောသူဆိုတော့ RIT ဆင်းတဲ့ အင်ဂျင်နီယာဆိုရင် ဇေယျပဲ ဖြစ်မယ်ထင်ပါတယ်။
    ကျမတို့ ခေတ်က ဖောင်ကြီးဆင်း (ဖင်ကြီးစောင်း) လို့ နောက်ပြောင်တဲ့ အထိ ပြင်းထန် ပင်ပန်းတဲ့
    (၅)လကျော် (၆)လ နီးပါး သင်တန်းဖြစ်တယ်။ နောက်ပိုင်းမှာတော့ (၄)လခွဲပဲ ကြာတော့တယ်။
    ကျမ ဇေယျဆင်းပြီး အနှစ်(၂၀) နီးပါးကြာမှ အထူးမွမ်းမံဆိုတာကြီးထပ်တက်ရပြန်တယ်။ဒါကတော့
    (၁) လထဲပါ။ ဝေ ရေးထားတာဖတ်ပြီး ဖောင်ကြီး အလွမ်းပြေခံစားရပါတယ်။

    • weiwei

      October 3, 2011 at 1:15 pm

      အကြိုဇေယျသင်တန်းပါ …
      သင်တန်းဆင်းပြီးကထဲက တစ်ခေါက်မှ ပြန်မရောက်ဖြစ်သေးဘူး …
      မကြာခင်က အပါတ်စဉ်အတူတက်ခဲ့တဲ့သူငယ်ချင်းက မဟာဇေယျကြီးတက်ရတယ်ဆိုတော့ ဖောင်ကြီးကို သတိရသွားရင်း ဒီပို့စ်ကို ရေးဖြစ်သွားတာပါ …

  • etone

    October 3, 2011 at 1:19 pm

    ဟီးဟီး .. မဝေ ဖောင်ကြီး ဆင်းလာတယ်ပေါ့ … ဟီးဟီး… ရပ်သိ ရွာသိ ဖောင်ကြီး ဆင်းလာတယ်တယ် ဟိဟိ 😛

    • weiwei

      October 3, 2011 at 1:21 pm

      ကြာပါပြီ အီးတုံးရယ် … ၁၂ နှစ်တောင် ရှိပါပြီ … အမှတ်တရ သတိရလို့ ပြန်ရေးလိုက်တာပါ …

      • meelay

        October 3, 2011 at 3:08 pm

        မဝေ … အီးတုံးက မဝေကို ဖောင်ကြီးဆင်းလာတယ်ပေါ့ဆိုတာကို ဆရာမပြောတဲ့ (ဖင်ကြီးစောင်း) ဆိုတဲ့ အဓိပ္ပါယ်နဲ့ ရယ်နေတာနော် ……… ဟီး ဟီး …… 😀 😀

        • windtalker

          October 3, 2011 at 6:11 pm

          မီးလေး က ဖင်အကြောင်းပဲ
          ခေါင်းထဲမှာ ရှိတယ် ထင်တယ်

      • ဆူး

        October 3, 2011 at 8:36 pm

        ဖင်ကြီးစောင်းတာ ဒီလောက် ကြာမှတော့ ပြန်တည့်ပြီပေါ့နော်.. ဟိဟိ..

  • တညင်သား

    October 3, 2011 at 3:41 pm

    ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အခြေအနေအရ ၁၈ နှစ် ဆိုတာ မိဘအုပ်ထိမ်းမူ အောက်မှာပဲ ရှိသေးတာလေ …အရွယ်ရောက်ရင် အခုလို သင်တန်းတွေ တက်ခြင်းအားဖြင့် ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်နိင်အောင် သင်တန်းက ပေးလိုက်သလိုပဲ.. ကောင်းတဲ့ ဖတ်က တွေးရင် အရမ်းကောင်းပါတယ်……..

  • fatty

    October 3, 2011 at 5:45 pm

    တကယ်ကို ကွက်ကွက်ကွင်းကွင်း မြင်မိတာပါ …။ ဖောင်ကြီးမှာ ပြေးလွှားလှုပ်ရှားကြပုံတွေရယ်
    မဝေရဲ့ ယူနီဖေါင်းကြီးနဲ့ ကဗျာကယာ ဗိုသီဖတ်သီပုံရယ် အဟဲ …. နောက်တာနော ..။

  • padonmar

    October 3, 2011 at 8:24 pm

    ကိုယ်တိုင်မတက်ဖူးပေမယ့် အကြားနဲ့တင် ဝေဝေ့အဆိုကိုထောက်ခံပါတယ်၊
    အရင်ကဆိုရင် တက္ကသိုလ်မှာ လေ့ကျင့်ရေးတပ်ဆိုပြီးရှိပါတယ်၊
    စစ်တပ်ဟာ ကောင်းတဲ့ အလေ့အကျင့်တွေကို စံနစ်တကျ ပျိုးထောင်ပေးနိုင်တဲ့နေရာပါ၊
    နောင်မှ အလွဲသုံးမှုတွေဖြစ်လာတာ နှမျောစရာပါဘဲ၊

  • ချစ်ရင်ထူး

    October 3, 2011 at 11:29 pm

    ကျွန်တော်ကတော့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် နောက်လိုက်ကောင်းတစ်ယောက်
    ဖြစ်ဖို့လိုအပ်မယ် လို့ထင်ပါတယ်။ ကျွန်တော် တို့အိမ်နားကဆရာမကလည်း ဖောင်ကြီးသင်တန်းအ
    ကြောင်းပြောပြပါတယ်။ ဗဟုသုတအများကြီးရလိုက်ပါတယ်။

  • MaMa

    October 4, 2011 at 9:23 am

    ဝေဝေ ကျေးဇူးနဲ့ ဖောင်ကြီးသင်တန်း လည်း အဆိုးမြင်ဘဝက လွတ်တော့တယ်။ ကိုယ်အရင်က (သူများပြောသလိုနဲ့) သိထားသလောက်က ကောင်းကွက်တခုမှ မရှိဘူး။

    ဝေဝေ့ စာထဲကနေ
    (အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေတွေ့ရှိသွားပါတယ်။ အဲဒီနည်းကတော့ အမိန့်နာခံခြင်းပါပဲ။ စိတ်ကိုပိုင်းဖြတ်လိုက်တော့ အလွန်ပေါ့ပါးလန်းဆန်းသွားပါတော့တယ်။)
    အဲဒီလို ပြဿနာတစ်ခုကို ဖြေရှင်းနည်းလေး ရှာဖွေတွေ့ရှိသွားတာလေးကို သဘောကျတယ်။ (ကိုယ်ကိုယ်တိုင်လည်း ကျောင်းတက်တုန်းက အခက်အခဲကြုံတဲ့အချိန်မှာ ဘယ်လိုလုပ်ရမှန်းမသိ၊ စဉ်းစားမရ ဖြစ်နေရာကနေ စာကြိုးစားခြင်းဖြင့် ကိုယ့်တာဝန်ကျေပွန်နိုင်တယ်ဆိုတဲ့ အဖြေကို ရပြီး ဝမ်းသာအားရဖြစ်ခဲ့ဖူးတယ်။)

  • intro

    October 5, 2011 at 11:49 am

    အင်း… မဝေ ညွှန်းတာနဲ့ ကိုယ့်စားရိတ်ကိုယ်စားပြီးတောင် တတ်ချင်လာပြီ… အိမ်ကပြောတယ်လေ… လက်ကြောမတင်းလွန်းလို့တဲ့…. 🙁

Leave a Reply