ဈေးနှုန်းအမြင့်ဖြင့် ကြိုစုထားသည့် ဆန်များ ကမာ္ဘ့ဆန်ဈေးကျချိန် တင်ပို့ရန်အခက်ကြုံဟုဆို

klnMay 17, 20101min450

ဈေးနှုန်းအမြင့်ဖြင့် ကြိုတင်ဝယ်ယူ စုဆောင်ထားသည့် ဆန်များ ကမာ္ဘ့ဆန်ဈေးနှုန်းကျဆင်းချိန်နှင့် ကြုံနေ၍ တွက်ခြေမကိုက်ဘဲတင်ပို့ရောင်းချရန် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ပြည်တွင်း ဆန်ကုန်သည်အများစုမှာ ပြည်ပတင်ပို့နိုင်ရန်အတွက် မိုးစပါးထွက်ရှိချိန်၌ ဈေးနှုန်းအမြင့် ပေးကာဆန်များ ကြိုတင်ဝယ်ယူစုဆောင်းမှုများပြုခဲ့ကြောင်း ၊ အဆိုပါ မိုးစပါးများဝယ်ယူစုဆောင်ခဲ့ချိန် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလများအတွင်းက ၂၅မှတ်ဆန် (မိုးစပါး) ၁၁ဝပေါင်ဝင်တစ်အိတ်လျှင် ၁၄, ဝ၀ဝကျပ် မှ ၁၅,၀၀ဝကျပ်ဝန်းကျင်ခန့်အထိ ပေါက်ဈေးရှိခဲ့ကြောင်း၊ လက်ရှိပြည်ပ သို့တင်ပို့ ခွင့်ပြုထားသည့် ဆန်များမှာလည်း မိုးစပါးမှ ရရှိသည့် ဆန်များကိုသာ တင်ပို့ရန်ခွင့်ပြုထားခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေများကြောင့် ဈေးနှုန်းအမြင့်ဖြင့် ကြိုတင်ဝယ်ယူစုဆောင်းခဲ့သည့် ဆန်များမှာ ကမာ္ဘ့ဈေးကျချိန်နှင့် ရင်ဆိုင်နေရသည့် အတွက် တွက်ခြေမကိုက်ဘဲ တင်ပို့ ရောင်းချရန်အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းပင်ဖြစ်ကြောင်း ၎င်းကဆန်ကုန်သည်များရင်ဆိုင်နေရသော ကမာ္ဘ့ဆန်ဈေးကျဆင်းမှုအခြေအနေနှင့် ပတ်သက်၍ အခြေအနေကိုသုံးသပ်၍ ရှင်းပြသည်။ ကမာ္ဘ့ဆန်ဈေးကွက်၌ မြန်မာ ၂၅ မှတ်ဆန်တစ်တန်၏ပေါက်ဈေးမှာ အမေရိကန်ဒေါ်လာ ၃၁၅ခန့်ဈေးပေါက်လျက်ရှိကြောင်း ၊ ယခုကမာ္ဘ့ဆန်ဈေးကွက်၌ ဆန်ဈေးနှုန်းများ၏ အခြေအနေမှာ ၁ဝရာခိုင်နှုန်းမှ ၁၅ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိကြောင်း၊ ယင်းအခြေအနေများကြောင့် ဈေးနှုန်းအမြင့်ဖြင့် ဝယ်ယူခဲ့သည့် ဆန်ကုန်သည်များမှာ တွက်ခြေမကိုက်သည့် အခြေအနေနှင့် ကြုံတွေ့နေရခြင်းဖြစ်ကြောင်း၊ ယခုလက်ရှိကမာ္ဘ့ဆန်ဈေးကွက်ပေါက်ဈေး မြန်မာ ၂၅မှတ်ဆန်တစ်တန် အမေရိကန်ဒေါ်လာ ၃၁၅ဖြင့် နွေစပါးမှ ထွက်ရှိသည့် ဆန်ကို တင်ပို့ခွင့်ပြုလျှင်မူ တွက်ခြေကိုက်နိုင်ကြောင်း ဆန်ဈေးကွက် ကျွမ်းကျင်သူတစ်ဦးက ဆိုသည်။ လက်ရှိပြည်တွင်း ဆန်ဈေးကွက်အတွင်း၌ နွေစပါး ၂၅မှတ်ဆန် ၁၁ဝပေါင်ဝင်တစ်အိတ်လျှင် ၁၃,၅၀ဝ ကျပ်၊ ၁၄,၀၀ဝကျပ်ခန့် နှင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ပြည်တွင်းဆန်ကုန်သည်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။ ယခုနှစ်အတွင်းမိုးစပါးမှ ဆန်တန်ချိန်ရှစ်သောင်း တင်ပို့ရန်ခွင့်ပြုထားကြောင်း သိရသည်။