နတ်အကြောင်း သိကောင်းဖွယ်ရာ (၃)

     အတွင်း(၃၇) နတ်မင်းများ

နတ်ကြီး(၄)ပါး

၁။    ဓတရဋ္ဌ နတ်ကြီး

ဂန္ဓဗ္ဗနတ်မျိုးနွယ်ဖြစ်တယ်လို့ဆိုတယ်။ နတ်ဝတ်တန်ဆာ ဆင်ယင်ပြီး လက်တစ်ဖက်က သန်လျှက်ကိုကိုင်တယ်၊ ဒူးကို တစ်ဖက်ထောင်၊ တစ်ဖက်လှဲပြီး ရွှေစည်းခုံစေတည် တော်ကြီးရဲ့ အရှေ့ဘက်မုခ်ကနေ စောင့်ရှောက်တယ်။

၂။    ဝိရုဠက နတ်ကြီး

ကုမ္ဘဏ်နတ်မျိုးနွယ်ဖြစ်တယ်။ နတ်ဝတ်တန်ဆာ ကိုဆင်ယင်ပြီး လက်တစ်ဖက်ကသံလျက် ကိုကိုင်တယ်။ ဒူးတစ်ဖက်ထောင် တစ်ဖက်လှဲပုံစံဖြင့် ရွှေစည်းခုံစေတည်တော်ကြီးရဲ့ တောင်ဖက်မုခ်ကနေ စောင့်ရှောက်နေတယ်။

၃။     ဝိရှုပက္ခ နတ်ကြီး

နတ်နဂါးမျိုးနွယ်ဖြစ်တယ်။ နတ်ဝတ်တန်ဆာကိုဆင်ယင်တယ်။ လက်တစ်ဖက်က သံလျက်ကို ကိုင်ထားတယ်။ ရွှေစည်းခုံ စေတီတော်ကြီးရဲ့ အနောက်ဘက်မုခ်ကနေ စောင့်ရှောက်တယ်။

၄။    ကုဝေရ နတ်ကြီး

နတ်ဘီလူးမျိုးနွယ်ဖြစ်တယ်။ နတ်ဝတ်တန်ဆာကိုဆင်ယင်တယ်။ ဒူးယင် သုံးဆင့်၊  ခြေသုံးချောင်း၊အစွယ်(၈)ချောင်း၊ပါရှိတယ်။ သံတင်းပုတ်ကို ကိုင်ထားပြီ်းရွှေစည်းခုံစေတီတော်ကြီးကို မြောက်ဖက်မုခ်ကနေ စောင့်ရှောက်တယ်။

အနောက်မုခ်ရှိနတ်(၄)ပါး

(ကျွန်တော်(၃၇)မင်း နတ်တွေကို နံပါတ်စဉ်အတိုင်းဖော်ပြသွားမှာဖြစ်လို့ နံပါတ် ၅။ မှဆက်လက်ရေးသားဖော်ပြသွားပါမယ်)

၅။    ဇမ္ဗူဒီပါ နတ်

မတ်တတ်ထ သံလျက်ကိုင်ပြီးတွေ့ရတယ်။ အနောက်မုခ်မှာရှိတယ်။

၆။    ဇမ္ဗူတံဆိပ် (အနောက်မုခ်မှာရှိတယ်)

၇။     ဇမ္ဗူချမ်းသာ (အနောက်မုခ်မှာရှိတယ်)

၈။     ဇမ္ဗူ့ကျက်သရေ (အနောက်မုခ်မှာရှိတယ်)

ဗြဟ္မဏဆိုင်ရာ နတ်(၆)ပါး

၉။     သီဝ (မဟေသရ) နတ်

နတ်ဝတ်တန်ဆာဆင်မြန်းထားတယ်.။ နွားလားဥဿဘ စီးပြီးသုံးခွလှံကို ကိုင်ထားတယ်။ ရွှေစည်းခုံစေတည် ပစ္စယာ အနောက်တောင်ထောင့်မှာတွေ့ရတယ်။

၁၀။    မဟာပိန္နဲနတ်

ဗြဟ္မာကိုယ်နဲ့ ဆင်ဦးခေါင်းရှိပြီး ယာဘက်ရှိအထက်လက် မှာချွန်း၊ အောက်လက်မှာ သံလျက်ကိုင်တယ်။ လက်ဝဲဘက်ရှိအထက်လက်မှာ စက်ဝန်း ၊အောက်လက်မှာ ဆင်နှာမောင်းကိုကိုင်တွယ်ထားတယ်။ ရွှေစည်းခုံစေတီတော်ရဲ့ မြောက်ဖက်မုခ်မှာ တွေ့နိုင်တယ်။

၁၁။    ကာလီမယ်တော် (စန္ဒီနတ်သမီး)

လက်ဆယ်ဖက်ရှိပြီး လက်ဝဲလက်ငါးဖက်မှာ ဒိုင်း၊ထီး၊ လေး၊ပုတီး၊ခရုသင်း ၊တစ်ခုစီကိုင်ထားတယ် ။သူဟာခြင်္သေ့ယာဉ်ပေါ်မှာရှိပြီးတော့ ရွှေစည်းခုံစေတီတော်ကြီးရဲ့ ပြင်ပတံခါး အတွင်းမှာ စောင့်နေတယ်။

၁၂။     စန္ဒာ နတ်သား

လက်ဆယ်ဖက်ရှိတယ်။ လက်ယာလက် ငါးဖက်မှာ ဓားလွယ်၊ သံလျက်၊ လှံ၊ သံချွန်၊ ဓါးမြှောင် တစ်ခုစီကို ကိုင်ထားတယ်။ ခြင်္သေယာဉ်စီးနင်းတယ်။ စန္ဒီ နတ်သမီးနဲ့အတူနေရင်း ရွှေစည်းခုံစေတီတော်ကို စောင့်ရှောက်တယ်။

၁၃။       သူရဿရီ

နတ်ဝတ်တန်ဆာကို ဝတ်ဆင်ထားတယ်။ ဟင်္သာယာဉ်ပေါ်မှာထိုင်ပြီး လက်နှစ်ဖက်နဲ့ ကြာပန်းကို ကိုင်ထားတယ်။  ရွှေစည်းခုံစေတီတော်ကြီးကို အနောက်မုခ်ကနေ စောင့်ရှောက်နေတယ်။ *သူရဿတီကို ပညာရေးနတ်လို့လည်း ခေါ်တယ်၊ ပညာရေးအတွက်လည်း ဆုတောင်းကြတာ တွေ့ရတယ်*

၁၄။        ရသမင်္ဂ ီ (ပျသမင်္ဂ ီ)

လက်နှစ်ဖက်မှာ ပန်းခိုင်ကိုကိုင်ထားတယ်။ ရွှေစည်းခုံစေတည်တော် တောင်မျက်နှာ ဖိနပ်တော်ရင်းမှာရှိပြီး စေတီတော်ကို ရှိခိုးနေတယ်။

၁၅။         သကြား

သကြားကို အတွင်း(၃၇)နတ်စာရင်းမှာရော အပြင်(၃၇)နတ်စာရင်းမှာရော တွေ့ရတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေကတော့ “သက္က” လို့ခေါ်ကြပြီး ဟိန္ဒူ (ဗြဟ္မဏ) ဘာသာဝင်တွေကတေ့ “ဣန္ဒ” လို့ ခေါ်ကြတယ်။ ဗုဒ္ဓစာပေတွေမှာ “ သက္ကောတိဣန္နော”  လို့ပါရှိတာကြောင့် သက္ကနဲ့  ဣန္ဒ ဟာ အတူတူပဲဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ သိကြားမင်း (ခေါ်) သက္က (ခေါ်) ဣန္ဒ  ဟာ နတ်ဒေဝတာ တွေထဲမှာ Grade ဖြစ်တဲ့နတ်တစ်ပါးဖြစ်တယ်။ သူဟာ အလိုရှိတဲ့ပုံသဏ္ဍာန်ကို ဖန်ဆင်းနိုင်တယ်။ သူ့ရဲ့  စီးတော်ယာဉ်ဟာတောက်ပနေတဲ့ ရွှေရောင်ယာဉ်ရထားဖြစ်ပြီးတော့ လည်ဆံမွေးတွေဖွာကျနေတဲ့ မဟော်ဂနီ ရောင် မြင်းတွေနဲ့ ကထားတယ်။ယာဉ်ရဲ့နာမည်က “ဝိမာန” သူ့ရဲ့လက်နက်က မိုးကြိုးသွားဖြစ်တယ်။လေးနဲ့မြားကိုလည်း သုံးတယ်။ မိုးကြိုးသွားကို လက်ယာလက်နဲ့ကိုင်တယ်။

သိကြားဟာ စတုလောကပါလ နတ်မင်းတစ်ပါးအနေနဲ့ အရှေ့ဘက်လောကဓါတ်ကို အုပ်စိုးတယ်။ ရာသီဥတုကို ထိန်းချုပ်ကွပ်ကဲတယ် ၊ (လျှပ်စီးလက်စေတယ်၊ မိုးချုန်းစေတယ် မိုးရွာစေတယ်၊ ) ။ မိုးခေါင်ရေရှားဖြစ်ပြီး ရာသီဥတုဖောက်ပြန်အောင်လုပ်တတ်တဲ့ “ဗဟိကြ” (သို့) “အဟိ” နဲ့ အမြဲလိုစစ်ခင်းပြီး  မိုးကြိုးသွားလက်နက်နဲ့ အနိုင်တိုက်တယ်။ ပြီးတော့ မိုးရွာအောင်လုပ်တယ်။

သိကြားမင်းဟာ“သဂ္ဂ”လို့ခေါ်တဲ့ နတ်ပြည်ရဲ့“အမရဝတီ” နေပြည်တော်မှာ ဘုရင်ဖြစ်တယ်လို့ဆိုတယ်။ နန်းတော်အမည်က “စေဇယန္တာ” လို့ခေါ်တယ်။ သူ့ရဲ့ကြင်ယာတော်ကတော့ “ဣန္ဒရာနီ” ဖြစ်တယ်။ သားတော်ကတော့ “ဇယန္တ” ဖြစ်တယ်။  ရွှေစည်းခုံစေတီတော်ကြီးမှာတော့ သကြားမင်းဟာ ခရုသင်းနဲ့ သားမြီးယပ်ကိုကိုင်ပြီး ပြင်ပမဟာရံ တံခါးမကြီးရဲ့ တောင်ဘက်ကနေစောင့်ရှောက်နေတယ်။

ဆက်လက်တင်ပြပေးပါမည်။ ကျေးဇူးတင်ပါသည်။   မောင်ချစ်ရင်ထူး

——————————————————————————————————————————————————————-

3 comments

  • small cat

    October 3, 2011 at 9:23 pm

    “ဟင်္သာယာဉ်ပေါ်မှာထိုင်ပြီး လက်နှစ်ဖက်နဲ့ ကြာပန်းကို ကိုင်ထားတယ်။”
    ကြာပန်းပေါ်မှာ စာအုပ်ကလေးသုံးအုပ်တင်ထားပါသေးတယ်။
    သပိတ်အိုင်ဆရာတော် ဟောတဲ့တရားတပုဒ်ထဲမှာတော့ သူရဿတီ ဟာ ဗေဒင်လေးပုံ ထဲက မပယ်ဖျက်ပဲ
    ကျန်တဲ့ သုံးပုံ ကိုကိုင်ထားတာလို့ဆိုပါတယ်၊ ဗြဟ္မဏ တွေရဲ့နတ်လို့ဆိုပါတယ်၊ အဲဒါကို မြန်မာပြည်ထဲကို
    အတင်းခေါ်လာပြီး ပိဋကတ်သုံးပုံ ကိုင်တယ်ဆိုပြီးအသွင်ပြောင်းထားတာလို့ဆိုပါတယ်။ ကျွန်တော်တို့
    ငယ်ငယ်မသိခင်ကတော့ စာမေးပွဲ ရက်ဆိုရင် သူ့ကိုကန်တော့ရတာအမောပေါ့။
    ပိဋကတ်သုံးပုံ ကိုင်တယ်ဆိုတော့ ဘုရားစင်ဘေးမှာစင်လေးထိုးပြီး ကိုးကွယ်ထားတာပါ။
    သိတဲ့အခါကြတော့လည်း ဖေဖေက ဒီနတ်ကိုစွန့်လွှတ်လိုက်ပါတယ်။

  • windtalker

    October 4, 2011 at 1:11 pm

    ကျွန်တော် တို ့မန်းတလေး
    နန်းရှေ ့၁၉ လမ်း မှာ
    ကာလီမယ်တော် ဘုရားကျောင်းရှိတယ်ဗျ
    စနေ နေ ့ညတိုင်း ပွဲရှိတယ်
    တစ်မြို ့လုံး က ဟိန္ဒူတွေ
    လာဝတ်ပြုကြတယ်
    မောင်ပေ ရောက်ခဲ့တုန်းက ကြားခဲ့တာ
    “ကာလီမယ်တော်ကြီး” ဟာ
    မတရားမှု ကို
    မှန်မှန်ကန်ကန် လာတိုင်တည် ရင်
    တရားနည်းလမ်းကျ ဖြစ်အောင်
    ကူညီစောင့်မ ပေးနိုင်စွမ်းရှိတယ် တဲ့

  • ချစ်ရင်ထူး

    October 4, 2011 at 11:28 pm

    အစ်ကို ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ ကျွန်တော် သိသလောက် ကာလီမယ်တော် ကို စန္ဒီ လို့လဲခေါ်ပါသေးတယ်။ သူမဟာ သီဝ နတ်ဘုရားရဲ့ ကြင်ယာ တော်ဖြစ်တယ်။ သူမဟာ ခပ်ကြမ်းကြမ်းပဲဖြစ်တယ်။ရန်သူကိုု တိုက်ခိုက်တဲ့အခါမှာ ဒူရဂါ လို့ခေါ်တယ်။ပရိယာယ်(၁၇) မျိုးလောက်တတ်တယ်လို့သိရတယ်။သူမ ကို ပုံစံအမျိုးမျိုးနဲ့တွေ့ဖူးပါတယ်။ သူမဟာ အသားမဲနက်တဲ့အတွက် ကာလီ လို့ခေါ်ခြင်းဖြစ်တယ်။ မဟာဒေဝီ၊ မဟာမာတာ၊ မယ်တော်ကြီး၊ ဥမ္မာဒေဝီ လို့လဲခေါ်ကြတယ်။ စန္ဒီ မယ်တော်ကို ရေမျှောပြီး သီဝထံ ပို့လွှတ်ခြင်းဓလေ့ကိုဗြဟ္မဏ ဘာသာဝင်တွေက ယနေ့ချိန်အထိပြုလုပ်နေကြဆဲဖြစ်တယ်။

Leave a Reply