ကလေးတွေကိုပျိုးထောင်ပေးပါ။ မပြိုင်ခိုင်းပါနဲ့။

နည်ရဲဇော်October 3, 20113min1102

ပြိုင်ပွဲဆိုတာ မြင်းတွေအတွက်ပဲ။ အနုပညာသမားတွေအတွက်မဟုတ်ဘူး လို့ဟန်ဂေရီလူမျိုး ဂီတဆရာနှင့်စန္ဒယားဆရာ Bela Bartok ကတစ်ခါတုန်းကပြောခဲ့ဖူးတယ်။ ကျွန်မကတော့သဘောတူတယ်။ နောက်ပြီးဆက်ပြောလိုက်ချင်သေးတယ်။ ပြိုင်ပွဲဆိုတာ ကလေးတွေအတွက်လည်းမဟုတ်ဘူး လို့။ အထူးသဖြင့် အဲဒီပြိုင်ပွဲဟာ ကိုယ်မဟုတ်တဲ့တခြားလူတစ်ယောက်ပုံစံမျိုးဖမ်းပြရတာမျိုးဆိုရင်ပေါ့။

လွန်ခဲ့တဲ့လအနည်းငယ်လောက်က တီဗွီဖွင့်ကြည့်မိတော့ အသက် ၈ နှစ်သမီးလောက် ကလေးတစ်ယောက် တောက်ပြောင် ဆန်းပြားတဲ့ဒီဇိုင်းနဲ့ အဝတ်အစား၊ မိတ်ကပ်တွေအပျံစားလိမ်းထားတာတွေ့လိုက်သည်။ ကလေးမလေးက အချစ်သီချင်းတစ်ပုဒ်ကို တကယ့်ခံစားမှုအပြည့် ညုတုတု ပုံစံမျိုးနှင့်ဆိုနေသည်။ သူကလေး ကနေပုံကလည်း တကယ့်ဖိတ်ခေါ်သည်အကထက်မလျော့။ အနှီမိန်းကလေးသာ အသက်ဆယ်နှစ်လောက်ပိုကြီးနေပါက (အကယ်၍ကျွန်မသမီးသာဆိုပါက + ၂ဝ နှစ်ပေါ့) လက်ခံနိုင်စရာ အကြောင်းရှိပေမည်။ အခုတော့ အသက် ၈ နှစ်အရွယ်မိန်းကလေးတစ်ဦးအတွက် ၎င်းအိုက်တင်များသည် အတော်ပင် စိတ်မချမ်းသာစရာဖြစ်နေတော့သည်။ သူ့အရွယ်ကလေးနှင့်ပင်မလိုက်ချေ။

၎င်းကား အလားအလာရှိသူ ကြယ်ပွင့်သစ်များကို ရှာဖွေသည်ဆိုသော “talent show” တစ်ခုမှာ ပင်ဖြစ်တော့သည်။ ကျန်သည့် ကလေးတွေအားလုံး သူတို့အသက်ကသာ ဂဏန်းတစ်လုံးစာပင် ရှိသေးသော်လည်း တကယ့်ကို ဆန္ဒမဲပေးပိုင်ခွင့်ရှိသော လူကြီးများပမာ ဝတ်ဆင်ထားကြသည်။ သူတို့ လူကြီးတွေကိုဘယ်လောက် တူအောင်တုပနိုင်တယ်ဆိုတဲ့အချက်အပေါ်မူတည်ပြီး ကလေးတွေကို အကဲဖြတ်သင့်ပါရဲ့လား။ ကျွန်မကတော့ ဒါဟာ မျှတတယ်လို့မထင်ဘူး။ လိုတောင်မလိုအပ်ဘူးထင်ပါတယ်။

တစ်ကြိမ်တုန်းကလည်း ကုန်တိုက်တစ်ခုထဲဝင်သွားတော့ ကလေးတွေအတွက် အကပြိုင်ပွဲ ဆိုတာတစ်ခု တွေ့ရပြန်တယ်။ ကလေးတစ်စု စင်မြင့်ပေါ်တက်လာပြီး “မင်းလိုချင်တာ ငါ့မှာရှိနေတဲ့ပုံစံမျိုးနဲ့ ငါ့ကိုကြည့်နေတာ မြင်တယ်ထိုင်ခုံပေါ်ကထတော့။ မင်း တစ်ခုခု လုပ်ပါတော့လား . . .” ဆိုတဲ့စာသားပါ ဘရစ်တနီစပီးယားစ် ရဲ့ Do something ဆိုတဲ့သီချင်းနဲ့ ကကြပါတော့တယ်။ ကျွန်မကတော့ သူတို့ရွေးလိုက်တဲ့သီချင်းကိုသာမက နို့နံ့တောင်မှမစင်သေးသည့် သမီးငယ်လေးတွေက သူတို့ရဲ့တင်လေး တွေကို လှုပ်ကာလှုပ်ကာ ကနေပုံ၊ မျက်တောင်တုလေးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်နေပုံကိုကြည့်ကာ အမလေးတမိတော့သည်။ ပရိတ်သတ်ကြီးကတော့ ဩဘာပေးကြသည်။ မိဘလုပ်သူတွေကတော့ ဂုဏ်ယူဝံ့ကြွားစွာလက်ခုပ်တဖြောင်းဖြောင်းတီးကြလေရဲ့။ ကလေးသီချင်းတွေနဲ့ရိုးရိုးလေး ပြိုင်တဲ့တခြား အဖွဲ့တွေကိုကျော်ဖြတ်ပြီး သူတို့အဖွဲ့ ပထမဆုကြီးအိမ်ကိုသယ်သွားကြသည်။

ဒီလိုပြိုင်ဆိုင်မှုမျိုး ကျွန်မ မကြိုက်သည့် အချက်နှစ်ချက်ရှိသည်။ ပထမအချက်က ဒီကလေးတွေဟာ သူတို့ရဲ့ အရွယ်မှာ ရှိသင့်တဲ့စွမ်းရည်မျိုးနဲ့ သူတို့ပင်ကိုယ်စွမ်းရည်အတွက်ဆုပေးခံရတာမဟုတ်ဘူး။ သူတို့ဟာ လူကြီး တွေနဲ့မတူတူအောင်နေပြတဲ့အတွက် ချီးမြှောက်ခြင်းခံရတာ။ အရွယ်မတိုင်ခင်မှာ လူကြီးတွေလိုနေဖို့ အားပေးအားမြှောက်လုပ်ပေးသလိုဖြစ်နေတယ်။ ဟုတ်ကဲ့။ သီချင်းကသီချင်းပဲဆိုတာနားလည်ပါတယ်။ ဒီသီချင်းတွေကြားလို့ ဒီကလေးတွေသီချင်းထဲကအတိုင်း လိုက်လုပ်လိမ့်မယ်လို့ မဆိုလိုပါဘူး။ ကျွန်မလည်း PG18 အဆင့်သီချင်းတွေနဲ့ကြီးပျင်းလာခဲ့တာပဲ။ သီချင်းတွေထဲကလိုတော့မလုပ်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဘရစ်တနီစပီးယားစ်ရဲ့သီချင်းလိုမျိုးတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် သီဆိုကခုန်တတ်တာ ကလေးငယ်လေးတွေ အတွက် ကောင်းမွန်တဲ့ အလေ့အထတစ်ခုဟုတ်ရဲ့လား။ သာမန်အမြင်မှာတော့ ချစ်စရာကောင်းတယ်ထင်ရ ပေမယ့် “ပင်ကိုယ်စွမ်းရည်” ဆိုတာဘာလဲဆိုတာကို ကလေးငယ်တွေစိတ်ထဲ မှားယွင်းစွာရိုက်သွင်းပေးလိုက် တာပါပဲ။ (ကျွန်မကတော့ ဒီလိုပြိုင်ပွဲတွေမှာ ဝင်ပြိုင်နေကြတဲ့ လူကြီးတွေတောင် “ပင်ကိုယ်စွမ်းရည်” ကို မှန်မှန်ကန်ကန် နားလည်တယ်မထင်မိပါဘူး။ အခုခေတ်မှာ ရုပ်ရည်ကိုပဲ အဓိကထားနေကြတယ်လေ။)

ဒုတိယအချက်ကတော့ ကလေးတွေကို ပြိုင်ဆိုင်တတ်အောင်သင်ပေးတာမကောင်းပါဘူး။ ဟုတ်ကဲ့။ တကယ့်လောကကြီးက ပြိုင်ဆိုင်မှုတွေနဲ့ပြည့်နှက်နေတာမှန်ပါတယ်။ ပြိုင်ဆိုင်တတ်တဲ့အတွက် အကျိုးကျေးဇူးတစ်ချို့ရှိတာမှန်ပါတယ်။ ကလေးပြုစုပျိုးထောင်ရေးကျွမ်းကျင်သူ ဒေါက်တာ Sylvia Rimm ကအောင်မြင်တဲ့အမျိုးသမီးတွေရဲ့ငယ်ဘဝတွေကို သုတေသနပြုပြီး ပြောတာကတော့ ယှဉ်ပြိုင်မှုတွေမှာ အနိုင်ရခဲ့ခြင်းဟာ အရေးပါတဲ့အချက်တစ်ချက်အဖြစ်ဖော်ပြခံရပါတယ်တဲ့။ ဒါပေမယ့် ကလေးငယ်တွေဟာ ယှဉ်ပြိုင်မှုဆိုတာကို နားလည်ဖို့ ငယ်လွန်းပါသေးတယ်။ ယှဉ်ပြိုင်မှုရဲ့အဆွယ်အပွားတွေဖြစ်တဲ့ အောင်မြင်ခြင်း၊ ကျရှုံးခြင်း၊ ဝေဖန်ခံရခြင်း၊ အကဲဖြတ်ခံရခြင်း စတာတွေကိုတုန့်ပြန်နိုင်ဖို့လည်း နုနယ်လွန်းလှ ပါတယ်။ မိဘ သို့မဟုတ် ဆရာ တွေဟာ သူတို့ ကလေးတွေကို ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်ဖို့ဆုံးဖြတ်ချက်မချခင် သူတို့ကလေးတွေ ခုနက လောကဓံတွေကိုရင်ဆိုင်နိုင်ပါ့လား ဆိုတာ သေသေချာချာသိထားသင့်ပါတယ်။ အများအားဖြင့်တော့ အနိုင်ရတဲ့မိဘတွေဟာ ဝါကြွားဂုဏ်ယူပြတတ်ကြတယ်။ ဒီလိုလုပ်ခြင်းဟာ သူတို့ကလေးငယ်ကို ရှုံးနိမ့်သွားတဲ့တဖက်သားအပေါ်မှာ စာနာစိတ်မထားတတ်အောင် သင်ပေးနေရာရောက်ပါတယ်။ တဖက်ကလည်း ရှုံးသွားတဲ့မိဘတွေကြတော့ သူ့ကလေးငယ်ကို ဂရုဏာမိုးရွာ ကာနှစ်သိမ့်ကြပြန်တယ်။ အရှုံးကို နည်းနည်းကနေ ကြီးကြီးချဲ့ကြပြန်တယ်။ ဒီလိုအပြုအမူတွေဟာ ကလေးတွေအတွက် သင့်လျော်တဲ့အပြုအမူမျိုးမဟုတ်ပါဘူး။ သူတို့အတွက် အောင်မြင်မှုနဲ့ရှုံးနိမ့်မှုကို ဘယ်လို မျှမျှတတ လက်ခံရမလဲဆိုတာသင်မပေးပါဘူး။

ကျွန်မကတော့ အကြံပေးချင်တယ်။ ရှင်တို့ဟာ မိဘတစ်ယောက်အနေနဲ့ အောင်မြင်မှုနဲ့ရှုံးနိမ့်မှုဆိုတာ ဘာလဲ လို့ သေသေချာချာ ကိုယ့်ကလေးကိုမရှင်းပြနိုင်ဘဲနဲ့တော့ ကလေးကို ပြိုင်ပွဲတွေထဲ ပေးမလွှတ်သင့်ဘူး။ ကိုယ့်ကလေးရှုံးတာနဲ့ ကိုယ်မကျေမချမ်းဖြစ်တတ်တယ် ဆိုတာကိုယ့်ကိုယ်ကိုသိရင် အစထဲကမလုပ်ပါနဲ့။ ကလေးတွေအတွက် သူတို့ချစ်မြတ်နိုးတဲ့ မိခင်ဘခင်တွေကို စိတ်ပျက်အောင်၊ မျက်နှာပျက်အောင် လုပ်မိတယ်ဆိုတဲ့အသိလောက် သူတို့ရဲ့နုနယ်တဲ့နှလုံးသားလေးတွေကို နာကျင်ထိခိုက်ရတာမျိုးမရှိပါဘူး။ ရှင်တို့သာ စိတ်ပျက်သွားရင် မျက်နှာမှာပေါ်လာလိမ့်မယ်။ ကလေးတွေ ကျိမ်းသေပေါက်ခံစားမိမယ်။ ကလေးတွေအများစုအတွက်တော့ ပြိုင်ပွဲတစ်ခုရှုံးတာထက် မိဘကိုစိတ်ပျက်အောင်လုပ်မိတာက ပိုနာကျင်ရပါတယ်။ ဒါပေမယ့် မိဘတစ်ချို့ကတော့ ကိုယ့်ကလေးခံစားချက်ထက် သူတို့ရဲ့ခံစားချက်တွေက ပိုအရေးကြီး နေတတ်တယ်။

တစ်ခါတုန်းကလည်း ရှုံးလို့ကလေးကိုရိုက်နေတဲ့ မိခင်တစ်ယောက်ကိုတွေ့ရဖူးတယ်။ “နင့်ကိုငါပြောသားပဲ။ နာနာလေ့ကျင့်ပါဆိုတာ။ နင်ဘယ်တော့မှငါ့စကားနားမထောင်ဘူး။ ကြည့် အခု ဘာဆုမှမရတော့ဘူး။ အချိန်ကုန်တာပဲအဖတ်တင်တယ်။” မိခင်လုပ်သူကတော့ အော်ဟစ်ကြိမ်းမောင်းလို့။ သနားစရာ ကလေး လေးကတော့ မျက်ရည်လည်ရွဲနှင့်။ ကျွန်မအတွက်ကတော့ နှလုံးကြေကွဲစရာမြင်ကွင်းပါပဲ။ တကယ်တော့ ဆုလေးကမဖြစ်စလောက်နဲ့ဘာမှမပြောပလောက်တဲ့ပြိုင်ပွဲကလေးပါ။

ကလေးတွေကို ကလေးလိုနေကြပါစေလားရှင်။ သူတို့မှာ အင်မတန်မှ ချစ်မြတ်နိုးစရာကောင်းတဲ့ ဖြူစင်မှုလေး တွေရှိပါတယ်။ လူကြီးတွေကြေနပ်ဖို့သက်သက် သူတို့ကို သူတို့မဟုတ်တဲ့ လူတစ်ယောက်လိုနေအောင် တွန်းအားမပေးပါနဲ့လား။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့တစ်တွေအားလုံး ကလေးဘဝကို နှစ်ပေါင်းအနည်းငယ် ဖြတ်သန်းခဲ့ဖူးကြတာပဲလေ။ သူတို့ကိုလည်း သူတို့ကလေး ဘဝကို ပျော်ရွှင်စွာဖြတ်သန်းကြပါစေ။ ကလေး တစ်ယောက်က လူကြီးတစ်ဦးလို လုပ်ပြနေတာထက် ပိုပြီးစိတ်မချမ်းသာစရာ ရှိမယ်ဆိုရင်တော့ အဲဒါဟာ လူကြီးတစ်ယောက်က သူငယ်ဘဝကဆုံးရှုံးခဲ့ရတဲ့အခွင့်အရေးကို အဲဒီကလေးဆီမှာအလျာ်တောင်းနေ တာပဲဖြစ်ပါလိမ့်မယ်။

 

Bangkok Post, Tuesday, September 27, 2011 mummy says column ပါ Napamon Roongwitoo Raise your Child, not race them ဆောင်းပါးအားပြန်ဆိုပါသည်။

 

တလောက သားလေးကို ပြိုင်ပွဲတစ်ခုဝင်ပြိုင်ခိုင်းဖို့ပြောသည့် ဇနီးသည်ရဲ့စကားအပြီး တွေးမိတာလေးတွေ၊ စိုးရိမ်မိတာလေးတွေနဲ့ တော်တော် တိုက်ဆိုင်နေတာလေးဖတ်လိုက်ရလို့ မျှဝေလိုက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း တစ်ချိန်တုန်းက ပြိုင်ပွဲဝင်ကလေးတစ်ယောက်ပေါ့။ နယ်မြို့က ကျောင်းလေးတစ်ခုမှာ အတန်းထဲ ပထမ မရလို့ အမေရိုက်တာခံခဲ့ရဖူးတယ်။ အသားနာတာထက် အမေစိတ်ဆိုးသွားတာကို ပို ခံစားခဲ့ရတယ်လေ။ အလယ်တန်းကျောင်းလောက်အထိ စာပြိုင်ခဲ့ပါသေးတယ်။ အခုတော့လည်းဘဝနဲ့နပန်းသတ်နေရလို့ သူများတကာတွေနဲ့ ပြိုင်ချင်တဲ့စိတ် သိပ်မရှိတော့ပါဘူး။

 

နည်ရဲဇော်

(3-10-2-11)

2 comments

  • small cat

    October 3, 2011 at 10:06 pm

    အတောတော့စဥ်းစားစရာကောင်းတဲ့အချက်ပါ။ယှဉ်ပြိုင်မှုရှိမှတိုးတက်မယ်ဆိုတဲ့စကားကရှိတော့၊ငယ်စဉ်
    ကတည်းက ယှဉ်ပြိုင်မှုအလေ့အကျင့်ကို လုပ်ပေးသင့်တယ်လို့ထင်ပါတယ်။
    ဒါပေမဲ့အထက်ကပြောသလို မမှန်ကန်တဲ့ပုံစံမျိုး ပြိုင်ခိုင်းတာတော့မလုပ်သင့်ဘူးပေါ့။မှန်မှန်ကန်ကန်
    ပြိုင်တတ်ဖို့၊မှန်ကန်တဲ့စိတ်ထားတတ်ဖို့ကို ငယ်ငယ်တည်းက စနစ်တကျသင်ပြပြီးလေ့ကျင့်ပျိုးထောင်
    ပေးသင့်ပါတယ်။ မနိုင်လို့ ရိုက်တာမျိုးကတော့လုံးဝမလုပ်သင့်ပါဘူး။ ယှဉ်ပြိုင်ခြင်းသာအဓိကဖြစ်ပြီး
    အရှုံး အနိုင်ဟာ အဓိကမဟုတ်တဲ့အကြောင်း ကိုနားလည်အောင်ရှင်းပြသင့်ပါတယ်။

  • moethidasoe

    October 4, 2011 at 11:54 am

    အဓိကက လူကြီးတွေ ပြိုင်ကြတာပါ .. ငါ့ သားက တော်တယ် ဆိုတာကို ဂုဏ်ယူဝ့်ကြွားစွာ ပြောချင်တာ .. ငါ့သမီးက နိုင်ငံခြားမှာ ပညာသင်နေတာ .. ဒီလိုတွေပေါ့
    အခုတော့ အသက်ကြီးလာတဲ့အထိ မစောင့်နိုင်ကြတော့လို့ ဖြစ်နေကြတာပါ
    ဒို့အိမ်မှာလဲ ဒီလိုပဲ .. ငါ့သမီး ဒီစာမေးပွဲမှာ ပထမ ရအောင် ဖြေနော် .. မရရင် ?????
    အားပေးဖို့ သင့်တာက အောင်မယ် .. အဆင့် တစ်ခုခု ရမယ် .. သင်ထားတာတွေလဲ တတ်မယ် (နားလည်မယ်) ဆိုရင် ကောင်းတာပေါ့ .. အခု ကလေး တချို့က စာသာ အော်ဖတ်နေကြတယ် .. ဘာမှန်း မသိကြဖူး

    နောက်တစ်ချက်က စာမူရှင်ရေးခဲ့သလို မိဘတွေကလဲ သီချင်းတွေ .. ဇာတ်လမ်းတွေကို နိုင်ငံခြားမှာ ဘယ်အရွယ်မှ ကြည့်ခွင့် နားထောင်ခွင့်ရှိတယ် ဆိုတဲ့ rating ကိုတောင် သိကြတာ မဟုတ်ဘူး .. ဒါကြောင့် ကလေးတွေအတွက် အတုယူမှားစရာတွေ ဖြစ်လာတာ
    အဓိက က မိဘတွေကို ပညာပေးဖို့ လိုနေပြီ လို့ xxxx

Leave a Reply