မြန်မာ့ မီးရထားနဲ့ ကျွန်တော်တွေ့ကြုံခဲ့ရသည်များ (၁)

Diamond KeyOctober 3, 20111min1196

ယခု တစ်ပတ် Hot News Journal မှာ ရထားစီး ခရီးသည်များမှာ တဖြည်းဖြည်း လျော့နည်း ကျဆင်းနေကြောင်း၊ ယခုအခါ မြန်မာ့မီးရထား လုပ်ငန်းမှာ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သတင်းရေးထားတာ ဖတ်လိုက်ရတော့ မြန်မာ့ မီးရထားနဲ့ ကျွန်တော်တွေ့ကြုံခဲ့တာလေးတွေကို ပြန်သတိရ မိလာပါတယ်။
ခရီးတွေ ထွက်တဲ့အခါ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ပြီးသွားရတဲ့ ရထားစီးရတာတို့၊ သင်္ဘောနဲ့ ခရီးသွားရတာတို့ကို သဘောကျပါတယ်။ ဒါပေမယ့် ရထားလက်မှတ်က သေချာအောင် ကြိုဝယ်လို့မရတာရယ်၊ အခြေအနေအမျိုးမျိုးနဲ့ ဝယ်ရတာ ခက်ခဲနေတာကြောင့် ကားနဲ့ပဲ သွားဖြစ်တာ များပါတယ်။ ဒီတစ်ခေါက်ခရီးက ရန်ကုန် – မန္တလေး လမ်းပိုင်းက မြို့လေးတစ်မြို့ကို အရင် သွားရမှာဖြစ်ပြီး နောက် တစ်ရက်မှာ မန္တလေး ဆက်သွားရမှာမို့ ရထားနဲ့ သွားမယ်လို့ ဆုံးဖြတ်လိုက်တာပါ။
ရထားလက်မှတ်က ၃ရက်ကြိုရောင်းတာဆိုတော့ လက်မှတ် နစ်ကြိမ် မနက်စောစောထ၊ ဘူတာမှာ လာတန်းစီ ဝယ်ရပါတယ်။ ၃ရက်ကြိုရောင်းပေမယ့် ကြားရက်မှာ လက်မှတ်မရတော့တာများတော့ ပထမရက်မှာ ရန်ကုန်ကနေ ကိုယ်သွားမယ့် မြို့လက်မှတ်ကို အရင်ဝယ် ၊ နောက်ရက်မှာက ရန်ကုန်ကနေ မန္တလေးထိလက်မှတ်ကို ကြိုဝယ်ထားရပါတယ်။ အဲဒီ မန္တလေးသွားမယ်နေ့မှာ ရန်ကုန်ကနေ လာတဲ့ရထားက ကိုယ်ဝယ်ထားတဲ့ ရန်ကုန် – မန္တလေး လက်မှတ်နဲ့ ကြားမြို့ကနေ တက်စီးနိုင်မှာပါ။ ဘာလို့ဒီလိုဝယ်စီးရတာလဲဆိုတော့ အဲဒီကြားမြို့လေးကနေ မန္တလေးလက်မှတ်က နှစ်စောင်ပဲ ခွဲတမ်းအရ ရောင်းလို့ပါ။ အဲဒီကြားမြို့လေးကလူတွေလည်း မန္တလေးကို နှစ်ယောက် အထက် ခရီးသွားရင်လဲ ဘူတာလက်မှတ်ရောင်းနဲ့ ညှိပြီး ရှေ့ဘူတာက လက်မှတ်ကို ကြိုဝယ်တာတို့၊ VIP လက်မှတ်အကျန်ဝယ်ရတာတို့ လုပ်ရတာပါပဲ။
ရထားလက်မှတ်တန်းစီဝယ်ရတဲ့ အထဲမှ ဒုက္ခရောက်ရတာတွေ ကလည်း အများကြီးကလား ဗျ။ မနက် ရနာရီ ရောင်းမှာကို လက်မှတ်ရမှာသေချာအောင်လို့ မနက်အစောကြီး ထလာရတယ်။ ရထားလက်မှတ်တန်းစီဝယ်ရတဲ့ နေရာက အလင်းရောင်မှိန်မှိန်နဲ့ ခပ်မှောင်မှောင်မှာ ခြင်ကိုက်၊ ပုရွှက်ကိုက် စောင့်ရတယ်။ ရန်ကုန် ကနေ မန္တလေး ကိုရောင်းတဲ့ အထက်တန်း ထိုင်ခုံ လက်မှတ်က ရထားတစ်စီးလုံးမှာမှ ခုံ ၂၀၊ အစိတ် ဆိုတော့ ကျန်လက်မှတ်တွေ အားလုံးက VIP ။ နောက်ပြီးလက်မှတ် ရောင်းလို့မှ သုံးလေးဦး ရောက်ရင် ကုန်ပြီလို့ ဆိုတော့ မနက်အစောကြီး ထလာတန်းစီစောင့်ရတာ မောပြီပေါ့လေ။ ဒါကြောင့်လည်း လက်မှတ် ကြိုတင်ဝယ်ရတာ လွယ်ကူသေချာတဲ့ ကားနဲ့ပဲ သွားဖြစ်တာ များပါတယ်။
ကြုံခဲ့ရပုံကတော့ ဒီတစ်ခါ ဒုတိယနေ့ ရထားလက်မှတ်တန်းစီဖို့ ဝီရိယကောင်းစွာနဲ့ မနက်စောစော ၄ နာရီကနေ အိမ်ကထွက်တာ ရန်ကုန်ဘူတာကြီး လက်မှတ်ရုံရောက်တော့ တန်းစီနေတာ ၃ ယောက်ပဲ ရှိသေးတယ်။ လက်မှတ် စရောင်းဖို့က နှစ်နာရီလောက် စောင့်ရအုံးမယ်။ ကိုယ်ရောက်ပြီး မကြာခင်မှာပဲ နောက်မှာ လူတန်းရှည်ကြီး ဖြစ်သွားတယ်။ လက်မှတ်မရောင်းခင်မှာ ကောင်တာမှာ အရောင်း ကြိုတင်ကြေငြာတဲ့ နေရာမှာ ကပ်ထားတာက အိပ်စင် ၆ နေရာ၊ အထူးတန်း ထိုင်ခုံက ၁ရ နေရာ၊ ပထမတန်း ထိုင်ခုံက ၂၂ နေရာ ရောင်းရန်ရှိလို့ စာရင်းပြထားပါတယ်။ ကျန်နေရာတွေကတော့ လမ်းဘူတာတွေ အတွက်ပါ။ ကိုယ့်ရှေ့က ခရီးသည်သုံးဦးကို လက်မှတ်ဝယ်မဲ့မြို့ကို မေးကြည့်တော့ လမ်းဘူတာတွေ၊ ဒီတစ်ခါတော့ အိပ်စင်နဲ့တောင် မန္တလေး သွားလို့ရတော့မယ်ပေါ့။ အထူးတန်း ထိုင်ခုံနေရာကတော့ သေချာပေါက် ရပြီလို့ တွက်ထားပါတယ်။
ဒီလိုနဲ့ လက်မှတ်စရောင်းချိန် ရောက်လာပါတယ်။ ရှေ့မှာက ၃ ယောက်ပဲ ရှိတော့ အရောင်းကောင်တာနဲ့က လက်တကမ်းအကွာပဲ ရှိပါတယ်။ စရောင်းရောင်းခြင်းမှာ သက်ကြီးရွယ်အိုတွေ၊ သံဃာတော်တွေ၊ ဝရမ်းနဲ့ ခရီးသွားသူတွေကို တန်းစီစရာမလိုပဲ ဦးစားပေး ရောင်းပေးပါတယ်။ ကောင်တာ စဖွင့်ဖွင့် မှာပဲ သံဃာတော်ငါးပါးက ထိပ်နားလာပြီး လက်မှတ်စဝယ်ပါတယ်။ တစ်ပါးကို သုံးစောင်သာ ရောင်းပေးတာ ဆိုတော့ ကိုယ်ကတော့ အသေအချာရမယ်ဆိုပြီ အေးအေးဆေးဆေးပေါ့။ သံဃာတော်သုံးပါးက မန္တလေးလက်မှတ်ဝယ်ပြီး ကျန်နှစ်ပါးက လမ်းဆင်းလက်မှတ် ဝယ်ပါတယ်။ သံဃာတော်တွေကို ရောင်းနေတုန်းမှာပဲ အတွင်းထဲက လက်မှတ်ရောင်းက အပြင်ကို အိပ်စင်ဖြုတ်လို့ လှမ်းပြောပါတယ်။ အဲဒီလို လှမ်းပြောတော့ အပြင်လက်မှတ်ရောင်း ကောင်တာနားမှာ လာရပ်နေတဲ့ ကုလားတစ်ဦးက အပေါ်တွယ်တက်ပြီး အိပ်စင် ၆ နေရာလို့ ရေးထားတဲ့ ကဒ်ပြားလေးကို ဖြုတ်လိုက်ပါတယ်။ ဒီမှာ ကျွန်တော် စသတိထား မိသွားတာက ဘယ်သူမှ ရှေ့မှာ အိပ်စင်နေရာ မဝယ်သေးပဲ ဖြုတ်လိုက်တယ်ဆိုတာကိုပါ။
နောက်ကျွန်တော်ရှေ့က တန်းစီနေတဲ့သူတွေ စရောင်းပါတယ်။ ဒုတိယလူကိုရောင်းအပြီးတတိယလူ (ကျွန်တော်ရှေ့ကလူ) ကိုရောင်းနေတုန်းမှာ မီးရထားရဲ ယူနီဖေါင်းဝတ်တစ်ရောက် ရောက်လာပြီ ကောင်တာ စာရေးကို စာရွက်တစ်ရွက် လှမ်းပေးပြီး အသံကျယ်ကျယ်နဲ့ ဝရမ်းတွေ လို့ ပြောပြီးပေးကာ ထွက်သွားပါတယ်။ မျက်စိရှင်တဲ့ ကျွန်တော်တွေလိုက်တဲ့ စာရွက်က ကုန်ရုံဘောင်ချာ နောက်ကျေမှာ လက်ရေးနဲ့ စာရေးထားတဲ့ စာရွက်ပါ။ ကျွန်တော့်ရှေ့က လူကို သူဝယ်နေတဲ့ လမ်းဆင်းလက်မှတ်လဲ ရောင်းပြီးရော အဲဒီလက်မှတ်ရောင်းက အထူးတန်း ထိုင်ခုံဖြုတ်လို့ ပြောလိုက်ပြီး စောစောက ကုလားက အထူးတန်း ထိုင်ခုံက ၁ရ နေရာဆိုတဲ့ ကဒ်ပြားလေးကို ဖြုတ်လိုက်ပြန်ပါတယ်။ ဟာ..ဒီအတိုင်းဆို မန္တလေးလက်မှတ် အိပ်စင် ၆ နေရာနဲ့ အထူးတန်း ထိုင်ခုံက ၁ရ နေရာ အားလုံးကုန်ပြီ ဆိုတဲ့သဘောပေါ့။
အခု ကျွန်တော် အလှည့်ဆိုတော့ အထူးတန်း ထိုင်ခုံ ၃ နေရာလို့ ပြောပြီးမှတ်ပုံတင်တွေ ပေးလိုက်တော့ စာရေးက အရှေ့က ရဲဝရမ်းတွေ ယူသွားလို့ ကုန်ပြီဆိုပြီးပြောပါတယ်။ အဲဒီမှာ ကျွန်တော်က နောက်လူတွေ ကြားအောင် အသံကျယ်နဲ့ တာဝန်ရှိသူခေါ်ပေးပါ။ ဘယ်သူမှ မဝယ်ပဲ အိပ်စင် ၆ နေရာ ကုန်သွားတယ်။ စောစောက ရဲပေးသွားတာလဲ ဝရမ်းစာရွက်မဟုတ်ဘူး လို့ပြောလိုက်တဲ့ ချက်ချင်းပဲ – ဆရာ၊ ခင်ဗျား အတွက်ကို လက်မှတ် အကျန်ထဲက ရောင်းပေးမယ်ဆိုပြီး ချက်ချင်း လက်မှတ်ရေးပေးပါတယ်။ ဒါကို ကျွန်တော်က လက်မှတ်ရောင်းနေတုန်းမှာ နောက်လူတွေ သိအောင်ဆိုပြီး မနက်အစောကြီးအတည်းက ဒုက္ခခံပြီး လာစောင့်နေတဲ့ သူတွေကို ဒီလိုမလုပ်ပါနဲ့ဗျာ..ဘာညာ လျှောက်ပြောနေတော့ လက်မှတ်စာရေးက မြန်မြန် လက်မှတ်ရေးပေးလိုက်ပါတယ်။
ကျွန်တော်က နောက်လူတွေ သိအောင် သိအောင်လုပ်ခဲ့ပြီဆိုတော့ နောက်လူတွေလဲ ဆက်ဝယ်တော့ပေါ့ဗျာ။ ဒါကတော့ မြန်မာ့ မီးရထားနဲ့ ကျွန်တော်တွေ့ကြုံခဲ့ရသည်များ (၁)ပါ။ ဆက်ရေးပါအုံးမယ်။

6 comments

  • zaymdy

    October 3, 2011 at 7:29 pm

    ကောင်းတယ်ဗျို. အလို.ပညာပေးမှ လုပ်ချက်တွေ.က မိုက်တယ် မှတ်ထားရမယ် … ခေတ်ကြီးစနစ်ကြီးက ပြောင်းနေပြီး ဒီလူတွေ. အချိုး မပြေရင် ဖြုတ်ပစ်ပါဗျို.. တာဝန်ရှိသူများ ဒီတိုင် းကြည်.မနေပါနဲ..

  • kokothandar

    October 3, 2011 at 7:49 pm

    ကောင်းတယ်ဗျာ..ဒီမီးရထားက ဆုတ်ရုတ်ပြီးရင်း ဆုတ်ရုတ်ရင်းပါဘဲ ၁၉၇ဝခုနှစ်လောက်ထိ ဒဂုံလွင် ရွှေမန်းလွင် ဆိုတဲ့ ရန်ကုန်
    မန ္တလေးရထားတွေ ဟာမနက် ၆နာရီထွက် ညနေ ၆နာရီဝင် ည၆နာရီထွက် မနက် ၆နာရီဝင် လုပ်နိူင်ခဲ့ပါတယ် ဟိုးအရင်
    ဗမာပြည်ကို ကျောက်ခေတ်စီ ပို ့ခဲ့တဲ့ သွားလေသူဘိုးတော်နေဝင်းတို့ စဖျက်တဲ့ခေတ်ကစ ၁ဝနှစ်လောက်ထိကောင်းခဲ့ပါသေးတယ်
    ခုတော့ မုန်တိုင်းကထန်.. လေဆန်ကတစ်သွယ် …မိုးက..ရွာလိုက် …ရေစုံခိုက်မို ့တစ်သွယ်..ဆိုသလိုပါဘဲ
    ခုကိစ္စက မီးရထား ဝန်ကြီးအဖွဲ ့အစည်းကြီးရဲ ့လာတ် စားမှု ့အစပါဘဲ အဆင့်ဆင့်ပေးတော့ ရသမျှသူအတွက်ဘဲလေ
    control system တွေမှာလဲ india china co တွေနဲ ့လက်ဝါးရိုုက်projects တွေက အဲဒီနှိုင်ငံတွေ ရဲ ့မီးရထားတိုက်လို ့သေကြတဲ့
    သေစရင်းတွေထက် များမှာကိုလဲ မြင်ပါသေးခင်ဗျာ
    သမုဒရာဝမ်းတစ်ထွာမို ့ စံနစ်ကို သေချာမပြင်နိူင်သမျှတော့ ဂျာအေးသူ ့အမေရိုက်ပုံဖြစ်နေအုံးမှာပါ

  • unclegyi1974

    October 3, 2011 at 11:35 pm

    မမ နဲ့ဘကွဲကွာနေတာနှစ်ပေါင်းမနည်းတော့ပါဖူး အမြန်ကားတွေစပေါ်ပြီးကတည်းက
    ဆိုပါတော့ လက်မှတ်ဝယ်ရတာကသိကြတဲ့အတိုင်းအအိပ်ပျက် အလုပ်ပျက်
    ရထားကအချိန်မမှန် ထွက်ချင်တဲ့အချိန်ထွက် ရောက်ချင်တဲ့အချိန်ရောက်
    မမ သဘောချည့် လမ်းတွေကလည်းအိပ်စင်ကလိုက်ရင်အိပ်နေရင်းကျောနဲ့
    အိပ်စင်လွတ်အောင်ကောင်းတာ ဒါကြောင့်အမြန်ကားတွေစပေါ်ကတည်းက
    မမနဲ့ဘလမ်းခွဲခဲ့တာပါပဲကွယ် ဘယ်တော့များမှမမနဲ့ပြန်ပေါင်းရမယ်မသိပါဖူး

  • koyinmaung

    October 4, 2011 at 12:08 am

    ကောင်းလိုက်တာဗျာ အားပေးပါတယ်….

  • myanpyithar

    October 4, 2011 at 11:21 am

    ကြိုက်တယ်ဗျာ.. လူတိုင်းဒီလိုလုပ်ကြရင်အလိုလို..ပျောက်သွားပါလိမ့်မယ်..
    ခံနေကြလို့ ဒီသောက်ကျင့်တွေကျန်နေသေးတာ..

  • windtalker

    October 4, 2011 at 12:33 pm

    ကိုစိန်သော့ က တော့
    လမ်းစဖွင့်ပေးခဲ့တာပေါ့လေ
    နောက်လူတွေ လည်း
    ငါ့လမ်းအတိုင်းလိုက်ကြ ဆိုပြီးပေါ့

Leave a Reply