သီလရှင်စတင် ဖြစ်ပေါ်လာပုံ

သီလရှင်စတင်ဖြစ်ပေါ်လာပုံ၊ သီလရှင်ထံမှ သီလယူလို့ရမရ၊ သီလရှင်အား မိဘများ၊ ယောက်ျားလေးများက ရှိခိုးသင့်လားစတဲ့ မေးခွန်းများကို ဦးဇင်းဆီ မကြာခဏ မေးခွန်းတွေ ရောက်လာပါတယ်။ ဒါကြောင့် သီလရှင်အကြောင်းနဲ့ပတ်သတ်ပြီး ဆရာရဝေထွန်း ရေးသား ထားတဲ့ ဘိက္ခုနီသာသနာနဲ့သီလရှင် သမိုင်းစာအုပ်ကို လေ့လာခဲ့ပါတယ်။ အဲဒီမှာဖော်ပြထားတာ က သီလရှင်တွေဟာ ဘိက္ခုနီသာသနာကွယ်ပြီး သာသနာနှစ်ကိုးရာကျော်၊ အေဒီသုံးရာစု ဝန်းကျင်လောက်မှာ သီလရှင်စတင်ဖြစ်ပေါ်လာတယ်လို့ မှတ်ချက်ပြုထားတာ တွေ့ရပါတယ်။ ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး ကွယ်ပျောက်သွားခဲ့တယ်လို့ ဘိက္ခုနီသာသနာအကြောင်းရေးသားထားတဲ့ တရုတ်ရဟန်းတော် ဖာဟီယန်မှတ်တမ်းက ဆိုပါတယ်။

အဲဒီလို ဘိက္ခုနီသာသနာကွယ်ပြီးနောက်ပိုင်း သာသနာနှစ် (၉၀၀)ကနေ (၁၄၀၀)အတွင်း (အေဒီသုံးရာစုကနေ အေဒီကိုးရာစု) ပျုခေတ်မှာ ပျုအမျိုးသမီးများ သီလရှင်ဝတ်လာကြပါတယ်။ အဲဒီတုန်းက သီလရှင်ကိုတော့ ပရိဗိုဇ်မယ်လို့ ခေါ်ပါတယ်။ အဲဒီကနေ ပုဂံခေတ်၊ အင်းဝခေတ်အထိ သီလရှင်များ အဆက်ဆက်ထွန်းကားလာပြီး ကုန်းဘောင်ခေတ်ထိ ရောက်လာပါတယ်။ ကုန်းဘောင်ခေတ်တွင် မယ်ခေမာအမည်ရှိတဲ့ သီလရှင်မယ်ကင်းတို့ခေတ်မှာ သီလရှင်များ ပိုမိုထင်ရှားလာပါတယ်။ အဲဒီလို ထင်ရှားလာရာကနေ တဖြည်းဖြည်းချင်း သီလရှင်ဝတ်ကြသူ အမျိုးသမီးများပေါများတာကြောင့် သီလရှင်များ ယခုအချိန်ထိ ထွန်းကားနေခြင်း ဖြစ်ပါတယ်။ ဒါကတော့ သီလရှင်စတင်ဖြစ်ပေါ်လာပုံပါ။

တစ်ခါ သီလရှင်ကို ယောက်ျားလေးများ၊ မိဘများက ရှိခိုးသင့်၊ ရှိမခိုးသင့်နဲ့ပတ်သတ်ပြီး ပြောပြပေးရမယ်ဆိုရင် သီလသိက္ခာပုဒ်အနည်းအများအပေါ်မူတည်ပြီး သီလနည်းသူက သီလများသူကို ရှိခိုးရပါမယ်။ ဒါနဲ့စပ်ပြီး ရှင်းလင်းသွားအောင် မြတ်ဗုဒ္ဓမိန့်ကြားခဲ့တဲ့ စကားတော်လေးပါ ပြောပြပေးပါမယ်။

မြတ်ဗုဒ္ဓ ဝေသာလီပြည်ကနေ သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်ကို ကြွတော်မူတဲ့အခါ ဆဗ္ဗဂ္ဂီရဟန်းများဟာ ဒါက ငါတို့ဥပဇ္ဈာယ်ဆရာအတွက်၊ ဒါက ငါတို့ကမ္မဝါစာဆရာအတွက်၊ ဒါက ငါတို့အတွက်ဆိုပြီး အိပ်ရာနေရာများ ဦးထားကြပါတယ်။ အဲဒီလိုဦးထားတဲ့အခါ ဇေတဝန်ကျောင်းကို နောက်မှရောက်လာတဲ့ မထေရ်များအတွက် အိပ်ရာနေရာ မရှိကြဘဲ ဖြစ်နေပါတယ်။ အဆိုးဆုံးကတော့ မြတ်ဗုဒ္ဓရဲ့ လက်ယာရံ၊ ဉာဏ်ပညာမှာ ဧတဒဂ်ရထားတဲ့ ရှင်သာရိပုတ္တရာရောက်လာတာကို အိပ်စရာနေရာမပေးဘဲ နေကြတာပါ။ ဒါနဲ့ သူတော်ကောင်း ဆိုတော့ ဘယ်သူကိုမှ ဒုက္ခမပေးဘဲ ရှင်သာရိပုတ္တရာဟာ မြတ်စွာဘုရားကျိန်းစက်ရာ ဂန္ဓကုဋီကျောင်းဆောင်နားက သစ်ပင်ရင်းမှာ ထိုင်ရင်း၊ စင်္ကြန်သွားရင်းနဲ့ ညဉ့်အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။

မနက်မိုးလင်းတော့ ဘုရားရှင်က ကျောင်းနားရပ်နေတာ “ဘယ်သူလဲ”လို့မေးတော်မူတဲ့အခါ ရှင်သာရိပုတ္တရာက “တပည့်တော် သာရိပုတ္တရာပါဘုရား”လို့ လျှောက်ပါတယ်။ ထိုအခါ ဘုရားရှင်က “ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ”လို့ မေးတော့ ရှင်သာရိပုတ္တရာက ဖြစ်ကြောင်းကုန်စဉ် လျှောက်ထားလိုက်ပါ တယ်။ မထေရ်စကားကိုကြားရတဲ့အခါ မြတ်ဗုဒ္ဓက “ငါဘုရားရှိစဉ်မှာတောင် ရဟန်းတစ်ပါးနဲ့တစ်ပါး ရိုသေလေးစားခြင်းမရှိကြဘူးဆိုရင်၊ ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ဘယ်လိုများ လုပ်ကြမှာလဲ”လို့ ဓမ္မသံဝေဂ ဖြစ်တော်မူပါတယ်။

ဒါနဲ့ ရဟန်းသံဃာတော်များကို စည်းဝေးစေပြီး “ရဟန်းတို့ ဘယ်ရဟန်းက နေရာဦး၊ ဆွမ်းဦးထိုက်ပါသလဲ၊ ဘယ်ရဟန်းကို အရိုသေပေးသင့်ပါသလဲ”လို့ ဘုရားရှင်က မေးတော်မူပါတယ်။ အဲဒီအခါ ရဟန်းတော်များက “အရှင်ဘုရား မင်းမျိုးကလာတဲ့ ရဟန်းကို အရိုသေပေးထိုက်ပါတယ်”၊ “ပုဏ္ဏားမျိုးကလာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်”၊ “သူဌေးကနေရဟန်းဖြစ်လာတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်” ဆိုပြီး လျှောက်ကြသလို တချို့က ပဌမဈာန်ရတဲ့ရဟန်း၊ တချို့က ဒုတိယဈာန်၊ တတိယဈာန်၊ စတုတ္ထဈာန်ရတဲ့ရဟန်းကို အရိုအသေပေးထိုက်တယ်။ တချို့ကလည်း သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာများ၊ အဘိညာဉ်ရတဲ့ ရဟန်းတော်များကို အရိုအသေပေးထိုက်တယ်ဆိုပြီး အမျိုးမျိုး လျှောက်တင်ကြ ပါတယ်။

အဲဒီလို အမျိုးမျိုးလျှောက်ကြတဲ့အခါ ဘုရားရှင်က “ရဟန်းတို့ အခုသင်တို့ပြောတဲ့မင်းမျိုး၊ သူဌေးမျိုးစတဲ့ရဟန်းများဟာ အဓိကမဟုတ်ဘူး။ အမှန်တော့ ငါဘုရားသာသနာတော်တွင်းမှာ အစဉ်အတိုင်း ကြီးသူကို ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းစတာတွေကို ပြုလုပ်ရမယ်”လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒါကြောင့် သီလ၊ သမာဓိ၊ ပညာဂုဏ်၊ အရွယ်ဂုဏ်ကြီးသူတို့ကို အစဉ်အတိုင်း ရိုသေလေးစားရှိခိုးရပါမယ်။ ဒါကြောင့် သီလဂုဏ်ပြည့်စုံတဲ့ပုဂ္ဂိုလ်ကို သီလသိက္ခာပုဒ်နည်းတဲ့သူက ရှိခိုးရမှာဖြစ်တဲ့အတွက် မိဘများက ငါးပါးသီလသာရှိပြီး၊ သီလရှင်က ရှစ်ပါး၊ ဆယ်ပါးသီလရှိတယ်ဆိုရင်တော့ မိဘက သီလရှင်ကို ရှိခိုးရပါမယ်။ တကယ်လို့ မိဘက ဆယ်ပါးသီလယူထားမယ်ဆိုရင်တော့ မိဘကို သီလရှင်က ရှိခိုးရပါမယ်။ ကျန်တဲ့ယောက်ျား၊ မိန်းမများကလည်း မိမိတို့က သီလရှင်ထက် သီလဆောက်တည်ထားတာ နည်းနေရင် ရှိခိုးရပါမယ်။ များသောအားဖြင့် သီလရှင်များဟာ ကိုးပါးသီလကို စတင်ဝတ်ကတည်းက ယူထားကြတာများတဲ့အတွက် လူပုဂ္ဂိုလ်များက သူတို့ထက် သီလဆောက်တည်ထားတာနည်းနေရင် ရိုသေလေးစား ရှိခိုးရပါမယ်။ တန်းတူဖြစ်နေရင်တော့ အသက်သိက္ခာငယ်သူက ရိုသေလေးစား ရှိခိုးခြင်းများ ပြုလုပ်ကြပါ။

ဒါပြင် မြတ်ဗုဒ္ဓက သူတစ်ပါးကို ရိုသေလေးစားရှိခိုးခြင်းကြောင့် မိမိမှာ အပြစ်မရပါဘူး။ မိမိရှိခိုးရိုသေလေးစားတဲ့ပုဂ္ဂိုလ်ကသာ သူ့မှာရှိခိုးထိုက်တဲ့ဂုဏ်တွေ မရှိရင် အပြစ်ဖြစ်ပါတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေပေးတာ၊ လေးစားတာ၊ ရှိခိုးတာဟာ မိမိအတွက် မကောင်းကျိုးမခံစားရဘဲ သက်ရှည်၊ ဆင်းလှ၊ ချမ်းသာရ၊ ဗလ၊ ဉာဏ်ပညာဆိုတဲ့ ကောင်းကျိုးများသာရလို့ သူတစ်ပါးကို ရိုသေလေးစားမှုပြုဖို့ ဝန်းမလေးသင့်ပါဘူး။ မိမိက ကိုယ့်ထက်သာတဲ့ပုဂ္ဂိုလ်ကို ရိုသေလေးစားခြင်းမပြုမိဘူးဆိုရင်သာ အဲဒီလူဟာ ဖြစ်လေရာမှာ နုံးချာတဲ့မျိုးနွယ်တွင် ပေါက်ဖွားလာရပြီး ဘဝမှာ အမြဲတမ်းနုံခြာနေပါလိမ့်မယ်။ ဒါကြောင့် မာန်မာနဆိုတာဟာ မထားသင့်တဲ့နေရာမှာ လုံးဝမထားမိဘဲ တစ်ခါတလေ နဂါးမှန်းသိအောင် အမောက်ထောင်ပြသင့်တဲ့နေရာသာ မာန်မာနကို ထားကြဖို့ လိုပါတယ်။ ဒါဟာလည်း တကယ်လိုအပ်တဲ့အခါမှသာ ထုတ်သုံးရမဲ့ စကားပုံဖြစ်ပါတယ်။ မလိုအပ်ဘဲ သွားသုံးမိရင် ဒီစကားပုံဟာလည်း မိမိကို ဒုက္ခစပါယ်ရှယ် ပေးပါလိမ့်မယ်။

တစ်ဖန် သီလယူခြင်းနဲ့ပတ်သတ်ပြီး ပြောပြရမယ်ဆိုရင် သီလရှင်ဆရာလေးများဟာ ကိုးပါးသီလဆောက်တည်သူများ ဖြစ်ကြတဲ့အတွက် ငါးပါးသီလ၊ ရှစ်ပါးသီလ၊ ကိုးပါးသီလ ယူချင်တဲ့လူများကို သီလပေးနိုင်ပါတယ်။ မြတ်ဗုဒ္ဓကလည်း အင်္ဂုတ္တရ တိကအဋ္ဌကထာမှာ “ဥပေါသထဒိဝသေ ပန ပါတောဝ ဘိက္ခုဿဝါ ဘိက္ခုနိယာဝါ ဒသသီလ လက္ခဏာညုနော ဥပါသကဿဝါ ဥပါသိကာယဝါ-ဥပုသ်သီလခံယူရာမှာ ရဟန်းထံဖြစ်စေ၊ ဘိက္ခုနီမထံဖြစ်စေ၊ သီလလက္ခဏာကိုသိတဲ့ ဥပါသကာ၊ ဥပါသိကာမထံဖြစ်စေ သီလဆောက်တည်နိုင်ကြောင်း မိန့်ဆိုခဲ့ပါတယ်။ ဒါကြောင့် သီလရှိသူထံမှသာ သီလယူနိုင်တာမဟုတ်ဘဲ သီလလက္ခဏာကိုသိသူ၊ သီလကိုအစဉ်မှန်မှန် အရှေ့ကတိုင်ပေးနိုင်သူ မည်သူ့ထံမှမဆို ဆောက်တည်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း သီလကိုအစဉ်အတိုင်း မှန်မှန်ဆိုနိုင်ရင် အိမ်ရှေ့ဘုရားစင်မှာဖြစ်စေ၊ သွားရင်းလာရင်းလမ်းကြုံလို့ စေတီပုထိုးများရှေ့မှာဖြစ်စေ သီလဆောက်တည်လို့ ရပါတယ်။ သီလယူတဲ့အခါ မိမိဆောက်တည်ထားတဲ့သီလကို မကျိုးမပေါက်အောင် စောင့်ထိန်းမယ်ဆိုတဲ့ သန္ဒိဋ္ဌာန်ပြတ်သားဖို့သာ အဓိကကျပါတယ်။

များသောအားဖြင့် သီလယူတဲ့အခါမှာ ဘာ့ကြောင့်ရဟန်းသံဃာများထံ သီလယူရသလဲဆိုရင် မိမိသီလဆောက်တည်ထားတာကို ဆရာတော်များ၊ နဘေးလာရောက် သီလယူသူများ သိရှိကြတဲ့အတွက် မိမိသီလကျိုးပေါက်မဲ့ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ တကယ်လို့များ မိမိက သီလတစ်ပါးပါးကို ကျုးလွန်ချင်စိတ်ဖြစ်လာရင် “အော်-ငါသီလကျိုးရင် ငါ့ကိုအပြစ်ပြောမဲ့လူတွေ၊ ငါသီလကျိုးရင် ငါ့ကိုလူမိုက်လို့ ထင်မြင်မဲ့လူတွေ အများကြီးရှိပါလား”လို့တွေးမိပြီး မိမိသိက္ခာမကျအောင်၊ မိမိအရှက်မရအောင်ထိန်းတဲ့အနေနဲ့ သီလမကျိုးအောင် ထိန်းနိုင်ဖို့ရန် ဖြစ်ပါတယ်။ အဲဒီလိုတွေးမိပြီး သီလမကျိုးအောင် စောင့်ထိန်းနိုင်တာဟာ လူသူပရိသတ်များတဲ့ နေရာမှာဝိုင်းစုပြီး ဆရာတော်များထံ သီလယူခြင်းရဲ့ အကျိုးကျေးဇူးပါ။ ဒါပြင် မိမိသီလယူတဲ့အခါ ကျောင်းကန်ဘုရားတို့မှာနေခြင်းကြောင့် အကုသိုလ်အမှုများကို တွေးတောကြံစည်ခြင်းနဲ့ အချိန်ကုန်မဲ့အစား တရားဘာဝနာပွားလို့ဖြစ်စေ၊ တရားနာလို့ဖြစ်စေ၊ တရားစာအုပ်ဖတ်လို့ဖြစ်စေ၊ အချင်းချင်း တရားစကားဆွေးနွေးလို့ဖြစ်စေ အချိန်ကုန်လွန်စေအောင်လို့ ဘုန်းတော်ကြီး ကျောင်းများမှာသွားပြီး သီလဆောက်တည်ခိုင်းခြင်း ဖြစ်ပါတယ်။

ဒါနဲ့ ဒီနေရာမှာ ဆပ်စပ်မိလို့ သင်္ဂဇာဆရာတော်ရဲ့ သီလရှင်လေးပါးရှိကြောင်း ဥပမာသမူဟဂီရတ္တမကျမ်း၊ သင်္ဂဇာဆရာတော် စကားပုံပေါင်းချုပ်မှာ မိန့်တော်မူခဲ့တာကိုလည်း အမှတ်ရတာနဲ့ ရေးသားလိုက်ပါတယ်။ သင်္ဂဇာဆရာတော်ဟာ ဒကာ၊ ဒကာမများရဲ့ ပင့်ဖိတ်မှုကြောင့် မန္တလေးကနေ ရန်ကုန်ကိုကြွလာတဲ့အခါ သီလရှင်ဆရာလေးများက ဆရာတော်ကို လှူဖွယ်များ လာရောက်လှူဒါန်းကြပါတယ်။ ဆရာတော်လည်း ဆရားလေးများကို စကားစပ်မိတာနဲ့ နင်တို့ မယ်သီလဘယ်နှစ်မျိုးရှိလဲဆိုတာ သိကြလား။ အဲဒီလိုမေးတော့ ဆရားလေးများလည်း ယောင်ဝါးဝါးဖြစ်နေပြီး တပည့်တော်တို့ မယ်သီလဘယ်နှစ်မျိုးရှိတယ်ဆိုတာ မသိပါဘုရားလို့ လျှောက်ကြပါတယ်။ ဒါနဲ့ ဆရာတော်က

(၁) ရှစ်ပါးသီလနှင့်ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းကြိုးကုတ်အားထုတ်ပြီး ပရဟိတအလုပ် လုပ်တဲ့ သီလရှင်ကို မယ်သီလလို့ ခေါ်တယ်။

(၂) အရပ်တကာသို့ လှည့်ပတ်ပြီး အမြဲဆွမ်းဆန်အသပြာ အလှူခံနေကာ ကျောင်းတွင်းမှာမနေတဲ့သီလရှင်ကို မယ်သီလေလို့ ခေါ်တယ်။

(၃) တောင်အရပ်နဲ့မတဲ့ပြန် မြောက်အရပ်သွားလိုက်။ တစ်ခါ မြောက်အရပ်သွားတော့ မြောက်အရပ်နဲ့ မတဲ့ပြန်ဖြစ်လိုက်။ တစ်ဖန် အရှေ့အရပ်နဲ့မတဲ့ပြန် အနောက်အရပ်လန်ဖြစ်နေတဲ့ အရပ်လေးမျက်နှာမှာ အနေမမှန်တဲ့သီလရှင်ကို မယ်သီလံလို့ ခေါ်တယ်။

(၄) မိမိအဖော်များ တစ်ခြားသွားနေချိန် ဆန်လိုက်ခိုးပြီး မိမိထဲသို့ မရိုးသားတဲ့နည်းနဲ့ ဆန်ခိုးရောတဲ့သီလရှင်ကို မယ်သီလောလို့ ခေါ်တယ်။

ဒီလေးယောက်မှာ ပထမတစ်ယောက်သာ ချီးမွမ်းထိုက်တယ်။ အဲဒါကြောင့် နင်တို့လည်း မမိုက်ကြနဲ့ဟု ပြောဆိုပြီး ပြန်လွတ်လိုက်ပါတယ်။ ဒါက သင်္ဂဇာဆရာတော်မိန့်ခဲ့တာကို ဒီနေရာမှာ ဆက်စပ်မိလို့ အမှတ်ရတာနဲ့ ရေးလိုက်တာပါ။ သိချင်လို့ မေးထားကြတဲ့ မေးခွန်းတွေထဲမှာတော့ မပါပါဘူး။

ယခုလောက်ဆို ရှင်းပြရင် သီလရှင်ဖြစ်ပေါ်လာပုံနဲ့ပတ်သတ်တာကအစ သီလရှင် ဆိုင်ရာများကို အားလုံးနားလည်လောက်ပြီလို့ ထင်မြင်ပါတယ်။ အားလုံး ဗဟုသုတအသိဉာဏ်များ တိုးပွားကြပြီး မိမိတို့ပန်းတိုင်ကို လျင်မြန်စွာ လျှောက်လှမ်းနိုင်အောင် ကြိုးစားအားထုတ်နိုင်ကြပါစေ။

ဂျာနယ်ဖတ်ချင်ရင်တော့ ဒီနေရာမှာ Download လိုက်လိုက်ပါ။ http://www.shadejournal.com/2011/10/shade-journal.html

22 comments

  • windtalker

    October 3, 2011 at 6:08 pm

    သာဓုသာဓုသာဓု ပါဘုရား
    အသိတရားဗဟုသုတအများကြီးတိုးပွားမိပါတယ်
    မိထွေးတော်ဂေါတမီ သီလရှင် ဝတ်ပုံကိုလဲ တင်ဆက်ပေးစေလိုပါတယ် ဘုရား

  • ဆန်နီနေမင်း

    October 3, 2011 at 6:13 pm

    မိထွေးတော်ဂေါတမီက ဘိက္ခုနီဝတ်ခဲ့တာပါ။ သီလရှင်မဟုတ်ပါ။ နောက်ပိုင်းကျရင် ဦးဇင်း ရေးပေးပါမယ်။ ဒါပေမဲ့ အွန်လိုင်းမှာ မိထွေးတော်ဂေါတမီအကြောင်း ရေးထားတာ တော်တော်များများ တွေ့ပါတယ်။ ဒါကြောင့် မရေးဖြစ်တာလည်း ပါပါတယ်။

    • windtalker

      October 3, 2011 at 6:22 pm

      မှန်လှပါ ၊ တပည့်တော် ကတော့ ဂေဇက်မှာ ပဲ
      ပျော်မွေ ့နေသူ တစ်ယောက်သာမို ့၊ အခြားဆိုက်များ မှာ မဝင်ဖြစ်တာမို ့
      တစ်ခြား ဆိုက်များမှာ ဘယ်လို ရေးထားသလဲ ဆိုတာ မသိရကြောင်းပါဘုရား
      တပည့်တော်လို မသိသေးသူတွေ အတွက်ပါ
      ရေးတင်ပေးပါ ဘုရား
      ကျေးဇူးတင်ပါတယ် ဘုရား

    • မှော်ဆရာ

      October 6, 2011 at 2:15 am

      နဲနဲလေးတော့ ရှည်ခွင့်ပြုပါ ဘုရား …မသိသေးတဲ့သူတွေ အတွက်ပါ
      ဘိက္ခုနီ ဆိုတာ ရဟန်းမ ပါ ။ရှင်းရှင်းပြောရရင် မိန်းမ ဘုန်းကြီးပေါ့ ။
      ဘိက္ခုနီ ဝတ်ဖို့ဆိုရင် ရဟန်းဝတ်သလိုပဲ သိမ်တက်ရပါတယ် ။ တခြား ဘိက္ခုနီ အနဲဆုံး ငါးပါးက ကမ္မဝါ ဖတ်ပေးရပါတယ် ။ဒါမှ ဘိက္ခုနီ ဖြစ်တာပါ။
      ဒါပေမယ့် ယခုခေတ်မှာ ဘိက္ခုနီ မရှိတော့တာကြောင့် ( နားလည်အောင်ပြောရရင် ဘိက္ခုနီ မျိုးဆက်ပြတ်သွားတာကြောင့် ) ဘိက္ခုနီ ဝတ်လို့ မရနှိုင်တော့တာပါ။
      ဒါကြောင့် လူဝတ်ကြောင်ကို စွန့်လွှတ်ပြီး ဘုရားသာသနာမှာ နေချင်တဲ့ အမျိုးသမီးများဟာ ကိုးပါးသီလကို စောင့်တည်ပြီး သီလရှင် ဝတ်ကြတာပါ။ ဘိက္ခုနီ နဲ့ သီလရှင် မတူပါဘူး ။
      ဒါ တပြည့်တော် နားလည်ထားတဲ့ သီလရှင် အကြောင်းပါ ။မှားတာရှိရင်လဲ သွန်သင်ပါ ဘုရား

  • ပေါက်ဖော်

    October 3, 2011 at 8:03 pm

    ခုမှ သဘောပေါက်တော့တယ်…ဦးဇင်းရေ.
    နောက်ထပ်ဗဟုသုတ လေးတွေလဲ မျှော်နေလျက်ပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 3, 2011 at 8:40 pm

    အရှင်ဘုရား အပန်းမကြီးဘူးဆိုရင်ဖြင့်
    သီလ ကို မပေါက် မကျားလားဘာလားမသိပါဘူးဘုရား
    အဲ့ဒါလေးပါ ခပ်စိတ်စိတ်လေး ထည့်ရေးပေးတော်မူစေလိုပါတယ်ဘုရား
    မဟုတ်လို့ကတော့
    သဂျီးဆိုတဲ့ ဒါယကာကြီးက သိတဲ့အတိုင်းဘဲဘုရား

  • ဆန်နီနေမင်း

    October 3, 2011 at 10:10 pm

    ဟုတ် ဒကာ မိုက်ကယ်။ ဒကာပြောတာကို ဦးဇင်းနားမလည်ဘူးဖြစ်နေတော့ ဘာကို ရေးပေးရမှန်းမသိဘူးဖြစ်နေပါတယ်။ အများအကျိုးများမဲ့ဟာဆို ဦးဇင်းတက်နိုင်သမျှ ကြိုးစားရေးပေးပါမယ်။ ဦးဇင်းရေးတာထက် ခိုင်လုံမဲ့ အကြောင်းပြချက်၊ သက်သေရှိရင်တော့ ဘယ်သူမဆို ငြင်းနိုင်၊ အကြောင်းပြနိုင်ပါတယ်။ ဦးဇင်းလည်း တက်နိုင်သမျှတော့ ဗုဒ္ဓစာပေ၊ လောကီအတတ်ပညာများစွာကို လေ့လာသင်ယူနေ၊ သင်ယူထားပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 3, 2011 at 10:43 pm

    သီလကို မကျိုးမပေါက် မပျောက်မကျား ဆိုတာလား ဘယ်လိုခေါ်သလည်းတော့
    သေခြာမပြောတတ်လို့ပါ ဘုရား
    သီလကျိုးတာကဘယ်လို ပျောက်တာကဘယ်လို ကျားတာကဘယ်လိုဆိုတာလေး ကိုပါဘုရား
    တစ်ကယ်လည်းသေခြာမသိလို့ပါ
    ( မိမိသီလကျိုးပေါက်မဲ့ဟာကို မလုပ်ဖြစ်အောင်လို့ပါ။ ) ဆိုတဲ့အကြောင်းကို ဖတ်မိတော့မှ
    ဒီစကားတွေက ကြားဘူးပြီး သေခြာမသိလို့ပါဘုရား
    အမှန်တိုင်းလျှောက်ရရင်တော့ တစ်ခါတစ်လေလည်း
    ဟိုစာအုပ်ကြီးလှန်ဒီစာအုပ်ကြီးလှန်ပြီး ဒီလို အကြောင်းကိုမသိတော့
    အခြေခံကိုတောင်သေခြာမသိသေးပါလားလို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိလို့ပါဘုရား

  • koyinmaung

    October 3, 2011 at 11:47 pm

    ခုလို သီလရှင်စတင်ဖြစ်ပေါ်လာပုံကိုရှင်းပြသွားတာကျေးဇူးတင်ပါတယ်ဘုရား..
    တပည့်တော်သိချင်တာလေးရှိပါတယ်ဘုရား
    ဘိက္ခုနီအကြောင်းပါ ( ဘိက္ခုနီသာသနာဟာ သီဟိုဠ်ကျွန်းတွင် အေဒီသုံးရာစုဝန်း ကျင်မှာ နောက်ဆုံးတည်ရှိခဲ့ပြီး )
    ဆိုပေမဲ့ တနှစ်ကျော်လောက်ကထင်ပါတယ်ဘုရား မြန်မာအမျိုးသမီးဘိက္ခုနီတဦးအကြောင်းကြားလိုက်မိလို့ပါ
    ဘိက္ခုနီသာသနာကွယ်ပျောက်သွားပြီးတဲ့နောက် ခုဘိက္ခုနီတွေဘယ်ကဘယ်လိုပြန်ပေါ်လာတာလဲဆိုတာ
    အရှင်ဘုရားသိယင်ရှင်းပြပေးပါလို့တောင်းပန်ပါတယ်ဘုရား……

    • kai

      October 4, 2011 at 12:36 am

      မြန်မာပြည်မှာ ထေရဝါဒဗုဒ္ဓဘာသာ ညီလာခံလိုတခုလုပ်တုံး.. သီဟိုက မြန်မာဘိက္ခုနီတပါးကြွလာဖူးတယ်..
      အဲဒါ.. မဟနကောင်းမှုနဲ့..အတင်းလူဝတ်လဲခိုင်းပြီး.. ထောင်ထဲရောက်သွားတယ် မှတ်မိတယ်..။ အဲဒီဘိက္ခုနီရဲ့အကိုက..တပ်ထဲကဖြစ်နေလို့..နောက်တော့.. ခံဝန်ချက်နဲ့ ပြန်လွှတ်ပြီး ..ပြည်နှင်ဒဏ်ပေးလိုက်တာပဲ..
      လေးနှစ်မကရှိပြီထင်ပါတယ်..။
      ပိုသိသူတွေ.. ရေးတင်ပေးစေလိုပါတယ်..။

      • ကြောင်ကြီး

        October 4, 2011 at 7:34 am

        ရွာဦးကျောင်းဆရာတော်လား မသိဘူး ရေးတဲ့စာတပုဒ်မှာ အဲဒီသီလရှင် အင်္ဂလန်ရောက်သွားပြီး အိမ်ထောင်ကျသွားလို့ အဲလိုဆို ဘာလို့များ ဘိက္ခုနီဖြန့်ဖို့ ကြိုးစားခဲ့ရသလဲလို့ ရေးထားတာ ဖတ်ဖူးတယ်။ အဲသလိုပြောလို့ ဆန္ဒစောပြီး ဘာညာနဲ့ အပြစ်မတင်ကြပါနဲ့။ အောက်အရိယာ နှစ်ဆင့်အထိ စိတ်မကုန်သေးရင် အိမ်ထောင်ပြုတတ် ပါတယ်။ ဘာပဲဖြစ်ဖြစ် အဲဒီသီလရှင်ရဲ့ စိတ်ဓာတ်ခိုင်မာ ရဲဝံ့မှုကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် သဂျီးကို ဖိုးသူတော် ဝတ်စေချင်ပါတယ်။ ကျနော်လည်း ဘုန်းကြီးဝတ်ပါမယ်။ သဂျီးရဲ့ အဖူးအမြော် ခံချင်လို့ပါ..။ 😛

  • Foreign Resident

    October 4, 2011 at 2:30 am

    Dear အရှင်ဘုရား ဆန်နီနေမင်း,

    I was confused,
    May I know, Which one is more important ( in serial order ) ???
    in “သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ အရွယ်ဂုဏ်”

    သီလဂုဏ် > သမာဓိဂုဏ် > ပညာဂုဏ် > အရွယ်ဂုဏ် ( or )
    ပညာဂုဏ် > သမာဓိဂုဏ် > သီလဂုဏ် > အရွယ်ဂုဏ်

    Thanks in advance.

  • Shwe Tike Soe

    October 4, 2011 at 11:53 am

    သာဓု သာဓု သာဓု ပါဘုရား တပည့်တော်တို. မသိသေးတဲ့ ဗုဒ္ဓ သဘောတရားတွေ သိသင့်သိထိုက်တာတွေကို
    ဆက်လက် ရေးသား ညွှန်ပြပေးပါအုံး ဘုရား..
    ရိုသေစွာ လိုက်နာမှတ်သား နာယူပါမယ်ဘုရား……

    တစ်ခုလောက်မေးပါရစေဘုရား တပည့်တော် တချိန်တုန်းက အလှူလုပ်ပါတယ်ဘုရား မိုးပေါ်ကျပေါ့ အဲဒါ တပည့်တော်က ဦးပဇင်းတပါးကို သွားလှူတာ အလှူမခံပါဘူးဘုရား တခြား သူကိုလှူပါလို.ပြောပါတယ်ဘုရား တပည့်တော် အဲဒီ ဦးပဇင်းအပေါ်မှာ စိတ်ကသိကအောက်ဖြစ်သွားပါတယ်ဘုရား.. အဲဒါ ဘယ်လိုသဘောထားများလဲ ဆိုတာ ပြောပြလို.ရနိုင်မလားဘုရား….. တပည့်တော်ရော အပြစ်ဖြစ်သွားမှာလားဘုရား.. စိတ်ညှိုညင်သွားလို.လေ…

    • Foreign Resident

      October 6, 2011 at 3:47 am

      Dear Shwe Tike Soe,

      Sardu, Sardu, Sardu,
      You did a really good thing (မိုးပေါ်ကျ ကထိန်).
      It is really terrible for the monk, not having ကထိန် advantages.

      Nowadays, There are a lot of Monasteries which cannot have ကထိန်
      even in Yangon, beside Main roads.
      For example,
      Wine/Block (1) & Wine/Block (2), beside Parami Road, South Okkalapa T/S.

      What a shameful for our so called Htae Ra Wa Da Buddhist !!!

      But, I cannot guarantee the characters of those monks,
      For Example,
      It is the last day afternoon,
      We made မိုးပေါ်ကျ ကထိန် in one monastery.
      I got the new, another monastery (neighboring) hasn’t had ကထိန် yet.
      Then, I urgently rush into the up-stair of this Monastery,
      to ask permission for မိုးပေါ်ကျ ကထိန်.
      Sadly, I found out some monks calculating “chae” ( 1 or 2 or 3 digits ).

      But, those characters is their part &
      As a devoted Buddhist, We have to do our part, isn’t it ?
      We did it (မိုးပေါ်ကျ ကထိန်) regardless of their character.

  • Shwe Ei

    October 4, 2011 at 2:26 pm

    သီလရှင်ဝတ်ရခြင်း အကြောင်းအရင်းသီးသန့်ရှိသေးရင် ရှင်းပြပေးပါအုံးဘုရား။

  • ဆန်နီနေမင်း

    October 4, 2011 at 6:07 pm

    မိုးပေါ်ကျ ကထိန်းကို ကထိန်းခင်းရန် လျှောက်ထားတဲ့ ဒကာ-ဒကာမ မရှိသေးတဲ့ကျောင်းကို ခင်းလိုတဲ့အခါ အဲဒီကျောင်းသည် အမှန်တကယ် ကထိန်းခင်းမဲ့သူ မရှိသေးပါက လက်ခံရပါမယ်။ ကထိန်းခင်းရန် လျှောက်ထားသူရှိပါက ငြင်းပယ်လို့ ရပါတယ်။ အဲဒီတော့ မိုးပေါ်ကျကထိန်းခင်းလိုတဲ့အခါ ကထိန်းဒကာရှိမရှိကို အရင်စုံစမ်းဖို့ လိုပါတယ်။

    ဒကာအနေနဲ့က စိတ်ကသိကအောက်ဖြစ်တဲ့အတွက် သူများအပြစ်ကို ကိုယ့်ဆီပါကူးယူလိုက်သလို ဖြစ်တဲ့အတွက် အနည်းငယ်သော အပြစ်ကတော့ ဖြစ်ပါတယ်။ ဘယ်သူပျက်ပျက် ကိုယ်မပျက်နဲ့ဆိုတဲ့ စကားလိုပဲ ဘယ်သူအပြစ်လုပ်လုပ် ကိုယ်အပြစ်မလုပ်မိဖို့ပဲ အရေးကြီးပါတယ်။

    သီလ၊ သမာဓိ၊ ပညာဂုဏ်တို့တွင် သီလနှင့်ပညာက အပြန်အလှန်ကျေးဇူးပြုကြတဲ့အတွက် ဘယ်သူက သာလွန်တယ်လို့ ပြောရခက်ပါတယ်။ တချို့က သီလကြောင့် ရဟန္တာဖြစ်သလို တချို့ကျတော့လည်း ပညာအားကောင်းလို့ ရဟန္တာဖြစ်တယ်လို့လူတွေရှိတယ်ဆိုတာကို ဦးဇင်းဆိုဒ် http://www.sanninaymin.com/ မှာ လူတော်လူကောင်း ဆောင်းပါးမှာ ရေးထားတာကို အကျယ်တဝင့်ဖတ်နိုင်ပါတယ်။ သမာဓိဂုဏ်ဆိုတာကတော့ သီလ၊ ပညာတို့ကြောင့် ဖြစ်လာတဲ့ဂုဏ်မို့ အဲဒီဂုဏ်ကလည်း သီလ၊ ပညာမရှိရင် မဖြစ်တဲ့အတွက် သုံးခုလုံးဟာ အရေးကြီးတယ်လို့ ပြောရပါမယ်။ ရဟန္တာဖြစ်တာချင်း အတူတူဖြစ်နေတဲ့သံဃာတွေမှာ ပညာ၊ သီလ၊ သမာဓိတွေ တူညီကြတာ များပါတယ်။ ဒါပေမဲ့ သီလဆိုတာကတော့ အရင်စပြီး သီလစောင့်ထိန်းသူကို သီလကြီးတယ်လို့ မြတ်ဗုဒ္ဓက မိန့်ခဲ့တာကြောင့် သံဃာများအတွင်းတွင် သာသနာဘောင် အရင်ရောက်တဲ့သံဃာကို နောက်မှရောက်တဲ့သံဃာက ရိုသေလေးစားရပါတယ်။

    ထို့အတူ လူ့ဘောင်တွင်လည်း သီလ၊ သမာဓိ၊ ပညာတူနေမယ်ဆိုရင် အသက်ကြီးသူကို ဦးစားပေးရပါမယ်။ တကယ်လို့ အဲဒီလို သုံးပါးလုံး မတူညီရင်တော့ သီလ၊ သမာဓိ၊ ပညာတို့တွင် နှစ်ပါးရှိသူကို တစ်ပါးရှိသူက ရိုသေပါ။ သုံးပါးပြည့်စုံကို နှစ်ပါးပြည့်စုံသူက ရိုသေလေးစားပါ။ တစ်ပါးမှမရှိတဲ့လူက တစ်ပါးပြည့်စုံသူကို ရိုသေလေးစားပါ။

    ကျန်တဲ့ ဘိက္ခုနီအကြောင်းတွေကိုတော့ ဦးဇင်းတက်သိထားသမျှ လေ့လာရေးပေးတင်ပြပေးပါမယ်။ ဘိက္ခုနီသာသနာကွယ်ပြီးပေမဲ့ သီရိလင်္ကာနိုင်ငံနှင့်အခြားနိုင်ငံများက ပြန်လည်ဖော်ဆောင်နိုင်ရန် ကြိုးစားနေတယ်ဆိုတာ သိရပါတယ်။ မြန်မာပြည်မှာလည်း ပြန်လည်တည်ထောင်ဖို့ ကြိုးစားခဲ့ဖူးသူ ရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ မဖြစ်သင့်တဲ့အချက်အလက်တွေများတာကြောင့် မြန်မာပြည်မှာတော့ ဘိက္ခုနီမပေါ်လိုက်ပေမဲ့ သီရိလင်္ကာနိုင်ငံနှင့် ဥရောပနိုင်ငံတို့မှာ ယခုလက်ရှိအချိန်တွင် ဘိက္ခုနီအမည်ခံ ဝတ်နေကြသူများ ရှိတယ်ဆိုတာတော့ ကြားသိနေရပါတယ်။

    သီလရှင်စတင်ဖြစ်ပေါ်လာတဲ့ရည်ရွယ်ချက်၊ ဝတ်ရခြင်းရဲ့အကြောင်းကတော့ လောကီအိမ်မှုကိစ္စတွေ ကင်းရှင်းပြီး သီလကိုလုံခြုံစွာစောင့်ထိန်းကာ ဝိပဿနာတရားများကို ကောင်းမွန်စွာ ပွားများနိုင်အောင်လို့ ဝတ်ကြတာပါ။

  • ရင်နင့်

    October 6, 2011 at 12:11 am

    “ရဟန်းတို့ အခုသင်တို့ပြောတဲ့မင်းမျိုး၊ သူဌေးမျိုးစတဲ့ရဟန်းများဟာ အဓိကမဟုတ်ဘူး။ အမှန်တော့ ငါဘုရားသာသနာတော်တွင်းမှာ အစဉ်အတိုင်း ကြီးသူကို ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းစတာတွေကို ပြုလုပ်ရမယ်”
    ဆိုတော့ အခုကသိကြားသာသနာ မဟုတ်ဘူးလားဖျာ့ ဘုရားသာသနာ ကုန်သွားပီဖျာ့

    • kai

      October 6, 2011 at 1:46 am

      ဟာ……………..
      ဘုရားသာသနာကို ဘယ်သူပိတ်လိုက်သလည်း..။
      ဆင်ဆာရုံးမတင်လိုက်လို့ …ပိတ်ခံလိုက်ရတာလား……။ ? 🙂

  • ဆန်နီနေမင်း

    October 6, 2011 at 1:10 pm

    ဘုရားသာသနာလား သိကြားသာသနာဆိုတာကို ဦးဇင်းဆိုဒ် http://www.sanninaymin.com/ ကို အမေးအဖြေ တင်ထားတာ ရှိပါတယ်။ အဲဒီမှာ ဝင်ရောက်ဖတ်ရှု့ရင် သိပါလိမ့်မယ်။

  • ရင်နင့်

    October 6, 2011 at 2:08 pm

    ဘွာတေး ဟဲဟဲ မှားတွားလို့ သိကြားသာသနာကုန်သွားပီ ဘီလူးသာသနာထဲကို နှစ်၁၀ဝလောက်ရောက်နေပီ
    သိကြားသာသနာက သာသနာနှစ်၅၀၀ဝမှာ ရှေ့၂၅၀ဝ ဘီလူးသာသနာက နောက်၂၅၀ဝနော် ဟုတ်တယ်မုတ်လား သူကြီး

    • kai

      October 6, 2011 at 3:15 pm

      မဟုတ်ဖူးဟေ့..
      ဘာသိကြား..နို့ဆီ..သာသနာမှမရှိ.. ရဟန်းတွေရှိနေသမျှ.. ဘုရားသာသနာပဲ..။
      အပေါ်မှာ ဦးဇင်းေပြောတဲ့ ဝက်ဘ်ဆိုက်.. ပျင်းလို့သွားမဖတ်ချင်ရင်.. ဒီမှာကူးတင်ပေးလိုက်မယ်..။
      လာလေရော့…
      ==
      အမေး။ ။ သာသနာတော်မှာ သိကြားသာသနာဆိုတာ တကယ်တမ်း ရှိပါသလားပါဘုရား။ သာသနာတော်ကို သိကြားက တကယ်စောင့်တာလားဆိုတာ သိချင်ပါတယ်ဘုရား။

      ရဲနိုင်ထွန်း။ အိန္ဒိယ

      အဖြေ။ ။ သာသနာတော်ကြီးဟာ ဘုရားရှင်တည်ထောင်တော်မူခဲ့တာပါ။ ဒါကြောင့်လည်း ဘုရားသာသနာလို့ခေါ်တာပေါ့၊ သာသနာဆိုတာ အဆုံးမပါ၊ ဒီအဆုံးမဟာ ဘယ်သူ့အဆုံးမလည်းဆိုရင် ဘုရားအဆုံးမပါ။ ဒါကြောင့် ဘုရားသာသနာလို့ခေါ်ပါတယ်။ ဘုရားသာသနာတော်ကြီးကို နောက်ပိုင်းတွင် သိကြားမင်းက စောင့်မယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ ကဏှဇာတ်တော်မှာ ကဿပဘုရားရှင် လက်ထက်တော်နောက်ပိုင်း လူအများ အကျင့်ပျက်ကြတဲ့အတွက် သိကြားမင်းက မုဆိုးယောင်ဆောင်ပြီး၊ မာတလိနတ်သားက ခွေးနက်ကြီးအဖြစ် ယောင်ဆောင်ကာ လူအများအား တရားဟောပါတယ်။ ဒီကနေစလို့ လူအများ အကျင့်သီလ လုံခြုံလာပါတယ်။ အဲဒီအကြောင်းနှင့်စပ်ပြီး သိကြားမင်းက လူ့ပြည်ဆင်းလာပြီး သာသနာပြုလိမ့်မယ်လို့ ဆိုပါတယ်။ ဒီစကားအရ ဇာတ်သဘင်များ၊ ကွက်စိပ်ဆရာများက လူ့လောကမှာ သိကြားသာသနာဆိုတဲ့အကြောင်း ထင်ရှားလာဟန်တူပါတယ်။

      နောက်တစ်ခုက စလေဦးပုညရဲ့ (အင်ကြင်းမြိုင် ကုသိန်နန်းမှာလ စာ စာတမ်းထိုးလျက်ရှိပါ။ ဘုရားက သိကြားကိုမှာတယ်၊ အဋ္ဌကထာစကား၊ သာသနာငါထားလို့၊ မမှားအောင် စောင့်ဆော်)ဆိုတဲ့ သိကြားတိုင်တေးထပ်အရ သိကြားသာသနာစကား ပိုထင်ရှားလာ ဟန်တူပါတယ်။ ပရိနိဗ္ဗာန်စံတော်မူခါနီး ဘုရားရှင်က “ ဣမေ စ သုဘဒ္ဒ ဘိက္ခု သမ္မာဝိဟရေယျုံ ၊ အသုညော လောကော အရဟန္တေဟိ အဿ”လို့ သုဘဒ္ဒပရိပိုဇ်အား မိန့်တော်မူခဲ့တယ်။ “ရဟန်းတော်များ ကောင်းမွန်စွာနေမယ်ဆိုရင် လောကကြီးတွင် ရဟန္တာများမှ မဆိတ်သုဉ်းနိုင်လို့ အားရစွာ မိန့်တော်မူခဲ့တဲ့အတွက် ဘုရားသာသနာကို နောက်ပိုင်းစောင့် တာဟာ သိကြားမင်းလည်း မဟုတ် သူရဿတီလည်းမဟုတ်၊ ရဟန်းတော်များသာဖြစ် ပါကြောင်း ဖြေပေးလိုက်ရပါတယ်။

      ဦးကောဝိဒ(မြိတ်) http://venkawwida.com/မှ

  • ရင်နင့်

    October 6, 2011 at 11:30 pm

    ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေတယ်သူကြီးရယ် ဟဲဟဲ ပျင်းလို့ဆိုတာထက် ကွန်နက်ရှင်ကစုတ်လေတော့
    ဒီဆိုဒ်လေးတောင်အနိုင်နိုင်ဖွင့်ရတာ ဒါလေးပွင့်တာတောင်ကျေးဇူးတင်လှပြီ ဒါကြောင့်မို့လို့ပါ 😛

Leave a Reply