ရန်ကုန်မြို့၌ ယခင်စံချိန်ကျိုးခဲ့သည့် အမြင့်ဆုံးအပူချိန်ဝန်းကျင်သို့ရောက်ရှိ

klnMay 17, 20101min430

ရန်ကုန်မြို့၌ နေ့အပူချိန်သည် ယခင်စံချိန်ကျိုးခဲ့သည့် အမြင့်ဆုံးအပူချိန်ဝန်းကျင်သို့ ရောက်ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တစ်ရပ်အရ သတင်းရရှိပါသည်။ ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် မေလ(၈)ရက်နေ့က အမြင့်ဆုံးအပူချိန် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်(၁၀ရ ဒီဂရီဖာရင်ဟိုက်)သို့ ရောက်ရှိခဲ့ပြီး ယင်းမှာ ၂၀၁ဝ ပြည့်နှစ်အတွက် အမြင့်ဆုံးအပူချိန် ဖြစ်ရုံသာမက ရန်ကုန်မြို့၏ ယခင်အမြင့်ဆုံးအပူချိန်ဝန်းကျင်လည်း ဖြစ်ကြောင်း သိရှိရသည်။ “ ရန်ကုန်မြို့ရဲ့ အမြင့်ဆုံးအပူချိန်ဟာ ၄၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့တယ်။ ၁၉၉၈ ခုနှစ်ကပါ။ အခုက စံချိန်ကျိုးတာ မဟုတ်ပေမဲ့ အမြင့်ဆုံးအပူချိန်ဝန်းကျင်ပါပဲ ” ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာထွန်းလွင်က မှတ်တမ်းများကို ကိုးကားပြောကြားသည်။ မေလ ၈ရက်နေ့တွင် အမြင့်ဆုံးအပူချိန်ဝန်းကျင် ၄၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ် ရောက်ရှိခဲ့ရာမှ မေလ ၉ရက်နေ့တွင် ၄ဝ ဒသမ ၅ဒီဂရီစင်တီဂရိတ်၊ မေလ ၁ဝရက်နေ့ တွင် ၄၁ ဒသမ ၃ ဒီဂရီစင်တီဂရိတ်သို့ရောက်ရှိခဲ့ပြီး ယင်းမှာလည်း အမြင့်ဆုံးအပူချိန် စံချိန်ဝန်းကျင်ပင် ဖြစ်ကြောင်း သိရသည်။