တတိယမြောက်ရန်သူကြီးကတော့…

who whoOctober 4, 20111min660

ဒီနေ့တော့ ရန်သူမျိုး (၅) ပါးထဲက (၃)ယောက်မြောက် ရန်သူတစ်ဦး အကြောင်း ပြောကြရအောင် ။ ရေ ၊ မီး ပြီးရင် အလှည့်ကျသူကတော့ “မင်း” ပဲပေ့ါ ။ ဘယ်တိုင်းပြည် ၊ ဘယ်နိုင်ငံ မှာမဆို သက်ဆိုင်ရာက တင်မြှောက်ထားတဲ့ မင်း အစိုးရကပဲ တစ်နိုင်ငံလုံးကို အုပ်ချုပ်ရတယ်နော် ။ တစ်နိုင်ငံလုံးဟာ သူချမှတ်တဲ့ ဥပဒေ အတိုင်း ၊ အမိန့် အတိုင်း လိုက်နာ ရတယ် ။ အကယ်၍ သတ်မှတ်ထားသော ဥပဒေ ကို ကျူးလွန်ခဲ့မယ် ဆိုရင်တော့ ဒီကျူးလွန်သူကို ထောင်ချနိုင်တယ် ။ သေဒဏ်ထိပေးနိုင်တယ်နော် ။ တို့တွေအားလုံးဟာ ရောက်တဲ့ နိုင်ငံတိုင်းမှာ အုပ်ချုပ်ဆဲ ဖြစ်တဲ့ မင်း အစိုးရရဲ့ စီမံချယ်လှယ်မှု့အောက်မှာ တသမတ်တည်း လိုက်နာကြရတယ်နော် ။ ဒါကြောင့် အတတ်နိုင်ဆုံး ဥပဒေနဲ့ အညီလိုက်နာနိုင်မှ အေးချမ်းနိုင်ပါမယ်နော်။ အခု ပြောလိုတဲ့“မင်း”ကတော့ တို့အပေါ်မှာ ဘယ်သူဘယ်ဝါရယ်လို့ မျက်နှာမလိုက်ပဲ တစ်သံသရာလုံး အစအဆုံးမရှိ နှိပ်စက် တတ်သော သတ္တိရှိ တဲ့ “ကံ ၊ စိတ် ၊ ဥတု ၊ အဟာရ” တို့ပဲပေါ့ ။
ကံက ကိုယ့်အပေါ် ဘယ်လိုများ နှိပ်စက်ပါလိမ့်ဆိုတော့ ကံမှာက ကုသိုလ်စေတနာ၊ အကုသိုလ် စေတနာရယ်လို့ ရှိပါတယ်။ ကိုယ်ပြုလိုက်တဲ့ကံရဲ့ အခိုက်အတန့်အနေနဲ့က သုံးပါးရှိတယ်။
၁။ အမှုတစ်ခုကို ပြုဆဲစေတနာအခိုက်အတန့်က တစ်ပါး။
၂။ ပြုပြီးချိန်မှာ ထိုအမှုအတွက် လှုပ်ရှားလျက်နေရစ်သော အခိုက်အတန့်က တစ်ပါး။
၃။ အခွင့်သာတိုင်း ထိုအမှုအတွက် အကျိုးပေးရန် အစဉ်လိုက်ပါသော အခိုက်အတန့်တစ်ပါး။

ကံပြုတိုင်းမှာ ဇော(၇)ချက်ပါသွားပါတယ်။ ပထမဇောသည် ယခုဘဝတွင် အကျိုးပေး၏။ အကျိုးပေးခွင့်မရသော် ဒီဘဝမှာပင် ကုန်ဆုံး၏။ နောက်ဆုံးဖြစ်သော သတ္တမဇော ကတော့ ဒုတိယဘဝတွင် ဘဝတစ်ခု ဖြစ်ပေါ်စေဖို့ အကျိုးပေး၏။ အကျိုးပေးခွင့်မရသော် ဒုတိယဘဝ၏ အဆုံးမှာ ကုန်ဆုံး၏။ အလယ်ဇောငါးချက်ကတော့ ဒုတိယဘဝ၏ နောက်၌ တတိယဘဝမှစ၍ အခွင့်ရရာ ဘဝတိုင်အောင် တစ်ဘဝစီ အကျိုးပေး၏။ အခွင့်မရခဲ့သော် နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် လိုက်ပါသည်ဟု ကျမ်းဂန်မှာ ဆိုထားကြောင်း စာပေမှ သိလာရပါတယ်။
ကဲ ဒီကနေ ဆက်စဉ်းစားကြည့်လိုက်တော့ ကိုယ်က ဟိုးအတိတ်က ဘဝပေါင်း ဘယ်လောက် နေခဲ့မှန်းလည်းမသိ ။ အခုဘဝမှာ ပြုတဲ့ကံတွေရဲ့ အကျိုးပေးမယ့်ဇော အလုံးတွေက ဒီလောက်တောင်များနေမှတော့ ဟိုးဘဝပေါင်းများစွာက ပါလာတဲ့ ကုသိုလ် ၊ အကုသိုလ် အကျိုးပေး ဖို့စောင့်နေတာတွေနဲ့သာ ပေါင်းလိုက်ရင်တော့ ဒုနဲ့ဒေးပဲလို့သာမြင်ထားပေတော့ ။ အင်း ဒီအပုံအပင်ကြီးတွေက ဝဋ္ဋ်ကြွေးတွေ အနေနဲ့ ကိုယ် မဆပ်ပြီးမချင်း နောက်ကနေ ထပ်ချပ်မကွာ ကပ်ပါနေပြီနော် ။ အဲဒါက အတိတ်လို့ပြောတဲ့ထဲမှာ ခုနလေးက ကုန်သွားတဲ့ အချိန် တစ်စက္ကန့် စာထိ ပါတယ်နော် ။ ဒါဆို တို့က အကြွေး ဟောင်းဆပ်ရင်း အကြွေးသစ်တွေ ထပ်ထပ် တက်နေရတာ ပေါ့နော် ။
အင်း … ကိုယ်က ဒီဘဝမှာ စိတ်ထားတွေ ကောင်းသော်ငြားလည်း ကို်ယ့်ပေါ်မှာ ကျေးဇူးကန်းသွားတဲ့လူတွေသာများတယ် ဆိုရင်လည်း ဒါအတိတ်က အကြွေး အကြောင်းကြောင့် အခု အကျိုးပြန်ခံရတာပေါ့နော် ။ကဲ ဒီတော့ တို့ကို အချိန်နဲ့ အမျှ အမြဲမပြတ် လိုက်ပါပြီး နှိပ်စက် ဒုက္ခ ပေးဖို့စောင့်နေ ချောင်းနေတဲ့ ကံကြွေး အလုံးအရင်းက ကြီးလွန်းလို့ကံတွေက အဆုံး မရှိအောင် အကျိုးပေးဖို့ စောင့်နေကြပါပြီ။ ခုပြောနေတဲ့ အကြောင်းအရာက ရန်သူမျိုး(၅)ပါး ဖြစ်လို့ ကံသည်လည်း ရန်သူထဲမှာ ပါတယ်ဆိုတာ မြင်အောင်ပြောပြနေတာပါ ။ ဒါပေမဲ့အခု ဒီရန်သူ အကြွေးရှင်ကို ဖြတ်ချနိုင်မယ့် နည်းလမ်းလေးပါ အဆစ်ပေးလိုက်ချင်တယ် ။
ဒီလောက် များပြားလှတဲ့ အကြွေးဟောင်းထုတ်ကြီးရော၊ နေ့စဉ်အချိန်တိုင်းမှာ တက်တက် လိုက်လာတဲ့ ကံတွေ ကံတွေက ပြန်အကျိုးပေးဦးမယ့် အကြွေးသစ်ထုပ်ကြီးပါ ရောပေါင်းပြီး လက်ရှိ အချိန်ထိ စာရင်းချုပ်လိုက်တော့ (၃)မျိုးကွဲပြီး တွေ့ရတယ် ။ အပါယ် (၄) ဘုံ ကို တွန်းချပြီး အရောက် ပို့ပေးမယ့် အကြွေးထုပ်က တစ်ထုပ် ။ နောက်လူပြည် ၊ နတ်ပြည် ပြန်ပြီးကျင်လည်ဖို့ အကျိုးပေး သွားမယ့် အကြွေးက တစ်ထုပ် နဲ့ နောက်ဆုံး ဗြဟ္မာပြည် ရောက်စေဖို့ အကျိုးပေး မယ့် အကြွေး ထုပ်ရယ်လို့ (၃) ထုပ် ခွဲထားလိုက်တယ် ။
ကဲ ဒီထဲက ဘယ်အထုပ်ကို အရင်ဆုံး အရေးပေါ် ဆပ်ရပါ့မလဲလို့တွေးလိုက်တော့ ။ ကိုယ်မရောက်ချင်ဆုံး အပါယ်(၄) ဘုံ ကို အရောက်ပို့မယ့် အကြွေးကို ကျေ အောင်ဆပ်မှဖြစ်မယ် ။ မတော် စာရေးရင်း သေသွားရင်တော့ အပါယ်များ တန်း ရောက်မှာ စိုးကြောက်ရပါသေးရဲ့ ။ ဒီတော့ ဘယ်လိုဆပ်ရပါ့မလဲလို့ စုံစမ်းလေ့လာလိုက်တော့ ဖြစ်ပျက်ကို ဉာဏ်အမြင်မှာ ရှင်းအောင်လင်း အောင် သိမြင်နိုင်အောင် အရင် ကျင့်မယ် ၊ ပြီးရင် မုန်းအောင်ထိ ရှု့မှတ်မယ် ။ မုန်းရာကနေ ဖြစ်ပျက် တို့ချုပ်ဆုံးရာ နိဗ္ဗာန်ကို တစ်ကြိမ်တစ်ခါ တွေ့မြင်ခွင့် ရသွားနိုင်ရင်တော့ အရိယာ ဘဝကို သေချာပေါက် ရောက်ပြီပေါ့ ။ အဲလို ပထမအကြိမ် အောင်မြင်စွာ ရောက်နို်င်လို့ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် လေးဖြစ်ခွင့်ရသွား ရင်တော့ တို့ဆပ်ရမယ့် အကြွေးထုပ်ထဲက အပါယ်ပို့ပေးမယ့် အကုသိုလ် ကံကြွေး ဟူသမျှကို တစ်ချက်ထဲနဲ့ အပြီးအပြတ်ကို ဖြတ်နိုင်သွားပြီပေါ့ ။ ဒါက သောတာပတ္တိ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် ရအောင် ကျင့်ရင် အပါယ် တံခါးပိတ်ပြီလို့ပြောချင်တာပါပဲ ။
ဒါဆိုရင်တော့ နောက်ထပ်ဘယ်တော့မှ အပါယ်ကိုမကျတော့ဘူးလို့ စိတ်ချစွာ နေနိုင်ပြီနော် ။ ဪ ငါအကြွေး တစ်ထုပ်တော့ကျေအောင်ဆပ်ပြီးပြီလို့ ဝမ်းမြောက်နိုင်သွားပြီ ။ ကျန်တဲ့ အကြွေး(၂) ထုပ် ကျရင်တော့ ဒီလိုအပြီးအပြတ်ဆပ်လို့ မရဘူးတဲ့ ။ အရစ်ကျ system နဲ့သာ တစ်ရစ်ပြီး တစ်ရစ်ပြန်ဆပ်ကြရမှာပါ ။ ဒါကလည်းလေ နောက်ထပ်ဆက်ကျင့်လို့ မဂ်ဉာဏ် ၊ ဖိုလ်ဉာဏ် ရပြန်ရင် အကြွေး တစ်ရစ် ထပ်ကျေပြီ ။ ဒီလိုနဲ့နောက်ဆုံး ဝဋ္ဋ်ကြွေးတွေထဲက ဘုံဘဝ ကို အရောက် ပို့မယ့် အကြွေးတွေကို အရစ်ကျနဲ့ ကျေအောင်ဆပ်ရပါမယ် ။
ရန်သူမျိုး (၅) ပါးကနေ အကြွေးဆပ်နည်းပါ ပြောနေရတာသည် အကြွေးတွေ ရှိမှန်းသိပြီး ဘယ်လို ဆပ်ရမှန်း မသိလို့ထိုင်ကြည့်ရင်း အပါယ်ရောက်သွားမှာ ကြောက်မိလို့ပါနော် ။ ကဲ ဒါဆိုရင်တော့ တို့ရဲ့ ကံအကြောင်း လေးပြောရင်း “စိတ်” ပါ ပါသွားပြီနော် ။ စိတ်ဆိုတဲ့ ကုသိုလ်စိတ် ၊ အကုသိုလ်စိတ်ကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံတွေဖြစ်ရတယ်။ ကုသိုလ်ကြွေး ၊ အကုသိုလ်ကြွေး တွေထပ်ရတယ်ဆိုတာ သဘောပေါက်လောက်ပါပြီ ။ ဒီအကြွေးတွေသည် ကိုယ်နဲ့ ထပ်ကြပ်မကွာ ဒုက္ခပေးဖို့ လိုက်ပါလာတဲ့ ရန်သူတွေပါလားလို့မြင်ပြီး အမြန်ဆပ်ဖို့ ကြိုးစားရပါမယ် ။
နောက်တစ်ခုကတော့ “ဥတု” နဲ့ “အာဟာရ” တို့ပါပဲ ။ အင်း … ဥတုများ ဖောက်ပြီဟေ့ဆိုရင် ဘယ်ကယ်တင်ရှင်ကမှ မတတ်နိုင်ပါဘူး ။ လေပြင်း မုန်တိုင်းတွေတိုက်ပြီး ဒုက္ခတွေပေးတယ် ။ ရေတွေကြီးပြန်ပြီ ။ ဒါလည်းမတတ်နိုင် ၊ ပြေးရပြန်ပြီ ၊ ရှောင်ရပြန်ပြီ ။ တောင်းပန်ဆုတောင်း လို့လည်းအပိုပဲ ။နည်းနည်းမှ မညှာတာဘူး ။ ရန်သူလက်ထဲ ဖမ်းမိသွားတဲ့ သူလိုပါပဲ ။ နှိပ်စက်သမျှ တော့ လှိမ့်ခံပေတော့ ။ သဘာဝဘေးအန္တရာယ်ဆိုတဲ့ ရန်သူကတော့ လူတိုင်း လက်မြှောက်အရှူံးပေး ရတာပါပဲ ။ မိုးရွာချိန်မှာ မိုးခေါင်ပြန်ပြီ ။ ဒီရန်သူ နှိပ်စက်လို့ပဲ သီးနှံ တွေပျက်စီးရတယ် ၊ သီးနှံတွေ မဖြစ်ထွန်းတော့ ဘယ်မလဲ အာဟာရ ။ အဆီအနှစ်မပြည့်ဝတဲ့ အစားအစာ တွေကို ဈေးကြီးပေး ဝယ်စားရတယ် ။ ရလိုက်တဲ့ ရောဂါတွေကလည်း နာမည်တွေ တပ်လို့ မပြီးနိုင်တော့ဘူး ။ ဥတုနဲ့ အာဟာရကလည်း တို့ကို နှိပ်စက်ဖို့ လက်ချင်းချိတ်ထားပြီးသားလေ ။ တစ်ယောက်က ဘေလိုက်ရင် နောက်တစ်ယောက်က အုပ်ထည့်လိုက်ပြန်ပြီ။ ခံပေတော့ပေါ့။ သူတို့ကို တော်လှန်နိုင်တဲ့ လူရောရှိလို့လား ။ သူတို့ကို ပညာပြဖို့ နေနေသာသာ သူတို့ကပေးတဲ့ ပညာတွေနဲ့တင် နလန်မထူ နိုင်တော့ပါဘူး ။ အမလေး ဒီရန်သူကတော့ ပိုတောင်ကြောက်စရာကောင်းနေပါလား ။
ဒါကြောင့်ပဲ ရန်သူမျိုး(၅) ပါးထဲ ထိပ်တန်းစာရင်းဝင် ဖြစ်နေရတာပေါ့နော် ။ တို့တွေရဲ့ မီးဖိုချောင်မှာလေ မတည့်သော အစားအစာများ ဆိုတဲ့ စာရွက်လေး ကပ်ထားရတယ် ။ ဘာလို့လဲ ဆိုတော့ ဒီအာဟာရ ရန်သူကြောင့်ကိုယ့်မှာဉာဏ်မရှိ ရင် မရှိသလို အသက်ပါစွန့်ပေးရမှာ မို့လေ ။ အင်း ဒါကြောင့် ပဲ မောင်ကံ -မောင်စိတ်-မောင်ဥတု – မောင်အာဟာရ တို့များ ဖောက်ပြန်လိုက်မှဖြင့် သတ္တဝါတွေ အတုံးအရုံးသေကြေ ပျက်စီးကြရတယ် ။ မသေလဲ အလူးအလဲ ခံကြရတယ်နော် ။ ဪ ဒီလူ့ဘဝ ၊ လူ့ခန္ဓာ ပဲဖြစ်ဖြစ် တိရိစာ္ဆန်ဘဝ တိရိစာ္ဆန် ခန္ဓာပဲ ဖြစ်ဖြစ် ဒီလိုခန္ဓာ ရထားသမျှတော့လေ ဒီရန်သူကြီးရဲ့ လက်အောက်က ပြေးလို့လွတ်နိုင်ပါဦး တော့မလားနော် ၊ ဒါကြောင့်ပဲ ဒီနေ့တော့ ကြောက်စရာ ကောင်းတဲ့ ရန်သူတစ်ပါး နဲ့တင်မောသွားပါပြီ ။ အင်း … အကြွေးထုပ်ကြီး မြန်မြန်ဆပ်ကြဖို့တော့ ကြိုးစားကြပါဦးစို့နော် ။