ဆေးဆိုးပန်းရိုက် သီတင်းကျွတ်ကို မုန်းတယ် – တဲ့။
ရေးတဲ့ သူက ဖြန့်ပေးပါဆိုလို့ ဖြန့်ပေးလိုက်ပါတယ်။ ကူးပြီးတင်တာမဟုတ်ပါ။
ပြန့်အောင်ဖြန့်ပေးပါသည်ပေါ့….။

သီတင်းကျွတ်လေပြီ …

ဗုဒ္ဓ ဘုရားရှင်ကား အာဖဂန် နစ္စတန် တောင်ကုန်းပေါ်က ဆင်းလာတာကို မှောင်နေလို့ တပည့် သာဝကတွေက မီးထွန်းပူဇော်တာက စပြီး သီတင်းကျွတ် ဖြစ်လာသည်လို့ … ကျွန်တော့် ဆရာ လေယာဉ်ပျံ အင်ဂျင်နီယာမှူးကြီး ဦးဦးသာရွှေ ( ရခိုင်) က ပြောဘူး လေ သည် ။ ဟုတ်ချင်ဟုတ်မည် ။ မဟုတ်ချင်မဟုတ် ။

ဗုဒ္ဓဘာသာစာပေ အလိုအရတော့ တာဝတိံသာနတ်ပြည်က ပြန်ကြွအလာ လူသားတွေက မီးပူဇော် ကြရာက စခဲ့တာပေါ့ ………

ထားတော့ ။ ဘယ်လိုဘဲ စခဲ့စခဲ့ ……. ဘုရားရှင်ကို ပူဇော်တာ ……….. ကောင်းလေစွ

ဘယ်အချိန်ကာလကတည်းက … ကာလ ရွေ့လျှောလာပြီး ….

လူကြီးမိဘတွေကို ပါ ပူဇော်လေသနည်း မသိ ……. ထားတော့ ။ …ဒါလည်း ကောင်းလေစွ
ဘယ်ခေတ်ကတည်းကိုက ကျောင်းက ဆရာတွေကို ပူ ဇော်လေသနည်း မသိ …….
မြန်မာ့ ပညာရေးလောက အလိုအရ အနန္တော အနန္တ ငါးပါးထဲ ပါနေသေးတုံးရှိသည်။
ကောင်းလေစွ လိုက် ပါမည် ။

နေဦး ။ ခေတ်တွေပြောင်းလာပြန်သည် ။ ဌာနဆိုင်ရာ ၀န်ထမ်းတွေကလည်း ယဉ်ကျေးမှုမြင့် မားလာသည် ။ အထက်အရာရှိ လူကြီး တွေအပေါ် ( ဂါဂါ ) ( အဲဒါဘန်းစကား ) ဂါရ၀ အမှု မကြာခဏ ပြုတတ်လာသည်။
ဒါလည်း …….. ကောင်းလေစွ ……. ရန်ဖြစ်နေမဲ့အစား ( ဂါဂါ ) လုပ်နေသည် ။ မကောင်းဘူးလို့ ဘသူ ပြောရဲသနည်း။

မကောင်းတာကတော့ ခပ်ပြတ်ပြတ်ပြောမှ ဖြစ်တော့မည် ။

ကျွန်တော်သီတင်းကျွတ်ကို မုန်းတယ် ။

ဘာ့ကြောင့်တုံး သီတင်းကျွတ်တွင် ရောင်စုံ မီးပုံးလေးတွေ ချိတ်ဆွဲကြသေးသည် ။
လှ လှသေးတော့ ။သီတင်းကျွတ် ကား အရောင်ဆိုးခံရလေပြီ ။
သီတင်းကျွတ်ကို ခုတုံးလုပ်၍ လာဘ်ပေးလာဘ်ယူ လုပ်ကြပြီ ။
သဒ္ဒါကြည်ဖြူလို့ နှစ်ဦးနှစ်ဘက်ပေးကြယူကြတာကို ဘာမှ ပြောစရာမရှိပြီ ။

ပြောစရာရှိတာက

1 . သီတင်းကျွတ်နဲ့ အလုပ် …

2 . သီတင်းကျွတ်နဲ့ စီမံခန့်ခွဲမှု

3 . သီတင်းကျွတ်နဲ့ အခွင့်အလမ်း

4 . သီတင်းကျွတ်နဲ့ အရွေ့အပြောင်း

5 . သီတင်းကျွတ်နဲ့ လူမှန်နေရာမှန်

အထိုင်တွေ ရွေ့လေသည် ။ ဘာတွေဘဲ စဉ်းစားသည် ဖြစ်ပါစေ သီတင်းကျွတ်အရိပ်က လွှမ်းမိုး နေသည် ……… ………………………………နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
မြန်မာနိုင်ငံတော်ကြီး ယနေ့ကာလအထိ ဖွံ့ဖြိုးမှုနောက်ကျနေရတာက သီတင်းကျွတ်နည်းနဲ့ အထိုင်ချခဲ့ကြတဲ့ လက်ရာတွေ မကင်းတာပါ ပါသည် ။……… နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။

ကျွန်တော့်သား သုံးတန်းကျောင်းသား ဖြစ်သည် ။ ကျောင်းမှာ သီတင်းကျွတ်ဖို့ စကားဟ လာသည် ။ သူ့ဆရာမတွေက ရီသလိုမောသလိုနှင့် အတည်ကြီး ဟ လာတာဖြစ်သည် ။
ပုံမှန် လုပ်ရိုးလုပ်စဉ် ကျောင်းသားတွေက ငွေစု၍ ကန်တော့ကြတာမျိုးမဟုတ် ။

ကျောင်းသားတစ်ယောက် တစ်ထုပ်နှုန်း အမည်အတန်း လေဘယ် တပ်၍ ကန်တော့တဲ့ ပုံစံဖြစ်သည် ။
ကျွန်တော်မကြိုက် ……. ကလေးရဲ့ စိတ်ဓါတ် ၊ နိုင်ငံရဲ့ အနာဂတ် ပုံဖော်မဲ့ စရိုက် …….
မိဘရဲ့မေတ္တာ ။ ကျွန်တော့်သားကို မိုးခါးရေ မသောက်ခိုင်းပြန်က နုနယ်သော ကလေး ရဲ့ စိတ်ဒဏ်ရာ …….
( ဂါဂါ )………………………… နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။

သီတင်းကျွတ်ကို ပေါ့ပေါ့လေးလုပ်လို့မရ …… အတော် စွမ်းအားကောင်းလှသော သီတင်းကျွတ်ဖြစ်သည် ။ သီတင်းကျွတ်တွေ ဖောင်းပွလာသည် ။ ၀ါဆိုလပြည့်ကတည်းက ၀ါဝင်လိုက်သော အခါသမယ … ကား သီတင်းကျွတ် လပြည့်နေ့အရောက်မှာတော့ တခါတည်းသာ သီတင်းကျွတ်လိုက်လျှင် တော်သေးသည် ။
ယခုဖောင်းပွလာသည် ။

တန်ခူးမှာလဲ ကျွတ်သည် ။
ကဆုန် နဲ့ နယုန်မှာလဲ ကျွတ်သည် ။
ဝါဆို လပြည့်မှာလည်း အခါသင့်လျှင် သီတင်းကျွတ်သည် ။
ဝါခေါင် လဆုပ်ထည်းလည်း ကျွတ်တတ်သည် ။
တော်သလင်း လကွယ်နေ့နှင့် သီတင်းကျွတ်လပြည့် ပြက္ခဒိန်ထဲတစ်ရက်ထဲမကျ နိုင်သော် လည်း လက်တွေ့မှာ တစ်ရက်တည်းဖြစ်သွားတတ်သည် ။…………………………….နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ် စည်းလုံး၊ ချစ်ကြည် ၊ ရေရှည် ဖွံ့ဖြိုး ဖို့အတွက် သီတင်းကျွတ်တွေကို တော်လှန်ဖို့ လိုသည် ။…………………….. နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။

အမြစ်တွယ်နေသော အစွဲအလမ်းကြီးသော မြန်မာ့ လူထူ ( လုထုလို့ မသုံးချင်လို့ ) ကြီးနဲ့
နေမျိုးဝေနဲ့တွေ့ပြီ ………

နေမျိုးဝေ ရိုးရာဓလေ့တွေကို စော်ကားသည် …….
( ခွေးသူတောင်းစား ) ဟု အဆဲခံရဖွယ် ရှိနေသည် ။

အဲဒါ အဓိက တရားခံကား သီတင်းကျွတ်ကြောင့်သာ ကျွန်တော် အဆဲခံရတာဖြစ်သည် ။
ထို့ကြောင့်
နေမျိုးဝေ သီတင်းကျွတ်ကို မုန်းသည် ။
နေမျိုးဝေ သီတင်းကျွတ်ကို မုန်းလေသည် ။

(က) သီတင်းကျွတ်အပေါက်ချဲ့
ရိုးရာအစဉ်အလာအရ သီတင်းဝါလကျွတ် ရိုသေသမှုနဲ့ ဂါရ၀အမှုပြုကြရာက စခဲ့သော သီတင်းကျွတ်ဓလေ့ကား ကာလာစုံဆေးရောင် ချယ်သပြီး သကာလ အာစရိယ ဂူနော အနန္တော မှတဆင့် အထက်လူကြီးဂူနော အနန္တော ကပ်ပီတယ်လိုက်ဇေးရှင်း နှင့် ဈေးကွက်စီးပွါးရေးကို ကူးပြောင်းရာမှာပင် သီတင်းကျွတ်ရောဂါ ကူးစက်လာ လေပြီ ။

ဆိုပါစို့ လူတစ်ယောက် အထက်လူကြီးနဲ့ တွေ့စရာ ရှိသည် ။ နေရာ တစ်ခု ကူးပြောင်း ချင်သည် ။ အပြင်မှာက လူချင်းမရင်းနှီး ။ ဘယ်အပေါက်က၀င်ရမည်မသိ ။ စောင့်လိုက်ရတာ ………………
ဟော အခုတော့ သီတင်းကျွတ်လေပြီ ။ သီတင်းကျွတ်ကို အကြောင်းပြုပြီးသကာလ … အပေါက်တစ်ခု ရလေပြီ ။

သားတို့ သီတင်းကျွတ်လို့ လာကန်တော့တာပါ အဘ ။
သားက ဘယ် ဌာန ……………..
ဒါနဲ့ ဘဲ နောက်နောင် သီတင်းကျွတ်လ ကို စောင့်စရာမလို ၀ါဆို ၀ါခေါင်လည်း မျက်မှန်းတမ်းမိပြီ ….
အဲဒါတော်တော်မကောင်းတာဖြစ်သည် ။

သီတင်းကျွတ်အပေါက်ချဲ့လာတာဖြစ်သည် ။ လူမှန်နေရာမှန် နေရာချဖို့ အရာမှာ သီတင်းကျွတ်သြဇာနှင့် နေရာ မချမိစရာ မရှိ ။ ဒီလိုသာဆို အနာဂတ် ဘယ်သို့ ဖြစ်လေ မည်မသိ ။

(ခ) ဆေးဆိုးပန်းရိုက် သီတင်းကျွတ်
ပင်စင်စား သော်လည်းကောင်း အငြိမ်းစားသော်လည်းကောင်း ဘ၀သို့ မရောက်မချင်း ပစ္စည်းနှင့် သီတင်းကျွတ် ခြင်းကို ရှောင်ရန် သင့်လေသည် ။ အလွန့် အလွန် ရိုသေလွန်းလျှင် လက်အုပ်ချီ၍ ကန်တော့ က လုံလောက် ပေပြီ ။
လက်ရှိတာဝန် ထမ်းဆောင်ခြင်း မရှိသူ လူကြီးသူမများကိုတော့ တတ်နိုင်သလောက် ဥစ္စာ ငွေကြေး ( များနိုင်သလောက် များများ နှင့် ကန်တော့ပါက )ကျွန်တော် မကန့်ကွက်ယုံသာမက (သာဓု × အင်ဖက်နတီ ) ခေါ်လိုက်ချင်သည် ။
အခုဟာက အဲဒီလို မဟုတ်ကြ …. တည်ဆဲ အာဏာ ၊ ရာထူး ၊ အတန်းပိုင် စသော စသော ဂုဏ်အင်င်္ဂါ လက်မြဲနေသမျှ ( ဂါဂါ ) လုပ်နေတာ တွေ့ရသည် ။ အငြိမ်းစား ၊ ပင်စင် ၊ ဌာနကွဲ ၊ စသဖြင့် မတူပါက အိုသည် ဖြစ်စေ ၊ နာသည်ဖြစ်စေ ၊ သေခါနီးနေသည် ဖြစ်စေ ၊ ရိုသေကြရကောင်းမှန်းမသိ ။

ဒါတွေ ထောက်ချင့်လျှင် သီတင်းကျွတ်သည် ……….. ဆေးဆိုးပန်းရိုက် သီတင်းကျွတ်သာ ဖြစ်ကြောင်း ပေါ်လာမည် ။

ဒါဆို နေမျိုးဝေ မလွန်တော့ ခင်ဗျားတို့ လူ့အဖွဲ့ အစည်း တစ်ဆိတ်လွန်နေပြီကို ပြဆိုနေ တာသာ ဖြစ်မည် ။

ကျွန်တော်လွန်ခဲ့တဲ့ နှစ်ရက်က ….. အိပ်မက်မက်သည် …
ဗုဒ္ဓ ဘုရားရှင် ငိုနေသည်တဲ့ … ကျွန်တော်လည်း အတော် အံ့သြသွားသည် … အရှင်မြတ်ဘုရား ဘုရားတပည့်တော် စာပေတွေထဲမှာ ဖတ်ဘူးတာ အကြောင်းကိစ္စ ရှိလျှင် ပြုံးတော်မူတာသာ ရှိပါသည် ဘုရား …..
ယခု အဘယ့်ကြောင့် ငို ကြွေးပါနည်း ဟု အိပ်မက်ထဲမှာပင် ပြန်မေးလျှောက်လိုက်သည် ။
ဗုဒ္ဓ ဘုရားရှင်က …….
ချစ်သား ……… သင်ကားသိလိမ့်မည်မဟုတ် … ငါဘုရား တာဝတိံ သာက ဆင်းလာတာ မှားသွားလေပြီ …
ဟူ၍ မိန့်မှာ ပြီးသကာလ ကွယ်ပျောက်သွားလေသတည်း ။

ကျွန်တော် ထင်ပါတယ် ။ သွေးလေခြောက်ခြားပြီး ပေါက်ကရမက်တာနေမှာပါ ။
နေမျိုးဝေဆိုတဲ့ကောင် ……. အဲသလိုတွေ ပေါက်ကရအိပ်မက်တတ်တာများလှပြီ ။
အေးဗျာ . ….. တော်သေးပြီဗျာ ……….. ။

ကျွန်တော်အခုလိုတွေ ရေးနေ ပြောနေတာကို လူ့အဖွဲ့အစည်းရဲ့ အနည်းဆုံး သုံးပုံတစ်ပုံက ထောက်ခံနေမှာ ဖြစ်ကြောင်းတော့ ယုံပါသည်ဗျာ ။
ကျွန်တော်နဲ့ အမြင်တူသူများ ကျွန်တော့် စာတွေ နဲ့ ၀ဘ်ဆိုဒ်လိပ်စာကို ထပ်မံဖြန့်ပေးစေ ချင်ပါတယ် ။
( ရှမ်းဘုန်းကြီး အိပ်မက်လိုပေါ့ဗျာ )
ဦးဖြူသည် (၇) စောင် ဖြန့်သောကြောင့် လယ်ထွန်ရင်း ရွှေအိုးတွေ့လေသည် ။
ဒေါ်ကုလားမကား ပျက်ရယ်ပြုသဖြင့် ဘေလုံးထွက်လာလေသတည်း ……
ဆိုတဲ့ စာတွေ တောင် အတော်ပြန့်သေးတာဘဲဗျနော် ………. ။

နေမျိုးဝေ ( ၂.၁၀.၂၀၀၉)
ဝဘ်ဆိုဒ်
http://www.sites.google.com/site/naymyowai/

အီးမေး
naymyowai@gmail.com

ဖုန်း 09 – 8610719

အိမ်လိပ်စာ
2/2/232 မဟော်ဂနီလမ်း ၊ ထောက်ကြန့်တိုးချဲ့၊ မင်္ဂလာဒုံမြို့နယ် ။

.

About လင်းဝေ

LIN KYAW has written 154 post in this Website..

Man in the middle of nowhere…. But in the heart full of hope with pragmatic view in optimism

   Send article as PDF