ရေဂါလန်နှစ်သောင်းကျော် YCDC နေ့စဉ်ဖြည့်စွက်ပေးဟုဆို

klnMay 17, 20101min591

ပူပြင်းခြောက်သွေ့မှုနှင့် အပူချိန်တိုးလာမှုတို့ကြောင့် ရေလိုအပ်ချက်မြင့်မားလျက်ရှိသော ရန်ကုန်မြို့တော်တစ်ဖက်ကမ်းရှိ ကျေးရွာရပ်ကွက်အချို့အတွက် ရေဂါလန်နေ့စဉ် နှစ်သောင်းကျော်ကို ထပ်မံတိုးမြှင့် ပို့ဆောင်ပေးဝေလျက်ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရသိရသည်။ ရန်ကုန်မြို့တော်တစ်ဖက်ကမ်းလှိုင်မြစ်အနောက်ဘက်ခြမ်းရှိကျေးရွာ၊ ရပ်ကွက်များအတွက် ယခင်က နေ့စဉ်ရေဂါလန် နှစ်သောင်းဝန်းကျင်ကိုရေဂါလန် ၁၅၀ဝဆံ့၊ ၁၂၀ဝဆံ့ ရေသယ်စက်တပ်သမ္ဗန်များဖြင့် သွားရောက်ပေးဝေခဲ့ကြောင်း ၊ ယခုအခါ ဧပြီလ ကုန်ပိုင်းမှစ၍ ရေဂါလန် နှစ်သောင်းဝန်းကျင်ကို ရေသယ်ယာဉ်လှေများဖြင့် ထပ်မံဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ သောက်သုံးရေယူကြသူများတန်းစီခြင်း၊ စောင့်ဆိုင်းရခြင်း၊ ရေအလေအလွင့်ဖြစ်ရခြင်းစသည့် တို့မဖြစ်ရလေအောင် ယခုအခါ ရေဂါလန်သိန်းချီဆံ့ကန်ကြီးများ၌ ဖြည့်၍ ယင်းမှတစ်ဆင့် ယူငင်အသုံးပြုနေကြကြောင်း၊ နောက်ထပ်လည်း ဂါလန် တစ်သန်းခွဲဆံ့ရေကန်တစ်ခု တူးဖော်နေကြောင်း ၎င်း၏ အဆိုအရသိရသည်။ ယခုအခါအထက်ပါ ကျေးရွာ ရပ်ကွက်များအတွက် နေ့စဉ်ရေဂါလန်လေးသောင်းဝန်းကျင်ပို့ဆောင်ပေးလျက်ရှိရာ ယင်းတို့မှာ လှိုင်မြစ်အနောက်ဘက်ကမ်း (ကြည့်မြင်တိုင်တစ်ဖက်ကမ်း) တွင် ဘလုတ်ညွန့်၊ အေးရွာအရှေ့၊ အနောက်၊ စက်ဆန်း၊ ဝါးရုံဆိပ်၊ အောက်ရုံ၊ ဒလတ်ချောင်း၊ ဆိပ်ကြီး၊ ဦးမြငါးဇင်စသည့် ရပ်ကွက်၊ ကျေးရွာတို့ဖြစ်သည်။ ယခုအခါ ရန်ကုန်တစ်ဖက်ကမ်းဒေသများအပြင် ရန်ကုန်မြို့တော်၏ မြို့နယ်ရပ်ကွက် အများအပြားတွင်လည်း ရေရှားပါးပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း ရန်ကုန်မြို့ခံများ၏ ပြောဆိုမှုများအရ သိရသည်။ အထပ်မြင့်တိုက်ခန်းများတွင် သာမက ရွှေပေါက်ကံ၊ မြောက်ဥက္ကလာ၊ သာကေတ၊ တောင်ဥက္ကလာပစသည့် မြို့နယ်များတွင် လည်း ရေပြတ်လပ်မှု၊ လျှပ်စစ်မီးပြတ်တောက်မှုများနှင့်မကြာခဏကြုံတွေ့နေရပြီး ပုဇွန်တောင်မြို့နယ်၏ ရပ်ကွက်အချို့၌ တိုက်ခန်းအထပ်လေးလွှာ၊ ငါးလွှာ၌ နေထိုင်သူများမှာ ရေပြတ်လပ်မှုကို ကြုံတွေ့နေရကြောင်း ၊ မြေညီထပ်မှ ရေကို ဈေးကြီး ပေး၍ ဝယ်ယူသုံးနေရကြောင်း ပုဇွန်တောင်မြို့နယ် အတွင်းရှိ ငါးလွှာတွင် နေထိုင်သူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။

One comment

  • Rain girl

    May 17, 2010 at 8:06 am

    ရေပြတ်လပ်မှု့က တော်တော်ဆိုးတယ်။ မီးပြတ်တော့ ရေစက်မမောင်းနိုင်ဖြစ်တယ်။ ရေစက် မောင်းလို့မရတော့ ရေကမရ။ ရာသီဥတုကပူ။ ရေပြတ် မီးပြတ်။ ဪ ဘဝတွေ။

Leave a Reply