သူခိုးများ ပူလွန်းလို့…

who whoOctober 5, 20111min715

ဒီနေ့တော့ စတုတ္ထမြောက် ရန်သူဖြစ်တဲ့ “ခိုးသူ” နဲ့ မိတ်ဆက်ချင်ပါတယ် ။ လူ့ဘဝကြီးမှာက အပူမျိုးစုံ ပတ်လည်ဝိုင်းနေတယ်နော် ။ မရှိတော့လည်း မရှိလို့ ပူရတယ် ။ ရှိပြန်တော့လည်း ရှိလို့ပူရပြန်တယ် ။ တစ်နေ့ တစ်နေ့ ဥစ္စာ ပစ္စည်း တွေအတွက် မရှိတာ ကို ရှိဖို့ကြိုးစားရတယ် ။ ရှိပြန်တော့လည်း အေးအေးမနေရဘူး ။ ရှိစုမဲ့စုလေးများ တစ်စုံတစ်ယောက် ခိုးယူသွားခဲ့ သည်ရှိသော် ဘယ်နှယ့်လုပ်ပါ့ မလဲရယ်လို့ တွေးပြီး မအိပ်နိုင် တွေဖြစ်ရပြန်တယ် ။ ဒါကြောင့်မို့ပဲ ဒီသူခိုးသည်ပင် ရန်သူ တစ်ပါးအနေနဲ့ ကြောက်ရမယ့်ထဲ ပါနေပါတယ်နော် ။ ခုပြောချင်တဲ့ “ခိုးသူ” ကိုတော့ ကြောက်ရကောင်းမှန်း သိချင်မှ သိကြမယ်နော် ။ ပြောသာပြောရတယ်။ ကိုယ်တောင်မှ အခုမှ ဒီသူခိုးကို သတိထားပြီး စောင့်ဖမ်းနေရပါတယ်လေ ။
တို့ခန္ဓာကြီးကို နေအိမ် တစ်ခုလို သဘောထား ကြည့်ရအောင် ။ ဒါဆို ဒီနေအိမ်မှာ တံခါးတွေတော့ ရှိမှာပေါ့ ။ ဒီတံခါးတွေကတော့ မျက်စိရယ် ၊ နားရယ် ၊ နှာခေါင်း ၊ လျှာရယ် ၊ ကိုယ်ရယ် ဆိုပြီး ပြတင်းပေါက်တွေ ဖောက်ထားပါတယ် ။ ဒါဆို ဒီအိမ်ကြီး ထဲကို ဝင်ချင်တဲ့ သူခိုးသည် ဒီပြူတင်းပေါက်ကပဲ ဝင်ရမယ်နော် ။ တို့က ဒီပြူတင်းပေါက်တွေကို အမြဲ ပိတ်ထားလို့ကလည်း မဖြစ်ပြန်ဘူး ။ မိုးလင်း ကတည်းက ဖွင့်ထား ရပြီနော် ။ ဒါဆို ဒီသူခိုးတွေကို တံခါးဖွင့်ပြီး လက်ကမ်း ပေးတာနဲ့ အတူတူပါပဲတဲ့ ။ ဘာလို့လဲဆိုတော့ မျက်လုံးလေး စဖွင့်လိုက်ပြီ ဆိုတာ နဲ့ ပုံရိပ် တွေဝင်လာပြီနော် ။ ဒီဝင်လာတဲ့ ပုံရိပ်တွေက ဝင်ပြီးတာနဲ့ ပြန်ထွက်သွားရမှာနော် ။ ဒါကို မထွက်ပဲ ဒို့မနောအိမ်မှာ အခိုင်အမာ နေရာယူပြီး ခိုးဝင်နေတယ်လေ ။ ဒီလူနဲ့ လမ်းမှာတွေ့တယ် ။ ရယ် ပြတယ် ။ ကိုယ်လည်း ကိုယ့်လမ်းကိုယ် ဆက်သွားတယ် ။ သူလည်း ကိုယ့်ရှေ့က ပျောက်သွားပြီ ။ မရှိတော့ဘူး ။
ဒါပေမယ့် အပြင်မှာ မျက်လုံး နဲ့ အဆင်းက တိုက်ပြီး ပြီးသွားပြီနော် ။ နောက်ထပ် အသစ် အသစ်တွေနဲ့ ဆက်တိုက်သွား သော်လည်း ခုနက ရယ်ပြလိုက်တဲ့ လူရဲ့ပုံရိပ်က ဒီ မနောမှာ ခိုးဝင်သွားပြီမသိလိုက်ဘူး ။ အဲ အားလိုက်လို့ အနားယူပြီဆိုမှ ဒီသူခိုး ကထလာပြီး ရယ်ပြတယ် ။ ဒီကနေမှ တဆင့် မဖြစ်သေးတဲ့ စိတ်ကူးတွေကို ဒီသူခိုးနဲ့အတူ သရုပ်တွေ ဆောင်နေပြန်တယ် ။ လူကတော့ ကြည့်ရင် မျက်လုံးမှိတ်ထား လို့ပေါ့ ။ စိတ်ကူးတွေကတော့ ယဉ်ကောင်းနေလိုက်တာ ။ ကမာ္ဘတွေ ပတ်လို့ ၊ ပျော်လို့ ၊ ပါးလို့ပေါ့နော် ။ ဒါက မျက်လုံးဆိုတဲ့ တံခါးပိတ်ထားတာတောင် ဒီပုံရိပ်သူခိုးက အိမ်ထဲရောက်ပြီး ပုန်းနေလေတော့ ကိုယ်ကတော့ တံခါးလည်း ပိတ်ပြီးပြီ သူခိုးတော့ မဝင်နိုင်လောက်ပါဘူး ထင်နေတာ ။ ပြီးမှ ကို်ယ့်အိမ်ထဲ မှာ ခိုအောင်းနေတာကိုး ။ အော် … အာရုံ သူခိုးတွေရဲ့ ခိုးယူပေါင်းသင်းတတ်တဲ့ရန်က ပိုတောင်ကြောက်စရာ ကောင်းပါလားနော် ။
တစ်ခါတလေ ကျပြန်တော့လည်း အချိန်အကြာကြီး ခွဲခွာနေရတဲ့ မိတ်ဆွေတွေရဲ့ သတင်း လေးများ သူများက ပြောနေသံကြားလို့ နားလေးစွင့်ပြီး နားထောင်တာနဲ့ ဒီအသံသူခိုးက နားပေါက်ကနေ ခိုးဝင်ပြီး မနောမှာ လာပုန်းနေပြီနော် ။ ဒီတော့ ကိုယ်ကြားလိုက်တဲ့ တစ်စွန်း တစ်စလေးကို ကိုင်စွဲပြီး ဒီသူခိုးနဲ့ စိတ်ထဲမှာ ဆက်ပြီးအတွေးကြောထဲမြောနေတာတွေလည်း မရှိဘူးလား ။ ဒီသူခိုးကိုသူခိုးမှန်းမသိပဲမိတ်ဆွေအမှတ်နဲ့ဟိုးအတိတ်က ရှေးဟောင်းနှောင်း ဖြစ်တွေ တစ်စီတစ်တန်းကြီး ပြန်ဖော်ပြီး လေဖောင်ဖွဲ့ နေဖြစ်တာလည်း ရှိတာပဲနော် ။ ဪ တကယ်တော့ တို့ရဲ့ ကြည်လင်နေတဲ့ စိတ်ကလေးကို ဒီသူခိုးတွေက အရောင်မျိုးစုံ ဆိုးပေးနေတာပါလား ။
တစ်ခါတစ်ခါတော့လည်း တွေးရင်းနဲ့ ဒေါသတွေ တသီကြီးတန်းပြီး တွေးရင်းမျက်လုံးမှာ ပင်လယ်ဝေရ တဲ့ အထိ ဒုက္ခ ရောက်ရပြန်တယ် ။ ဒါဟာ တကယ်တော့ ဒီအာရုံတွေကို မလွတ်တန်း ဆုပ်ကိုင်ထားလို့ပဲလေ ။ ခုပဲမြင်တယ် ပြီးရင် မရှိတော့ဘူး ၊ ပျက်ပြီ ။ နောက်ထပ် အာရုံ အသစ် အစားထိုးလာတယ် ၊ မြင်တယ် ၊ ပျက်တယ် ၊ ဒီလိုဆိုရင် ကိုယ့်ရဲ့ မျက်စိ တံခါးက စောင့်ပြီး သူခိုး မဝင်နိုင်အောင် သတိနဲ့ ကြည့်နေနိုင်ပြီနော် ။ အဲလိုမှ သတိမရှိရင်တော့ မြင်တဲ့နောက် သူခိုးတွေက အဖွဲ့လိုက် ဝင်သွားပြန်ပြီ ။ ကြားတဲ့နောက် တစ်ခါ သူခိုးတွေ တစ်သုတ်ဝင်လာပြန်ပြီ ။ ဒီလိုနဲ့ ပဲ ဒီတံခါးတွေလည်းပိတ်လို့ နားပါတော့မယ် ဆိုမှ ဒီသူခိုးတွေက တစ်ယောက်ပြီး တစ်ယောက် စိတ်ကို ဒုက္ခတွေ ထွက် ပေးတော့တာပေါ့ ။ တစ်ခါတလေများ ဒီ သူခိုးတွေ ပူလွန်းလို့မိုးသာလင်း သွားတယ် ။ တမှေးမှ မအိပ်လိုက်နိုင်တာမျိုးလည်းကြုံရပါတယ် ။
တစ်ချို့ သူခိုးတွေများ တစ်ရက်တလေ ဒုက္ခပေးလို့ အားမရသေးလို့ ဘယ်လိုပင် မောင်း ထုတ်ပါစေ ။ မထွက်ပဲ ကပ်ပြီး အလစ်ချောင်းချောင်း စိတ်ညစ်အောင် လုပ်တာမျိုးလည်း ကြုံဖူးကြမှာ ပါနော် ။ အော် … တို့ အိမ်မှာက သူခိုးဆိုရင် တစ်အိမ်လုံး ၊ တစ်ရပ်လုံး ဝိုင်းပြီး အော်ဟစ်တာနဲ့ တန်းပြေးတော့တာပဲနော် ။ အခု ဒီတို့ခန္ဓာ မှာခိုနေတဲ့ သူခိုးကျတော့ ဘယ်လိုများ မောင်းရပါ့မလဲ ? မဟုတ်ရင်တော့ ဒီ ကိလေသာရန်သူ သူခိုးတွေ ထကြွသောင်းကျန်း နှိပ်စက်မှု တွေ နေ့စဉ်နေ့တိုင်း ခံရလွန်းလို့ လူလည်း စိတ်ဒဏ်ရာ ပရချာနဲ့ သာ သေခြင်းဆိုးနဲ့ သေရပါလိမ့်တော့မယ် ။ အင်း သေခါနီးထိတောင်မှ ဒီ ခိုးဝင်နေတဲ့ သူခိုးတွေ ရန်က လွတ်ဖို့ မလွယ်ပါလားနော် ။
တို့တွေဟာ ဒီရန်သူ သူခိုးတွေကို မောင်းထုတ်တွန်းလှန်တဲ့ အခါမှာ ကျူပင်ခုတ် ၊ ကျူငုတ်ပါ မကျန်စေနဲ့ ဆိုသလိုကို အစအန မကျန်အောင် ချေမှုန်းနိုင်မှ ရတော့မယ် နော် ။ ဘာလက်နက်နဲ့ လဲဆိုတော့ ဉာဏ်လက်နက်နဲ့ပဲပေါ့ ။ ကိုယ်မှာသာ “ဗုံး” နဲ့ တူတဲ့ ဉာဏ်လေးရှိမယ် ဆိုရင်လေ မြင်သမျှ ကြားသမျှ အာရုံတိုင်းအပေါ် အာရုံလေးညွတ်ညွတ်ပြီး ဗုံးချဲပစ်ရမှာပေါ့ ။ အင်း ဒီလိုဆိုရင်တော့ အာရုံဟူသမျှ ပြာကျပြီး လွင့်ပျောက်ရပြီပေါ့နော် ။ နောက်ဆုံးမှ အတွင်းမှာ ပုန်းခိုနေတဲ့ ရန်သူ အတွေး သူခိုးတွေ ပေါ်တိုင်း ပေါ်တိုင်း ဉာဏ်လေးနဲ့ ဖြိုချပစ်ရပါမယ် ။ ပုံရိပ်လေး တစ်ခု ပေါ်လာတိုင်း ဖြစ်ပျက်ရှူ့ပစ်တာနဲ့တဖွားဖွားတစစီဖြစ်ပြီးပုံသဏ္ဍာန်ရယ်လို့ပျောက်ကွယ်ပြီး အားလုံး ကုန်ဆုံးသွားကြရမှာပါနော် ။
အော် … တို့ရဲ့ စိတ်အစဉ် မှာ အမြဲဒုက္ခပေးဖို့ အလစ်ချောင်းနေကြတဲ့ ကိလေသာ သူခိုးကြီးတွေကတော့ အချိန်ပြည့် ဝိုင်းထားပြီးပြီမို့ အမြဲ သတိအထူးထားလို့ သူခိုးရန်က လွတ်ဖို့ ကြိုးစားကြပါစို့လို့ တိုက်တွန်း လိုက်ပါတယ်နော် ။

5 comments

  • small cat

    October 6, 2011 at 7:25 am

    ဒီသူခိုးတွေကို တခါတည်း ပြာကျသွားစေမဲ့ လက်ပစ်ဗုံးကို ပိုင်ဆိုင်နိုင်ဖို့ကို တော့ ကျွန်တော်တို့
    တော်တော်ကြိုးစားရမယ်။ သေနတ်ကလေးတစ်လက်တော့ပိုင်ဆိုင်နိုင်ကောင်းပါရဲ့။
    ဒါတောင် မရှင်းဂန်းတော့အဝေးကြီး။ တချက်ခြင်းပစ်ရမဲ့သေနတ်ဆိုရင်တောင်
    ဟိုခေတ်ကလို တချက်ပစ်ဖို့ အတွက် ယမ်းတစ်ခါထိုးရတဲ့ မီးကျိုးမောင်းပျက်သေနတ်ပဲဖြစ်မှာပါ။

    • whowho

      October 6, 2011 at 10:44 am

      ဉာဏ်လက်နက်မှာ သတိကျည်ထောင့် ထည့်ပစ်ရုံပဲရှိတာပါပဲ။
      ကျည်ပြတ်သွားလို့ရတော့ တရစပ်သူခိုးတွေ သောင်းကျန်းကုန်မှာမို့ ကျည်တောင့်လေးများ အမြန်ဆောင်ထားကြပါစို့။

  • windtalker

    October 6, 2011 at 11:59 am

    သာဓုသာဓုသာဓု ပါ
    ဆရာလေး ဝှူးဝှူးရေ

    • whowho

      October 6, 2011 at 12:15 pm

      windtalker ဟိုနေ့က ပြောသွားတဲ့ အာရုံပုံရိပ်သူခိုးတွေ အကြောင်းပါ။
      ရန်သူမျိုးငါးပါးလည်း ပြည့်စုံသွားပြီမို့ ကျနော်လည်း နားပါတော့မယ်။
      အဆင်ပြေရင် http://dimplemit.multiply.com ကိုလာလည်နိုင်ပါတယ်။

      • windtalker

        October 6, 2011 at 12:34 pm

        မနားပါနဲ ့ဦး ခင်ဗျ
        ရွာထဲမှာ
        တရားဓမ္မအကြောင်း ကို
        ရှင်းရှင်းလင်းလင်း
        သဘောပေါက်အောင်
        ရေးတဲ့သူ ဆိုလို ့
        နည်းနည်းလေးပဲ ရှိပါတယ်
        ဆက်လက်ရေးတင်ပေးပါဦး
        လို ့
        ဂေဇက်ဝင် ဗုဒ္ဓဘာသာတွေ ကိုယ်စား
        တောင်းဆိုပါရစေ

Leave a Reply